အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) လက်တွေ့ သင်ကြားခြင်း
ထိုအချိန်တွင် သံသယများအားလုံး ပျောက်ကွယ်သွားပြီး သူတို့၏ စကားများကို မည်သူကမျှ အနည်းငယ်မျှပင် မေးခွန်းမထုတ်တော့ချေ။
ဤအချိန်၌ လူတိုင်းက သူတို့က အမှန်တကယ်ပင် ၂၀၂၅ ခုနှစ်က အနာဂတ်မှ တရုတ်စစ်သားများ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားကြ၏။
ထိုအနာဂတ်မှ အရာဝတ္ထုများက လက်ထဲတွင် လေးလံနေပြီး အေးစက်သော သတ္တုအထိအတွေ့နှင့် ၎င်းတို့ တည်ဆောက်ထားသည့် ရှုပ်ထွေးသော အသေးစိတ် အချက်အလက်များက လုံးဝ အတုအယောင် မဟုတ်ဘဲ အလွန် လက်တွေ့ကျလွန်းနေခဲ့သည်။
အဆင့်မြင့် လက်နက်များက ကျန်းယဲ့၏ လက်ထဲတွင် လေဟာနယ်မှ ရုတ်တရက် ပေါ်ထွက်လာသည့် မှော်ဆန်လုမတတ် အချိန်အခိုက်အတန့်ကို သူတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
ဤအရာအားလုံးက သာမန်အသိတရားများကို ဖီဆန်နေပြီး ယုံကြည်ရန် ခက်ခဲလောက်အောင် အဓိပ္ပာယ်မဲ့နေပုံရသော်လည်း လူအများ၏ စောင့်ကြည့်မှုအောက်တွင် ငြင်းဆို၍ မရနိုင်သော အမှန်တရား တစ်ခု ဖြစ်လာခဲ့သည်။
ကျန်းယဲ့၏ အကြည့်များက ကတုတ်ကျင်းများထဲရှိ အဝတ်ဦးထုပ်များသာ ဆောင်းထားသော စစ်သားများကို ဝေ့ကြည့်လိုက်ရာ သူ၏ နှလုံးသားမှာ တင်းကျပ်သွားရသည်။
ထိုခေတ်က စစ်မြေပြင်၏ ရက်စက်မှုကို သူ ကောင်းကောင်း သိပေသည်။ လမ်းလွဲလာသော ကျည်ဆန်များနှင့် ကျည်စများကြောင့် ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိမှုက စုစုပေါင်း သေဆုံးဒဏ်ရာရမှု၏ ၃၀% နီးပါး ရှိခဲ့လေသည်။
“ပြီးတော့ ဒါတွေလည်း ပါသေးတယ်...” သူက လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်ရာ အစိမ်းရင့်ရောင် M1 သံခမောက် အပုံလိုက်ကြီးနှင့် ခေတ်သစ်ကျည်ကာအင်္ကျီ ဒါဇင်ပေါင်းများစွာက မြေလွတ်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
“ဒါတွေကို ရှေ့တန်းက စစ်သားတွေကို အရင် ဝတ်ခိုင်းလိုက်...” ကျန်းယဲ့က ပြောလိုက်၏။
စစ်သားအချို့က သံခမောက်များကို ချက်ချင်း ကောက်ယူလိုက်ပြီး ခါးကို နှိမ့်ကာ ဖြန့်ဝေပေးရန် ကတုတ်ကျင်း တစ်လျှောက် ပြေးသွားကြလေသည်။
တပ်မှူးလီက သံခမောက်တစ်လုံးကို ကောက်ယူကာ ချောမွေ့သော မျက်နှာပြင်ပေါ်တွင် လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်ပြီး ခပ်ဖွဖွ ခေါက်ကြည့်လိုက်၏။ “ဒါက ဂျပန် Type 90 သံခမောက်ထက် အများကြီး ပိုထူတာပဲ...”
“ဒါက သံခမောက်တင် မဟုတ်ဘူး” ကျန်းယဲ့က ကျည်ကာအင်္ကျီ တစ်ထည်ကို ကောက်ယူလိုက်လေသည်။ “ဒါက အဆင့် ၃ကျည်ကာအင်္ကျီပဲ... ပစ္စတိုနဲ့ ရိုင်ဖယ်ကျည်ဆန်အများစုကို တားဆီးပေးနိုင်တယ်။ စက်သေနတ်ကျည်ဆန်တွေကို တိုက်ရိုက် မတားဆီးနိုင်ပေမယ့် ထိခိုက်မှုကို အများကြီး လျှော့ချပေးနိုင်တယ်...”
