← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) နေရာအရေအတွက်ကို ကြိုတင်သတ်မှတ်ထားခြင်း

​ကျန်းယဲ့က ပြတင်းပေါက်ဘေးတွင် ရပ်နေပြီး ဝင်ဆဲနေဝန်း၏ ရောင်ခြည်များက သူ၏ ပခုံးပေါ်သို့ ကျရောက်နေသော်လည်း ထိုအချိန်၌ သူ၏ အတွင်းစိတ်တွင် လျှံတက်လာသော မှတ်ဉာဏ်များကိုတော့ မထိုးဖောက်နိုင်ခဲ့ချေ။

​သူက အဘိုးဖြစ်သူ ပြောပြသော ထိုနှစ်များဆီက ဇာတ်လမ်းများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရသည်။

အဘိုး၏ညီအကိုများက စစ်တပ်ထဲဝင်ရန် အိမ်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး နောက်ဆုံးတွင် မည်သူမျှ ပြန်မလာနိုင်ခဲ့ကြချေ။

​ဘေးမကြီးက တံခါးခုံပေါ်တွင် ထိုင်ကာ ဆံပင်အမည်းမှ အဖြူသို့ ပြောင်းသွားသည်အထိ စောင့်ရင်း စောင့်ရင်း နောက်ဆုံးတွင် သတိလွတ်သွားသည့်တိုင်အောင် သားများ၏ အမည်များကို တိုးတိုး ရေရွတ်နေခဲ့သည်။

(NT- အဘိုးရဲ့အမေပါ)

​ထိုစဉ်က အဘိုးဖြစ်သူမှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပြီး မိသားစုတစ်ခုလုံးကို တစ်ယောက်တည်း ထောက်ပံ့ခဲ့ရသည်။ သူက သစ်ခေါက်များကို ကိုက်စားရလောက်အောင် ဆာလောင်နေသည့် အချိန်တွင်ပင် မျက်ရည်တစ်ပေါက် မကျခဲ့ချေ။

သို့သော် ဘေးမကြီး မကွယ်လွန်မီ အချိန်အထိ သာများ၏ အမည်များကို ခေါ်ဆိုနေဆဲဖြစ်ကြောင်း ပြောပြသည့် အချိန်တွင်တော့ သူက ကလေးတစ်ယောက်လို ငိုကြွေးခဲ့၏။

​“အကယ်၍ ငါသာ ပြန်သွားနိုင်ရင်...” ကျန်းယဲ့၏ မျက်လုံးများက တဖြည်းဖြည်း မာကျောလာခဲ့သည်။

​သူက ထိုတက်ကြွသော လူငယ်များကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ချင်ပြီး ဘေးမကြီးကို သူမ၏ သားများအားလုံး သူရဲကောင်းများ ဖြစ်ကြောင်း ပြောပြချင်ခဲ့သည်။

​‘ငါ တစ်ခုခုကို... ပြောင်းလဲချင်တယ်...’

​‘လူအိုကြီး တစ်ယောက်ကို ကယ်တင်နိုင်တာပဲဖြစ်ဖြစ်၊ ရွာသားတွေကို ဆာလောင်မှု အနည်းငယ် လျော့ပါးသွားစေတာပဲဖြစ်ဖြစ်၊ အဲဒီမြေပေါ်က လူတွေကို တစ်ရက်လောက် စောပြီး မတ်မတ် ရပ်တည်နိုင်စေတာပဲဖြစ်ဖြစ်ပေါ့..’

​“စနစ်...” ကျန်းယဲ့၏ အသံက အနည်းငယ် အက်ကွဲနေ၏။ “၁၉၃၇ ခုနှစ်က တရုတ်ပြည်ကို ငါ ရွေးတယ်....”

