အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅) တရုတ်စစ်သားများ
“ဒီပစ္စည်းတွေ ငါ့လက်ထဲမှာ ရှိနေရင် ရန်သူ့တပ်စု တစ်စုလုံး ငါ့ကို ဝိုင်းပစ်ရင်တောင် ငါ့အင်္ကျီစကိုတောင် မြင်ရမှာ မဟုတ်ဘူး...” သူက လက်ထဲရှိ စက်ကိရိယာများကို ဝှေ့ယမ်းပြလိုက်၏။
ဘေးနားရှိ အဖွဲ့ဝင်များက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး ဟန်ရန်က ဒါရိုက်တာကျန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဒါရိုက်တာကျန်း... ဒီမှာပဲ ငြိမ်ငြိမ်လေး နေပါ။ ကြမ်းတမ်းတဲ့ အလုပ်တွေကို ကျွန်တော်တို့ကို လွှဲထားလိုက်ပါ...”
ကျန်းယဲ့က စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သူ၏လက်ကို တိတ်ဆိတ်စွာ လွှတ်ပေးလိုက်၏။
သူက တိတ်ဆိတ်ပြီး သွက်လက်သော ပုံရိပ်က ပြိုကျနေသော နံရံကို ကျော်ဖြတ်သွားကာ ကြောင်တစ်ကောင်လို ပေါ့ပါးမှုဖြင့် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားပြီး မီတာသုံးဆယ် အကွာရှိ အမြောက်ဆန်ကျင်းတစ်ခုအတွင်း၌ ရပ်တန့်သွားသည်ကို စောင့်ကြည့်နေလိုက်၏။ ထိုပုန်းအောင်းရာ နေရာက ကျန်းယဲ့နှင့် အတော်အသင့် ကွာဝေးသော်လည်း ဆက်သွယ်ရေး ရနိုင်သော အကွာအဝေး အတွင်း၌ပင် ရှိသေးချေသည်။
နဂါးပြာက သူ၏ နားကြပ်ကို ချိန်ညှိကာ ဆက်ပြော၏။ “အော်ပြောတဲ့ အပိုင်းကိုလည်း ကျွန်တော်ပဲ လုပ်လိုက်မယ်။ ခင်ဗျားက ကျွန်တော်တို့ အားလုံးအတွက် အပြန်လက်မှတ်ပဲ... အဲ့တော့ ဘာအန္တရာယ်မှ အဖြစ်ခံလို့ မရဘူး...”
ကျန်းယဲ့၏ ရင်ဘတ်ထဲတွင် တင်းကျပ်သွားပြီး သူ၏ လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသလို ခံစားလိုက်ရသည်။
မည်သည့်အချိန်တွင်မဆို သေဆုံးရန် အသင့်ဖြစ်နေသော ဤရဲဘော်များက သူ့ကို ဖောက်ထွင်းမရနိုင်သော ဒိုင်းလွှားများဖြင့် ကာကွယ်ပေးထားခဲ့ကြသည်။
မထွက်ခွာမီ ဟန်ရန် ပြောခဲ့သော စကားများကို သူ ပြန်အမှတ်ရသွား၏။ ‘ခင်ဗျားရဲ့ အသက်က ကျွန်တော်တို့ အားလုံးရဲ့ အသက်ပေါင်းထားတာထက် ပိုတန်ဖိုးရှိပါတယ်....’
ညလေပြင်းက ယမ်းနံ့နှင့် သွေးနံ့များကို သယ်ဆောင်လာပြီး မီးကျွမ်းနေသော မြေကြီးကို ဖြတ်သန်း တိုက်ခတ်သွားလေသည်။
ကျန်းယဲ့က ပြတ်သားသော မျက်နှာထားရှိသည့် ဤစစ်သားများကို ကြည့်ရင်း သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာ၏။
သူတို့က အမြင့်မားဆုံး လေးစားမှုကို ခံထိုက်ပြီး သမိုင်းက သူတို့ကို မှတ်မိနေသင့်ချေသည်။
ကံမကောင်းစွာဖြင့် သူတို့က အမည်မသိ သူရဲကောင်းများအဖြစ်သာ နေထိုင်သွားရန် ကံကြမ္မာ ဖန်တီးခံထားရသည်။
“အသင့်ပဲ....” နဂါးပြာ၏ အသံက သူ့ကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။ “ဆက်သွယ်မှုကို စတင်မယ်....”