မကြာမီမှာပင် ရှေ့တန်းက စစ်သားများ အားလုံး အသစ်စက်စက် သံခမောက်များကို ဆောင်းထားကြပြီ ဖြစ်၏။
ထိုအချိန်တွင် အထူးတပ်ဖွဲ့ဝင် ငါးဆယ်မှာ ကတုတ်ကျင်းများ တစ်လျှောက် လူစုခွဲသွားပြီး စစ်သားများကို AK-47 အသုံးပြုပုံ သင်ကြားပေးနေကြ၏။
“နောက်ပြန်ကန်အားကို သတိထား...” ချွန်ထက်သော အစွန်းက စစ်မှုထမ်းဟောင်း တစ်ယောက်ကို ညွှန်ကြားနေလေသည်။ “ဆက်တိုက် ပစ်တဲ့အခါ သေနတ်ဒင်ကို ပခုံးနဲ့ သေချာ ကပ်ထားဖို့ မမေ့နဲ့...”
“ဒိုင်း ဒိုင်း ဒိုင်း...”
သုံးချက် ဆက်တိုက် ပစ်ပြီးနောက် စစ်မှုထမ်းဟောင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဘုရားရေ... ဒါက ငါတို့ရဲ့ မော်ဇာထက် အများကြီး ပိုကောင်းတာပဲ...”
သူက သေနတ်ကို သိသိသာသာ မြတ်နိုးမှုဖြင့် ပွတ်သပ်ကာ ပြောလိုက်၏။ “မောင်းတင်စရာ မလိုဘူး... ကိုယ်ချိန်တဲ့နေရာကို ကွက်တိထိတာပဲ”
အဝေးမရောက်တရောက်တွင် စက်သေနတ်သမား တစ်ယောက်က စမ်းသပ် ပစ်ခတ်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “ဒီပစ်ခတ်မှု အားက ငါတို့ရဲ့ စက်သေနတ်တပ်စုတစ်စုလုံးရဲ့ အားနဲ့ ညီမျှတယ်...”
ကတုတ်ကျင်းများမှ ပဲ့တင်ထပ်နေသော စမ်းသပ် ပစ်ခတ်သံများကြားတွင် စစ်သားများ၏ မျက်လုံးများက အံ့သြတုန်လှုပ်မှုမှ ပြတ်သားမှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။
ကျန်းဒဲဖူက ကျည်အိမ်များကို ကျွမ်းကျင်စွာ လဲလှယ်လိုက်ပြီးနောက် ကျန်းယဲ့ကို ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အပြုံးတစ်ခုဖြင့် ရုတ်တရက် ပြုံးပြလိုက်လေသည်။ “ဒါတွေနဲ့ဆိုရင် ငါတို့ မနက်ဖြန် အဲဒီ မိစ္ဆာကောင်လေးတွေကို သေချာပေါက် ပညာပေးနိုင်မှာပဲ...”
ကွပ်ကဲရေးစခန်းရှိ ရေနံဆီမီးခွက်များက ညအမှောင်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး မျက်နှာများပေါ်ရှိ လေးနက်သော အမူအရာများကို ထင်ရှားစေလေသည်။
တပ်မှူးလီက ရိုးရှင်းသော ဂိုဒေါင်တစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ပဏာမ စကားပြောခြင်းများ မရှိဘဲ လိုရင်းကို တိုက်ရိုက် သွားလိုက်ကြသည်။
ကျန်းယဲ့က လူတိုင်းကို ဝေ့ကြည့်ကာ ပြောလိုက်၏။ “အချိန်က အရမ်း အရေးကြီးတယ်... အခုပဲ စလိုက်ကြစို့...”