​ပြတင်းပေါက် အပြင်ဘက်မှ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး စားပွဲပေါ်ရှိ မှတ်စုစာအုပ်ကို တရှဲရှဲ မြည်သွားခဲ့သည်။ ဖွင့်ထားသော စာမျက်နှာပေါ်တွင် အမည်ခုနစ်ခုကို ရှင်းလင်းစွာ ရေးသားထားချေသည်။

​ထို့နောက် ကျန်းယဲ့က လင်ရှောင်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်၏။

​ကျန်းယဲ့ ဖုန်းခေါ်ပြီး နာရီဝက်ပင် မကြာမီ လင်ရှောင်နှင့် ချန်ချင်းတို့က ခရီးသွားအေဂျင်စီထဲသို့ ခြေချလာကြပြီ ဖြစ်သည်။

​“ထိုင်ကြပါ...” ကျန်းယဲ့က ပူလောင်နေသော လက်ဖက်ရည်နှစ်ခွက်ကို ကော်ဖီစားပွဲ၏ တစ်ဖက်သို့ တွန်းပေးလိုက်၏။

​လင်ရှောင်က ကျန်းယဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ပြုံးလျက် မေးလိုက်၏။ “ဒီတစ်ခေါက် ကျွန်တော်တို့ကို ခေါ်တာ နောက်တစ်ခေါက် ခရီးစဉ်အတွက် သွားမယ့်နေရာ ဆုံးဖြတ်ပြီးသွားလို့လား...”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး နှစ်ခုနှစ် တစ်ခုကို တည်ငြိမ်စွာ ပြောလိုက်သည်။ “၁၉၃၇....”

​ထိုစကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားသည့် အချိန်မှာပင် သူ့မျက်နှာချင်းဆိုင်ရှိ လူနှစ်ယောက်၏ သူငယ်အိမ်များက အကြီးအကျယ် ကျဉ်းမြောင်းသွားကြရသည်။

​ချန်ချင်းနှင့် လင်ရှောင်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ မျက်လုံးများထဲရှိ နားလည်မှုနှင့် လေးနက်မှုများကို နောက်တစ်ယောက်က မြင်တွေ့လိုက်ကြရသည်။

​“ဒီတစ်ခေါက်တော့ ကျွန်တော်တို့ J ဌာနကို လှုပ်ရှားပြီး နေရာတစ်ခု ရဖို့အတွက် လုပ်နိုင်တာ အားလုံးကို လုပ်ရလိမ့်မယ်...” လင်ရှောင်၏ အသံက တိုးညင်းနေသော်လည်း သူ၏ လေသံက ခိုင်မာပြီး လေးနက်နေ၏။

​ကျန်းယဲ့က ခေါင်းယမ်းလိုက်သည်။ “နေရာ ၅၀ စလုံးကို ငါ ကိုယ်တိုင် သတ်မှတ်ပေးမယ်...”

​“ဘာ....” ချန်ချင်းက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ့ကို အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေခဲ့သည်။

​လင်ရှောင်၏ အသက်ရှူသံများ သိသိသာသာ လေးလံလာပြီး သူက အက်ကွဲနေသော အသံဖြင့် မေးလိုက်၏။ “အချိန်ကရော...”

​“၄၈ နာရီ စောင့်မယ်.... ပြီးရင် သုံးရက်နေရင် ထွက်ခွာမယ်...” ကျန်းယဲ့က ကော်ဖီစားပွဲ အလယ်သို့ အလွတ်ဖြစ်နေသော စာရင်းတစ်ခုကို တွန်းပေးလိုက်၏။ “အချိန် လုံလောက်ရဲ့လား...”

