← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) စစ်ကူများကို အပြတ်ရှင်းခြင်း

​သို့သော် ခြေလှမ်းအနည်းငယ်သာ ပြေးရသေးချိန်တွင် ကြက်ခြေခတ်ပစ်ခတ်မှုတစ်ခုကြောင့် သူက အသားစဉ်းစားသဖွယ် အပိုင်းပိုင်း အတစ်တစ် ဖြစ်သွားရသည်။

​စစ်သားတစ်ယောက်က မြစ်ထဲသို့ အောင်မြင်စွာ ခုန်ချနိုင်ခဲ့သော်လည်း လေရှူရန် ရေပေါ်သို့ ပေါ်လာချိန်မှာပင် သူ့ကို စောင့်နေသော ကျည်ဆန်တစ်ခုက သူ့ကို ဖောက်ထွင်းသွား၏။

​နောက်ဆုံး ဂျပန်စစ်သားကို သံတံတိုင်းက သစ်ပင်ပင်စည်တွင် ကပ်သွားအောင် ပစ်ခတ်လိုက်ချိန်၌ ကူးတို့ဆိပ်မှာ ထူးဆန်းသော တိတ်ဆိတ်မှု တစ်ခုထဲသို့ ကျဆင်းသွားချေသည်။

​လူများက ကောင်းကင်မှ ကျဆင်းလာသော ဤစစ်သားစုကို မှင်တက်စွာ စိုက်ကြည့်နေကြ၏။ သူတို့က အရင်က တစ်ခါမှ မမြင်ဖူးသော ပြောက်ကျား ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာများကို အမည်းနှင့် အစိမ်းရောင်ဆေးများဖြင့် ခြယ်သထားရာ ဤခေတ်မှ စစ်သားများနှင့် လုံးဝ မတူညီချေ။

​ဒါရိုက်တာကျန်းက သူ၏ နည်းဗျူဟာမြောက် စစ်ဦးထုပ်ကို ချွတ်လိုက်ရာ သူ၏ ငယ်ရွယ်သော မျက်နှာ ပေါ်ထွက်လာခဲ့သည်။

​“ရွာသားတို့...” သူ၏ အသံက မကျယ်လောင်သော်လည်း လူတိုင်းကို တုန်လှုပ်သွားစေသည်။ “မြောက်ဘက်ကို သုံးမိုင်လောက် သွားပြီး အဲဒီလမ်းကနေ ဖြတ်သွားပါ။ မြန်မြန်သွားကြ...”

​ရုတ်တရက် လူအုပ်ကြီးက ဖိနှိပ်ထားသော ရှိုက်သံများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

​ဆံပင်အဖြူများနှင့် သက်ကြီးရွယ်အိုတစ်ဦးက ယိုင်နဲ့စွာ ထွက်လာပြီးနောက် ရုတ်တရက် ဒူးထောက်ချကာ အော်ဟစ်လိုက်၏။ "ကောင်းကင်ကြီးက မျက်လုံးပွင့်လာပြီဟေ့..."

​နဂါးပြာက အဘိုးအိုကို ကူညီထူမရန် အပြေးသွားလိုက်သော်လည်း အရှေ့ဘက်မှ လာသော အင်ဂျင်သံ ဟိန်းဟောက်သံကို ကြားလိုက်ရလေသည်။

​အပူချိန်တိုင်းတာမှုပုံရိပ်တွင် အနီရောင်အစက် သုံးဆယ်ကျော်က လျင်မြန်စွာ ချဉ်းကပ်လာနေ၏။

​“သံချပ်ကာ ကားတွေ...” အမွေးနီ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားရသည်။ “ဂျပန် စစ်ကူတွေ ရောက်လာပြီ....”

