အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) မြေးဖြစ်သူထံမှ ရရှိသော တုန်လှုပ်မှု
“မင်းက...” ကျန်းဒဲဖူ၏ အသံက တုန်ယင်နေ၏။
ကျန်းယဲ့၏ လည်ချောင်းက တစ်ဆို့သွားပြီး စကားလုံးပေါင်း ထောင်သောင်းမက လည်ချောင်းထဲတွင် နင်နေသော်လည်း နောက်ဆုံးတွင်တော့ စကားတစ်ခွန်းတည်းသာ ထွက်ကျလာခဲ့ရသည်။ “ကျွန်တော်က ကျန်းယိုဖူရဲ့ မြေးပါ....”
ကျန်းယဲ့၏ ဤစကားတစ်ခွန်းက သော့တစ်ချောင်းလိုပင် အချိန်အတော်ကြာ ပိတ်လှောင်ထားခဲ့သော မှတ်ဉာဏ်တစ်ခုကို ပွင့်ကျသွားစေလေသည်။
အိမ်မှ ထွက်ခွာလာခဲ့သော နေ့က တပ်မကြီး၏ နောက်သို့ ညီငယ်ဖြစ်သူက နှစ်မိုင်ခန့် အပြေးလိုက်လာပြီး “အစ်ကို... သေချာပေါက် ပြန်လာခဲ့ရမယ်နော်” ဟု ငိုယိုအော်ဟစ်ခဲ့သည့် မြင်ကွင်းကို ကျန်းဒဲဖူ ရုတ်တရက် ပြန်အမှတ်ရသွား၏။
ယခုအခါတွင် ထိုညီငယ်၏ မြေးဖြစ်သူက သူနှင့် တွေ့ဆုံရန် စစ်ပွဲများနှင့် ဆူပူအုံကြွမှုများ ပြည့်နှက်နေသော ရှစ်ဆယ့်ရှစ်နှစ်တာ အချိန်ကာလကို ဖြတ်သန်းပြီး သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ချေပြီ။
ကျန်းယဲ့က သူ့ရှေ့ရှိ အဘိုးဖြစ်သူကို ကြည့်ကာ လွန်ခဲ့သော အချိန်များစွာကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ အဘိုးကို ဝေဝါးစွာ မြင်ယောင်လာရသည်။ တူညီသော မျက်ခုံးနှင့် မျက်လုံးများ.... ခေါင်းမာသော နှုတ်ခမ်းထောင့်စွန်းများ.... မျက်မှောင်ကြုတ်လိုက်ချိန်တွင် ပေါ်လာတတ်သော နဖူးပေါ်ရှိ အရေးအကြောင်းများကအစ တစ်ပုံစံတည်း တူညီနေလေသည်။
သို့သော် ကျန်းဒဲဖူ၏ အရောင်လွင့်နေသော စစ်ဝတ်စုံ၊ အင်္ကျီလက်ဖျားမှ ဟောင်းနွမ်းနေသော ဖာရာများနှင့် ခါးတွင် ပတ်ထားသော ရိုးရှင်းသည့် ခါးပတ်တို့ကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားက ဆစ်ခနဲ နာကျင်သွားရသည်။
သွေးများ စိုရွှဲနေသော ပတ်တီးများ ရစ်ပတ်ထားသည့် လက်မောင်း... ဟောင်းနွမ်းနေသော ရိုင်ဖယ်သေနတ်... စုတ်ပြဲနေသော စစ်ဖိနပ်နှငိ့ အသေးစိတ် အချက်အလက်တိုင်းက သူ၏ နှလုံးသားကို ဓားဖြင့် ထိုးစိုက်လိုက်သလို ခံစားရစေချေသည်။
သူတို့က ဒီလို စက်ကိရိယာမျိုးကို သုံးပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဂျပန်စစ်တပ်ကို တိုက်ခိုက်နေခဲ့ကြတာလား.......