​“လုံလောက်ပါတယ်...” လင်ရှောင်က စာရင်းကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး မတ်တပ်ရပ်လိုက်ရာ သူ၏ ဖြောင့်မတ်သော ကိုယ်နေဟန်ထားနှင့် မျက်လုံးများထဲရှိ တောက်ပနေသော ပြင်းထန်မှုများက သူ၏ လှိုင်းထန်နေသော စိတ်ခံစားမှုများကို ဖော်ပြနေလေသည်။

​သူတို့နှစ်ယောက် တံခါးဝသို့ ရောက်သောအခါ လင်ရှောင်က ရုတ်တရက် လှည့်ကြည့်ပြီး စံချိန်မီ စစ်သားအလေးပြုခြင်းဖြင့် အလေးပြုလိုက်၏။

​ပိုလျှံသော စကားလုံးများ မရှိသော်လည်း ဤလုပ်ရပ်က အားလုံးကို ရှင်းပြနေချေပြီ။

​ဖန်တံခါး ပိတ်သွားသည့် အချိန်မှာပင် ချန်ချင်းက သူ၏ စကားဝှက်ခံထားသော ဖုန်းကို ထုတ်ယူပြီးနေပြီ ဖြစ်သည်။

​လင်ရှောင်က လမ်းဘေးတွင် ရပ်ထားသော ကားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။

​ဟန်ကျိုး.... ကြယ်ငါးပွင့်ဟိုတယ်အခန်း

​ချောင်ဝမ်ပေါ်၊ ကျန်းခိုင်၊ ကုန်းချန်နှင့် အခြားသူများ၏ တိုက်တွန်းမှုကြောင့် ကျန်းထောင်က အင်မော်တယ်ရာချီမြို့မှ သူ ယူလာခဲ့သော ဇွန်ဘီ ဝတ်စုံကို လဲဝတ်လိုက်လေသည်။

​အနက်ရောင် ရောနေသော အပြာရင့်ရောင် အရာရှိ ဝတ်ရုံများ၊ အရောင်လွင့်နေသော ကျောက်စိမ်း ခါးပတ်နှင့် တောင့်တင်းနေသော ဘွတ်ဖိနပ်များ စသည့် ဝတ်စုံတစ်စုံလုံးမှာ ဟောင်းနွမ်းနေသော်လည်း အခြားကမ္ဘာတွင် သူ ရရှိခဲ့သော ကြောက်မက်ဖွယ်နှင့် မသမာသော အငွေ့အသက်များကိုတော့ ထုတ်လွှတ်မနေချေ။

​“ဒါပဲလား...” ချောင်ဝမ်ပေါ်က ကျန်းထောင်ကို အထက်အောက် ကြည့်လိုက်၏။ “ရုပ်ရှင်ထဲက လူတစ်ယောက်နဲ့ တူနေတာကလွဲရင် ယင်စွမ်းအင် အရိပ်အယောင် တစ်စက်မှ မရှိဘူး...”

​ကျန်းခိုင်က လက်လှမ်းကာ အဝတ်အစား၏ အသားကို စမ်းကြည့်ပြီး သံသယဖြင့် မေးလိုက်လေသည်။ “ဒါကို ဝတ်လိုက်တာနဲ့ မင်းကို အပြာရောင်မျက်နှာနဲ့ အစွယ်တွေပါတဲ့ မကောင်းဆိုးဝါး တစ်ကောင်အဖြစ် အလိုအလျောက် ပြောင်းသွားစေမှာ မဟုတ်ဘူးလား။ ဘာလို့ သာမန် Cosplay ဝတ်စုံတစ်စုံလို ဖြစ်နေတာလဲဟ”

​ကျန်းထောင်က မှန်ရှေ့တွင် ရပ်ကာ တစ်ပတ်လှည့်ကြည့်ရင်း နားမလည်နိုင်ဖြစ်နေရသည်။ “ထူးဆန်းတာပဲ။ အင်မော်တယ်ရာချီမြို့မှာ တုန်းကဆိုရင် ဒါကို ဝတ်လိုက်တာနဲ့ ငါ့ဆီကနေ ယင်အငွေ့အသက်တွေ ထွက်လာတာလေ... အခုကျတော့ ဘာလို့ အလုပ်မလုပ်တော့တာလဲ...”

​ကုန်းချန်က ပီကေကို ဝါးရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဘာလို့ ဒါရိုက်တာကျန်းကို မမေးလိုက်တာလဲ...”