​ဒါရိုက်တာကျန်း၏ အကြည့်များက မှိုင်းညို့သွားပြီး ကူးတို့ဆိပ်တွင် ရပ်နေသေးသော လူအုပ်ကြီးဘက်သို့ အမြန် လှည့်လိုက်၏။

​“ရွာသားတို့... ကျွန်တော့်ပြောတာ နားထောင်ပါ...” သူက အသံကို မြှင့်လိုက်ရာ သူ၏ လေသံတွင် ငြင်းဆိုခွင့် မရှိချေ။ “ဂျပန်စစ်ကူတွေ မကြာခင် ရောက်လာတော့မယ်။ အခုချက်ချင်း မြောက်ဘက်ကို ထွက်ပြေးရမယ်..”

​လူအုပ်ကြီး စတင် လှုပ်ရှားလာကျသည်။ အမျိုးသမီးများက သူတို့၏ ကလေးများကို ပွေ့ချီကာ အမျိုးသားများက သက်ကြီးရွယ်အိုများကို ကူညီရင်း မြောက်ဘက်သို့ ယိုင်နဲ့စွာ ထွက်ပြေးကြလေသည်။

ဆယ်ကျော်သက်တစ်ယောက်က နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းယဲ့က သူ၏ နည်းဗျူဟာမြောက်ကျောပိုးအိတ်ထဲမှ ပုံစံထူးဆန်းသော သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရ၏။

သေနတ်ပြောင်းက ဝင်ဆဲနေဝန်း၏ အလင်းရောင်အောက်တွင် အေးစက်သော သတ္တုရောင်ဖြင့် တောက်ပနေချေသည်။

​ကောင်လေးက တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း သူ့ဘေးရှိ လူကြီးက သူ့ကို ဆွဲခေါ်သွားခဲ့သည်။

​လူများ၏ ပုံရိပ်များက အဝေးရှိ ကျူပင်တောထဲသို့ ပျောက်ကွယ်သွားပြီးနောက် နဂါးပြာက သူ၏ အဖွဲ့ဝင်များကို ပြောလိုက်၏။ “အားလုံးပဲ... မူလ အစီအစဉ်အတိုင်း ဆက်လုပ်မယ်...”

​စစ်သားငါးဆယ်မှာ တစ္ဆေများလို လူစုခွဲသွားကြပြီး တစ်ယောက်ချင်းစီက သတ်မှတ်ထားသော နေရာများကို ယူလိုက်ကြသည်။

​စနိုက်ပါအဖွဲ့ဖြစ်သည်ါ နဂါးကြေးခွံနှင့် အစွန်းအေး အဖွဲ့က ကုန်းမြင့်ကို လျင်မြန်စွာ နေရာယူလိုက်ကြ၏။ နှင်းခဲဓားက အမြောက်ဆန်များကြောင့် မူလအရွယ်အစား၏ ထက်ဝက်ခန့်သာ ကျန်တော့သည်အထိ ပျက်စီးနေသော နံရံတစ်ခု အနောက်တွင် ရပ်ကာ သူ၏ စနိုက်ပါ ရိုင်ဖယ်ကို အသင့်ပြင်ပြီး မှန်ပြောင်းကို ချိန်ရွယ်လိုက်လေသည်။

​သူ၏ ဒုတိယ အဖွဲ့ဝင်ဖြစ်သော တိတ်ဆိတ်ခြင်းက အနီးနားရှိ ပြိုကျနေသောနံရံတစ်ခုရဲ့ အနောက်တွင် ဝပ်လျက် အပူချိန်တိုင်းတာမှု ပုံရိပ်ကို ကိုင်ကာ နေရာကို တိုးတိုးလေး ပြောပြနေခဲ့သည်။ "သံချပ်ကာ ကား သုံးစီး၊ ခြေလျင်စစ်သား သုံးဆယ့်လေးယောက်၊ မီတာ ၈၀၀အကွာမှာ အလယ်အလတ် အမြန်နှုန်းနဲ့ လာနေတယ်..."

