အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆) ပြန်လည်ဆုံတွေ့ခြင်း
စစ်သားငယ်များက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က အိပ်မက်မက်နေသည်ဟု တွေးကာ သူ့ကိုယ်သူ တိတ်တဆိတ် ဆိတ်ကြည့်လိုက်၏။
ကျန်းဒဲဖူက သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးကာ မျက်လုံးပြူး၍ စိုက်ကြည့်နေလေသည်။
‘၂၀၂၅ လား.... ဒါဆို နောက်ထပ် ရှစ်ဆယ့်ရှစ်နှစ် အကြာကလို့ ပြောချင်တာလား...’
တပ်မှူးလီက သူ၏ အတွင်းစိတ်မှ ထိတ်လန့်မှုကို ဖိနှိပ်ထားရင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဩရှရှ အသံဖြင့် ပြောလိုက်၏။ “မင်းတို့က ၂၀၂၅ ခုနှစ်က လာတယ်ဆိုတာကို ဘယ်လို သက်သေပြမှာလဲ...”
နဂါးပြာက တည်ငြိမ်စွာ ပြန်ဖြေလေသည်။ “ကျွန်တော်တို့ သယ်လာတဲ့ လက်နက်တွေက ဒီခေတ်ရဲ့ နည်းပညာအဆင့်အတန်းထက် အများကြီး သာလွန်ပါတယ်။ ဒါ့အပြင် ဂျပန်စစ်တပ်ရဲ့ နောက်ထပ် စစ်ဆင်ရေး အစီအစဉ်ကိုလည်း ကျွန်တော်တို့ သိထားပြီး သမိုင်းကြောင်းရဲ့ စီးဆင်းမှုကိုလည်း ရှင်းရှင်းလင်းလင်း သိထားပါတယ်...”
“ငါတို့ကြည့်ဖို့ မင်းတို့ရဲ့ သေနတ်တွေကို ဒီဘက် လှမ်းပစ်လိုက်စမ်း....” တပ်မှူးလီက ဩရှရှ အသံဖြင့် ပြောလိုက်သည်။
နဂါးပြာက သူ့နောက်သို့ လက်ဟန်ပြလိုက်ရာ ပြင်းထန်သော အလင်းတန်းတစ်ခုက သူရှိနေသော နေရာသို့ ထိုးကျလာပြီး သူ၏ ပုံရိပ်က တဖြည်းဖြည်း ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း တစ်ဖက် ကတုတ်ကျင်းထဲရှိ စစ်သားများ အားလုံး အသက်ရှူမှားသွားကြရသည်။
လက်နှိပ်ဓာတ်မီး၏ တောက်ပသော အလင်းတန်းအောက်တွင် နဂါးပြာက ခေတ်သစ်ပြောက်ကျား စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးထုပ်ပေါ်ရှိ ညကြည့်မှန်ပြောင်းက အေးစက်စွာ တောက်ပနေကာ သူ၏ နည်းဗျူဟာမြောက်အင်္ကျီပေါ်တွင် သူတို့ တစ်ခါမှ မမြင်ဖူးသော စက်ကိရိယာများ ဖုံးလွှမ်းနေ၏။
သူ၏ ဝတ်စားဆင်ယင်မှုက မည်သည့် အနောက်တိုင်း စစ်တပ်ထက်မဆို သာလွန်နေပြီး အသေးစိတ် အချက်အလက်တိုင်းက အနာဂတ်၏ ခံစားချက်ကို ထုတ်လွှတ်နေချေသည်။
တပ်ခွဲမှူးဝမ်က ပါးစပ်ဟလိုက်သော်လည်း အဆိပ်ငွေ့ ဗုံးတွေကို သတိထားဟု သတိပေးချင်သော စကားလုံးများက သူ၏ လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။
နဂါးပြာက သူ၏ QBZ-191 တိုက်ခိုက်ရေး ရိုင်ဖယ်ကို ကျွမ်းကျင်စွာ ဖြုတ်ယူလိုက်ပြီး အားပါးတရ ပစ်ချပေးလိုက်၏။
“ဒေါက်....”