သူက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ဂိုဒေါင်ကြမ်းပြင်တွင် လက်နက်အမျိုးမျိုးဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။
AK-47 တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ RPD အပေါ့စား စက်သေနတ်များ၊ RPG-7 ဒုံးပစ်လောင်ချာများ၊ 82mm မော်တာများ၊ M2 မီးဟပ်စက်များနှင့် M1 သံခမောက်များ၊ ကျည်ကာအင်္ကျီများ၊ အဆိပ်ငွေ့ကာ မျက်နှာဖုံးများ စသည်တို့မှာ တောင်လို ပုံသွားလေသည်။
လက်နက်တစ်ခုစီရှိ စာတန်းများကို စနစ်က အလိုအလျောက် ဖျက်ပစ်ထားပြီး ချောမွေ့သော မျက်နှာပြင်သာ ကျန်ရှိတော့သည်။
နဂါးပြာက RPD အပေါ့စား စက်သေနတ် တစ်လက်ကို ကောက်ယူလိုက်၏။ “ဒါက တပ်စု အလိုအလျောက် လက်နက်ပဲ... ကျည် ၁၀၀ ပါတဲ့ ကျည်ကတ်နဲ့ ပစ်တာ။ သူ့ရဲ့ ဆက်တိုက် ပစ်ခတ်နိုင်စွမ်းက ဂျပန် Type 96 အပေါ့စား စက်သေနတ်ထက် အများကြီး သာလွန်တယ်...”
သံတံတိုင်းက RPG-7 ကို ပုတ်လိုက်၏။ “ဒါက တင့်ကားတွေနဲ့ ဘန်ကာတွေကို ဖျက်ဆီးဖို့ ထုတ်လုပ်ထားတာ။ မီတာ ၄၀၀ အတွင်းက ဘယ်ပစ်မှတ်ကိုမဆို ထိနိုင်တယ်...”
ဒိုင်းလွှားလေးက 82mm မော်တာကို လျင်မြန်စွာ တပ်ဆင်ပြလိုက်ပြီး ပြော၏။ “ဒါက ခင်ဗျားတို့ လက်ရှိ သုံးနေတဲ့ မော်တာတွေထက် ၃၀% ပိုပေါ့ပြီး ပစ်ခတ်နိုင်နှုန်း နှစ်ဆ ပိုမြန်တယ်...”
“တပ်ခွဲ အားလုံးကို အခုချက်ချင်း ဖြန့်ဝေပေးလိုက်...” တပ်မှူးလီက ပြတ်သားစွာ ဆုံးဖြတ်လိုက်လေသည်။ “အရာရှိ အားလုံးက ဘယ်လို သုံးရမလဲဆိုတာကို ဦးဆောင်ပြီး သင်ယူကြ....”
အမိန့် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တပ်ရင်း ဌာနချုပ်တစ်ခုလုံးက ရှုပ်ထွေးသော စက်ယန္တရား တစ်ခုလို စတင် လှုပ်ရှားလာခဲ့ကြသည်။
လက်နက်များကို ရှေ့တန်းသို့ အမြန် ဖြန့်ဝေပေးလိုက်ပြီး အထူးတပ်ဖွဲ့ဝင် ငါးယောက်က သင်တန်းပေးရန် နေရာအသီးသီးသို့ လူစုခွဲသွားကြသည်။
“ဒါ... ဒါက အမေရိကန် ထုတ်ကုန် မဟုတ်လား” တပ်သားသစ်တစ်ယောက်က RPD စက်သေနတ်ကို ကိုင်တွယ်ကြည့်ရင်း တိုးညင်းသော အသံဖြင့် မေးလိုက်၏။
လက်နက် ဖြန့်ဝေပေးနေသော တပ်ရင်းမှူးကျန်းက သူ၏ သံခမောက်ကို ရိုက်လိုက်ပြီး ပြောလေသည်။ “ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ.. ဒါတွေကို ငါတို့ တရုတ်တွေက လုပ်ထားတာကွ...”
ထိုသို့ ပြောပြီးနောက် သူက သင်တန်းပေးနေသော အထူးတပ်ဖွဲ့ဝင်များကို ရှက်ရွံ့စွာဖြင့် ကြည့်လိုက်၏။ “ဒီတောသားတွေက ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးကြလို့ပါ...”
ကျန်းချန်က ပြုံးကာ ပြောလိုက်၏။ “ဘာမှမဖြစ်ပါဘူး... သူတို့ အသားကျသွားပါလိမ့်မယ်”
မော်တာနေရာတွင် အသဲကွဲသံမဏိက အမြောက်တပ်သားများကို 82mm မော်တာသစ် အသုံးပြုပုံကို ကိုယ်တိုင် သင်ကြားပေးနေခဲ့သည်။ “မှတ်ထား... ဒီအမြောက်ဆန်အမျိုးအစားက ယမ်းမှုန့်ကို ချိန်ညှိနေစရာ မလိုဘူး...”