ကျန်းယဲ့၏ မျက်လုံးများက ချက်ချင်း နီရဲလာပြီး မျက်ရည်များ ဝဲတက်လာ၏။
သူတို့က တကယ်တမ်း စစ်တိုက်နေတာ မဟုတ်ချေ။
ဒီပျက်စီးနေတဲ့ မြေကြီးကို တစ်လက်မချင်းစီ ပြန်လည် ဖြည့်ဆည်းဖို့ သူတို့ရဲ့ ကိုယ်ပိုင်အသက်တွေကို အသုံးပြုနေကြတာပင်။
“အဘိုး...”
ကျန်းယဲ့၏ အသံက လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး နောက်ဆုံး၌ တုန်ယင်နေသော ခေါ်သံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက ရှေ့သို့ တစ်လှမ်းချင်း တိုးသွားရာ ဝါဂွမ်းများပေါ်တွင် လမ်းလျှောက်နေရသည့်အလား သူ၏ ခြေလှမ်းများက လေးလံနေခဲ့သည်။
နောက်ဆုံးတွင် ကျန်းဒဲဖူ၏ ရှေ့သို့ ရောက်သွားသောအခါ ဓာတ်ပုံထဲတွင်သာ မြင်ဖူးခဲ့သော ဆွေမျိုးတစ်ဦးဖြစ်သည့် သူ၏ အဘ်ိုးဖြစ်သူကို တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။
ဤအချိန်တွင် နောက်ဆုံး၌ စစ်မှန်သော နွေးထွေးမှုကို ရရှိသွားပြီ ဖြစ်သည်။
သူ၏ လက်ဖဝါးအောက်ရှိ ပိန်လှီပြီး အရိုးများ ပေါ်နေသော ကျောပြင်ကို သူ ခံစားသိရှိနိုင်ပြီး စစ်ဝတ်စုံပေါ်မှ ယမ်းနံ့နှင့် သွေးနံ့များကိုပါ ရူရှိုက်မိနေသည်။
ဤသည်မှာ မျိုးနွယ်စုဘုရားကျောင်းထဲမှ အေးစက်နေသော မှတ်တမ်းကျောက်ပြားတစ်ခု မဟုတ်ဘဲ အသက်ရှင်လျက် နွေးထွေးနေသော အဘိုးတစ်ယောက် ဖြစ်၏။
ပူနွေးသော မျက်ရည်များက စစ်ဝတ်စုံကို စိုရွှဲသွားစေပြီး သူက ရှိုက်သံများကို အနိုင်နိုင် ထိန်းချုပ်ကာ ကလေးတစ်ယောက်လို ငိုကြွေးနေတော့သည်။
ကျန်းဒဲဖူက ခဏမျှ မှင်တက်သွားပြီးနောက် သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ကျန်းယဲ့၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်၏။
မျှော်လင့်မထားသော ပွေ့ဖက်မှုကြောင့် သူ အနည်းငယ် တွေဝေသွားသော်လည်း သူ၏ သွေးကြောထဲမှ နက်ရှိုင်းသော ပဲ့တင်ထပ်မှုက သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာစေလေသည်။
“အင်းပါ...”
ရိုးရှင်းသော တုံ့ပြန်မှုလေးက ကျန်းယဲ့၏ မျက်ရည်များကို ပိုမို ပြင်းထန်စွာ စီးကျလာစေချေသည်။
သူတို့နှစ်ယောက် လူချင်းခွာလိုက်ချိန်တွင် ကျန်းဒဲဖူ၏ မျက်လုံးများမှာလည်း နီရဲနေခဲ့သည်။ သူက ကြမ်းတမ်းသော လက်ချောင်းများဖြင့် ကျန်းယဲ့၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်သော်လည်း လူငယ်လေး၏ မျက်နှာပေါ်တွင် ရွှံ့ပေနေသော အရာတစ်ခုကို ကျန်ရစ်စေခဲ့သည်။
ကတုတ်ကျင်းများမှာ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး မီးကျွမ်းနေသော မြေကြီးကို ဖြတ်သန်း တိုက်ခတ်သွားသည့် ညလေပြင်း၏ အသံကိုသာ ကြားနေခဲ့ရသည်။
လူတိုင်းက အချင်းချင်း နားလည်မှုဖြင့် အခြားတစ်ဖက်သို့ အကြည့်လွှဲသွားကြပြီး အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်လာသော ဤအဘိုးနှင့်မြေးကို နွေးထွေးသည့် အချိန်လေးတစ်ခု ပေးလိုက်ကြသည်။
“မင်း...” ကျန်းဒဲဖူ၏ အသံက တင်းမာသွား၏။ “မင်းရဲ့ အဘိုးက... အဲဒီနောက်ပိုင်း ဘယ်လို နေခဲ့ရလဲ...”
