အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅) အထူးအခွင့်အရေးများ ဖွင့်လှစ်ခြင်း
ကျန်းယဲ့သည် ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်ရှိ သူ၏အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ထို့နောက် သူ၏ကိုယ်ပေါ်တွင် သွေးများ စွန်းထင်းနေခြင်း မရှိသော်လည်း ရေချိုးခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး တစ်ကိုယ်လုံးကို သန့်စင်အောင် ဆေးကြောလိုက်၏။ ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့် ကုတင်ပေါ်သို့ ပစ်လှဲချလိုက်လေသည်။
နံနက် ၆ နာရီခွဲအချိန်တွင် မနက်ခင်း အလင်းရောင်က စတင် ထွက်ပေါ်နေချေပြီ။
ကျန်းယဲ့၏ ဇီဝနာရီက သူ့ကို အချိန်ကိုက် နှိုးလိုက်သည်။ သူက အားကစားဝတ်စုံကို လဲဝတ်ပြီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် ခပ်ဖြေးဖြေး ပြေးလိုက်၏။
(NT-အလိုအလိုနိုးလာတာကိုပြောတာပါ...)
နွေဦးရာသီ၏ လေပြေက အေးစိမ့်စိမ့် ရှိနေပြီး လမ်းဘေးရှိ နံနက်စာဆိုင်များမှ အငွေ့များ တထောင်းထောင်း ထွက်နေဆပသည်။
သူက ပုံမှန်စားနေကျ နံနက်စာဆိုင်ရှေ့တွင် ရပ်လိုက်ပြီး အစပ်အရသာ တို့ဟူးပေါက်စီသုံးလုံးနှင့် တို့ဟူးနု ပူပူလေး တစ်ပန်းကန်ကို မှာလိုက်၏။ ထို့နောက် ဖြည်းဖြည်းနှင့် မှန်မှန် စားသောက်ပြီးနောက် ပါးစပ်ကို သုတ်ကာ အိမ်သို့ ပြန်လှည့်လာခဲ့သည်။
စာကြည့်ခန်းထဲတွင် ကျန်းယဲ့က အင်မော်တယ်ရာချီမြို့မှ ရိုက်ကူးလာသော ဗီဒီယိုကို ကွန်ပျူတာထဲသို့ ထည့်သွင်းကာ စတင် တည်းဖြတ်နေလေသည်။
ဗီဒီယိုထဲတွင် ပြာလဲ့လဲ့ ဇွန်ဘီများ၊ သွေးထွက်သံယို မင်္ဂလာပွဲနှင့် အသေအလဲ တိုက်ခိုက်နေကြသော ကစားသမားများ ပါဝင်နေခဲ့သည်။ သူက အလွန်အမင်း ကြမ်းတမ်းသော အပိုင်းများကို ကျွမ်းကျင်စွာ မှုန်ဝါးသွားစေပြီး အသံများကိုလည်း ပိတ်ကာ မှုန်ဝါးဝါး အရိပ်များအဖြစ် ပြောင်းလဲပစ်လိုက်၏။
ဒင်... ဒေါင်...
ထိုအချိန်၌ တံခါးဘဲလ်သံ မြည်လာခဲ့သည်။
ကျန်းယဲ့ အောက်ထပ်သို့ ဆင်းသွားရာ ဖန်တံခါးမှတစ်ဆင့် အပြင်ဘက်တွင် ရပ်နေသော လင်ရှောင်နှင့် ချန်ချင်းတို့ကို မြင်လိုက်ရ၏။
ကျန်းယဲ့က ဖန်တံခါးကို ဖွင့်ပေးပြီး သူတို့နှစ်ယောက်ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားလ်ုက်လေသည်။
ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်တွင် လက်ဖက်ရည် သုံးခွက်က အငွေ့တထောင်းထောင်း ထနေခဲ့သည်။
လင်ရှောင်က လိုရင်းကို တိုက်ရိုက် မေးလိုက်၏။ “ဒီတစ်ခေါက် ခင်ဗျား ဘယ်ကို သွားခဲ့တာလဲ...”