သေနတ်က ကတုတ်ကျင်းရှေ့ရှိ မြေလွတ်ပေါ်သို့ တည်ငြိမ်စွာ ကျလာလေသည်။
“ကျွန်တော် သွားယူလိုက်ပါ့မယ်...” တပ်စုမှူးဝမ်က တောင်းဆိုလိုက်၏။ တပ်မှူးလီထံမှ ခွင့်ပြုချက် ရရှိပြီးနောက် သူက ကတုတ်ကျင်းထဲမှ အမြန် တွားထွက်သွားပြီး သေနတ်ကို ယူလာလေသည်။
ထို့နောက် ကတုတ်ကျင်းထဲတွင် အရာရှိများ အားလုံး စုရုံးလာကြသည်။
တပ်မှူးလီက သေနတ်ကို ယူလိုက်ပြီး သူ၏ လက်ချောင်းများက သေနတ်ပြောင်း၏ ပေါင်းစပ်ပစ္စည်းကို ပွတ်သပ်ကြည့်လိုက်၏။ ၎င်းက ပေါ့ပါးသော်လည်း ခိုင်ခံ့နေပြီး သူတို့ ရင်းနှီးနေကျ သစ်သား သေနတ်ဒင်များနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။
“လက်ရာက...” တပ်ခွဲမှူးဝမ်က မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဂျာမန် မော်ဇာ သေနတ်တွေတောင် ယှဉ်လို့ မရဘူး..”
တပ်ခွဲမှူးလျူက သေနတ်မောင်းကို ဆွဲကြည့်လိုက်ရာ ၎င်း၏ ချောမွေ့မှုက သူတို့ အသုံးပြုသော မည်သည့် လက်နက်ထက်မဆို အများကြီး သာလွန်နေသည်ကို တွေ့လိုက်ရသည်။ “မောင်းတင်တဲ့ ယန္တရားက အရမ်း ထက်မြက်လွန်းတယ်... အနုပညာ လက်ရာတစ်ခုလိုပဲ”
တပ်မှူးလီက သေနတ်ပေါ်ရှိ အလင်းပြန် မှန်ပြောင်း၊ ချိန်ညှိနိုင်သော သေနတ်ဒင်နှင့် လုံးဝ မရင်းနှီးသော ကျည်အိမ် ပုံစံတို့ကို တိတ်ဆိတ်စွာ စစ်ဆေးနေချေသည်။
သူ၏ လက်ချောင်းထိပ်များ အနည်းငယ် တုန်ယင်နေ၏။ ဤသို့သော လက်ရာမျိုးက ဤခေတ်တွင် ရရှိနိုင်မည့် အရာ လုံးဝ မဟုတ်ချေ။
သေနတ်ပေါ်တွင် ထွင်းထုထားသော “QBZ-191 တရုတ်ပြည်တွင် ပြုလုပ်သည် ၂၀၂၃” ဟူသော စာလုံးများပေါ်သို့ သူ၏ အကြည့်များ ကျရောက်သွားချိန်တွင် သူ၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျဉ်းမြောင်းသွားရသည်။
ဤအချိန်တွင် သူသည် နဂါးပြာ ပြောခဲ့သည်များကို များသောအားဖြင့် ယုံကြည်သွားပြီ ဖြစ်၏။
ကျန်းယဲ့က စနစ်ဟင်းလင်းပြင်ထဲမှ PF-98 120mm ဒုံးပစ်လောင်ချာကို ထုတ်ယူလိုက်လေသည်။ အနက်ရောင်ပြွန်ခေါင်းက လရောင်အောက်တွင် အေးစက်သော သတ္တုအရောင်ဖြင့် တောက်ပနေခဲ့သည်။
ထို့နောက် သူက နဂါးပြာကို တိုးတိုးလေး ပြောလိုက်၏။ “သူတို့ကို ဒါ ပြလိုက်....”
နဂါးပြာက နားလည်သွားပြီး ကတုတ်ကျင်းများဆီသို့ အော်ပြောလိုက်၏။ “နောက်လက်နက်က PF-98 120mm ဒုံးပစ်လောင်ချာလို့ ခေါ်တယ်။ ဒီခေတ်က တင့်ကားတွေ အားလုံးက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ဤစကားများက ကတုတ်ကျင်းထဲရှိ လူတိုင်း၏ နှလုံးသားကို လေးလံသော တူတစ်လက်ဖြင့် ထုနှက်လိုက်သလို ရိုက်ခတ်သွားခဲ့သည်။
နဂါးပြာက ဆက်ပြောလေသည်။ “ဒါရှိရင် ခင်ဗျားတို့ တင့်ကားတွေကို ဖောက်ခွဲဖို့ လူ့အသက်တွေကို အားကိုးနေစရာ မလိုတော့ဘူး..”