ထိုမေးခွန်းကို တစ်စုံတစ်ရာကို ကြောက်ရွံ့နေသည့်အလား သတိထားကာ မေးလိုက်ခြင်း ဖြစ်၏။
အဘိုးဖြစ်သူ၏ မျက်လုံးများထဲတွင် ပုန်းကွယ်နေသော နက်ရှိုင်းသည့် စိုးရိမ်ပူပန်မှုကို ကြည့်ရင်း အသက်သုံးဆယ်ပင် မပြည့်သေးသော ဤစစ်သားငယ်လေး ယခုအချိန်တွင် အသိချင်ဆုံး အရာမှာ ရွာအပြင်ဘက်အထိ သူ့နောက်သို့ လိုက်လာခဲ့သော သူ၏ ညီငယ်လေး ဘေးကင်းစွာ ကြီးပြင်းလာနိုင်ခဲ့ရဲ့လား... အသက်ရှင်လျက် ရှိသေးရဲ့လားဆိုသည်ကိုဖြစ်ကြောင်း ကျန်းယဲ့ ရုတ်တရက် နားလည်သွားသည်။
“သူ အဆင်ပြေပါတယ်..” ကျန်းယဲ့က ညင်သာစွာ ပြန်ဖြေ၏။
သူက သူ၏ နည်းဗျူဟာမြောက်အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်ရာ မျက်နှာပြင်က ညအမှောင်တွင် ခပ်ဖျော့ဖျော့ လင်းလက်နေချေသည်။
ကျန်းဒဲဖူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။ မျက်နှာပြင်က လင်းလာပြီး အရောင်အသွေး စုံလင်သော ပုံရိပ်တစ်ခုကို ပြသနေ၏။
မျက်နှာပြင်ပေါ်တွင် ဆံပင်အဖြူများနှင့် သက်ကြီးရွယ်အိုတစ်ဦးက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ၏ မျက်နှာတွင် အရေးအကြောင်းများ ဖုံးလွှမ်းနေသော်လည်း ပြုံးနေသော မျက်လုံးများက သူ့နောက်သို့ ပြေးလိုက်ကာ “အစ်ကို” ဟု ခေါ်တတ်သော ကလေးငယ်၏ ကလေးဆန်သည့် အမူအရာကို ဖော်ပြနေဆဲပင်။
“ဒါ ငါ့ညီလေးလား..” ကျန်းဒဲဖူ၏ အသံက တုန်ယင်နေပြီး သူ၏ ကြမ်းတမ်းသော လက်ချောင်းများက မျက်နှာပြင် အထက်တွင် ရစ်ဝဲနေကာ ထိချင်သော်လည်း မထိရဲဘဲ ဖြစ်နေရသည်။
သူက ယမ်းခိုးများနှင့် သွေးများ ဖုံးလွှမ်းနေသော သူ၏ လက်များကို ငုံ့ကြည့်လိုက်ပြီး ဤမှော်ဆန်သော အရာဝတ္ထုကို ညစ်ပတ်သွားစေမည်ကို စိုးရိမ်နေလေသည်။
တပ်ခွဲမှူးဝမ်က အနားသို့ တိုးမလာဘဲ မနေနိုင်တော့ချေ။ လက်ဖဝါး အရွယ်အစားရှိ အရောင်အသွေး စုံလင်သော မျက်နှာပြင်ကို မြင်သောအခါ သူက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “ဒါက ဘာကြီးလဲ..”
“ဒါကို လက်ကိုင်ဖုန်း လို့ ခေါ်တယ်....” ကျန်းယဲ့က မျက်နှာပြင်ကို လူတိုင်းဘက်သို့ လှည့်ပြလိုက်၏။ “ဓာတ်ပုံရိုက်လို့ ရရုံတင်မကဘူး.... ကြေးနန်းစက်လည်း မလိုဘူး.... အဝေးမှာရှိတဲ့ လူတွေနဲ့ တိုက်ရိုက် စကားပြောလို့ ရတယ်...”