ချန်ချင်းက မျက်မှန်ကို ပင့်တင်လိုက်ပြီး ဖြည့်စွက်ပြောလိုက်လေသည်။ “ဒီတစ်ခေါက် ကျွန်တော်တို့ အထူးရေးရာဗျူရိုက ဝန်ထမ်းတွေ တစ်ယောက်မှ နေရာမရလိုက်ဘူး...”
ကျန်းယဲ့က ခပ်ဖွဖွ ရယ်မောလိုက်၏။ “ခင်ဗျားတို့လူတွေက အမြဲတမ်း ကံကောင်းနေလို့ မရဘူးလေ။ တစ်ကမ္ဘာလုံးက လူတွေ လာလုကြတဲ့အခါ အခြေအနေက ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာမှာပဲ...”
သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချင်းချင်း၏ ဆိုလိုရင်းကို နားလည်သွားကြသည်။
ကျန်းယဲ့က အံဆွဲထဲမှ ယူအက်စ်ဘီတစ်ခုကို ယူကာ သူတို့ရှေ့သို့ တွန်းပေးလိုက်၏။ “ဒီကမ္ဘာက တော်တော်လေး ထူးခြားတယ်။ အရင်တုန်းက သိုင်းပညာထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပေမယ့် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် လုံးဝ ပြောင်းပြန်လန်သွားခဲ့တယ်...”
လင်ရှောင်က ယူအက်စ်ဘီကို ယူလိုက်ပြီး သူ၏ လက်ဆွဲအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
ချန်ချင်းက သိုင်းပညာထွန်းကားတဲ့ဆိုသည့် အဓိက စကားလုံးကို ထိထိမိမိ ဖမ်းဆုပ်လိုက်ပြီး ချက်ချင်း မေးလိုက်၏။ “ဒီတစ်ခေါက် အဲဒီကမ္ဘာကနေ အထူးပစ္စည်းတစ်ခုခုများ ယူလာခဲ့သေးလား...”
ကျန်းယဲ့က ထရပ်ကာ စာအုပ်စင်ဆီသို့ လျှောက်သွားပြီး အံဆွဲထဲမှ ဝါကြင့်ကြင့် ရှေးဟောင်း စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေသည်။
နက်နဲသော ယင်စွမ်းအင် စစ်မှန်သောကျမ်းစာဆိုသည့် ရှေးဟောင်းစာလုံးများကို မြင်လိုက်ရချိန်တွင် လင်ရှောင်နှင့် ချန်ချင်းတို့၏ သူငယ်အိမ်များက တစ်ပြိုင်နက်တည်း ကျဉ်းမြောင်းသွားပြီး သူတို့၏ အသက်ရှူသံများလည်း မြန်ဆန်လာရသည်။
လင်ရှောင်က လိုရင်းကို တိုက်ရိုက် မေးလိုက်၏။ “လဲလှယ်ဖို့အတွက် ခင်ဗျားရဲ့ သတ်မှတ်ချက်တွေက ဘာတွေလဲ....”
ကျန်းယဲ့က ကျမ်းစာအုပ်ကို ကော်ဖီစားပွဲပေါ် တင်လိုက်ပြီး ညင်သာစွာ တွန်းပေးလိုက်ရင်း ပြောသည်။ “ဒါက အသုံးဝင်မဝင် အရင်ဆုံး စမ်းသပ်ဖို့ လူတစ်ယောက် ရှာကြည့်ကြတာပေါ့။ အကယ်၍ အလုပ်မလုပ်ဘူးဆိုရင် ဒါက အမှိုက်စာရွက် တစ်ရွက်လိုပဲ ဖြစ်သွားနိုင်တယ်...”
ချန်ချင်းက လှမ်းယူရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားပြီး ကျန်းယဲ့ကို ကြည့်လိုက်ဆခသည်။ “ခင်ဗျားက ကျွန်တော်တို့ကို ဒီအတိုင်း ပေးလိုက်တာလား...”
ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။
သူ၏ လက်ထဲတွင် နှင်းပေါ်မှာ ခြေရာမကျန် လျှောက်လှမ်းခြင်း ကျမ်းစာအုပ်ရှိနေပြီး အရင်ဆုံး ကိုယ်တိုင် စမ်းကြည့်ရန် စီစဉ်ထားခဲ့သည်။
အကယ်၍ အဲဒါက အလုပ်လုပ်တယ်ဆိုရင် နက်နဲသော ယင်စွမ်းအင် စစ်မှန်သော ကျမ်းစာကိုပါ စမ်းကြည့်မည်။
အလုပ်မလုပ်ဘူး ဆိုရင်တော့ သူ့အတွက် ဘာမှ အသုံးမဝင်တော့ချေ။
အထူးရေးရာဗျူရိုက ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မလားဆိုတဲ့ ကိစ္စကိုတော့ သူက စိတ်ထဲတွင် လုံးဝ ထည့်မထားပေ။
ထို အဆင့်မြင့်အရာရှိများက လုံးဝ ရူးသွပ်မနေဘူးဆိုလျှင် ဒီလိုအကျိုးအမြတ် သေးသေးလေးအတွက် သူ့ကို လာစော်ကားမည် မဟုတ်ချေ။
“စိတ်မပူပါနဲ့...” လင်ရှောင်က ကျမ်းစာအုပ်ကို သူ၏ အတွင်းအိတ်ထဲသို့ လေးလေးနက်နက် ထည့်လိုက်ကာ “ကျွန်တော်တို့ ဒါကို စမ်းသပ်ဖို့ အသင့်တော်ဆုံး လူတစ်ယောက်ကို ရှာလိုက်ပါ့မယ်။ ပြီးတော့ ဘာပဲတွေ့တွေ့ ခင်ဗျားကို ချက်ချင်း အသိပေးပါ့မယ်...”
ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။
သူက ငွေကြေး မလိုချင်ပေ။ စနစ်က ချီးမြှင့်တဲ့ သက်တမ်းနဲ့ အထူးစွမ်းရည်တွေကမှ တကယ့် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဖြစ်လေသည်။
ဒီသိုင်းကျမ်းတွေက သူ့အတွက် အပိုဆုတစ်ခုလောက်သာဖြစ်ပြီး ဒီကမ္ဘာက ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတွေကို ပိုမို ခိုင်မာအောင် တည်ဆောက်ဖို့ ဒါတွေကို အသုံးပြုချင်တာ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ အာဏာပိုင်တွေနဲ့ ဆက်ဆံရမယ့် အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပဲလေ။
စစ်မှန်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အမြဲတမ်း အပြန်အလှန် အကျိုးခံစားခွင့်နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ရလဒ်တွေအပေါ်မှာ အခြေခံခြင်းပင်။
ချန်ချင်းက ပြုံးလိုက်ပြီး ကျန်းယဲ့ကို သတင်းကောင်းတစ်ခု မျှဝေလိုက်လေသည်။ “ခင်ဗျားရဲ့ ဗီဒီယိုတွေကို နောက်ထပ် မှုန်ဝါးအောင် လုပ်နေစရာ မလိုတော့ဘူး။ ခင်ဗျားရဲ့ အကောင့်ကို အမြင့်ဆုံး အထူးအခွင့်အရေးတွေ ပေးထားပြီးပြီမို့လို့ ပါဝင်တဲ့ အကြောင်းအရာ အားလုံးက လုံးဝ ကန့်သတ်ချက် ရှိတော့မှာ မဟုတ်ဘူး..”