​သံချပ်ကာနက်အဖွဲ့က ဂျပန်စစ်တပ် မလွဲမသွေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင် ပစ်မှတ်ထား မိုင်းများနှင့် တင့်ကားဖျက်မိုင်းများကို ထောင်ထားလိုက်ကြ၏။ အရာအားလုံး အမှားအယွင်း မရှိစေရန်အတွက် သံတံတိုင်းက စနက်တံများကို ကိုယ်တိုင် ချိန်ညှိခဲ့လေသည်။

​ငှက်နီ အဖွဲ့က ကျူပင်တောထဲတွင် ပုန်းအောင်းနေကြသည်။ အမွေးနီက ကျည်အိမ်များကို စစ်ဆေးကာ တိုးတိုးလေး အမိန့်ပေးလိုက်၏။ “စနိုက်ပါအဖွဲ့က စပစ်တာနဲ့ ငါတို့က သူတို့ကို အပြတ်ရှင်းမယ်... တစ်ယောက်မှ အရှင်မထားနဲ့”

​ဓားနက် အဖွဲ့က တိတ်တဆိတ် ချဉ်းကပ်သွားပြီး ပိုးသားကို ဆုတ်ဖြဲခြင်းက ဂျပန်စစ်တပ်၏ ဆက်သွယ်ရေးများ လုံးဝ ပြတ်တောက်သွားစေရန် အီလက်ထရောနစ် နှောင့်ယှက်ရေးကိရိယာများကို ချိန်ညှိလိုက်၏။

​ကျန်းယဲ့က အပျက်အစီးများပေါ်တွင် ရပ်ကာ သူ၏ တက်ဘလက်ပေါ်ရှိ အချိန်နှင့်တစ်ပြေးညီ အပူချိန် တိုင်းတာမှု ပုံရိပ်များကို ကြည့်နေချေသည်။ ဂျပန်စစ်တပ်ကို ကိုယ်စားပြုသော အနီရောင်အစက်လေးများက တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။

​“အားလုံးပဲ... ငါ့ရဲ့ အမိန့်ကို နားထောင်...” နဂါးပြာ၏ အသံက နားကြပ်များမှတစ်ဆင့် စစ်သားတိုင်းဆီသို့ ရောက်လာခဲ့သည်။ “သူတို့ မိုင်းကွင်းထဲ ရောက်တဲ့အထိ စောင့်ပြီးမှ ဝင်တိုက်...”

​လူတိုင်းက အမဲလိုက်ပွဲ၏ နောက်ဆုံးအချိန်ကို စောင့်မျှော်ရင်း အသက်အောင့်ထားလိုက်ကြ၏။

​အဝေးတစ်နေရာတွင် သံချပ်ကာ ကား၏ အကြမ်းဖျင်း ပုံစံကို ဝိုးတဝါး မြင်နေရချေပြီ။

​သံချပ်ကာ ကား၏ အင်ဂျင်သံက ပိုနီးလာပြီး ၎င်း၏ ဘီးချိန်းကြိုးများက မီးကျွမ်းနေသော မြေကြီးကို ကြိတ်ချေလာရာ စူးရှသော သတ္တုပွတ်တိုက်သံ ထွက်ပေါ်လာခဲ့သည်။

​ခေါင်မိုးပေါ်ရှိ စက်သေနတ်ကြီးကို လှည့်ထားပြီး သေနတ်သမားက ချုံခိုတိုက်ခိုက်မှုကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ဝေ့ကြည့်နေလေသည်။

​“အသင့်ပြင်... ” နဂါးပြာက တိုးညင်းသော အသံဖြင့် အမိန့်ပေးလိုက်ရာ လူတိုင်းက တိုက်ခိုက်ရန် အသင့်ဖြစ်နေသဖြင့် အသက်အောင့်ထားလိုက်ကြ၏။

​သံချပ်ကာ ကား သုံးစီးနှင့် ဂျပန် ခြေလျင်စစ်သား သုံးဆယ့်လေးယောက်က သူတို့ကို ဝိုင်းရံရန် ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ကျက်လာကြသည်။

​ပထမဆုံး သံချပ်ကာ ကား ရောက်လာပြီ........