​“ဟုတ်တယ်.. ဒါရိုက်တာကျန်းကို မေးကြည့်...” ကျန်းခိုင်က ကုန်းချန်၏ ပခုံးကို ရိုက်လိုက်ရာ ကုန်းချန်က ဒေါသတကြီး စိုက်ကြည့်လိုက်၏။

​ထိုအခါမှသာ သူက မလိုလားစွာဖြင့် လက်လျှော့လိုက်တော့သည်။

​ထို့နောက် စကားပို မပြောတော့ဘဲ အဖွဲ့က ကျန်းယဲ့၏ ဖုန်းနံပါတ်ကို ခေါ်လိုက်ကြလေသည်။

​ဖုန်းဝင်သွားပြီးနောက် ကျန်းထောင်က စပီကာ ဖွင့်လိုက်ပြီး လူတိုင်းက အခြေအနေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝင်ရောက် ရှင်းပြကြတော့သည်။

​နားထောင်ပြီးနောက် ကျန်းယဲ့က ချက်ချင်း ပြန်မဖြေဘဲ သူ၏ စိတ်ထဲမှ စနစ်ကို မေးလိုက်သည်။

​‘ဧည့်သည်များ ဝယ်ယူထားသော ပစ္စည်းများက သက်ဆိုင်ရာ အတိုင်းအတာများ အတွင်း၌သာ အကျိုးသက်ရောက်မှု ရှိပါတယ်...’

​‘ဥပမာ... အင်မော်တယ်ရာချီမြို့ ဇွန်ဘီဝတ်စုံက အင်မော်တယ်ရာချီမြို့ ကမ္ဘာအတွင်း၌သာ ရုပ်ဖျက်မှုကို ပံ့ပိုးပေးပါတယ်..’

​ကျန်းယဲ့က တွေးတောလိုက်၏။ ‘တခြား ကမ္ဘာကနေ ပြန်ယူလာတဲ့ အထူးပစ္စည်းတွေကရော။ ဥပမာ.. နက်နဲသော ယင်စွမ်းအင်ကျမ်းစာ ဒါမှမဟုတ် သလင်းကျောက်အမြုတေတွေလိုမျိုးပေါ့...’

​စနစ်က တိုတိုတုတ်တုတ်ဖြင့် ပြန်ဖြေသည်။ ‘အလုပ်မလုပ်ပါ...’

​ကျန်းယဲ့က ကွာခြားချက်ကို ချက်ချင်း နားလည်သွားလေသည်။

​စတိုးဆိုင်မှ ဝယ်ယူထားသော ပစ္စည်းများက သက်ဆိုင်ရာ ကမ္ဘာ၏ စည်းမျဉ်းများအောက်တွင် ရှိပြီး အခြားကမ္ဘာများမှ ရရှိလာသော ရုပ်ဝတ္ထု ပစ္စည်းများကမူ ၎င်းတို့၏ မူလ ဂုဏ်သတ္တိများကို ထိန်းသိမ်းထားပေသည်။

​ကျန်းယဲ့က ဖုန်းထဲသို့ ပြောလိုက်၏။ “အဝတ်အစားတွေက ဘာမှမဖြစ်ပါဘူး... ဒါပေမဲ့ သူတို့ရဲ့ အထူးအာနိသင်တွေက အင်မော်တယ်ရာချီမြို့ ရှိတဲ့ ကမ္ဘာမှာပဲ အလုပ်လုပ်တာ။ နောက်တစ်ခေါက် ငါတို့ အဲဒီကို သွားရင် အဲဒါတွေက အကောင်းဆုံး ရုပ်ဖျက်မှုတွေ ဖြစ်နေတုန်းပါပဲ...”