အဝေးမရောက်တရောက်တွင် ဓားသွားက မီးဟပ်စက် အသုံးပြုပုံကို သရုပ်ပြနေ၏။ လျှံတက်လာသော မီးနဂါးကြီးက ညကောင်းကင်ယံကို လင်းထိန်သွားစေပြီး အံ့အားသင့်သည့် အာမေဍိတ်သံများကို ထွက်ပေါ်စေခဲ့သည်။
ခံစစ်မျဉ်း တစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။
စစ်သားများက လက်နက်သစ်များအကြောင်းကို စိတ်အားထက်သန်စွာ သင်ယူနေကြပြီး စမ်းသပ် ပစ်ခတ်သံများက ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေချေသည်။
ကျန်းယဲ့က ကွပ်ကဲရေးစခန်းအဝင်ဝတွင် ရပ်ကာ အလုပ်များနေသော စစ်မြေပြင်ကို ကြည့်နေခဲ့သည်။
မနက်ဖြန် နေထွက်လာချိန်တွင် ဂျပန်စစ်တပ်က လုံးဝ ကွဲပြားခြားနားသော တရုတ်စစ်တပ်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူ သိထားပေသည်။
သို့သော် တချို့လူများက လက်နက်သစ်ကို စမ်းသပ်ရန် မစောင့်နိုင်ကြတော့ချေ။
ကျန်းချန်က RPG-7 ၏ ချိန်ရွယ်မှု နည်းစနစ်များကို ရှင်းပြပြီးချိန်မှာပင် အဝေးမှ စူးရှသော လေချွန်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဂျပန်တွေ ညတိုက်ခိုက်မှု လာပြီ... အားလုံး သတိထား”
ရှေ့တန်းက စစ်သားများက သူတို့ ရင်းနှီးနေသော ရိုင်ဖယ်များကို အလိုအလျောက် ကောက်ကိုင်လိုက်ကြပြီး မောင်းတင်ရန် ကျွမ်းကျင်စွာ အသင့်ပြင်လိုက်ကြ၏။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့ အားလုံး မှင်တက်သွားကြပြီး သူတို့၏ လက်ထဲရှိ အသစ်စက်စက် AK-47 မှာ စိမ်းသက်နေဆဲပင်။
“နောက်ဆုတ်...” ကျန်းချန်က ကတုတ်ကျင်း ရှေ့သို့ အပြေးသွားရင်း သူ၏ နားကြပ်ကို နှိပ်လိုက်၏။ “အားလုံး သတိထား... ဂျပန်တွေ ညတိုက်ခိုက်မှု လာပြီ... တိုက်ပွဲဝင်ဖို့ အသင့်ပြင်...”
သံမဏိကျိုး၊ ဒိုင်းလွှားလေး၊ ဓားသွား နှင့် သံတံတိုင်းတို့က မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲဝင် အနေအထားသို့ ရောက်ရှိသွားကြပြီး သူတို့ ငါးယောက်မှာ တစ္ဆေများလို အဓိက နေရာများသို့ လူစုခွဲသွားကြလေသည်။
တစ်ချိန်တည်းမှာပင် ကျန်းယဲ့က ကျန်ရှိသော အထူးတပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ကွပ်ကဲရေးစခန်း ဘက်မှ အပြေးလာခဲ့သည်။ ပုံရိပ်လေးဆယ့်ခြောက်ခုက လရောင်အောက်တွင် အလွန်လျင်မြန်စွာ ရွေ့လျားနေကြသဖြင့် နောက်ချန်ရိပ်များပင် ကျန်ရစ်လုမတတ် ဖြစ်နေချေသည်။
တပ်မှူးလီနှင့် သူ၏ စစ်ဦးစီး အရာရှိများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ပြေးလာရင်း သူ၏ ဘေးရှိ တပ်ခွဲမှူးဝမ်ကို ပြောလိုက်၏။ “ညီအစ်ကိုတွေကို သေချာ ကြည့်ထားဖို့ သတိပေးလိုက်... ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ သင်ယူဖို့ အခွင့်အရေးပဲ...”
တပ်ခွဲမှူးဝမ်က တပ်မှူးလီကို ကြည့်ကာ တုံ့ဆိုင်းလျက် ပြောလိုက်၏။ “တပ်မှူး... ဒါက...”
“သူတို့ ပြောတဲ့အတိုင်း လုပ်..” တပ်မှူးလီက ပြတ်သားစွာ ပြောလိုက်လေသည်။ “အားလုံး နောက်ဆုတ်ပြီး လေ့လာစောင့်ကြည့်ကြ... နည်းဗျူဟာပိုင်းဆိုင်ရာ အသေးစိတ်တွေကို သေချာ မှတ်သားထားကြ...”
