အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆) ရည်ရွယ်ရာသို့ ခရီးသွားခြင်း
ကျန်းယဲ့က ကျန်းထောင်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်ရာ ဖုန်းမြည်ပြီး သိပ်မကြာခင်မှာပင် ဖြေကြားခဲ့သည်။ တစ်ဖက်မှ နောက်ခံအသံများမှာ အလွန်ဆူညံနေပြီး လူအတော်များများ ရှိနေပုံရလေသည်။
“ဒါရိုက်တာကျန်း....” ကျန်းထောင်၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ “ကျွန်တော့်ကို ရှာနေတာလား...”
“အခု အလုပ်များနေလား...” တစ်ဖက်မှ ချောင်ဝမ်ပေါ်နှင့် အခြားသူများ ရယ်မောပြောဆိုနေသည့် အသံများကို ကျန်းယဲ့ သဲ့သဲ့ ကြားနေရလေသည်။
“မများပါဘူး.... မများပါဘူး” ကျန်းထောင်က အမြန် ပြန်ဖြေလိုက်၏။ “ကျွန်တော် ချောင်ဝမ်ပေါ်၊ ကျန်းခိုင်တို့နဲ့ အတူတူ ရှိနေတာပါ....”
စကားပြောပြီးသည်နှင့် တစ်ဖက်မှ နှုတ်ဆက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
“မင်္ဂလာပါ ဒါရိုက်တာကျန်း...”
“ဒါရိုက်တာကျန်း... ကျွန်တော်တို့ ခုလေးတင် ခင်ဗျားအကြောင်း ပြောနေကြတာဗျ...”
“ဒါရိုက်တာကျန်း... နောက်တစ်ခေါက် ခရီးစဉ်ကို ဘယ်တော့ ဦးဆောင်မှာလဲ...”
ကျန်းယဲ့က ပြုံးကာ တုံ့ပြန်လိုက်ပြီးနောက် လိုရင်းကို ပြောလိုက်၏။ “မင်းရဲ့ ဗီဒီယိုက ဘယ်လိုဖြစ်ရတာလဲ..”
ကျန်းထောင်၏ ပုံမှန်မဟုတ်သော ချဉ်းကပ်မှုက တောက်ပလွန်းသည်ဟု ဆိုရပေမည်။ သာမန်ဟု ထင်ရသော ဗီဒီယိုတစ်ခုက အင်တာနက် အသုံးပြုသူများ၏ စပ်စုချင်စိတ်ကို အမြင့်ဆုံးအထိ ဆွဲတင်ပေးလိုက်၏။
သူ၏ တကယ့် ဗီဒီယို ထွက်လာသည်နှင့် ကြီးမားလှသော ကွာဟချက်က ဒုတိယမြောက် ရေပန်းစားမှု လှိုင်းတံပိုးတစ်ခုကို မလွဲမသွေ ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ ဗီဒီယိုတစ်ခုတည်းကို အသုံးပြုပြီး ရေပန်းစားမှု လှိုင်းနှစ်ခုကို ဖန်တီးခြင်းက တကယ့်ကို အံ့သြစရာကောင်းသော လှုပ်ရှားမှုပင်။
တစ်ဖက်တွင်တော့ ကျန်းထောင်က သူ၏ ကိုယ်ပိုင် အစီအစဉ်များကို ဆွဲနေလေသည်။ သူ ပြန်ရောက်ရောက်ချင်း ပလက်ဖောင်းမှ အထူး အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့သည်။
အခြားကမ္ဘာနှင့် ပတ်သက်သည့် အကြောင်းအရာများ အားလုံးကို ကန့်သတ်ထားခြင်း မရှိတော့ချေ။ ၎င်း၏ နောက်ကွယ်တွင် ဘာရှိနေသည်ကို သူ ကောင်းစွာ သိရှိလေသည်။ ဤပုံမှန်မဟုတ်သော စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုကို သူနှင့် ခရီးသွားများ အားလုံးက သေသေချာချာ ပူးပေါင်းဖန်တီးထားခြင်း ဖြစ်၏။
“ဒါရိုက်တာကျန်း... ဒါက ကျွန်တော်တို့ အားလုံး တိုင်ပင်ထားတာလေ။ နည်းနည်းလောက် စောင့်ကြည့်လိုက်... ခင်ဗျား ဗီဒီယို တင်လိုက်တာနဲ့ အကျိုးသက်ရောက်မှုကို မြင်ရလိမ့်မယ်” ကျန်းထောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