​ဖုန်း၏ အခြားတစ်ဖက်မှ စိတ်ပျက်သွားသော သက်ပြင်းချသံ ခုနစ်သံ ထွက်ပေါ်လာချေသည်။

​ချောင်ဝမ်ပေါ်က ပေါ့ပေါ့ပါးပါး မေးလိုက်ပြန်သည်။ “ဒါရိုက်တာကျန်း... နောက်တစ်ခေါက် ခရီးစဉ်အတွက် သွားမယ့်နေရာ ဆုံးဖြတ်ပြီးပြီလား...”

​ကျန်းယဲ့က ဘာမှ ဖုံးကွယ်မထားချေ။ “၁၉၃၇....”

​ဖုန်းထဲမှ အသက်ရှူမှားသွားသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လူခုနစ်ယောက်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။

​“ကျွန်တော် စာရင်းပေးချင်တယ်...”

​“ကျွန်တော့်ကို အဲဒီကို ခေါ်သွားပါ... ကျွန်တော် ကိုယ်တိုင် ဂျပန်မိစ္ဆာတချို့ကို သတ်ချင်လို့...”

​“ကျွန်တော့်ကိုလည်း ထည့်တွက်နော်... ”

​သူတို့ ငြင်းခုံ၍ ပြီးသည်အထိ စောင့်ပြီးမှ ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “နေရာတွေကို အတွင်းရေးအရ ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့အတွက် အခွင့်အရေး မရှိတော့ဘူး....”

​ထို့စကားကြောင့် ညည်းတွားသံများက ချက်ချင်း ဆူညံစွာ ပေါက်ကွဲထွက်လာလေသည်။

​ဖုန်းယီမင်က အော်ဟစ်လိုက်၏။ “ဘာလို့လဲ။ ဘာလို့ ကျွန်တော့်ကို ကြိုမရွေးပေးနိုင်ရတာလဲ။ ကျွန်တော်က အရမ်း တော်တာကို..”

​ကျန်းထောင်က တစ်စုံတစ်ခုကို ထက်မြက်စွာ သတိပြုမိသွားပြီး တုံ့ဆိုင်းစွာ မေးလိုက်၏။ “ဒါရိုက်တာကျန... နေရာတွေ အားလုံးကို အထက်ပိုင်းက လူတွေကို ပေးလိုက်တာလား...”

​“အင်း...”

​ဖုန်း၏ အခြားတစ်ဖက်မှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

​လူခုနစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြ၏။

​ချောင်ဝမ်ပေါ်က သက်ပြင်းချလိုက်၏။ “တကယ်ပါပဲ။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး အသုံးဝင်လိမ့်မယ်....”

​ကျန်းခိုင်က တိုးညင်းသော အသံဖြင့် ပြောလိုက်လေသည်။ “ကျွန်တော် နားလည်ပါတယ်...”

​သူတို့၏ စိတ်ပျက်မှုနှင့် နောင်တများကို ခံစားမိသဖြင့် ကျန်းယဲ့က ပြောလိုက်၏။ “အရမ်းကြီး စိတ်ဓာတ်မကျပါနဲ့... နောင်ကျရင် တခြား အခွင့်အရေးတွေ ရှိလာဦးမှာပါ”

​စနစ်က ဤအကျိုးခံစားခွင့်ကို ပေးအပ်ထားပြီးဖြစ်ရာ အနာဂတ်တွင်လည်း အလားတူ အခွင့်အရေးများ သေချာပေါက် ရှိလာမည်မှာ အချိန်ကာလ တစ်ခုသာ လိုပေသည်။

​ခုနစ်ယောက်စလုံးက ဉာဏ်ကောင်းကြပြီး နောက်ကွယ်မှ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြသည်။

​ချောင်ဝမ်ပေါ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “အဟား... ငါ သိသားပဲ....”