ကတုတ်ကျင်းများထဲတွင် စစ်သားများ၏ အသက်ရှူသံများ ချက်ချင်း ပြင်းထန်လာပြီး သူတို့၏ မျက်လုံးများက အမှောင်ထဲတွင် ကြမ်းတမ်းသော အလင်းရောင်ဖြင့် တောက်ပလာကြသည်။
ဂျပန်တင့်ကားများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ ကောင်းကောင်း သိကြ၏။ မရေမတွက်နိုင်သော ညီအစ်ကိုများက ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်ခဲ့ကြသော်လည်း တင့်ကား၏ အစွန်းကိုပင် မထိနိုင်မီ စက်သေနတ် ပစ်ခတ်မှုကြောင့် ရိတ်သိမ်းခံခဲ့ရသည်။
နဂါးပြာက ဒုံးပစ်လောင်ချာကို နှစ်ဖက်ကြားရှိ မြေလွတ်ပေါ်တွင် တည်ငြိမ်စွာ ချထားလိုက်ပြီး အန္တရာယ်မရှိကြောင်း ပြသရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။
ဤတစ်ကြိမ်တွင် တပ်စုမှူးကျန်း လှုပ်ရှားရန် အချိန်ပင် မရလိုက်မီ တပ်ခွဲမှူးဝမ်က ကတုတ်ကျင်းထဲမှ ခုန်ထွက်သွားပြီး “ငါ သွားမယ်....”
သူက ခါးကို နှိမ့်ကာ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ဒုံးပစ်လောင်ချာကို အရင်ဆုံး ဂရုတစိုက် စစ်ဆေးလိုက်၏။ ကျည်မပါကြောင်း အတည်ပြုပြီးနောက် အသက်ပြင်းပြင်း ရှူကာ အနာဂတ် လက်နက်ကို သူ၏ ပခုံးပေါ်သို့ တင်လိုက်လေသည်။
“အရမ်း ပေါ့တာပဲ....” တပ်ခွဲမှူးဝမ်က ကြီးမားပုံရသော ဤလက်နက်မှာ သူတို့၏ မော်တာများထက်ပင် ပိုပေါ့နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။
ကတုတ်ကျင်းထဲတွင် အရာရှိများ အားလုံး စုရုံးလာကြလေသည်။
တပ်ခွဲမှူးလျူက ဒုံးပစ်လောင်ချာပေါ်ရှိ ရှုပ်ထွေးသော ချိန်ရွယ်သည့် ကိရိယာကို ပွတ်သပ်လိုက်ပြီး သူ၏ အသံများ တုန်ယင်နေခဲ့သည်။ “အကယ်၍ ဒါသာ အမှန်ဆိုရင် ငါတို့ တပ်စုက ဂျပန် တင့်ကားတပ်စု တစ်စုလုံးကို အပြတ်ရှင်းနိုင်တယ်...”
တပ်ခွဲမှူးဝမ်က အသေးစိတ် အချက်အလက်တိုင်းကို ဂရုတစိုက် စစ်ဆေးပြီးနောက် နောက်ဆုံးတွင် မော့ကြည့်ကာ ပြောလိုက်၏။ “တပ်မှူး... ဒီလက်ရာက အခုအချိန်မှာ ထုတ်လုပ်နိုင်တဲ့ အရာ လုံးဝ မဟုတ်ပါဘူး။ ရန်သူ့ ထောက်လှမ်းရေး ဖြစ်မယ်လို့ ကျွန်တော် မထင်ဘူး....”