ဖုန်းချပြီးနောက် ကျန်းယဲ့က စာမျက်နှာကို Refresh လုပ်လိုက်ရာ လိန်မင်၊ ချန်ရှင်းယွမ်နှင့် အခြားသူများ တင်ထားသော ဗီဒီယိုများကို တကယ်ပင် တွေ့လိုက်ရသည်။ အကြောင်းအရာများက ထူးထူးခြားခြား တူညီနေကြ၏။
“အင်မော်တယ်ရာချီမြို့က တစ်သက်မှာ မဖြစ်မနေ သွားသင့်တဲ့ နေရာ ၅၀ထဲက တစ်ခု ဖြစ်တာ သေချာတယ်...” လိန်မင်က ကင်မရာကို လက်မထောင်ပြထားခဲ့သည်။
“မသွားရရင် တစ်သက်လုံး နောင်တရနေမှာ....” ချန်ရှင်းယွမ်က ကျိန်တွယ်ပြောဆိုထားချေသည်။
“အဲဒီက ဒေသခံ အစားအစာတွေက မေ့မရနိုင်စရာပဲ...” လင်ယီရှင်းကလည်း အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောထားခဲ့သည်။
ရှေးဟောင်း တာအိုကျောင်းတော်ရှေ့တွင် ရပ်နေသော တာအိုဘုန်းကြီးငယ် ရွှမ်ချင်းပင်လျှင် တည်ကြည်သော မျက်နှာဖြင့် အဓိပ္ပာယ်မရှိသည်များကို ပြောနေ၏။ “အင်မော်တယ်ရာချီမြို့က မေ့မရနိုင်တဲ့ နေရာတစ်ခုမို့လို့ အဲဒီကို နောက်တစ်ခေါက် ထပ်သွားချင်ပါသေးတယ်....”
ကျန်းယဲ့က ဤကြော်ငြာတုများကို ကြည့်ကာ ခေါင်းယမ်းပြီး မရယ်ဘဲ မနေနိုင်တော့ချေ။
ဒီကောင်တွေက အင်တာနက် အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုကို ကောင်းကင်အထိ ရောက်အောင် ဆွဲတင်ပေးလိုက်ကြတာပဲ။ အားလုံးက ဗီဒီယိုတွေ တင်ပြီးကြပြီ ဖြစ်သလို သူတို့၏ ဗီဒီယိုများက ရေပန်းစားမှု အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ထပ်တက်လာနိုင်စရာ မရှိတော့သည်ကို မြင်သောအခါ ကျန်းယဲ့က နောက်ဆုံးတွင် ပို့စ်တင်မည့် ခလုတ်ကို နှိပ်ကာ သူ တည်းဖြတ်ထားသော ဗီဒီယိုကို တင်လိုက်လေသည်။
ခေါင်းစဉ်က ရိုးရှင်းပြီး စာလုံး အနည်းငယ်သာ ပါဝင်၏။
အင်မော်တယ်ရာချီမြို့....
ဗီဒီယို တင်ပြီးနောက် နောက်ကွယ်ရှိ ဒေတာ အကန့်တွင် ကိန်းဂဏန်းများ အရူးအမူး ခုန်တက်နေသည်ကို ကြည့်ကာ ကျန်းယဲ့မှာ မရယ်ဘဲ မနေနိုင်တော့ချေ။
ဗီဒီယို တင်ပြီး ဆယ်မိနစ်အတွင်းမှာပင် ကြည့်ရှုသူ တစ်သန်းကျော် သွားခဲ့ပြီး မှတ်ချက်ပေးသည့် နေရာတွင်လည်း မှတ်ချက်များဖြင့် လုံးဝ ပြည့်လျှံသွားတော့သည်။
အသုံးပြုသူ ၁: [အင်မော်တယ်ရာချီမြို့ရဲ့ လှပတဲ့ ရှုခင်းတွေက တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ... အဲဒီ လူစားတဲ့ ရေတွင်းခြောက်နဲ့ လူမျိုတဲ့ မှန်က တကယ့်ကို မေ့မရနိုင်စရာပဲ....]
အသုံးပြုသူ ၂: [အစ်ကိုထောင်... လမ်းညွှန်ပေးတာ ကျေးဇူးပဲ... အဲဒီအရသာရှိတဲ့ ဟင်းလျာတွေက ငါတို့လို သာမန်လူတွေ လက်လှမ်းမမီနိုင်တာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် လောက်ကောင်တွေ တွားသွားနေတဲ့ အသားကို ဘယ်သူက စားနိုင်မှာလဲဟ]
အသုံးပြုသူ ၃: [ကျန်းထောင်... ချီးပဲ.... မင်း စောင့်နေလိုက်... ငါ့ရဲ့ မီတာ ၄၀ ရှည်တဲ့ ဓားကို ဆွဲထုတ်ပြီးပြီ.... ကတိပေးထားတဲ့ နတ်ပြည်က ဘယ်မှာလဲကွ...]