လင်ရှောင်က ဆက်ပြောလေသည်။ “ခင်ဗျားရဲ့ ဗီဒီယိုတွေတင် မကဘူး... တခြားကမ္ဘာတွေကနေ ပြန်လာတဲ့ ခရီးသွားတွေ တင်တဲ့ ဗီဒီယိုတွေ အားလုံးကိုလည်း ပလက်ဖောင်းအကြီးစားတွေမှာ အထူးအခွင့်အရေး ပေးထားလိမ့်မယ်။ ဒါက ခင်ဗျားရဲ့ ကျော်ကြားမှုကို တိုးတက်စေဖို့ အပြည့်အဝ ထောက်ခံအားပေးတဲ့ အနေနဲ့ အထက်လူကြီးတွေက တညီတညွတ်တည်း အတည်ပြုထားတဲ့ ဆုံးဖြတ်ချက်ပဲ...”
ကျန်းယဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး သူ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သူက နောက်ပြောင်ချင်သည့် လေသံလေးဖြင့် မေးလိုက်၏။ “အကယ်၍ မိဘတစ်ယောက်ယောက်က ဗီဒီယိုက အရမ်း သွေးထွက်သံယိုများပြီး သူတို့ရဲ့ ကလေးကို ထိခိုက်စေတယ်ဆိုပြီး တိုင်ကြားလာရင်ကော ဘယ်လိုလုပ်မလဲ...”
“အဲဒီလိုဆိုလည်း သူတို့ကို တိုင်ခိုင်းလိုက်လေ” လင်ရှောင်၏ အသံက ရုတ်တရက် အေးစက်သွားပြီး သူ၏ မျက်လုံးများက ဓားတစ်လက်လို ထက်မြက်နေခဲ့သည်။ “ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲနေပြီ။ အကယ်၍ တစ်ယောက်ယောက်က သူတို့ကိုယ်သူတို့ မှန်လုံအိမ်ထဲမှာ ပန်းပွင့်လေးလို ဆက်နေချင်သေးတယ် ဆိုရင်တော့ သူတို့က သေမင်းကို ဖိတ်ခေါ်နေတာပဲ...”
ထိုစကားများက ကျန်းယဲ့ကို အနည်းငယ် မတ်မတ် ထိုင်လိုက်စေသည်။
ဒီစကားတွေရဲ့ နောက်ကွယ်က ပိုမို နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို သူ နားလည်လိုက်၏။
အာဏာပိုင်တွေက မကြာခင် ကျရောက်လာတော့မယ့် အပြောင်းအလဲကြီးအတွက် ပြင်ဆင်မှုတွေ စတင်နေကြပြီပဲ။
ချန်ချင်း၏ အသံက တိုးသွားပြီး သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ “ဟူး... အရင်က ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ ဇွန်ဘီ ကမ္ဘာပျက်ကပ်ပဲဖြစ်ဖြစ်၊ အခု ဒီတစ်ခေါက် စူးစမ်းလေ့လာခဲ့တဲ့ အင်မော်တယ်ရာချီမြို့ပဲဖြစ်ဖြစ်၊ ဒီကမ္ဘာတွေက မူလက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ အလွန် ဆင်တူခဲ့တာပဲလေ။ တစ်နေ့နေ့မှာ အလားတူ ကပ်ဘေးမျိုး ကျွန်တော်တို့ ကမ္ဘာပေါ်ကို ရုတ်တရက် ကျရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ...”
စကားမဆုံးသေးသော်လည်း ထိုစကားများနောက်ကွယ်ရှိ လေးနက်သော အဓိပ္ပာယ်မှာ သူ့အလိုလို ရှင်းလင်းနေပြီး ဖြစ်၏။
လင်ရှောင်က စကားဆက်လိုက်ပြီး သူ၏ လေသံမှာ လေးနက်နေချေသည်။ “ဘယ်သူကမှ အနာဂတ်ကို ကြိုမဟောနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရှေ့မှာ တကယ့် ဥပမာတွေ ရှိနေမှတော့ အဆိုးရွားဆုံး အခြေအနေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမယ်။ ဒါက အကြောင်းမဲ့ ပူပန်နေတာ မဟုတ်ဘူး... မရှိမဖြစ် လိုအပ်တဲ့ မဟာဗျူဟာမြောက် ပြင်ဆင်မှုပဲ...”
