အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉) လုယူ၍ မရနိုင်ခြင်း
နောက်တစ်နေ့ နံနက်ခင်း.... ရီယဲ့ခရီးသွားအေဂျင်စီ၏ ဒုတိယထပ် ဝရန်တာတွင်....
နံနက်ခင်းအလင်းရောင်က ပြင်သစ်စတိုင် ပြတင်းပေါက်များမှတစ်ဆင့် ဖြာကျနေပြီး ကျန်းယဲ့က ဝရန်တာရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်ရင်း အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်ကို ကိုင်ထား၏။
လေပြေအေးလေးက သူ၏ နဖူးပေါ်မှ ဆံပင်စများကို လှုပ်ခတ်သွားစေပြီး အဝေးမှ မြို့ပြ၏ ဆူညံသံများကို ဖန်ပြတင်းပေါက်များက ပိတ်ဆို့ထားကာ တိတ်ဆိတ်နေသော အခန်းလေးတစ်ခုသာ ကျန်ရစ်လေသည်။
ကျန်းယဲ့က ကော်ဖီစားပွဲပေါ်ရှိ သူ၏ ဖုန်းကို လှမ်းကြည့်လိုက်ရာ လင်ရှောင်ထံမှ မက်ဆေ့ချ်တစ်ခု ရောက်နေခဲ့သည်။
[ငါ နောက်ငါးမိနစ်နေရင် ရောက်မယ်]
ထင်သည့်အတိုင်းပင် မကြာမီမှာပင် တံခါးဘဲလ်သံ မြည်လာ၏။
ကျန်းယဲ့က တံခါးဖွင့်ရန် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လင်ရှောင်နှင့် ချန်ချင်းတို့က သူ့နောက်မှ တစ်ယောက်ပြီး တစ်ယောက် အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။
သူတို့နှစ်ယောက်က သပ်ရပ်စွာ ဝတ်ဆင်ထားခဲ့ကြသည်။
“ထိုင်ကြပါ....” ကျန်းယဲ့က မျက်နှာချင်းဆိုင်ရှိ ကြိမ်ကုလားထိုင်ကို လက်ညှိုးထိုးပြလိုက်ပြီးနောက် ဝရန်တာရှိ လွှဲကုလားထိုင်ပေါ်တွင် ပြန်လည် နေရာယူလိုက်သည်။
လင်ရှောင်က သူ၏ လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်၏။ “စာရင်းကို အတည်ပြုပြီးပါပြီ။ အားလုံးက သေသေချာချာ ရွေးချယ်ထားတဲ့ လူတွေချည်းပါပဲ။ ခင်ဗျား စိတ်ချလို့ ရပါတယ်..”
ချန်ချင်းက ဖြည့်စွက်ပြောလိုက်၏။ “သူတို့က ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး တံခါးပိတ်လေ့ကျင့်ရေးတွေ လုပ်နေခဲ့တာပါ...”
ကျန်းယဲ့က စာရွက်စာတမ်းကို ယူကာ စာမျက်နှာ အနည်းငယ်ကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။
လင်ရှောင်က ခေတ္တရပ်လိုက်ပြီး သူ၏ လေသံမှာ ပိုမို လေးနက်လာချေသည်။ “ကျန်းထောင်ရဲ့ ဗီဒီယိုက နိုင်ငံတကာ အင်တာနက်ပေါ်မှာ အရမ်းကို ရေပန်းစားသွားပြီ..”
သူက တက်ဘလက်ကို ထုတ်ယူကာ စောင့်ကြည့်ရေး အစီရင်ခံစာကို ဆွဲဖွင့်လိုက်လေသည်။ “အနည်းဆုံး နိုင်ငံခြား အင်အားစု ဒါဇင်ပေါင်းများစွာက ခင်ဗျားကို စောင့်ကြည့်နေကြတယ်...”
ကျန်းယဲ့က အမူအရာ ကင်းမဲ့နေဆဲဖြစ်ပြီး လက်ဖက်ရည် မျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော အရွက်များကို ညင်သာစွာ မှုတ်ကာ တစ်ငုံ သောက်လိုက်၏။
ယင်းကို မြင်သောအခါ ချန်ချင်းက မရယ်ဘဲ မနေနိုင်တော့ချေ။ “ခင်ဗျား ဒါကို ကြိုသိနေတဲ့ ပုံပဲ...”