လက်နှိပ်ဓာတ်မီး၏ အလင်းတန်းက ရုတ်တရက် တောက်ပလာပြီး အမှောင်ထုကို ထက်မြက်သော ဓားတစ်လက်လို ထိုးခွဲသွားချေသည်။
တစ်ဖက်ရှိ ကတုတ်ကျင်းများထဲတွင် သေနတ်မောင်းတင်သံများ ဆူညံသွားစဉ် ကျန်းယဲ့မှာ အကာအကွယ်၏ အနက်ရှိုင်းဆုံးနေရာတွင် အဖွဲ့သားများ၏ ခိုင်မာသော ကာကွယ်မှုကို ရရှိထားပြီး သူ၏ အဝတ်အစား တစ်စကိုပင် မမြင်ရချေ။
ထိုအချိန်တွင် သူက နွေးထွေးမှုနှင့်အတူ နှလုံးကွဲကြေမတတ် ဝမ်းနည်းမှုကိုပါ ခံစားလိုက်ရ၏။
ဤအချိန်တွင် တစ်ဖက်ရှိ နေရှင်နယ်လစ်စစ်သားများမှာ အလွန်အမင်း သတိဝီရိယ ရှိနေကြပြီး မောင်းတင်သံများ ပဲ့တင်ထပ်သွားကာ မရေမတွက်နိုင်သော သေနတ်ပြောင်းများက အလင်းရောင်ရှိရာသို့ ချိန်ရွယ်ထားခဲ့ကြသည်။
“ဘယ်သူလဲ.....” ကတုတ်ကျင်းထဲမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အသံမှာ တင်းမာနေခဲ့သည်။
နဂါးပြာ၏ ဩရှရှနှင့် အားကောင်းသော အသံက ညအမှောင်ကို ထိုးခွဲသွား၏။ “တစ်ဖက်မှာ ဟန်ကျိုးက ကျန်းဒဲဖူရှိလား”
ကတုတ်ကျင်းထဲတွင် ကျန်းဒဲဖူမှာ တုန်လှုပ်သွားရသည်။ ရဲဘော်ရဲဘက်များက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး မျက်လုံး အစုံတစ်ဒါဇင်ခန့်က အမှောင်ထဲတွင် တောက်ပနေကြလေသည်။
“အဘိုးကြီးကျန်း...” တပ်စုမှူးကျန်းက အသံကို နှိမ့်လိုက်၏။ “သူက မင်းကို ရှာနေတာလား”
ကျန်းဒဲဖူမှာ လုံးဝ တွေဝေပြီး နားမလည်နိုင် ဖြစ်သွားရသည်။ “မဟုတ်ဘူး... မဖြစ်နိုင်တာ။ ကျွန်တော့် မိသားစုမှာ အသက်ကြီးနေပြီဖြစ်တဲ့ အမေရယ် ညီလေးရယ်ပဲ ကျန်တော့တာ...”
‘ဒီလိုအချိန်ကြီး ငါ့ကိုလာရှာမယ့်သူက တခြားညီအစ်ကိုတွေလည်း မဖြစ်နိုင်ဘူး... သူတို့ အားလုံးက ရှေ့တန်းရောက်နေကြတာ။ ပြီးတော့ သူတို့အသံတွေကလည်း ဒီလိုအသံမျိုး မဟုတ်ဘူး...’
“နာမည် တူနေတာ ဖြစ်လောက်ပါတယ်” ကျန်းရှီးမှ စစ်သားတစ်ယောက်က ဝင်ပြော၏။ “ငါတို့ တပ်မရဲ့ အများစုက ကျဲ့ကျန်းနဲ့ ကျန်းရှီးက လာကြတာလေ။ ဒဲဖူလို့ နာမည်ရတဲ့သူ အနည်းဆုံး သုံးယောက်လောက်ကို ငါ သိတယ်...”
တပ်စုမှူး ကျန်းက မျက်လုံးကို ကျဉ်းလိုက်ပြီး အလင်းရောင်ရှိရာ အရပ်ဆီသို့ စူးရှစွာ အော်မေးလိုက်၏။ “မင်းတို့တွေက ဘယ်သူတွေလဲ....”
‘ဒေသခံတွေက ပြောင်းရွှေ့သွားတာ ကြာပြီဆိုတော့ သူတို့က သာမန် အရပ်သားတွေ ဖြစ်ဖို့ မရှိဘူး။ ရန်သူ့ သူလျှိုတွေ ဖြစ်ဖို့ အများကြီး သေချာတယ်...’
နဂါးပြာ၏ အသံက ထပ်မံ ထွက်ပေါ်လာပြနမသည်။ “ကျွန်တော်တို့က ကျန်းဒဲဖူရဲ့ ဇာတိက ဆွေမျိုးတွေပါ...”