ကတုတ်ကျင်းများထဲတွင် ဆူညံပွက်လောရိုက်မှု တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
တပ်ခွဲမှူးလျူက လက်ဖဝါး အရွယ်အစားရှိ ပါးလွှာသော ပစ္စည်းကို စိုက်ကြည့်ကာ ဗလုံးဗထွေး ပြောလိုက်၏။ “ဒါက... ဒါက အမေရိကန် ရေဒီယိုစက်ထက်တောင် ပိုစွမ်းနေတာ မဟုတ်ဘူးလား...”
ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်”
မျက်နှာတွင် မီးခိုးများ ပေကျံနေသော စစ်သားငယ် တစ်ယောက်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြားရခက်လောက်အောင် တိုးညင်းသော အသံဖြင့် မေးလိုက်၏။ “ရဲဘော်... ငါတို့ နိုင်ခဲ့လား...”
“သေချာပေါက် နိုင်ခဲ့တာပေါ့... ဒီလိုမှမဟုတ်ရင် သူတို့က အနာဂတ်ကနေ ဘယ်လိုလုပ် ပြန်လာနိုင်မှာလဲ...” သူ၏ ဘေးရှိ စစ်မှုထမ်းဟောင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သော်လည်း သူ၏ လေသံတွင် မသေချာမှု အရိပ်အယောင် အချို့ ပါဝင်နေချေသည်။
လူတိုင်းက ဤသဘောတရားကို နားလည်သော်လည်း မရေမတွက်နိုင်သော မျက်လုံးများက ကျန်းယဲ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး ထိုမျက်လုံးများတွင် အရာများစွာ ပြည့်နှက်နေကြသည်။
ဖွင့်မပြောနိုင်သော မျှော်လင့်ချက်များ၊ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ကြောက်ရွံ့မှုများနှင့် အရာအားလုံးထက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကို အသည်းအသန် ဖမ်းဆုပ်ထားမှုများ ရှိနေကြသည်။
ကျန်းယဲ့က အသက်ပြင်းပြင်း ရှူလိုက်ပြီး စစ်သားအားလုံးကို လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။ “ကျွန်တော်တို့ နိုင်ခဲ့တယ်”
ဤစကားလုံး အနည်းငယ်က တိုင်းတောင်ကြီးလို လေးလံလှချေသည်။
မျက်စိတစ်မှိတ်အတွင်း ကတုတ်ကျင်းများထဲမှ အောင်ပွဲခံ အော်ဟစ်သံများ ပေါက်ကွဲထွက်လာပြီး ယမ်းခိုးများ စွန်းထင်းနေသော မျက်နှာတိုင်းတွင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော အပြုံးများ ပေါ်လာခဲ့ကြသည်။
လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ဂျပန်စစ်တပ်ကို ရင်ဆိုင်ရန် စစ်မြေပြင်ပေါ်သို့ ပထမဆုံး ခြေချခဲ့ချိန်က သူတို့ မျှော်လင့်ချက် လုံးဝ မရှိသလောက် မြင်ခဲ့ရသည်။
သို့သော် သူတို့၏ နောက်ကွယ်တွင် သူတို့၏ အိမ်များနှင့် ချစ်ရသူများ ရှိနေချေသည်။
သူတို့တွင် ရွေးချယ်စရာမရှိသဖြင့် သူတို့၏ ကိုယ်ပိုင် အသွေးအသားများဖြင့် တိုက်ခိုက် ရုန်းကန်ခဲ့ရပြီး မြေတစ်လက်မအတွက် အသက်ဆယ်ချောင်း လဲလှယ်ရမည် ဆိုလျှင်ပင် နောက်တွန့်မနေခဲ့ကြချေ။
ပြင်းထန်သော တိုက်ပွဲတစ်ခုပြီးတစ်ခုအကြာတွင် သူတို့၏ ဘေး၌ အသက်ရှင်ကျန်ရစ်သော ရဲဘော်ရဲဘက်များက ပို၍ ပို၍ နည်းပါးလာ၏။
သို့တိုင်အောင် ယနေ့တွင် အနာဂတ်မှ လာသော ဤလူငယ်အဖွဲ့က သူတို့ကို ပြောနေခဲ့သည်။
သူတို့ နိုင်လိမ့်မည်တဲ့......