​သံချပ်ကာ ကားက မြေနိမ့်ပိုင်းတစ်ခုသို့ မောင်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ကားအောက်ရှိ အာရုံခံမိုင်းများ ရုတ်တရက် ပေါက်ကွဲသွား၏။

​“ဝုန်း....... ”

​ကြီးမားလှသော ပေါက်ကွဲမှုက ကားတစ်စီးလုံးကို မှောက်ကျသွားစေပြီး မီးတောက်များက ကောင်းကင်သို့ ထိုးတက်သွားလေသည်။

​ကားထဲရှိ ဂျပန်စစ်သားများမှာ အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ မီးတောက်များ၏ မျိုချခြင်းကို ခံလိုက်ရ၏။

​“ရန်သူ့ တိုက်ခိုက်မှု... ရန်သူ့ တိုက်ခိုက်မှု...” အနောက်မှ ဂျပန်စစ်သားများက အထိတ်တလန့်ဖြင့် လူစုခွဲသွားကြပြီး စက်သေနတ်သမားများက အရပ်မျက်နှာ အနှံ့သို့ ရူးသွပ်စွာ ပစ်ခတ်ကြရာ ကျည်ဆန်များက ကျူပင်များကို ကျိုးကျသွားစေပြီး မြေကြီးများနှင့် ကျောက်ခဲများကို လွင့်စင်သွားစေ၏။

​သို့သော်လည်း သူတို့၏ ပစ်မှတ်ကို သူတို့ လုံးဝ ရှာမတွေ့နိုင်ခဲ့ချေ။

​“ဒိုင်း.....”

​နှင်းခဲဓား၏ စနိုက်ပါရိုင်ဖယ်က အရင်ဆုံး ပစ်ခတ်လိုက်ရာ ကျည်ဆန်က စက်သေနတ်သမား၏ ဦးထုပ်ကို တိကျစွာ ဖောက်ထွင်းသွားပြီး သွေးများ ပန်းထွက်သွားချေသည်။

​“ဒိုင်း ဒိုင်း ဒိုင်း...”

​ထို့နောက် ချက်ချင်းဆိုသလိုပင် သေနတ်သံ အနည်းငယ်က တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာပြီး သံချပ်ကာ ကားဘေးရှိ ဂျပန်စစ်သားများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြ၏။ ပစ်ခတ်မှု တိုင်းမှာ ခေါင်း သို့မဟုတ် နှလုံးကို တည့်တည့် ထိမှန်ပြီး တုံ့ဆိုင်းမှု မရှိဘဲ သန့်ရှင်းပြီး လျင်မြန်လှ၏။

​“ငတုံးတွေ... သူတို့ ဘယ်မှာလဲကွ...” ဂျပန်အရာရှိ တစ်ယောက်က ဟိန်းဟောက်လိုက်ပြီး သူ၏ မှန်ပြောင်းကို မြှောက်လိုက်ချိန်မှာပင်-

​“ဖူး....”

​ကျည်ဆန် တစ်တောင့်က သူ၏ မှန်ပြောင်းကို ခွဲကာ သူ၏ မျက်လုံးကို ဖောက်ထွင်းသွားပြီး သူ၏ ဦးခေါင်း နောက်ဘက်မှ ဖောက်ထွက်သွားတော့သည်။

​ဒုတိယ သံချပ်ကာ ကားက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး ချက်ချင်း နောက်ဆုတ်ကာ စစ်မြေပြင်မှ ဆုတ်ခွာရန် ကြိုးစားတော့၏။

​သို့သော် ငါးမီတာပင် မဆုတ်ရသေးမီ မြေပြင်က ရုတ်တရက် ပြိုကျသွားချေသည်။

​သံချပ်ကာနက် အဖွဲ့ ထောင်ထားပြီးဖြစ်သော ပစ်မှတ်ထား မိုင်းများ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှု လှိုင်းက ဘီးချိန်းကြိုးများကို တိုက်ရိုက် ကြေမွသွားစေခဲ့သည်။

​“ဝုန်း...”