တပ်မှူးလီက တိတ်ဆိတ်နေပြီး သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ယမ်းခိုးများ စွန်းထင်းနေသော မျက်နှာတိုင်းတွင် တောင့်တမှုများ ပြည့်နှက်နေ၏။
ထိုမျက်လုံးများကို သူ အလွန် ရင်းနှီးနေချေသည်။ ၎င်းတို့မှာ သူတို့ သေရမည်ကို သိလျက်နှင့် ဂျပန်စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မည့် စစ်သားများ၏ ပြတ်သားသော အကြည့်များပင်။
‘အကယ်၍... အကယ်၍ ဒီလက်နက်တွေက တကယ်သာ ဖြစ်ခဲ့ရင်...’
တပ်မှူးလီက အသက်ပြင်းပြင်း ရှူလိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်၏။ “အားလုံး သတိထား... သူတို့ကို ဖြတ်ခွင့်ပေးလိုက်”
နဂါးပြာက အရင်ဆုံး မတ်တပ်ရပ်လိုက်ရာ သူ၏ အရပ်ရှည်ရှည် ပုံရိပ်က လရောင်အောက်တွင် ဆွဲထုတ်ထားသော ဓားတစ်လက်နှင့် တူနေချေသည်။
ထို့နောက် ချက်ချင်းဆိုသလို အကာအကွယ် အမျိုးမျိုး၏ အနောက်မှ အထူးတပ်ဖွဲ့ဝင် ငါးဆယ် ထွက်ပေါ်လာခဲ့ကြသည်။
သူတို့၏ လှုပ်ရှားမှုများက လျင်မြန်ပြီး တိကျကာ သူတို့၏ နည်းဗျူဟာမြောက်စက်ကိရိယာများက ညအမှောင်တွင် အေးစက်စွာ တောက်ပနေပြီး ခြေလှမ်းတိုင်းက စည်းကမ်းရှိပြီး ခြိမ်းခြောက်နိုင်သော အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့ကြသည်။
ကတုတ်ကျင်းများထဲရှိ စစ်သားများက အသက်အောင့်ထားလိုက်ကြ၏။
ဤအဖွဲ့က အရမ်း ကွဲပြားခြားနားလွန်းလေသည်။
သူတို့က ခေတ်သစ် ပြောက်ကျား ဝတ်စုံများ၊ နည်းဗျူဟာမြောက် စစ်ဦးထုပ်များ၊ ညကြည့် မှန်ပြောင်းများနှင့် ပေါင်းစပ် အကာအကွယ် ပစ္စည်းများကို ဝတ်ဆင်ထားကြ၏။
စက်ကိရိယာတိုင်းက ဤခေတ်နှင့် မသက်ဆိုင်သော အငွေ့အသက်များကို ထုတ်လွှတ်နေချေသည်။
ပို၍ အထင်ကြီးစရာကောင်းသည်မှာ သူတို့၏ အငွေ့အသက်ပင်။ အပြင်းထန်ဆုံး လေ့ကျင့်မှုများနှင့် အဆင့်အမြင့်ဆုံး နည်းဗျူဟာများမှတစ်ဆင့် ပုံသွင်းထားသော သံမဏိကဲ့သို့ ထက်မြက်မှုမျိုးပင်။
စစ်သားငယ် တစ်ယောက်က ရေရွတ်လိုက်၏။ “သူတို့က အနာဂတ်က လာတာ တကယ်ပဲ ဖြစ်နိုင်မလား...”