ကျန်းဒဲဖူက သေနတ်ပြောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ အေးစက်သော သတ္တုက သူ၏ လက်ဖဝါးကို စူးဝင်သွားခဲ့သည်။
‘မိသားစုမှာ ဘယ်ဆွေမျိုးတွေများ ကျန်သေးလို့လဲ...’
‘အမေက ညီလေးနဲ့အတူ နယ်မှာ ကျန်ခဲ့တာ... ညီအစ်ကိုတွေ အားလုံးကတော့ ရှေ့တန်းရောက်နေကြပြီ။ တခြား ဆွေမျိုးတွေဆိုရင်တော့...’
နဂါးပြာက တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျား အမေရဲ့ နာမည်က ရွှီမန်ကျောင်း... သူမရဲ့ ဘယ်ဘက် မျက်ခုံးထောင့်မှာ မှဲ့တစ်လုံး ရှိတယ်။ ခင်ဗျားရဲ့ အငယ်ဆုံး ညီလေးနာမည်က ကျန်းယိုဖူ၊ သူက ခွေးနှစ်မှာ မွေးတာ....”
ကျန်းဒဲဖူမှာ ဆွံ့အသွားရသည်။
“ခင်ဗျားရဲ့ ဒုတိယ ညီ ကျန်းဒဲရှို့က စစ်တပ်ထဲ မဝင်ခင် နယ်မှာ လက်သမားပညာ သင်ခဲ့တယ်။ ခင်ဗျားရဲ့ တတိယညီ ကျန်းဒဲခန်းက ဂျပန် အမြောက်ဆန်ကြောင့် ညာဘက်ခြေထောက် ဆုံးရှုံးသွားတယ်...”
နဂါးပြာက အသေးစိတ် အချက်အလက်များကို တစ်ခုချင်းစီ ပြန်ပြောပြနေစဉ် ကျန်းဒဲဖူမှာ လုံးဝ မှင်တက်သွားနေလေသည်။
‘မိသားစုဝင်မဟုတ်တဲ့ တစ်ယောက်ယောက်က ဒီလောက် ရှင်းရှင်းလင်းလင်း သိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...’
ကျန်းဒဲဖူက တပ်စုမှူး ကျန်းကို ကြည့်ကာ ပြောလိုက်၏။ “တပ်စုမှူး... သူတို့က တကယ်ပဲ ကျွန်တော့် ဇာတိက ဖြစ်နိုင်တယ်”
တပ်စုမှူး ကျန်းက ခေါင်းယမ်းလိုက်လေသည်။ “မသေချာဘူး... ရန်သူ့သူလျှိုတွေက ကောက်ကျစ်တယ်။ ဒါက သူတို့ရဲ့ အကြံအစည် တစ်ခု ဖြစ်ဖို့ အများကြီး သေချာတယ်....”
ဤသွေးစွန်းနေသော စစ်မြေပြင်တွင် စကားလုံး အနည်းငယ်ဖြင့် လူများ၏ ယုံကြည်မှုကို ရယူရန် မလုံလောက်ကြောင်း နဂါးပြာ သိထားပေသည်။
ထို့ကြောင့် သူက အဆင့်ကို ထပ်မြှင့်လိုက်၏။ “ကျွန်တော်တို့က လက်နက်နဲ့ ခဲယမ်းတွေ အများကြီး ယူလာပါတယ်။ ဂျပန်တွေကို တိုက်ဖို့ ရှေ့တန်းကို ကူညီပေးဖို့ သီးသန့် လာခဲ့တာပါ...”
ကတုတ်ကျင်းထဲရှိ စစ်သားများက အချင်းချင်း ကြည့်လိုက်ကြသော်လည်း သူတို့၏ သေနတ်များက အမှောင်ထုဆီသို့ ချိန်ရွယ်ထားဆဲဖြစ်ပြီး အနည်းငယ်မျှ လျော့ပါးသွားသည့် လက္ခဏာ မပြချေ။
တပ်စုမှူးကျန်းက မယုံကြည်ပေ။ “စကားလုံးတွေချည်း သက်သက်နဲ့တော့ မလုံလောက်ဘူး။ မင်းတို့က ဘယ်လို သက်သေပြနိုင်မှာလဲ...”