“မျှော်လင့်ထားသလိုပါပဲ....” ကျန်းယဲ့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ၏ လေသံက အေးစက်နေခဲ့သည်။
နိုင်ငံခြားအင်အားစုများက သူ့ကို အာရုံမစိုက်ဘူးဆိုလျှင်သာ ပုံမှန်မဟုတ်သော ကိစ္စဖြစ်ပေလိမ့်မည်။
‘ဒီအင်အားစုတွေရဲ့ မျက်လုံးထဲမှာ ငါက လမ်းလျှောက်နေတဲ့ ရတနာသိုက်ကြီးတစ်ခုလို ဖြစ်နေမှာပဲ... ဘယ်သူကများ ကိုယ်ကျိုးအတွက် လာမလုချင်ဘဲ နေပါ့မလဲ’ ဟု သူ တွေးလိုက်မိသည်။
“အထက်က အကြံပြုချက်ကတော့...” လင်ရှောင်က ဆက်ပြော၏။ “ဒီတစ်ခေါက် အများပြည်သူ ဝယ်ယူနိုင်တဲ့ လင့်ခ်တစ်ခုကို ချပေးလိုက်ဖို့ပါပဲ.... ဟန်ပြအနေနဲ့ပေါ့”
ကျန်းယဲ့က တစ်ဖက်လူကို ကြည့်လိုက်၏။ “ကျွန်တော်က ကြိုတင် ရွေးချယ်ပေးနိုင်တယ်ဆိုတာကို အပြင်ကမ္ဘာကို မသိစေချင်လို့လား...”
“ဟုတ်ပါတယ်” လင်ရှောင်က ခေါင်းညိတ်လိုက်၏။ “အကယ်၍ ခင်ဗျားက နေရာ ခွဲဝေမှုတွေကို လုံးဝ ထိန်းချုပ်ထားတယ်ဆိုတာကို သူတို့ သိသွားရင် တချို့အင်အားစုတွေက မျှော်လင့်ချက်မဲ့သွားပြီး အဆင်အခြင်မဲ့တဲ့ အလုပ်မျိုးတွေ လုပ်လာနိုင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ သူတို့က မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကိုတော့ ဖမ်းဆုပ်ထားဦးမှာဖြစ်ပြီး အရမ်းကြီး လွန်ကျူးလာမှာ မဟုတ်ဘူးလေ...”
ကျန်းယဲ့က ခပ်ဖွဖွ ရယ်မောလိုက်၏။ “ကောင်းပြီလေ... ချိတ်ဆက်မှုတွေကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်ပါ။ ကျွန်တော်က နည်းပညာပိုင်းတွေမှာ မကျွမ်းကျင်ဘူး...”
“ပြဿနာ မရှိပါဘူး...” ချန်ချင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။ “ဆာဗာကျသွားရင် ဖြေရှင်းဖို့ အရန်အစီအစဉ်တစ်ခုတောင် ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ...”
ထိုနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် ကျန်းယဲ့က ဝရန်တာသို့ ပြန်လာပြီး စာရင်းကို ကော်ဖီစားပွဲပေါ်တွင် တင်လိုက်လေသည်။
“အကိုစနစ်” သူက တိုးတိုးလေး ခေါ်လိုက်၏။
[ဒင်... အခြားကမ္ဘာသို့ သွားမည့်သူများ၏ စာရင်းကို တွေ့ရှိပါသည်]
[ရည်ရွယ်ရာ အချိန်နှင့် ဟင်းလင်းပြင် - တရုတ်၊ ၁၉၃၇ခုနှစ်]
[အချိန်ခရီးသွားရန် နောက်ပြန်ရေတွက်ခြင်း - ၄၇ နာရီနှင့် ၅၉ မိနစ်]
ကျန်းယဲ့က အကြောဆန့်ကာ လွှဲကုလားထိုင်ပေါ်မှ ထရပ်လိုက်ရာ သူ၏ အရိုးများက တဖြောက်ဖြောက် အသံမည်သွားလေသည်။
သူက ဂုတ်ကို ပွတ်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ “အလုပ်ပြန်လုပ်ဖို့ အချိန်တန်ပြီပဲ...”
