← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) သင်ယူပြီး ချက်ချင်း အသုံးချခြင်း

​ဒိုင်းလွှားလေးက သူ့နောက်တွင် လေ့လာနေသော စစ်မှုထမ်းဟောင်းများဘက်သို့ လှည့်ကြည့်လိုက်ပြီး "အသေတပ်ဆင်ထားတဲ့ ပစ်ခတ်မှုနေရာတွေကို အဲဒီလို ရှင်းထုတ်ရတာပဲ..."

​ကတုတ်ကျင်းများထဲရှိ စစ်သားများမှာ အံ့သြမှင်တက်နေခဲ့ကြသည်။

​ဤမျှ အချိတ်အဆက်မိသော အဖွဲ့လိုက် လှုပ်ရှားမှုကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ စနိုက်ပါက ပစ်ခတ်ဖိနှိပ်ပေးပြီး စက်သေနတ်သမားက ပိတ်ဆို့ထားပေးကာ ဒုံးပစ်လောင်ချာက တိကျစွာ ပစ်ခတ် ချေမှုန်းသည်။ နည်းဗျူဟာတစ်ခုလုံးက လျင်မြန်ပြီး ထိရောက်ကာ အနည်းငယ်မျှပင် တုံ့ဆိုင်းမှု မရှိချေ။

​"အရူးတွေ.... နေရာယူကြ ...." အဝေးမှ ဂျပန်အရာရှိ တစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်၏။

​အထူးတပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာမှု ပုံရိပ်များကို အသုံးပြုကာ ပစ်မှတ်တစ်ခုချင်းစီကို ချိန်ရွယ်ထားပြီးဖြစ်ရာ ကျည်ဆန်များက မျက်စိပါနေသည့်အလား ထွက်ပြေးနေသော ဂျပန်စစ်သားများနောက်သို့ လိုက်လံ ပစ်ခတ်နေခဲ့ကြသည်။

​ဆယ်မိနစ်အတွင်းမှာပင် ဂျပန်တပ်ခွဲနှစ်ခွဲမှာ အလောင်းများအဖြစ် ပြောင်းလဲသွားရတော့သည်။

​အပြေးမြန်သော လူအနည်းငယ်သာ လွတ်မြောက်သွားနိုင်ခဲ့သော်လည်း သူတို့ကိုလည်း ဒရုန်းများက အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။

​"ပြီး... ပြီးသွားပြီလား..." တပ်သားသစ် တစ်ယောက်က ဗလုံးဗထွေး မေးလိုက်၏။

​ခံတပ်မြို့တော်က ကျန်ရှိသော ခဲယမ်းများကို စစ်ဆေးရန် ကျည်အိမ်ကို ဖြုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ဒါက အမြည်းပဲ ရှိသေးတယ်..."

​သူက တိုက်ပွဲကို စောင့်ကြည့်နေသော နေရှင်နယ်လစ်စစ်သားများဘက်သို့ လှည့်ကာ ပြောလိုက်၏။ "၂၀၂၅ ခုနှစ်မှာဆိုရင် ဒီလောက်အဆင့်ရှိတဲ့ တိုက်ပွဲမျိုးက လူတွေ ဝင်ပါစရာတောင် မလိုတော့ဘူး။ စက်ရုပ်တပ်ဖွဲ့တွေကပဲ အကုန် ကိုင်တွယ်ဖြေရှင်းသွားလိမ့်မယ်..."

​စစ်သားများမှာ မှင်တက်သွားကြသော်လည်း တပ်မှူးလီနှင့် အခြားသူများ၏ မျက်လုံးများကမူ ပိုမို တောက်ပလာကြခေသည်။

​ဒါက သူတို့ တိုက်ပွဲဝင်နေတဲ့ အနာဂတ်ပဲ....

​ဂျပန်ရှေ့တန်း ကွပ်ကဲရေးစခန်းအတွင်း လေထုမှာ အလွန် လေးလံလွန်းသဖြင့် အစက်အပေါက်များပင် ကျလာမတတ် ဖြစ်နေချေသည်။

​"အရူးတွေ.... " တပ်ရင်းမှူး ဆာတိုအီချီရိုက တိုက်ပွဲ အစီရင်ခံစာကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရာ ရေနံဆီမီးခွက်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ "ရန်သူ့ ကတုတ်ကျင်းဆီကိုတောင် မရောက်လိုက်ဘဲ တပ်ခွဲ နှစ်ခွဲလုံး ပြုတ်သွားတယ်ပေါ့..."