နဂါးပြာက တည်ငြိမ်စွာ ပြောလိုက်၏။ “ကျွန်တော်တို့က လေဆိပ်ကို ဗုံးကြဲလိုက်တယ်လို့ အစီရင်ခံပေးပါ။ ကျွန်တော်တို့က မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်တယ်ဆိုတာကို အထက်လူကြီးတွေက သက်သေပြပေးပါလိမ့်မယ်...”
ဤစကားများက ဗုံးတစ်လုံးလိုပင် ကတုတ်ကျင်းထဲတွင် ချက်ချင်း ပေါက်ကွဲသွားတော့သည်။
စစ်သားများက မျက်လုံးပြူးကာ စိုက်ကြည့်နေကြပြီး သူတို့၏ အသက်ရှူသံများပင် ခေတ္တမျှ ရပ်တန့်သွားကြရသည်။
သူတို့က ရှေ့တန်းက ခြေလျင်တပ်သားများသာ ဖြစ်ပြီး နောက်တန်းတွင် ဘာဖြစ်နေသည်ကို လုံးဝ မသိကြချေ။
ကျန်းဒဲဖူက အသံကို နှိမ့်လိုက်၏။ “တပ်စုမှူး... သူတို့က ကျွန်တော့်ကို လိမ်နေတဲ့ပုံ မပေါ်ဘူး”
တပ်စုမှူး ကျန်းက မျက်မှောင်ကြုတ်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် နောက်လှည့်ကာ အော်ဟစ်လိုက်ခေသည်။ “ဆက်သွယ်ရေးသမား... တပ်ခွဲဌာနချုပ်ကို အခုချက်ချင်း ဆက်သွယ်စမ်း...”
သတင်းစကားက တောမီးလို လျင်မြန်စွာ ပျံ့နှံ့သွား၏။
တပ်ခွဲဌာနချုပ်တွင် တပ်ခွဲမှူးဝမ်က သူ၏ ကြွေခွက်ကို ကောက်ကိုင်လိုက်ချိန်မှာပင် အစီရင်ခံစာကို ကြားလိုက်ရသဖြင့် သောက်လက်စရေကိုပင် ထွေးထုတ်မိမတတ် ဖြစ်သွားရသည်။ “ဘာ... လေဆိပ်ကို ဗုံးကြဲလိုက်တဲ့ လူတွေက ငါတို့ဆီကို တိုက်ရိုက် ရောက်လာတယ်ပေါ့...”
တပ်ရင်းဌာနချုပ်တွင် မြေပုံကို ကြည့်နေသော တပ်ရင်းမှူးက ၎င်းကို ကြားလိုက်ရချိန်တွင် ခဏမျှ မှင်တက်သွား၏။ “ဒီကိစ္စကို တပ်ရင်း ဌာနချုပ်ကို ချက်ချင်း အစီရင်ခံစမ်း...”
လော့တျန်း ရှေ့တန်းကွပ်ကဲရေးစခန်းတွင် ဆက်သွယ်ရေးစစ်သားက အမောတကော ပြေးဝင်လာချိန်၌ အရာရှိအချို့က လေဆိပ်ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ယခုလေးတင် ရရှိထားသော ထောက်လှမ်းရေး သတင်းများကို လေ့လာနေခဲ့ကြသည်။
“အစီရင်ခံပါတယ်... ရှေ့တန်း သတင်းအရ... လေဆိပ်ကို ဗုံးကြဲခဲ့တယ်လို့ဆိုတဲ့ တပ်ဖွဲ့တစ်ခုက ဆက်သွယ်ဖို့ တောင်းဆိုနေပါတယ်....”
ကွပ်ကဲရေးစင်တာမှာ ချက်ချင်း တိတ်ဆိတ်သွား၏။
“ဒါက ဂျပန်တွေရဲ့ အကြံအစည် ဖြစ်နိုင်မလား..” စစ်ဦးစီးချုပ်က မျက်မှောင်ကြုတ်လိုက်၏။ “မဟာမိတ်တပ်ဖွဲ့ ဟန်ဆောင်ပြီး တမင်တကာ လုပ်နေတာများလား....”
တပ်မှူး လီက ခေါင်းယမ်းလိုက်လေသည်။ “လေဆိပ်တစ်ခုကို ငါးစာအဖြစ် သုံးရအောင် ဂျပန်တွေ အဲဒီလောက် မရူးသေးပါဘူး...”
ထို့နောက် သူက စစ်ဦးထုပ်ကို ကောက်ယူလိုက်သည်။ “ငါ ကိုယ်တိုင် သွားတွေ့မယ်...”