အသုံးပြုသူ ၄: [အဲဒီကမ္ဘာက လူသားတွေက သနားစရာကောင်းလိုက်တာ။ သတို့သမီး ရှာဖို့အတွက် အချင်းချင်း သတ်ဖြတ်ဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်... အူး... အရမ်း ရက်စက်တာပဲ...]
အသုံးပြုသူ ၅: [အဲဒီ တကယ့် ဇွန်ဘီနှစ်ကောင်ကို ချစ်စရာကောင်းတယ်လို့ ထင်တာ ငါတစ်ယောက်တည်းလား.... သူတို့ ခေါင်းလေးတွေ စောင်းသွားတာက အရမ်း ချစ်ဖို့ကောင်းတာပဲ....]
အသုံးပြုသူ ၆: [ဇွန်ဘီတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ ဒါရိုက်တာကျန်းက အရမ်း မိုက်တာပဲ... နောက်တစ်ခါ အဖွဲ့ဖွဲ့ရင် ကျွန်တော့်ကို ရွေးပေးပါ... ကျွန်တော်က အမိုက်ဆုံးကောင် ဖြစ်ချင်လို့....]
ကျန်းယဲ့က မှတ်ချက်အမျိုးမျိုးကို ဆွဲချကြည့်ရင်း ရေပန်းစားနေသော မှတ်ချက်တစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
အသုံးပြုသူ ၇: [တွေးကြည့်ရင် ကြောက်စရာကောင်းတယ်။ တစ်နေ့နေ့မှာ ငါတို့ကမ္ဘာကော ဒီလိုမျိုး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...]
ထိုအချိန်တွင် ကျန်းထောင်၏ အကောင့် မှတ်ချက်ပေးသည့် နေရာမှာ လုံးဝ ပြည့်လျှံနေပြီ ဖြစ်၏။ နောက်ဆုံး တင်ထားသည့် ပို့စ်အောက်ရှိ မှတ်ချက်များ အားလုံးက လိမ်လည်သူ၊ Follow ဖြုတ်ပြီ နှင့် ငါ့ရဲ့ ခံစားချက်တွေကို ပြန်ပေးဟူ၍ပင်။
အကြိုက်ဆုံး မှတ်ချက်မှာ-
[ညီအစ်ကိုတို့... သင်တုန်းဓားတွေ ပို့လိုက်ပြီ.... မေးလ်ကို စစ်ကြည့်ဖို့ မမေ့နဲ့..]
အင်မော်တယ်ရာချီမြို့နှင့် ပတ်သက်သည့် အကြောင်းအရာများမှာ ရေပန်းစားမှု ထိုးတက်သွားသည်နှင့်အမျှ ကိုယ်ပိုင်မီဒီယာ သမားများစွာကလည်း အသွားအလာများသည့် နေရာသို့ အပြေးအလွှားလာရောက်ကြပြီး တစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင် အကျိုးအမြတ်ကို ရယူရန် ကြိုးစားနေခဲ့ကြသည်။
အသေးစိတ် ခွဲခြမ်းစိတ်ဖြာသည့် လိုက်ဗ်လွှင့်သူများ အဖွဲ့က ဗီဒီယိုများကို အလျင်စလို ထုတ်လုပ်ကြပြီး အင်မော်တယ်ရာချီမြို့၏ ထူးဆန်းသော စည်းမျဉ်းများကို မြင်ကွင်းတစ်ခုချင်းစီအလိုက် ခွဲခြမ်းစိတ်ဖြာနေကြ၏။
သံကြိုးကွပ်မျက်မှန်ကို တပ်ဆင်ထားပြီး ပညာရှင်ပုံပေါက်သော အကြောင်းအရာ ဖန်တီးသူတစ်ဦးက ကင်မရာရှေ့တွင် ကျွမ်းကျင်စွာ ပြောဆိုနေချေသည်။
“လူမှုဗေဒ ရှုထောင့်ကနေ ကြည့်ရင် အင်မော်တယ်ရာချီမြို့ဆိုတာ တကယ်တော့ ပုံမှန်အဆိပ်ပြင်း ပိုးကောင် မွေးမြူရေးလို လူမှုရေး ဖွဲ့စည်းပုံ တစ်ခုပါပဲ...”