​တပ်ရင်းမှူးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏ နဖူးကို မြေကြီးနှင့် ကပ်ထားလျက် အော်ဟစ်လိုက်၏။ "ဟိုင်း.... ရန်သူ့ ပစ်ခတ်မှုအင်အားက အရင်က တစ်ခါမှ မကြုံဖူးလောက်အောင် ပြင်းထန်လွန်းပါတယ်..."

​"ဆင်ခြေတွေကို ငါ နားမထောင်ချင်ဘူး..." ဆာတိုက ခုံအနိမ့်ကို ခြေထောက်ဖြင့် ကန်လှဲလိုက်၏။ "တပ်မရဲ့ အမိန့်က... မိုးမလင်းခင် ဘယ်လို တန်ဖိုးမျိုး ပေးရပေးရ အဲဒီနေရာကို သိမ်းပိုက်ရမယ်တဲ့..."

​သူက သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ မြေပုံကို ညွှန်ပြလိုက်လေသည်။ "ဒုတိယအကြိမ် ထိုးစစ်ကို အခုချက်ချင်း စတင်မယ်။ တရုတ်စစ်သားတွေရဲ့ ခေါင်းတွေကို ငါ မြင်ချင်တယ်..."

​တစ်ချိန်တည်းမှာပင် နေရှင်နယ်လစ်စစ်တပ်၏ ခံစစ်မျဉ်းတွင်။

​"ဂျပန်မိစ္ဆာတွေ ထပ်လာပြန်ပြီ..." ကင်းစောင့်က တိုးညင်းသော အသံဖြင့် သတိပေးလိုက်၏။

​ခံတပ်မြို့တော်က သူ၏ ဘေးရှိ စစ်သား၏ ပခုံးကို ပုတ်လိုက်လေသည်။ "ဒီတစ်ခါ မင်းအလှည့်ပဲ..."

​သူက တစ်ဖက်လူ၏ ညကြည့် မှန်ပြောင်းကို ချိန်ညှိပေးရင်း ပြောလိုက်သည်။ "အချက်သုံးချက်ကို မှတ်ထား.. တိုတိုနဲ့ ထိထိမိမိ ပစ်မယ်... သေနတ်ပြောင်းကို ထိန်းထားမယ်... ပြီးတော့ ကျည်မြန်မြန် လဲမယ်"

​စစ်သားငယ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရာ သူ၏ လက်ဖဝါးများတွင် ချွေးများ ပြန်နေချေသည်။

​သို့သော် AK-47 ၏ အေးစက်သော သေနတ်လက်ကိုင်ကို ထိတွေ့လိုက်ချိန်တွင် ခုလေးတင် အထူးတပ်ဖွဲ့ဝင်များ ပြုလုပ်သွားခဲ့သော ချောမွေ့ပြီး ကျွမ်းကျင်လှသည့် လုပ်ဆောင်ချက်များကို သူ ရုတ်တရက် သတိရသွားမိသည်။

​ဂျပန်စစ်သားတွေကို သတ်ရတာ ဒီလောက်တောင် ရိုးရှင်းနိုင်တာပဲလား။

​တပ်မှူးလီက ရှေ့တန်းသို့ ကိုယ်တိုင် လာရောက်ကာ တိုက်ပွဲကို ကွပ်ကဲရင်း အော်ဟစ်လိုက်၏။ "မလန့်ကြနဲ့.... ခုလေးတင် သင်ထားတဲ့ အတိုင်းသာ လုပ်ကြ"

​အမှောင်ထဲတွင် တွားသွားနေသော ပုံရိပ်များ ထွက်ပေါ်လာခဲ့ကြသည်။ ဤတစ်ကြိမ်တွင် ဂျပန်စစ်သားများက သင်ခန်းစာ ရသွားပြီး ကျယ်ကျယ်ပြန့်ပြန့် လူစုခွဲလာကြလေသည်။

​သို့သော် ပထမဆုံး ဂျပန်စစ်သားက မီတာ ၃၀၀ အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စစ်မျက်နှာတစ်ခုလုံးမှ သေနတ်ပစ်ခတ်သံများက သည်းထန်စွာ ရွာသွန်းနေသော မိုးကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

​"ဒဒဒ...."