“တပ်မှူး....” စစ်ဦးစီးအရာရှိအချို့က သူ့ကို အမြန် တားဆီးလိုက်ကြသည်။ “အရမ်း အန္တရာယ်များတယ်... အကယ်၍ စနိုက်ပါသမား ဖြစ်နေရင်ကော...”
“အဲဒီလိုဆိုရင်လည်း ငါ သေရမယ့်ကံပေါ့” တပ်မှူး လီ၏ အသံက ဩရှရှ ဖြစ်နေပြီး မျက်လုံးများက သွေးရောင်လွှမ်းနေချေသည်။
ဒီတိုက်ပွဲက အရမ်း ရက်စက်လွန်းတယ်။ သူ၏ ညီအစ်ကိုတွေ အများကြီး လဲကျသွားခဲ့ရပြီ။
အကယ်၍ သူတို့က တကယ့် မဟာမိတ်တပ်ဖွဲ့တွေသာ ဖြစ်ခဲ့ရင်..... လေဆိပ်ကို တကယ်ပဲ ဗုံးကြဲခဲ့ပြီး ဒီလို အင်အားမျိုးနဲ့ စစ်ကူလာပေးတယ်ဆိုရင် ဒီခံစစ်မျဉ်းကို တကယ်ပဲ ထိန်းထားနိုင်ကောင်း ထိန်းထားနိုင်လိမ့်မယ်။
နာရီဝက်အကြာတွင် တပ်မှူးလီ၏ ဂျစ်ကားက လမ်းလွဲလာသော ကျည်ဆန်များကို အံတုကာ ရှေ့တန်းသို့ ရောက်ရှိလာ၏။
စစ်သားများက သူတို့အတွက် စိုးရိမ်တကြီးဖြင့် လမ်းဖယ်ပေးကြပြီး လူတိုင်းက အသက်အောင့်ထားကြလေသည်။
ညကြည့် မှန်ပြောင်းမှတစ်ဆင့် ကျန်းယဲ့က ကတုတ်ကျင်း အနောက်ဘက်ရှိ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှုကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
အရာရှိ အချို့က အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ခြံရံလျက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကြပြီး ပတ်ဝန်းကျင်ရှိ စစ်သားများက မတ်မတ်ရပ်ကာ အလေးပြုနေခဲ့ကြသည်။
“အဲဒါ တပ်မှူးလီပဲ...” နဂါးပြာက တိုးညင်းသော အသံဖြင့် ပြောလိုက်ရာ သူ၏ လေသံတွင် သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု ပါဝင်နေချေသည်။ “ရှေ့တန်းမှာ ရာထူးအမြင့်ဆုံး ကွပ်ကဲရေးမှူးပဲ....”
တပ်မှူးလီက သဲအိတ်ခံတပ်နောက်တွင် ရပ်ကာ သူ၏ ထက်မြက်သော အကြည့်များက အမှောင်ထုကို ဝေ့ကြည့်လိုက်၏။ “တစ်ဖက်က ညီအစ်ကိုတို့.... မင်းတို့ရဲ့ တပ်ဖွဲ့ နံပါတ်ကို ပြောပါ”
နဂါးပြာက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဤတစ်ကြိမ်တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားတော့ချေ။ “ကျွန်တော်တို့က ၂၀၂၅ ခုနှစ်က တရုတ်စစ်သားတွေပါ...”
ဤစကားများက မိုးကြိုးပစ်ချလိုက်သလို ပဲ့တင်ထပ်သွားပြီး ကတုတ်ကျင်းတစ်ခုလုံးမှာ သေမင်းတမန် တိတ်ဆိတ်မှု တစ်ခုထဲသို့ ကျဆင်းသွားတော့သည်။
တပ်ခွဲမှူးဝမ်က သူ၏ ဘေးရှိ တပ်ခွဲမှူးလျူဘက်သို့ တောင့်တင်းစွာ လှည့်ကြည့်လိုက်၏။ “အိုလျူ.... ငါ ကြားတာ မှန်ရဲ့လား။ သူတို့က ပြောတာ... သူတို့က ၂၀၂၅ ခုနှစ်ကလို့ ပြောတာလား...”
တပ်ခွဲမှူး လျူက မှင်တက်စွာ ခေါင်းညိတ်လိုက်၏။ “မင်း ကြားတာ မှန်ပါတယ်....”
သူကိုယ်တိုင်လည်း သူတို့က ၂၀၂၅ ခုနှစ်က တရုတ်စစ်သားတွေ ဖြစ်တယ်လို့ ပြောနေတာကို ကြားလိုက်ရသည်မဟုတ်လော။
အခန်း ၂၂၅ပြီး၏။