ဖျော်ဖြေရေးနှင့် နောက်ပြောင်မှုများ ပါဝင်သော အကြောင်းအရာများကို ပိုမိုနှစ်သက်သည့် ဘလော့ဂါများကမူ ကွဲပြားသော ချဉ်းကပ်မှု တစ်ခုကို ရွေးချယ်ခဲ့ကြလေသည်။
ဟာသ လိုက်ဗ်လွှင့်သူတစ်ဦးက ကိုယ်တိုင်ချုပ်လုပ်ထားသော ဇွန်ဘီဝတ်စုံကို ဝတ်ဆင်ကာ ဗီဒီယိုတစ်ခုတွင် ဇွန်ဘီများ၏ ခုန်ပေါက်နေသော လှုပ်ရှားမှုများကို အတုခိုးပြပြီး ဆွဲဆောင်မှုရှိသော နောက်ခံဂီတတစ်ခုကို ထည့်သွင်းထားရာ ချက်ချင်းပင် ကြည့်ရှုသူ သန်းနှင့်ချီ ရရှိသွားခဲ့သည်။
ပြည်ပ ဘလော့ဂါများကလည်း အလျှော့မပေးကြချေ။ ကျန်းဖန်က ကျန်းယဲ့၏ ဗီဒီယိုကို ဘာသာစကား မျိုးစုံဖြင့် ချက်ချင်း ဘာသာပြန်ကာ ပြည်ပလူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် တင်လိုက်၏။ ခေါင်းစဉ်က တော်တော်လေး ဆွဲဆောင်မှု ရှိလေသည်။
[ထိတ်လန့်ဖွယ်ရာ.... ဇွန်ဘီတွေထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခု ပေါ်လာပြီ...]
မျှော်လင့်ထားသည့်အတိုင်း ဗီဒီယိုက ပြည်ပအင်တာနက် အသုံးပြုသူများကြားတွင် လျင်မြန်စွာ ရေပန်းစားသွားပြီး မှတ်ချက်ပေးသည့် နေရာတွင် WTF နှင့် ဒါက ရူးသွပ်စရာပဲဟူသော အာမေဍိတ်သံများဖြင့် ပြည့်လျှံသွား၏။
ထိုအချိန်တွင် ကျန်းယဲ့က သူ၏ ထိုင်ခုံကို နောက်သို့မှီချလိုက်ပြီး လက်ချောင်းထိပ်များဖြင့် စနစ် မျက်နှာပြင်ကို ခပ်ဖွဖွ ခေါက်လိုက်ခေသည်။
သူ၏ ကျော်ကြားမှု အမှတ်များက ဒုံးပျံတစ်ခုလို ထိုးတက်သွားပြီး မြန်ဆန်လှသော တိုးတက်မှုနှုန်းကြောင့် သူက သီချင်းလေးပင် တိုးတိုး ညည်းလိုက်မိသည်။
ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်က စာကြည့်ခန်းထဲသို့ ဖြာကျနေပြီး ကျန်းယဲ့အပေါ်သို့ ကျရောက်နေခဲ့သည်။ သူက တိုးညင်းစွာ ပြောလိုက်၏။ “စနစ်... ဆုလာဘ်တွေကို ရှင်းပေးပါ....”
[ဒင်... ဆုလာဘ်များကို တွက်ချက်နေပါသည်]
[အခြေခံ ဆုလာဘ်- သက်တမ်း + ၃၀ ရက်၊ အပိုဆု ယွမ် ၃၀၀,၀၀၀ (၅၈၅၈ ဖြင့် ဆုံးသော အကောင့်ထဲသို့ ထည့်သွင်းပြီးပါပြီ)]
[ခရီးသွား မစ်ရှင် ဆုလာဘ်- မကောင်းဆိုးဝါး အားလုံးကို ခုခံနိုင်စွမ်း]
မကောင်းဆိုးဝါး အားလုံးကို ခုခံနိုင်စွမ်း အသက်ဝင်သွားသည့် အချိန်မှာပင် ကျန်းယဲ့တစ်ချက် တုန်တက်သွားလေသည်။ ဒန်ထျန်းမှတစ်ဆင့် နွေးထွေးသော စီးဆင်းမှုတစ်ခုက ခြေလက်များနှင့် အရိုးများဆီသို့ လျှံတက်လာပြီး သေးငယ်သော အင်းစာလုံး မြောက်မြားစွာက သွေးကြောများထဲတွင် စီးဆင်းနေသည့်အလားပင်။
သူ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော သွေးကြောအချို့ တိတ်ဆိတ်စွာ ပွင့်ထွက်သွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူ၏ အရေပြား မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော ရွှေရောင်ပုံစံများ ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
အသိသာဆုံး အပြောင်းအလဲမှာ အသက်ရှူခြင်းပင်။ လေကို ရှူသွင်းလိုက်တိုင်း လေထုထဲရှိ မသန့်ရှင်းသော လေများက အလိုအလျောက် စစ်ထုတ်ခံလိုက်ရသည်။ လေကို မှုတ်ထုတ်လိုက်တိုင်း ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများက အပြင်သို့ ထွက်သွားလေသည်။
‘ဒါက မကောင်းဆိုးဝါး အားလုံးကို ခုခံနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်လား....’