တချို့လူများက မျက်ရည်များကို သုတ်ရင်း ပြုံးနေကြပြီး တချို့ကတော့ ဖိနှိပ်ထားသော စိတ်ခံစားမှုများဖြင့် ရှိုက်ငိုနေကြလေသည်။
ပိုများသော လူများက မရေမတွက်နိုင်သော ရဲဘော်များကို ဝါးမျိုထားသည့် စစ်မြေပြင်ဘက်သို့ လှည့်ကာ ငိုရင်း ရယ်ရင်း တိုးတိုးလေး ရေရွတ်နေခဲ့ကြသည်။ “ညီအစ်ကိုတို့... ငါတို့ နိုင်ပြီ... ငါတို့ တောင့်ခံထားနိုင်ခဲ့ပြီကွ...”
ဂျပန် ကျူးကျော်သူတွေက သုံးလအတွင်း တရုတ်ပြည်ကို သိမ်းပိုက်မယ်ဆိုတဲ့ သူတို့ရဲ့ ကြွားလုံးက ပျက်စီးသွားခဲ့ပြီပဲ။
အောင်ပွဲခံ အော်ဟစ်သံများ မရပ်တန့်မီမှာပင် ကျန်းယဲ့၏ အကြည့်များက စစ်သားများ၏ လက်ထဲရှိ လက်နက်များကို ဝေ့ကြည့်လိုက်၏။
အဆိုပါ တပ်မသည် ဂျာမန်တပ်ဆင်ရေး တပ်မတစ်ခု ဖြစ်ပြီး ဂျာမန်လုပ် မော်ဇာ 98k ရိုင်ဖယ်များ၏ ပုံတူများကို တပ်ဆင်ထားသော်လည်း အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ရမှုကြောင့် ဤလက်နက်များမှာ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေလေသည်။
သေနတ်ပြောင်းများက သံချေးတက်နေပြီး ပြောင်းအတွင်းရှိ အစင်းကြောင်းများမှာ ပွန်းပဲ့နေကာ ရိုင်ဖယ်အများအပြားမှာ မကြာခဏ အသုံးပြုမှုကြောင့် ကျည်အိမ် ချို့ယွင်းမှုများပင် ရှိနေခဲ့သည်။
ခဲယမ်း မီးကျောက် ပြတ်လပ်မှုကိုတော့ ပြောစရာပင် မလိုတော့ချေ။ စစ်သားတစ်ယောက်စီကို ကျည်ဆန် ဒါဇင် အနည်းငယ်သာ ခွဲဝေပေးနိုင်၏။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ လက်ကို ရုတ်တရက် မြှောက်လိုက်ခေသည်။
“ဝှစ်...”