​“ဒါရိုက်တာကျန... ဒါ သဘောတူပြီးသားနော်... နောက်တစ်ကြိမ် အတွင်းရေးအရ ရွေးချယ်ခံရမယ့် အခွင့်အရေး ရှိရင် ကျွန်တော့်ကို မဖြစ်မနေ ရွေးပေးရမယ်...” ဖုန်းယီမင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

​ကုန်းချန်ကလည်း ချက်ချင်းပင် မြှောက်ပင့်သည့် ပုံစံသို့ ပြောင်းသွားပြီး စူးရှသော အသံဖြင့် ပြောလိုက်သည်။ “ဟီးဟီးဟီး... ဒါရိုက်တာကျန်းက အကောင်းဆုံးမှန်း ကျွန်တော် သိသားပဲ... သူက ကျွန်တော်တို့ကို ဂရုစိုက်ဆုံးပဲ”

​ကုန်းချန်၏ အီဆိမ့်နေသော အသံကို ကြားလိုက်ရချိန်မှာပင် ကျန်ခြောက်ယောက်မှာ ကြက်သီးထသွားကြရသည်။

​“သောက်ကျိုးနည်း... မင်းက လိင်ပြောင်းထားတာလား....” ချောင်ဝမ်ပေါ်က ကုန်းချန်၏ ပခုံးကို ရိုက်လိုက်လေသည်။ “တကယ်ပါပဲ.... မင်းကတော့ သောက်ကောင်ပဲ”

​ကျန်းထောင်က ရုတ်တရက် စကားလွှဲလိုက်လေသည်။ “ဒါရိုက်တာကျန်... ဒီတစ်ခေါက် သွားမယ့်နေရာကလည်း ဆုံးဖြတ်ပြီးပြီ... နေရာတွေကလည်း ကြိုရွေးထားပြီးပြီဆိုတော့ လူသိရှင်ကြား ကြေညာတာ နည်းသွားမှာ မဟုတ်ဘူးလား...”

​နေ့လယ်က ကျန်းထောင်၏ လုပ်ရပ်များကို ကျန်းယဲ့က ချက်ချင်း သတိရသွားပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ “မင်းမှာ ဘာအကြံအစည်တွေ ရှိလို့လဲ...”

​ကျန်းထောင်၏ သီးသန့်ဖြစ်သော ကောက်ကျစ်သည့် ရယ်မောသံက ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာချေသည်။ “ဟီးဟီး... မလောပါနဲ့... ကျွန်တော့်ကို ဒါလေး စီစဉ်ခွင့်ပေးပါဦး”

​အခြားသူများ၏ လှောင်ပြောင်သံများဖြင့် နောက်ခံအသံများ ချက်ချင်း ဆူညံသွားခဲ့သည်။

​“ထောင်က တစ်ခုခု ကြံစည်နေပြန်ပြီ... ”

​“ဒီတစ်ခေါက်ကော အင်တာနက်သုံးတဲ့သူတွေကို ဘယ်လို လိမ်ဖို့ ကြံနေတာလဲ....”

​“ဒီကိစ္စကို အရင် ရှင်းရှင်းလင်းလင်း ပြောထားရအောင်.... မင်းရဲ့ ဇာတ်ညွှန်းထဲမှာ ငါ့ကို ပါအောင် ထည့်ပေးရမယ်နော်...”

​လူခုနစ်ယောက် ရုတ်တရက် စတင်လိုက်သော တက်ကြွသည့် ဆွေးနွေးမှုများကို နားထောင်ရင်း ကျန်းယဲ့မှာ မပြုံးဘဲ မနေနိုင်တော့ချေ။

​ပြဿနာရှာတတ်သူ တစ်ယောက်က သူ၏ မိသားစုဝင်များကို နောက်တစ်ကြိမ် ဒုက္ခပေးတော့မည်ကို သူ မျက်စိထဲတွင် မြင်ယောင်နေမိ၏။

​“ကောင်းပြီ... မင်းရဲ့ အစီအစဉ်ကို ငါ စောင့်နေမယ်” ထို့နောက် ကျန်းယဲ့က ဖုန်းချလိုက်လေသည်။

အခန်း ၂၁၇ပြီး၏။

All Chapters