သာမန်လူတွေကတော့ နေ့စဉ်ဘဝရဲ့ ရိုးရှင်းတဲ့ အသေးစိတ် အချက်အလက်တွေကိုပဲ အမြဲ မြင်ကြရသည်။
ဒါပေမဲ့ ပိုမြင့်တဲ့ အဆင့်မှာ ရပ်တည်နေသူတွေကတော့ နောက်ဆယ်စုနှစ်တွေ ဒါမှမဟုတ် ရာစုနှစ်တွေအထိ ရှုခင်းတွေကို ကြိုတင် မျှော်ကြည့်ရမှာ ဖြစ်သည်။
အရင်တုန်းက အငြင်းပွားဖွယ်ရာ မူဝါဒ ဆုံးဖြတ်ချက်တွေနဲ့ ထိုအချိန်က လူထုရဲ့ မေးခွန်းထုတ်ခြင်း၊ လှောင်ပြောင်ခြင်းခံခဲ့ရတဲ့ အစီအမံ အမျိုးမျိုးကို သူ ပြန်တွေးမိလိုက်၏။ ယခု ပြန်ကြည့်လိုက်သောအခါ ထိုအရာများ နောက်ကွယ်ရှိ နက်ရှိုင်းလှသော အမြော်အမြင်ကြောင့် သူ အံ့အားသင့်သွားစေလေသည်။
စစ်တုရင် ကစားသလိုမျိုးပင်။ သာမန်လူတွေက ရှေ့တစ်ကွက် နှစ်ကွက်လောက်ကိုပဲ ကြိုမြင်နိုင်ပေမယ့် တကယ့် စစ်တုရင်ကစားသမားတွေကတော့ ရှေ့ဆယ်ကွက်လောက်ကတည်းက သူတို့ရဲ့ အသေအလဲ ကွက်တွေကို ချထားပြီးပြီ ဖြစ်၏။
လင်ရှောင်နှင့် နောက်တစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ကျန်းယဲ့က သူ၏ စာကြည့်ခန်းသို့ ပြန်လာပြီး ခုလေးတင် တည်းဖြတ်ထားသော ဗီဒီယိုကို ကြည့်လိုက်သည်။ ဂရုတစိုက် မှုန်ဝါးအောင် လုပ်ထားသော မြင်ကွင်းများမှာ အသုံးမဝင်တော့ပုံရပေသည်။
သူက တည်းဖြတ်ရေး ဆော့ဖ်ဝဲလ်ကို ပြန်ဖွင့်လိုက်ပြီး အထူးတလည် ရင်သပ်ရှုမောဖွယ်ကောင်းသော ပြကွက်အချို့ကို ထိန်းသိမ်းထားလိုက်၏။
ဥပမာအားဖြင့်.... မြို့စားကြီး စံအိမ်ရှိ သွေးထွက်သံယို မင်္ဂလာပွဲ.... စက္ကူအရုပ်၏ ကြောက်မက်ဖွယ် အပြုံး.... အခက်အခဲများကြားမှ ကစားသမားများ၏ ရုန်းကန်မှုများ...
အရင်တုန်းကဆိုရင် လုံးဝ ပိတ်ပင်ခံရမယ့် ဒီမြင်ကွင်းတွေကို အခုတော့ အပြည့်အစုံ တင်ဆက်ပြသနိုင်ပြီ ဖြစ်၏။
သူ ဗီဒီယိုတင်ရန် လူမှုကွန်ရက် အကောင့်သို့ ဝင်လိုက်ချိန်မှာပင် ပင်မစာမျက်နှာပေါ်ရှိ ပထမဆုံး ရေပန်းစားနေသော ဗီဒီယိုတစ်ခုကြောင့် သူ၏ လက်ချောင်းများ ရပ်တန့်သွားရသည်။
မိတ်ဆွေဟောင်း တစ်ယောက်ဖြစ်သော ကျန်းထောင်၏ ပြုံးရွှင်နေသော မျက်နှာက မျက်နှာပြင်ပေါ်တွင် ထင်ရှားစွာ ပေါ်ထွက်လာခေသည်။
ဗီဒီယိုထဲတွင် ကျန်းထောင်က မျက်လုံးအောက်၌ အလွန်အမင်း ညိုမည်းနေသော မျက်ကွင်းများဖြင့် ကင်မရာကို လက်ဟန်ခြေဟန် အားပါးတရပြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။ “အမျိုးတို့ရေ... ဒီတစ်ခေါက် နောက်ဆုံးတော့ ကျွန်တော် လက်မှတ် လုနိုင်ခဲ့ပြီ။ အင်မော်တယ်ရာချီမြို့.... ဝိုး...”