ဒီဆုလာဘ်က သူ စိတ်ကူးထားတာထက်တောင် ပိုပြီး အံ့သြစရာ ကောင်းနေလေသည်။
ထိုအချိန်မှာပင် စနစ်၏ အေးစက်ပြီး စက်ရုပ်ဆန်သော အသံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
[ဒင်... ဂုဏ်ယူပါတယ် လက်ခံသူ... သင်က လူ ၁၀၀ ဖြင့် အခြားကမ္ဘာသို့ ဘေးကင်းစွာ ခရီးသွားခြင်းဆိုသည့် အောင်မြင်မှုကို ရရှိသွားပါပြီ]
(ခရီးသွား ၁၀၀ ကျော်ကို အခြားကမ္ဘာတစ်ခုသို့ ဦးဆောင်သွားပြီး သူတို့၏ ဘေးကင်းစွာ ပြန်လာနိုင်မှုကို သေချာစေခြင်း)
[အထူး ဆုလာဘ်- ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ - ရည်ရွယ်ရာသို့ ခရီးသွားခြင်း]
၁။ သင်က မည်သည့် ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာကိုမဆို ရွေးချယ်နိုင်သည် (ဥပမာ- ချင်မင်းဆက် မတိုင်မီခေတ်၊ ထန်မင်းဆက်၊ ရှေးဟောင်း အီဂျစ် စသည်ဖြင့်)
၂။ အချိန်ကာလကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည် (ဥပမာ- ချင်ရှီဟွမ် ထီးနန်းတက်ချိန်၊ သို့မဟုတ် ဟော်ချွီပင်း ဝံပုလွေဂူကို ချိတ်ပိတ်ချိန်)
၃။ လည်ပတ်ရန် သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးကို သတ်မှတ်နိုင်ပါသည် (သူတို့၏ အမည်ကို တိကျစွာ ဖော်ပြရမည်)
၄။ ဤတစ်ကြိမ်တွင် သီးသန့် နေရာ ၅၀ ရရှိမည်ဖြစ်ပြီး အိမ်ရှင်က ဖောက်သည်များကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။
ကျန်းယဲ့၏ သူငယ်အိမ်များက အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဤဆုလာဘ်က သူ စိတ်ကူးထားသည်ထက်ပင် ပို၍ အံ့အားသင့်စရာ ကောင်းနေချေသည်။
မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများက သူ၏ စိတ်ထဲတွင် မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွား၏။
‘လောင်ဇီနဲ့ တွေ့ပြီး တာအိုအကြောင်း ဆွေးနွေးမလား။ ကျန်းချန်းနဲ့အတူ အနောက်ဘက်ဒေသတွေဆီ ခရီးသွားရမလား....’
‘အချုပ်အခြာအာဏာပိုင် သုံးပါးနဲ့ ဧကရာဇ် ငါးပါးကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ရဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး...’
မှတ်ချက်- ဤအချိန်ခရီးသွားခြင်းက မည်သည့် ပုံမှန် မစ်ရှင်ကိုမျှ အစပျိုးမည် မဟုတ်ပါ။ ၎င်းက သီးသန့် အကျိုးခံစားခွင့် သက်သက်သာ ဖြစ်ပါသည်။
ပြတင်းပေါက် အပြင်ဘက်ရှိ ဝင်ဆဲနေဝန်းက စာကြည့်ခန်းတစ်ခုလုံးကို ရွှေရောင်လွှမ်းသွားစေပြီး အရင်က မကြုံဖူးသော ခရီးသွား အစီအစဉ်တစ်ခုက ကျန်းယဲ့၏ စိတ်ထဲတွင် တဖြည်းဖြည်း ပုံဖော်လာလေတော့သည်။
အခန်း ၂၁၆ပြီး၏။