ကျန်းဒဲဖူ၏ အကြည့်များက ထူးဆန်းသော အဖွဲ့ကို ဝေ့ကြည့်လိုက်ပြီး ကျန်းယဲ့ပေါ်သို့ ကျရောက်သွားချိန်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထိုလူငယ်လေးက အခြားသူများနှင့် တူညီသော တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ရှင်းပြမရနိုင်အောင်ပင် သူ့ကို ရင်းနှီးနေသလို ခံစားရစေသည်။
သူ၏ မျက်ခုံးနှင့် မျက်လုံး အနေအထား... နှုတ်ခမ်းကို စေ့ထားပုံတို့က သူ၏ မှတ်ဉာဏ်ထဲမှ လူတစ်ယောက်နှင့် ဆင်တူနေသော်လည်း ဘယ်သူမှန်း သေချာ မမှတ်မိနိုင်ချေ။
တပ်မှူးလီက ရှေ့သို့ ထွက်လာပြီး လေးနက်စွာ အလေးပြုလိုက်၏။ “မင်းတို့ ဘယ်ကပဲလာလာ... ဂျပန်တွေကို ရိုးသားစွာ တိုက်ခိုက်မယ်ဆိုရင် မင်းတို့က ငါတို့ရဲ့ ညီအစ်ကိုတွေပဲ”
နဂါးပြာက စံချိန်မီ စစ်သားအလေးပြုခြင်းဖြင့် ပြန်လည် အလေးပြုလိုက်ပြီး မတူညီသော ခေတ်နှစ်ခေတ်မှ စစ်သားများက ဤအချိန်တွင် သမိုင်းဝင် တွေ့ဆုံမှုကို ပြီးမြောက်ခဲ့ကြသည်။
“ခွင့်ပြုပါ... ခင်ဗျားတို့ထဲမှာ ရဲဘော် ကျန်းဒဲဖူဆိုတာ ဘယ်သူလဲ” နဂါးပြာ၏ အသံက ညအမှောင်တွင် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့ပြန်သည်။
ကတုတ်ကျင်းမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်လုံးများက အရပ်မျက်နှာ တစ်ခုတည်းဆီသို့ မသိစိတ်မှ လှည့်ကြည့်လိုက်ကြ၏။
ကျန်းဒဲဖူမှာ ထိုနေရာတွင် မှင်တက်စွာ ရပ်နေချေသည်။ သူ၏ ရဲဘော်က သူ့ကို ညင်သာစွာ တံတောင်ဖြင့် တွတ်ကာ ပြောလိုက်၏။ “အဘိုးကြီးကျန်း... သူတို့က မင်းကို ခေါ်နေတယ်...”
တပ်မှူးလီက တပ်တန်း၏ အနောက်ဘက်သို့ လှည့်ကြည့်ကာ လက်ယမ်းပြလိုက်၏။ “ကျန်းဒဲဖူ... ရှေ့ကို ထွက်ခဲ့စမ်း..”
ကျန်းဒဲဖူက အသက်ပြင်းပြင်း ရှူလိုက်ပြီး လူအုပ်ထဲမှ ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
သူ၏ စစ်ဝတ်စုံမှာ လျှော်ဖွတ်ထားသဖြင့် အရောင်လွင့်နေပြီး ဒူးခေါင်းတွင် ဖာရာများ ရှိနေသော်လည်း သူ၏ ကိုယ်နေဟန်ထားက ထင်းရှူးပင်လို မတ်မတ် ရပ်နေဆဲပင်။
သူ အရှေ့သို့ ရောက်လာသောအခါ နဂါးပြာက ဘေးသို့ ဖယ်ပေးလိုက်၏။
ကျန်းယဲ့က ရှေ့သို့ ဖြည်းညှင်းစွာ ထွက်လာလေသည်။
သူက သူ၏ နည်းဗျူဟာမြောက် စစ်ဦးထုပ်ကို ချွတ်လိုက်ပြီး အင်္ကျီလက်ဖြင့် သူ၏ မျက်နှာပေါ်ရှိ ပြောက်ကျား ဆေးများကို သုတ်ပစ်လိုက်၏။ နောက်ခဏ၌ လက်နှိပ်ဓာတ်မီး၏ အလင်းတန်းအောက်တွင် သူ၏ ငယ်ရွယ်သော မျက်နှာက အပြည့်အဝ ပေါ်လွင်လာခဲ့သည်။
နှာတံစင်းစင်း၊ တင်းမာသော မေးရိုးနှင့် အထူးသဖြင့် သူ၏ မျက်လုံးများက ကျန်းဒဲဖူနှင့် ထပ်တူနီးပါး တူညီနေခဲ့သည်။
ကျန်းဒဲဖူ၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ထိုနေရာတွင် မှင်တက်စွာ ရပ်နေမိ၏။
ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များက သူတို့နှစ်ယောက် အကြားတွင် အပြန်အလှန် ဝေ့ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင် အံ့သြမှုများနှင့် သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာကြလေသည်။
အနာဂတ်မှ လာသည်ဟု ဆိုသော ဤလူငယ်လေးနှင့် ကျန်းဒဲဖူတို့ အကြားတွင် ငြင်းဆို၍ မရနိုင်သော သွေးသားတော်စပ်မှု ရှိနေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
အခန်း ၂၂၆ပြီး၏။