ကျန်းယဲ့က ဗီဒီယိုကို ဖွင့်ကြည့်လိုက်ရာ ကျန်းထောင်က ရှင်းလင်းပီသစွာ ဖော်ပြနေခေသည်။ “မင်းတို့ မမြင်လိုက်ရလို့ပါ... အဲဒီနေရာက တကယ့် နတ်ပြည်ပဲ... တိမ်တိုက်တွေ မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ အဆောင်တွေ မျှော်စင်တွေ .... နေရာတိုင်းမှာ ထူးဆန်းတဲ့ ပန်းတွေနဲ့ ရှားပါးတဲ့ ဆေးဖက်ဝင် အပင်တွေ ရှိတယ်.... လေထုကတောင် ချိုမြိန်နေတာပဲ”
ကျန်းထောင်က ရုတ်တရက် အသံကို နှိမ့်ကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။ “အဲဒီက အင်မော်တယ်တွေက အရမ်း ဖော်ရွေတာပဲ။ သူတို့က ငါတို့ကို နတ်ဘုရား စားသောက်ပွဲကြီးနဲ့ ဧည့်ခံဖို့ အတင်းခေါ်ကြတယ်။ ဒါပေမဲ့ သိလား... အဲဒီ အရသာရှိတဲ့ ဝိုင်တွေနဲ့ အစားအစာတွေ.... နဂါးအသည်းနဲ့ ဖီးနစ်ခြင်ဆီတွေက ငါတို့လို သာမန်လူတွေရဲ့ ခန္ဓာကိုယ်တွေအတွက်တော့ ခံနိုင်ရည်ထက် အများကြီး ပိုလွန်းနေတယ်လေ”
အံ့သြစရာ အကောင်းဆုံးအပိုင်းက အဆုံးတွင် ဖြစ်ပြီး ကျန်းထောင်က ကင်မရာကို ရိုးသားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ “ငါက တိကျတဲ့ ဗီဒီယိုဖိုင်တွေကိုတော့ ပြမှာ မဟုတ်ဘူး။ ဒါရိုက်တာကျန်းရဲ့ တရားဝင် ဗီဒီယို ထွက်လာတာနဲ့ အင်မော်တယ်ရာချီမြို့က ဘယ်လောက် ခမ်းနားကြီးကျယ်လဲဆိုတာကို မင်းတို့ မျက်မြင်ကိုယ်တွေ့ ခံစားရလိမ့်မယ်။ မင်းတို့ အံ့သြမှင်တက်သွားစေရမယ်လို့ ငါ အာမခံတယ်...”
ကျန်းယဲ့က အဆမတန် တက်နေသော ကြည့်ရှုသူ အရေအတွက်နှင့် မျက်နှာပြင် အပြည့်ရှိနေသော အမှန်တရားကို ရှာဖွေခြင်း၊ ဒါရိုက်တာကျန်းကို စောင့်နေတယ် နှင့် အစ်ကိုထောင်... ငါတို့ကို စိတ်မရှည်အောင် မလုပ်ပါနဲ့ဟူသော မှတ်ချက်များကို ကြည့်ကာ ခါးသီးစွာ ပြုံးလျက် နားထင်ကို ပွတ်လိုက်မိ၏။
‘ဒီကောင်က သူ့ရဲ့ မိသားစုဝင်တွေကို တကယ် ဒုက္ခပေးလိုက်တာပဲ...’
အခန်း ၂၁၅ပြီး၏။