စစ်သားများက သူတို့၏ ပစ်ခတ်မည့် နေရာများကို အမြန် ဖယ်ပေးလိုက်သော်လည်း မည်သူကမျှ အရမ်း အဝေးသို့ မဆုတ်ချင်ကြချေ။
ဤအနာဂတ်မှ စစ်သည်တော်များ မည်သို့ တိုက်ခိုက်သည်ကို လူတိုင်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ချင်နေကြ၏။
ကျန်းချန်က သဲအိတ်များ နောက်တွင် ဝပ်ကာ အရှေ့ဘက် ဧရိယာကို အမြန် ဝေ့ကြည့်လိုက်ခေသည်။ “အပူချိန်တိုင်းတာမှု ပုံရိပ်အရ ရှေ့ မီတာ ၃၀၀ လောက်မှာ တပ်ခွဲနှစ်ခွဲလောက် ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ကျက်ပြီး လာနေတယ်...”
သူက နောက်ရှိ စစ်သားများဘက်သို့ လှည့်ကာ ရှင်းပြလိုက်၏။ “ဒါက ဂျပန်တွေရဲ့ ပုံမှန် ထိုးဖောက် ဝင်ရောက်တဲ့ နည်းဗျူဟာပဲ... ညအမှောင်ကို အကာအကွယ်ယူပြီး ငါတို့ရဲ့ ရှေ့တန်းကို ခိုးဝင်ဖို့ ကြိုးစားနေတာ....”
အသဲကွဲသံမဏိက သူ၏ ညကြည့် မှန်ပြောင်းကို ကျွမ်းကျင်စွာ တပ်ဆင်လိုက်ပြီးနောက် ရုတ်တရက် လှောင်ပြောင်လိုက်၏။ “အဲဒီ မိစ္ဆာကောင်လေးတွေက သူတို့ကိုယ်သူတို့ သေချာ ပုန်းနေတယ်လို့ ထင်နေတာပဲ...”
သူက ခလုတ်ကို ဆွဲလိုက်ရာ အဝေးမှ ဝပ်လျက် ချဉ်းကပ်လာသော ဂျပန်စစ်သား တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
“ဒိုင်း ဒိုင်း ဒိုင်း...”
တိကျသော သုံးချက် ဆက်တိုက် ပစ်ခတ်သံက ညအမှောင်တွင် အထူးတလည် ပြတ်သားနေခဲ့သည်။
စစ်သားများကို ပိုမို အံ့အားသင့်စေသည်မှာ ဤအထူးတပ်ဖွဲ့ဝင်များက သေနတ်မောင်းတင်ရန် မကြာခဏ အချိန်ယူနေစရာမလိုဘဲ ကျည်ဆန်များက ရေစီးကြောင်းတစ်ခုလို ဆက်တိုက် ထွက်ပေါ်နေခြင်းပင်။
“ကြက်ခြေခတ် ပစ်ခတ်မှုကို သတိထား...” ဓားသွားက အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲရှိ RPD အပေါ့စားစက်သေနတ်က ရုတ်တရက် မီးတောက်များ ပန်းထုတ်လိုက်သည်။
ကျည်ဆန်များက ဂျပန်တိုက်ခိုက်ရေး မျဉ်း တစ်လျှောက် သွေးစွန်းနေသော လမ်းကြောင်းတစ်ခုကို ဖောက်ထွင်းသွားပြီး ရှေ့သို့ ပြေးဝင်ရန် ကြိုးစားသော ဂျပန်စစ်သားအချို့မှာ ချက်ချင်းပင် ကျည်ဆန်များဖြင့် ဇကာပေါက် ဖြစ်သွားကြရသည်။
တပ်မှူးလီ ကြည့်နေရင်း မျက်ခွံများ တုန်ခါသွား၏။ ဤပစ်ခတ်မှု သိပ်သည်းဆက အပေါ့စား လက်နက်များနှင့် ပတ်သက်သော သူ၏ နားလည်မှုကို လုံးဝ ပြောင်းပြန်လန်သွားစေလေသည်။
“ဝုန်း....”
RPG-7 ဒုံးကျည်တစ်စင်းက မီးတောက် လမ်းကြောင်းတစ်ခုကို ချန်ရစ်ကာ ပျံသန်းသွားပြီး ချုံပုတ်များကြားတွင် ပုန်းအောင်းနေသော ဂျပန် စက်သေနတ်နေရာကို လေထဲသို့ လွင့်စင်သွားစေတော့သည်။
အခန်း ၂၂၈ပြီး၏။