နောက်ခဏ၌ ကတုတ်ကျင်းအလယ်ရှိ မြေလွတ်ပေါ်တွင် အေးစက်စွာ တောက်ပနေသော AK-47 အော်တို ရိုင်ဖယ် အပုံလိုက်ကြီး ရုတ်တရက် ပေါ်ထွက်လာပြီး ၎င်းတို့ဘေးတွင် RPG-7 ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို သပ်ရပ်စွာ စီထားခဲ့သည်။
အမည်းရောင်သတ္တု သေနတ်ပြောင်းက လရောင်အောက်တွင် အေးစက်သော အရောင်ဖြင့် တောက်ပနေပြီး ပိုလီမာသေနတ်ဒင်က အနာဂတ်၏ ခံစားချက်ကို ထုတ်လွှတ်နေသည်။
ထိုမြင်ကွင်းကြောင့် ကတုတ်ကျင်း တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့၏။
တပ်စုမှူးဝမ်က သူ၏ လက်မောင်းကို လွှဲကာ သူ၏ ပါးကို အားပါးတရ ရိုက်ချလိုက်လေသည်။
ပူလောင်သော နာကျင်မှုက ဒါ အိပ်မက် မဟုတ်ကြောင်း သူ့ကို ပြောပြနေ၏။
“ဒါ... ဒါက...” ရှားရှားပါးပါးပင် တပ်ရင်းမှူးလီ၏ အသံက တုန်ယင်နေခဲ့သည်။
လေဟာနယ်ထဲမှ လက်နက်အမြောက်အမြားကို ဖန်ဆင်းနိုင်သည့် ဤအံ့ဖွယ်စွမ်းရည်က တကယ့်ကို အံ့သြမှင်တက်စရာ ကောင်းလွန်း၏။
“AK-47 တိုက်ခိုက်ရေး ရိုင်ဖယ်...” နဂါးပြာက ရှေ့သို့ ထွက်လာပြီး သေနတ်တစ်လက်ကို ကျွမ်းကျင်စွာ ကောက်ကိုင်လိုက်ကာ ကျည်အိမ်ကို ဖြုတ်ပြီး ပြသလိုက်သည်။ “ကျည် ၃၀ ဆံ့ ကျည်အိမ်.... တစ်မိနစ်ကို ကျည် ၆၀၀ ပစ်ခတ်နိုင်နှုန်း.... ထိရောက်တဲ့ အကွာအဝေးက မီတာ ၄၀၀ ပါ”
သူက ချောက်ခနဲ အသံမည်အောင် သေနတ်မောင်းကို ဆွဲလိုက်ပြီး ပြောလိုက်ပြန်သည်။ “ခင်ဗျားတို့ အခုသုံးနေတဲ့ စက်သေနတ်တွေထက်တောင် ပိုအစွမ်းထက်တယ်...”
စစ်ဦးစီးချုပ်က RPG-7 ကို ဂရုတစိုက် ကောက်ယူလိုက်ပြီး အလင်းပြန် မှန်ပြောင်းကို မြင်သောအခါ ဂျာမနီတွင် ပညာသင်ခဲ့ဖူးသော အဆိုပါ အရာရှိ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဒီ... ဒီဒုံးပစ်လောင်ချာမှာ အလင်းပြန် ချိန်ရွယ်စနစ် တပ်ဆင်ထားတာလား။ ငါတို့ရဲ့ တင့်ကားဖျက် အမြောက်တွေထက် အများကြီး ပိုအဆင့်မြင့်တာပဲ....”
ကျန်းယဲ့က ခဲယမ်း မီးကျောက်ပုံဆီသို့ လျှောက်သွားကာ သေတ္တာတစ်လုံးကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ပြီး ပြောလေသည်။ “7.62mm ကျည်ဆန်တွေ.... အစပြုဖို့အတွက် လူတစ်ယောက်ကို ကျည်အိမ် ဆယ်ခုစီ ရမယ်”
သူက နောက်ထပ် သေတ္တာတစ်လုံးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြန်သည်။ “PG-7 ဒုံးကျည်တွေ.... သံချပ်ကာ ထိုးဖောက်နိုင်စွမ်းက မီလီမီတာ ၄၀၀ ရှိတယ်.... ဂျပန်တင့်ကားတစ်စီးကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်တယ်...”
ကတုတ်ကျင်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်လာတော့သည်။
“ဘုရားရေ....” စစ်သားအိုကြီးတစ်ယောက်က AK-47 ကို ပွတ်သပ်လိုက်ပြီး သူ၏ အသံများ တုန်ယင်နေ၏။ “ငါတို့ဆီမှာသာ ဒီလို စက်ကိရိယာမျိုး ရှိရင် ဂျပန်တွေကို ဘာလို့ ကြောက်နေရမှာလဲ...”
ကျန်းဒဲဖူက သူ၏ လက်ထဲရှိ Kar98k ကို ကြည့်လိုက်ပြီးနောက် အသစ်စက်စက် AK-47 ကို ကြည့်လိုက်၏။
ကျန်းယဲ့ကို ကြည့်လိုက်သော သူ၏ မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေချေသည်။
အခန်း ၂၂၇ပြီး၏။