ထို့နောက် ကွန်ပျူတာဆီသို့ လျှောက်သွားပြီး ရီယဲ့ ခရီးသွားအေဂျင်စီ၏ တရားဝင်တိုရင်အကောင့်သို့ ကျွမ်းကျင်စွာ ဝင်ရောက်လိုက်လေသည်။
ဗီဒီယိုအသစ် ရိုက်ကူးထားခြင်းမရှိဘဲ အနီရောင် စာသားများ ပါဝင်သော အနက်ရောင် ပုံတစ်ပုံကိုသာ တင်လိုက်၏။
[၁၉၃၇ခုနှစ်]
[နိုင်ငံတော်၏ အရှက်ရမှုကို ဘယ်တော့မှ မမေ့ပါနှင့်]
သွေးရောင်လွှမ်းနေသော စာလုံးကြီးများက အနက်ရောင် နောက်ခံတွင် ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။
ပို့စ်တင်လိုက်သည့် အချိန်မှာပင် မှတ်ချက်ပေးသည့် နေရာမှာ ယမ်းအိုးတစ်အိုးလို ပေါက်ကွဲသွားတော့သည်။
[အင်တာနက် အသုံးပြုသူ ၁] : နေရာလုကြ... ဂျပန်ကို တိုက်ကြ....
[အင်တာနက် အသုံးပြုသူ ၂] : ဒီတစ်ခါတော့ ဘယ်သူမှ ငါနဲ့ လာမလုနဲ့နော်....
[အင်တာနက် အသုံးပြုသူ ၃] : နေရာတွေကို J ဌာနကို ပေးဖို့ အကြံပြုပါတယ်....
[အင်တာနက် အသုံးပြုသူ ၄] : အပေါ်က မှတ်ချက်ကို ထောက်ခံတယ်။ ကျွမ်းကျင်တဲ့ ကိစ္စတွေကို ကျွမ်းကျင်သူတွေဆီမှာပဲ ထားလိုက်ပါ....
သူ၏ ဖုန်းက တုန်ခါသွားပြီး ကျန်းထောင်ထံမှ မက်ဆေ့ချ်တစ်ခု ပေါ်လာခဲ့သည်။
[ဒါရိုက်တာကျန်း... ဘာလို့ ရုတ်တရက် ဗီဒီယို တင်လိုက်တာလဲ။ ကျွန်တော့်ရဲ့ အစီအစဉ်ကို စောင့်နေတယ်လို့ ပြောထားတာ မဟုတ်ဘူးလား]
ကျန်းယဲ့၏ တိုတောင်းသော အကြောင်းပြန်မှု - [အခြေအနေတွေ ပြောင်းလဲသွားလို့ပါ...]
စကားပြောခန်းတွင် တစ်ဖက်လူ စာရိုက်နေသည်ဟု စက္ကန့်အနည်းငယ်ကြာ ပေါ်လာပြီးနောက် နောက်ဆုံးတွင် [နားလည်ပါပြီ]ဟုသာ ပြန်စာရောက်လာခဲ့သည်။
ဉာဏ်ကောင်းသော သူများက အပို ရှင်းပြမှုများ မလိုအပ်ချေ။
နှစ်ရက်အကြာ ထိုနေ့၏ နံနက်ခင်းတွင် ၁၉၃၇ ခုနှစ်သို့ သွားမည့် နှစ်ရက်တာခရီးစဉ်၏ လင့်ခ် ပွင့်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက အော်ဒါတင်သည့် ခလုတ်ကို စိုက်ကြည့်နေခဲ့ကြသည်။
အချိန် နီးကပ်လာသည်နှင့်အမျှ မရေမတွက်နိုင်သော လူများက သူတို့၏ ဖုန်းမျက်နှာပြင်များကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ လက်ချောင်းများက အခုပဲ မှာယူမည်ဆိုသည့် ခလုတ်ပေါ်တွင် ရစ်ဝဲနေကာ သူတို့၏ နှလုံးသားများက ဗုံတစ်လုံးလို ခုန်ပေါက်နေကြလေသည်။
နံနက် ၁၀ နာရီ တိတိတွင် မီးခိုးရောင် မျက်နှာပြင်က ပြောင်းလဲသွားပြီး လင့်ခ်က အချိန်ကိုက် ပွင့်လာတော့၏။
“မင်း တစ်နေရာ ရလိုက်လား...”
“သောက်ကျိုးနည်း... ငါ နှိပ်လို့ မရဘူး”
“ဆာဗာ ကျသွားတာလား...”