​သုံးချက် ဆက်တိုက် ပစ်ခတ်မှုအသံများက အနိမ့်အမြင့် စည်းချက်ညီညီ ထွက်ပေါ်နေခဲ့သည်။

​စစ်မှုထမ်းဟောင်းတစ်ယောက်က သူသည် ဂျပန်စစ်သားသုံးယောက်ကို ဆက်တိုက် ပစ်ချနိုင်ခဲ့သည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေသည်။ ယခင်က ဂျာမန်ရိုင်ဖယ်ဖြင့်ဆိုလျှင် သူက ငါးချက်ပစ်လျှင် တစ်ချက်ပင် ထိချင်မှ ထိပေမည်။

​"ဒုံးပစ်လောင်ချာ... ဆယ်နာရီ တည့်တည့်မှာ စက်သေနတ် ရှိတယ်..."

​အော်ဟစ်သံနှင့်အတူ RPG-7 က မီးတောက် လမ်းကြောင်းတစ်ခုကို ချန်ရစ်ကာ ပျံသန်းသွားပြီး အဝေးရှိ ဂျပန် Type 92 အကြီးစား စက်သေနတ်များမှာ သဲအိတ်များနှင့်အတူ ကောင်းကင်သို့ လွင့်စင်သွားတော့သည်။

​ဒုံးပစ်လောင်ချာကို ကိုင်တွယ် ပစ်ခတ်လိုက်သော စစ်သားမှာ မှင်တက်သွားရသည်။ "ငါ... ငါ ပစ်လိုက်တာ ထိသွားတာလား..."

​ပို၍ အားတက်စရာ ကောင်းသည်မှာ ဂျပန် မော်တာများက ပြန်လည်ပစ်ခတ်လာချိန်တွင် M1 သံခမောက်များကို ဆောင်းထားသော စစ်သားများက ယခင်က သေစေနိုင်လောက်သော ကျည်စများမှာ ယခုအခါ သူတို့၏ သံခမောက်များကို ချိုင့်ဝင်သွားစေရုံသာ တတ်နိုင်ကြောင်း တွေ့ရှိလိုက်ရခြင်းပင်။

​သူ၏ မှန်ပြောင်းမှတစ်ဆင့် ဆာတိုက ဧကရာဇ်၏ စစ်သားများ ဂျုံပင်များလို လဲကျနေသည်ကို မြင်တွေ့နေရပြီး ရန်သူ၏ ခံစစ်မျဉ်းများက မီးတောက်များကို ဆက်လက် ပန်းထုတ်နေဆဲပင်။

​သူ၏ မျက်မှောင်များက ပို၍ ပို၍ ကျုံ့လာရသည်။

​ခံစစ်မျဉ်းရှေ့တွင် ဧကရာဇ်၏ စစ်သားများ၏ အလောင်းများ ထပ်နေပြီး ထိတ်လန့်ဖွယ်ရာ အသွေးအသား တံတိုင်းကြီးတစ်ခု ဖြစ်ပေါ်နေကာ သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။

​"ဆက်တိုက်ကြ..." ဆာတိုက အံကြိတ်ကာ ပြောလိုက်၏။ "တရုတ်စစ်တပ်မှာ ခဲယမ်း မီးကျောက် အကန့်အသတ် ရှိတယ်။ သူတို့ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး.."