​သံချပ်ကာ ကားက တိမ်းစောင်းသွားပြီး မြောင်းထဲသို့ ထိုးကျသွား၏။ အတွင်းရှိ စစ်သားများက အထိတ်တလန့်ဖြင့် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ တွားထွက်ရန် ကြိုးစားကြလေသည်။

​“ဒဒဒဒဒဒ....”

​အမွေးနီက သူမ၏ တိုက်ခိုက်ရေး ရိုင်ဖယ်ဖြင့် ပစ်ခတ်လိုက်ရာ ကျည်ဆန်များက မုန်တိုင်းတစ်ခုလို ရွာကျလာပြီး ထွက်ပြေးနေသော ဂျပန်စစ်သားများ အားလုံးကို ရိတ်သိမ်းသွားတော့သည်။

​နောက်ဆုံး ကျန်ရစ်သော တတိယ သံချပ်ကာ ကားမှာ ရူးသွပ်စွာ နောက်ဆုတ်နေပြီး ၎င်း၏ တပ်မှူးက ဆက်သွယ်ရေး စက်ထဲသို့ အော်ဟစ်နေ၏။ “စစ်ကူ တောင်းခံပါတယ်... စစ်ကူ တောင်းခံပါတယ်...”

​သို့သော်ငြားလည်း......

“ရှဲ....”

​ဆက်သွယ်ရေးစက်က ရုတ်တရက် ချို့ယွင်းသွား၏။ တိတ်ဆိတ်ခြငမးက အီလက်ထရောနစ် နှောင့်ယှက်ရေး ကိရိယာများကို အသုံးပြုကာ သူတို့၏ ရေဒီယိုကို ဖြတ်တောက်လိုက်ပြီ ဖြစ်၏။

​သံချပ်ကာ ကားထဲရှိ ဂျပန်စစ်သားများက ပတ်ဝန်းကျင်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်ကြလေသည်။ ရုတ်တရက် မနီးမဝေးရှိ အပျက်အစီးများပေါ်တွင် ရပ်နေသော လူတစ်ယောက်ကို သူတို့ သတိပြုမိလိုက်ကြသည်။

​ကျန်းယဲ့က ထူးခြားသော ပုံစံရှိသည့် အချက်ပြ သေနတ်တစ်လက်ကို မြှောက်ကာ သူတို့ကို ချိန်ရွယ်လိုက်သည်။

​“သွားတော့နော်...”

​“ဒိုင်း...”

​အချက်ပြ မီးကျည်က ဟိန်းဟောက် ထွက်ပေါ်လာပြီး လေထဲတွင် မျက်စိကျိန်းမတတ် အနီရောင် လမ်းကြောင်းတစ်ခုကို ကျန်ရစ်ခဲ့၏။

​“ဝုန်း...”

​သံချပ်ကာ ကား၏ တစ်ဖက်တစ်ချက်စီတွင် ချုံခိုနေသော ဖောက်ခွဲရေး ကျွမ်းကျင်သူများက ပေါက်ကွဲစေတတ်သော ပစ္စည်းများကို တစ်ပြိုင်နက်တည်း ဖောက်ခွဲလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ကားတစ်စီးလုံး အပိုင်းပိုင်းအစစ ဖြစ်သွားပြီး လောင်ကျွမ်းနေသော အပျက်အစီးများက မီတာ ဒါဇင်ပေါင်းများစွာ အထိ လွင့်စင်သွားခဲ့သည်။

​သေနတ်သံများ ရပ်တန့်သွားပြီး လေထုထဲတွင် မီးခိုးငွေ့များ ပြည့်နှက်နေ၏။

​ဂျပန်စစ်သား သုံးဆယ့်လေးယောက်နှင့် သံချပ်ကာ ကား သုံးစီးမှာ ငါးမိနစ် အတွင်းမှာပင် လုံးဝ ချေမှုန်းခံလိုက်ရလေသည်။

​အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှ မရှိချေ။

​ကျန်းယဲ့က အချက်ပြ သေနတ်ကို ပြန်သိမ်းကာ စစ်မြေပြင်ကို အမူအရာ ကင်းမဲ့စွာ ဝေ့ကြည့်လိုက်ပြီး နဂါးပြာဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ရှေ့ဆက်သွားမယ်...”