သုံးစက္ကန့် အတွင်းမှာပင် နေရာအားလုံး ပြည့်သွားလေသည်။
အင်တာနက်ပေါ်ရှိ ဝီချက်၊ ဝေ့ပေါ် နှင့် ဘိုင်ဒူထျဲပါတို့တွင် မျှော်လင့်ချက်မဲ့နေသော ညည်းတွားသံများဖြင့် ချက်ချင်း ပြည့်လျှံသွားရသည်။
[အသုံးပြုသူ A] : ငါ ငွေပေးချေတဲ့ မျက်နှာပြင်ကိုတောင် မမြင်လိုက်ရဘဲ ပျောက်သွားတယ်ကွာ...
[အသုံးပြုသူ B] : ဘယ်သူက ဒီလောက် မြန်တဲ့ လက်အမြန်နှုန်းတွေ ရှိနေတာလဲဟ.... ငါ့ကို နေရာတစ်ခုလောက် ပေးလို့ ရမလား...
[အသုံးပြုသူ C] : ပြန်ရောင်းပါမယ်... စျေးနှုန်း ညှိနှိုင်းလို့ ရပါတယ်..
[အသုံးပြုသူ D] : အပေါ်ကလူကတော့ ပြဿနာ ရှာနေတာပဲ။ သူတို့ နေရာရသွားပေမယ့် အဝေးကို ပို့ခံရပြီးရင် ပြန်လွှဲပေးရမှာပဲလေ....
ဂျပန်........
နည်းပညာရှင် ဒါဇင်ပေါင်းများစွာက မျက်နှာပြင်များကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ လက်ချောင်းများက ကီးဘုတ်များပေါ်တွင် ပျံသန်းနေကာ သူတို့၏ နဖူးများတွင် ချွေးသီးချွေးပေါက်များ ကျလာခဲ့သည်။
“ထပ်ပြီး Refresh လုပ်... ထပ်ကြိုးစားစမ်း...” ကြီးကြပ်ရေးမှူးက တင်းမာစွာ အော်ဟစ်လိုက်၏။
“မရဘူး... စာမျက်နှာက လုံးဝ ရပ်သွားပြီ...”
“ဖုန်းထဲမှာလည်း ဖွင့်လို့ မရဘူး...”
“ချီးပဲ... တရုတ်ရဲ့ ဆာဗာတွေက စက္ကူနဲ့ လုပ်ထားတာလားကွ... ”
ရလဒ်က မျှော်လင့်ထားသည့်အတိုင်းပင်။
စာမျက်နှာ နောက်ဆုံးတွင် ပုံမှန် ပြန်ဖြစ်သွားချိန်၌ ရောင်းကုန်သွားပါပြီဟူသော တောက်ပသည့် အနီရောင်စာလုံးများက ဂျပန်နိုင်ငံသားတိုင်း၏ မျက်လုံးများကို စူးရှသွားစေတော့သည်။
CIA စစ်ဆင်ရေးခန်းမ...
ညသန်းခေါင်ယံအချိန်တွင် စစ်ဆင်ရေးခန်းမက လင်းထိန်နေပြီး အထက်တန်းလွှာ ထောင်ပေါင်းများစွာက သူတို့၏ ကွန်ပျူတာများရှေ့တွင် သပ်ရပ်စွာ ထိုင်နေကြကာ တစ်ယောက်ချင်းစီ၏ မျက်နှာပြင်ပေါ်တွင် တူညီသော စာမျက်နှာ တစ်ခုတည်းသာ ရှိနေချေသည်။
[ရီယဲ့ခရီးသွားအေဂျင်စီ ၁၉၃၇ အချိန်ခရီးသွား အစီအစဉ်]
ကက်သရင်းက နောက်ဘက်တွင် လက်ပိုက်ကာ ရပ်နေပြီး အေးစက်စွာ ပြောလိုက်၏။ “မှတ်ထား.... ဒီတစ်ခါ ငါတို့ စည်းကမ်းအတိုင်း လုပ်ရမယ်။ ဟက်ကာ နည်းလမ်းတွေကို ခွင့်မပြုဘူး။ ငါတို့က တရားဝင် နေရာတွေကိုပဲ လိုချင်တာ....”