​သူက စစ်မြေပြင်ကို စူးစိုက်ကြည့်ကာ ရန်သူ၏ ပစ်ခတ်မှု အင်အား အားနည်းသွားမည့် အချိန်ကို စောင့်မျှော်နေခဲ့သည်။

​ယခင် အတွေ့အကြုံများအရ တရုတ်တပ်ဖွဲ့များက ခဲယမ်း မီးကျောက် ပြတ်လပ်မှုကြောင့် မိနစ်အနည်းငယ်ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက်တွင် သူတို့၏ ပစ်ခတ်နိုင်နှုန်းကို မကြာခဏ လျှော့ချရလေ့ ရှိလေသည်။

​အကယ်၍ ထိုကွက်လပ်ကိုသာ သူတို့ ရှာတွေ့နိုင်ပါက အဆိပ်ငွေ့များဖြင့် ခံစစ်မျဉ်းကို ထိုးဖောက်နိုင်မည် ဖြစ်၏။

​သို့သော်ငြားလည်း....

​"ဒဒဒ.... ဒဒဒ...."

​AK-47 ၏ ဟိန်းဟောက်သံများက လျော့ကျသွားမည့် လက္ခဏာ လုံးဝမပြဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပို၍ပင် ပြင်းထန်လာလေသည်။

​RPG-7 များ၏ ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေပြီး ပေါက်ကွဲသံတစ်ချက်စီက ဂျပန် ခံတပ်တစ်ခု ချေမှုန်းခံရခြင်းကို ကိုယ်စားပြုနေခဲ့သည်။

​"ဘာကာ...." ဆာတိုက သူ၏ လက်သီးဖြင့် နံရံကို ထိုးချလိုက်၏။ "သူတို့ဆီမှာ ဘယ်တော့မှ မကုန်နိုင်တဲ့ ခဲယမ်းတွေများ ရှိနေတာလား..."

​ထောက်လှမ်းရေး တာဝန်ခံဗိုလ်မှူးက စိုးရိမ်တကြီးဖြင့် ခေါင်းငုံ့လိုက်၏။ "ကျွန်တော်တို့ရဲ့ ကင်းထောက်တွေက ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ ** ဧရိယာထဲကို ဘယ် သယ်ယူပို့ဆောင်ရေး ယာဉ်တန်းကြီးမှ ဝင်မလာခဲ့ဘူးဆိုတာကို အတည်ပြုထားပါတယ်"

​"ဒါဆို ဒီလောက်များတဲ့ လက်နက်ခဲယမ်းတွေက ဘယ်က ရောက်လာတာလဲ...." ဆာတိုက ဗိုလ်မှူး၏ ကော်လာကို ဆွဲကိုင်ကာ ဟိန်းဟောက်လိုက်၏။ "တရုတ်တွေက မှော်ပညာတွေများ တတ်နေတာလား..."

​ရှေ့တန်းမှ ဝင်ရောက်လာသော သေဆုံးဒဏ်ရာရမှု ကိန်းဂဏန်းများကြောင့် ကွပ်ကဲရေးစခန်းမှာ သေမင်းတမန် တိတ်ဆိတ်မှု တစ်ခုထဲသို့ ကျဆင်းသွားတော့သည်။

​အရာရှိတိုင်း၏ မျက်နှာများမှာ ဖြူဖျော့နေကြ၏။ ဤသည်မှာ ဆင်းရဲနွမ်းပါးသော တရုတ်စစ်တပ် နှင့် ပတ်သက်သည့် သူတို့၏ နားလည်မှုကို လုံးဝ ကျော်လွန်နေ၏။

​ဆာတိုက တိုက်ခိုက်မှုကို ခေတ္တ ရပ်နားသင့်၊ မရပ်နားသင့် တုံ့ဆိုင်းနေချိန်မှာပင် ဖုန်းသံက စူးရှစွာ မြည်လာချေသည်။

​သူက အသက်ပြင်းပြင်း ရှူကာ ဖုန်းကို ကောက်ကိုင်လိုက်ချိန်တွင် တပ်မမှူး၏ ဒေါသတကြီး ဟိန်းဟောက်သံကို ချက်ချင်း ကြားလိုက်ရ၏။

​"ဆာတို... မင်း ဘာလို့ ** နေရာကို အခုထိ မထိုးဖောက်နိုင်သေးတာလဲ"

​"ဆရာ... ရန်သူ့ ပစ်ခတ်မှုအင်အားက ထူးထူးခြားခြားကို ပြင်းထန်လွန်းနေပါတယ်..."