​စစ်သား ငါးဆယ်မှာ လျင်မြန်စွာ စုဝေးလိုက်ကြပြီး အောင်ပွဲခံ အော်ဟစ်သံများ မရှိဘဲ အေးစက်သော တိတ်ဆိတ်မှု တစ်ခုသာ ရှိနေခဲ့သည်။

​ဒါက အစပဲ ရှိသေးတယ်ဆိုတာကို သူတို့ သိကြလေသည်။

​တကယ့် လက်စားချေမှုက လာဦးမည် ဖြစ်သည်။

​ထိုအချိန်တွင် စစ်မြေပြင်တစ်ခု၌ စစ်သားငယ် တစ်ယောက်က ကတုတ်ကျင်းထဲတွင် ခွေကျနေပြီး သူ၏ လက်ချောင်းများက ပေါက်ကွဲသွားသော စုတ်ပြဲနေသည့် ယူနီဖောင်းအဝတ်စတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

၎င်းမှာ မနေ့ကမှ သူတို့၏ တပ်စုသို့ တာဝန်ကျလာသော သူ၏ ရွာသူရွာသားတစ်ဦး၏ အဝတ်စပင်။

​“နောက်ထပ် တပ်မတစ်ခု... လုံးဝ ပြုတ်သွားပြန်ပြီ....” သူက တိုးတိုးလေး ရေရွတ်လိုက်ရာ သူ၏ အသံက သဲနှင့် ပွတ်တိုက်ထားသည့်အလား ဩရှရှ ဖြစ်နေခဲ့သည်။

​စစ်သားအိုတစ်ယောက်က ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တန်ဖိုးပေါသော ဆေးလိပ် တစ်လိပ်ကို တိတ်ဆိတ်စွာ ဖွာနေပြီး မီးပွားလေးက မှိန်ဖျော့သော အလင်းရောင်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေချေသည်။

​သူက အသက်ပြင်းပြင်း ရှူလိုက်ရာ မီးခိုးများက သူ၏ နှာခေါင်းမှတစ်ဆင့် တဖြည်းဖြည်း ထွက်ပေါ်လာပြီး ယမ်းခိုးများနှင့် ရောနှောကာ အေးစက်သော လေထုထဲတွင် ပျောက်ကွယ်သွားချေသည်။

​“သူတို့က အခုမှ ရောက်လာတာလေ...” စစ်သားငယ်က ခေါင်းငုံ့ထားပြီး သူ၏ ပခုံးများက အနည်းငယ် တုန်ယင်နေ၏။ “မနေ့ကတောင်... မနေ့ကတောင် သူတို့က တိုက်ပွဲပြီးရင် အတူတူ ခေါက်ဆွဲတစ်ပန်းကန် သွားစားလို့ ရမလားလို့ ကျွန်တော့ကို မေးသေးတယ်ဗျ...”

​စစ်သားအိုက စကားမပြောဘဲ သူ၏ ဆေးလိပ်ကိုသာ တိတ်ဆိတ်စွာ ဆက်ဖွာနေခဲ့သည်။

​အဝေးမှ သေနတ်သံ အနည်းငယ်က ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာရာ သေမင်းက ပျင်းရိနေချိန်တွင် အချိန်ဖြုန်းနေသည့်အလားပင်။

​စစ်သားငယ်က ရုတ်တရက် လက်ကို မြှောက်ကာ သူ၏ မျက်နှာကို အားပါးတရ သုတ်လိုက်သော်လည်း မျက်ရည်များက သူ၏ မျက်နှာပေါ်သို့ စီးကျနေဆဲဖြစ်ပြီး ယမ်းခိုးများကြောင့် မည်းနက်နေသော သူ၏ မျက်နှာပေါ်တွင် ဖြူဖျော့သော လမ်းကြောင်း နှစ်ခုကို ကျန်ရစ်စေခဲ့သည်။

​“သူတို့က သေနတ်ကိုတောင် ကောင်းကောင်း မကိုင်ရသေးခင်မှာပဲ သေသွားကြပြီ...”