လူတိုင်းက စိုးရိမ်တကြီးဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
နောက်ပြန်ရေတွက်မှု သုညသို့ ရောက်သွားသည့် အချိန်မှာပင် မရေမတွက်နိုင်သော လက်များက မောက်စ်ကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ကြ၏။
“ကျစ်... စာမျက်နှာက ရပ်သွားပြီ”
“ငါ့စနစ်မှာ 404 errorလို့ ပြနေတယ်ဟ... ”
“သောက်ကျိုးနည်း.... ငွေပေးချေတဲ့ မျက်နှာပြင်ကို ဖွင့်လို့မရဘူး”
ငါးစက္ကန့်အကြာတွင် မျက်နှာပြင် အားလုံးပေါ်၌ စူးရှလှသော ရောင်းကုန်သွားပါပြီဟူသော စာသားသာ ကျန်ရစ်ခဲ့တော့ခေသည်။
ဟန်ကျိုး... ရီယဲ့ခရီးသွားအေဂျင်စီ.... ဒုတိယထပ်
ဧည့်ခန်းထဲတွင် ကျန်းယဲ့၏ ခြေအောက်၌ ရွှေရောင် အလင်းဝန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
အရည်ပျော်နေသော ရွှေများကဲ့သို့ အလင်းရောင်များက မြေပြင်ပေါ်တွင် လှိုင်းထသွားပြီး ၎င်းတွင် ကိုယ်ပိုင် အသက်ရှိနေသည့်အလား သူ၏ ဘောင်းဘီခြေထောက်တစ်လျှောက် အထက်သို့ တွားသွား တက်လာလေသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ညင်သာစွာ ဖုံးလွှမ်းသွား၏။
“အဘိုး... အဘိုးရဲ့ မြေးရောက်လာပြီ...”
ရွှေရောင်အလင်းတန်းက ရုတ်တရက် အားကောင်းလာပြီး သူ၏ ပုံရိပ်မှာ ပန်းချီကားတစ်ချပ်ထဲမှ မင်ရည်များလို မှေးမှိန်သွားကာ နောက်ဆုံးတွင် ထိုနေရာမှ လုံးဝ ပျောက်ကွယ်သွားချေသည်။
တစ်ချိန်တည်းမှာပင် တရုတ်ပြည်ရှိ လျှို့ဝှက် စစ်စခန်း ငါးခုတွင်....
ပထမ တိုက်ခိုက်ရေး တပ်မဟာမှ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် ဆယ်ဦးက နောက်ဆုံး စစ်ဆေးမှုများကို ပြုလုပ်နေခဲ့ကြသည်။
အဖွဲ့ခေါင်းဆောင်က ရုတ်တရက် လက်ကို မြှောက်လိုက်၏။ “အားလုံး သတိထား.... ဆယ်စက္ကန့်ပဲ ကျန်တော့တယ်”
သူ စကားပြောပြီး မကြာမီမှာပင် မျက်စိကျိန်းမတတ် ဖြူစင်သော အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး တပ်ဖွဲ့ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် လူဆယ်ယောက်၏ ပုံရိပ်များက အဖြူရောင် အလင်းတန်းထဲတွင် တဖြည်းဖြည်း ဖောက်ထွင်းမြင်ရလာပြီး သူတို့၏ စက်ကိရိယာများ၊ လက်နက်များနှင့် သူတို့ကိုယ်တိုင်ပင်လျှင် ခဲဖျက်ဖြင့် ဖျက်ခံလိုက်ရသော ခဲတံပန်းချီကားများလို လေထဲတွင် တစ်လက်မချင်းစီ ပျောက်ကွယ်သွားကြသည်။
ဒုတိယ တိုက်ခိုက်ရေး တပ်မဟာ၊ တတိယ တိုက်ခိုက်ရေး တပ်မဟာ...
အဖွဲ့ငါးဖွဲ့မှ အထက်တန်းလွှာ စစ်သားငါးဆယ်မှာ ထိုစက္ကန့်မှာပင် အဖြူရောင် အလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
စခန်းတစ်ခု၏ စောင့်ကြည့်ရေးအခန်းထဲတွင် တာဝန်ကျ အရာရှိက ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသော နေရာကို ဖြည်းညှင်းစွာ အလေးပြုလိုက်၏။
အဖြူရောင်အလင်းတန်းက မှေးမှိန်သွားပြီး အချိန်နှင့် ဟင်းလင်းပြင်က တည်ငြိမ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။
အခန်း ၂၁၉ပြီး၏။