​"ငါ အဲဒါတွေ ဘာတစ်ခုမှ ဂရုမစိုက်ဘူး... မိုးမလင်းခင် အဲဒီနေရာကို သိမ်းပိုက်ရမယ်... ဒါက စစ်တပ်ကလာတဲ့အမိန့်ပဲ... "

​ထို့နောက် ဖုန်းက ရုတ်တရက် ကျသွားခဲ့သည်။

​ဆာတိုက မျက်လုံးများကို မှိတ်လိုက်၏။ ၎င်းက ဘာကို ဆိုလိုသည်ကို သူ သိပေသည်။ ဧကရာဇ်၏ စစ်သားများ၏ သွေးများကို အသုံးပြုကာ ဤရုတ်တရက် ပေါ်လာသော သေမင်းတမန် မျဉ်းကို ဖြည့်ဆည်းရမည် ဖြစ်သည်။

​"ဆက်တိုက်ခိုက်..." သူ၏ အသံက ဩရှရှ ဖြစ်နေပြီး အံကြိတ်ကာ အမိန့်ပေးလိုက်သည်။ "တပ်ဖွဲ့ အားလုံး အလှည့်ကျစနစ်နဲ့ မရပ်မနား ဆက်တိုက် ဝင်ကြ..."

​အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဂျပန်တပ်ဖွဲ့များက လှိုင်းလုံးများလို ခံစစ်မျဉ်းဆီသို့ ပြေးဝင်လာခဲ့ကြသည်။

​သို့သော်လည်း သူတို့က တိုက်ခိုက်ရေး မျဉ်းများကို သုံးသည်ဖြစ်စေ.... အစုလိုက်အပြုံလိုက် ဝင်တိုက်သည်ဖြစ်စေ... လှည့်စားခြင်း သို့မဟုတ် အခြားသော ခိုးဝင်တိုက်ခိုက်မှုများကို ရွေးချယ်သည်ဖြစ်စေ ထိုသေမင်းတမန်မျဉ်းက အရှေ့တွင် အမြဲတမ်း ခြိမ်းခြောက်လျက် ရှိနေချေသည်။

​တိတိကျကျ မီတာ သုံးရာ အကွာအဝေး ဖြစ်၏။

​မည်သည့် ဂျပန်စစ်သားမှ ဤမီတာ ၃၀၀ အကျယ်ရှိသော ကြီးမားလှသည့် ချောက်ကမ်းပါးကို မဖြတ်ကျော်နိုင်ခဲ့ချေ။

​ကျည်ဆန်များက မျက်စိပါနေသည့်အလား ရှေ့သို့ တိုးရန် ကြိုးစားသော အသက်တိုင်းကို တိကျစွာ ရိတ်သိမ်းသွားခဲ့သည်။

​အတွေ့အကြုံရှိသော စစ်မှုထမ်းဟောင်းများက ရန်သူသည် သူတို့၏ နည်းဗျူဟာမြောက် လှုပ်ရှားမှုများကိုပင် ကြိုတင်ခန့်မှန်းနိုင်ကြောင်း ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရပြီး သူတို့ ရှောင်တိမ်းရန် လှုပ်ရှားလိုက်ချိန်မှာပင် ကျည်ဆန်များက သူတို့အပေါ်သို့ မကြာခဏ ရောက်ရှိလာတတ်သည်။

​ဆာတိုက ကုလားထိုင်ပေါ်တွင် ခွေကျနေပြီး အဝေးမှ ဆက်တိုက် ထွက်ပေါ်နေသော သေနတ်သံများကို နားထောင်နေလေသည်။

​ဘူရှီဒိုသဘောတရားကို အခိုင်အမာ ယုံကြည်သော ဤအရာရှိသည် ပထမဆုံး အကြိမ်အဖြစ် စတင် ယိမ်းယိုင်လာရတော့သည်။