​စစ်သားအိုက နောက်ဆုံးတွင် စကားပြောလာပြီး သူ၏ အသံက သဲစက္ကူလို ဩရှရှ ဖြစ်နေ၏။ “လက်နက်တွေက မကောင်းဘူးလေ..”

​သူက သူ၏ ကြမ်းတမ်းသော လက်ကို မြှောက်ကာ အဝေးရှိ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော ဂျပန်စခန်းများ၏ မီးမောင်းများဆီသို့ လက်ညှိုးထိုးပြလိုက်၏။

​“သူတို့ဆီမှာ တင့်ကားတွေ၊ လေယာဉ်တွေ၊ အမြောက်ကြီးတွေ ရှိတယ်... ငါတို့ဆီမှာ ဘာရှိလို့လဲ...” သူက ခါးသီးစွာ ရယ်မောလိုက်ပြန်သည်။ “ကျိုးပဲ့နေတဲ့ သေနတ်အနည်းငယ်.... လက်ပစ်ဗုံး အနည်းငယ်.... ပြီးတော့ ကျန်တာက...”

​သူက ခေတ္တရပ်လိုက်ပြီး သူ၏ လည်ချောင်းက တစ်ဆို့သွားရသည်။

​“ကျန်တာ အားလုံးက လူ့အသက်တွေချည်းပဲ...”

​စစ်သားငယ်က သူ၏ နှုတ်ခမ်းကို အတင်း ကိုက်လိုက်ရာ သွေးများ စိမ့်ထွက်လာခဲ့သည်။

​စစ်သားအိုက သက်ပြင်းချလိုက်ပြီး သူ၏ ဆေးလိပ် နောက်ဆုံး တစ်ဖွာကို ကမ်းပေးလိုက်၏။

​“တစ်ဖွာလောက် သောက်ကြည့်လိုက်... သက်သာသွားလိမ့်မယ်”

​စစ်သားငယ်က မယူဘဲ တုန်ယင်နေသော သူ၏ လက်များကိုသာ စိုက်ကြည့်ရင်း တိုးညင်းသော အသံဖြင့် မေးလိုက်၏။ “ကျွန်တော်တို့... နိုင်နိုင်ပါ့မလား”

​စစ်သားအိုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဆေးလိပ်တိုလေးက သူ၏ လက်ချောင်းများကို လောင်ကျွမ်းသွားသည်အထိပင်။

​“နိုင်မှာပါ....” နောက်ဆုံးတွင် သူက ကြားရခက်လောက်အောင် တိုးညင်းသော အသံဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးကတော့... အရမ်း ကြီးမားလိမ့်မယ်”

​အဝေးမှ အမြောက်သံများ ထပ်မံ ထွက်ပေါ်လာရာ ထိုးစစ်သစ်တစ်ခု စတင်ပြီဖြစ်ကြောင်း အချက်ပြနေခဲ့သည်။

​သူတို့က မတ်တပ်ရပ်ကာ ဖုန်များကို ခါထုတ်လိုက်ပြီး သူတို့၏ သေနတ်များကို ကောက်ကိုင်ကာ မရေမတွက်နိုင်သော အသက်များကို ဝါးမျိုထားသည့် မီးကျွမ်းနေသော မြေကြီးဆီသို့ လျှောက်သွားလိုက်ကြသည်။

​'ငါတို့မှာ လက်နက် အလုံအလောက် မရှိရင် ငါတို့ရဲ့ အသက်တွေကို ပေးဆပ်မယ်....'

​'အောင်ပွဲရမယ့် နေ့အထိ အဲဒါနဲ့ပဲ အစားထိုးမယ်...'

အခန်း ၂၂၂ပြီး၏။

All Chapters