(NT- ဘူရှီဒိုဆိုတာ ဂျပန်ရဲ့ စစ်သည်တော်ကျင့်ဝတ်လို့ ခေါ်ပါတယ် ....အခြေခံကျင့်ဝတ် ခုနှစ်မျိုးရှိပါတယ်.... ဖြောင့်မတ်မှန်ကန်ခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ မေတ္တာကရုဏာထားခြင်း၊ လေးစားသမှုရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာကို စောင့်ထိန်းခြင်း၊ သစ္စာရှိခြင်း.... ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေက ဘူရှီဒိုစိတ်ဓာတ်ကို အစွန်းရောက်တဲ့အထိ ပြောင်းလဲအသုံးကြခဲ့ကြပါတယ်... သူတို့ရဲ့ စစ်သားတွေကို ဧကရာဇ်အတွက် အသတ်ပေးဖို့က အမြင့်မြတ်ဆုံးလို့ ရိုက်သွင်းပေးခဲ့ပါတယ်.... ဒါကြောင့် ဂျပန်စစ်သားတွေက လက်နက်ချအရှုံးပေးတာကို အကြီးမားဆုံးအရှက်ရစရာလို့ သတ်မှတ်ထားကြပြီး အဖမ်းခံမဲ့အစား ကိုယ်ကိုယ်ကို သတ်သေတာ သို့မဟုတ် အသေခံတိုက်ခိုက်တာမျိုး လုပ်ကြပါတယ်... ဗမာကားတွေထဲပါတယ်လေ ဂျပန်စစ်သားတွေကို ဖမ်းမိတဲ့အခါ သူတို့က သတ်သေသွားတာမျိုးတွေလိုပါ..)

​စစ်မြေပြင်ရဲ့ တစ်ဖက်မှာ တကယ်တမ်း ဘာတွေ ဖြစ်သွားတာလဲ....

​ဘာလို့ ညတွင်းချင်း ဒီလောက်တောင် ကြောက်စရာ ကောင်းလာရတာလဲ....

​မိုးလင်းလာပြီး စစ်မီးခိုးငွေ့များ မပျောက်ကွယ်သေးမီမှာပင် အရင်က မကြုံဖူးသော စိတ်လှုပ်ရှားမှု တစ်ခုက စစ်မြေပြင် တစ်လျှောက် ပျံ့နှံ့နေခဲ့သည်။

​"ကျည်ထည့်... မြန်မြန်" စစ်မှုထမ်းဟောင်း ဝမ်လောင်စီ၏ အသံက ဟိန်းထွက်လာပြီး သူ၏ လက်ထဲရှိ အသစ်စက်စက် ကျည်အိမ်က ချောက်ခနဲ အသံကျယ်လောင်စွာ မြည်သွားခဲ့သည်။ "အဲဒီ မိစ္ဆာကောင်လေးတွေကို အသေအလဲ အရိုက်ခံရတဲ့ အရသာကို မြည်းစမ်းခိုင်းလိုက်...."

​တပ်သားသစ် အချို့က အလွတ်ဖြစ်နေသော ကျည်အိမ်များထဲသို့ ကျည်ဆန်များကို လျင်မြန်စွာ ထည့်သွင်းနေကြပြီး သူတို့၏ ပါးစပ်များမှာ ပြုံးရွှင်နေကြ၏။

​ယခင်က သူတို့ တစ်ယောက်စီတိုင်းတွင် ကျည်ဆန် ဆယ်တောင့်ခန့်သာ ရှိပြီး သေနတ်တစ်ချက် ပစ်လိုက်ရလျှင် သူတို့၏ နှလုံးသားများ သွေးထွက်မတတ် နှမြောခဲ့ရသည်။

​အခုတော့ရော....

​ကျည် ၃၀ ဆံ့ ကျည်အိမ် တစ်ခုလုံး ကုန်သွားဖို့လည်း မကြောက်ဘူး.....

​ခဲယမ်းကုန်သွားမှာကိုလည်း မကြောက်ရတော့ဘူး.... ပြီးတော့ ပစ်လိုက်လို့ လွဲသွားရင် ကျည်ဆန်တစ်တောင့် အလဟဿ ဖြစ်သွားမယ်ဆိုတာကိုလည်း ပူပန်နေစရာ မလိုတော့ဘူး......

​"ဒိုင်း ဒိုင်း ဒိုင်း..."

​တိကျသော ပစ်ခတ်သံများက တစ်ချက်ပြီး တစ်ချက် ပဲ့တင်ထပ်နေချေသည်။

အခန်း ၂၂၉ပြီး၏။

All Chapters