အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း (၂၃၀) အဘိုးနှင့် နှုတ်ဆက်ခွဲခွာခြင်း
ကျန်းတာပင်းက ကတုတ်ကျင်းထဲတွင် ဆောင့်ကြောင့်ထိုင်လျက် ပူလောင်နေသော သေနတ်ပြောင်းကို ကိုင်ကာ အရူးတစ်ယောက်လို ပြုံးပြီး ပြောလိုက်၏။ "သောက်ကျိုးနည်း... ဒါက နှစ်သစ်ကူးတုန်းက ဗျောက်အိုးဖောက်ရတာထက်တောင် ပိုပျော်စရာ ကောင်းသေးတယ်ကွာ... "
သူက ဂျပန်စစ်သားသုံးယောက်ကို ခလုတ်အကြာကြီး ဖိဆွဲပြီး ဆက်တိုက် ပစ်ခတ်မှု တစ်ချက်တည်းနဲ့တင် ပစ်ချနိုင်ခဲ့သည်။ ဒါက အရင်ကဆိုရင် သူ စိတ်ကူးယဉ်ကြည့်ဖို့တောင် မဝံ့ရဲခဲ့တဲ့ အရာပင်။
အကျေနပ်ဆုံး အရာကတော့ အကြီးစား ပစ်ခတ်မှုစခန်းပင် ဖြစ်သည်။
လီရွှမ်းချင်းက RPD အပေါ့စား စက်သေနတ်ကို ကိုင်တွယ်ပစ်ခတ်နေပြီး ကျည်ခါးပတ်က တချောက်ချောက်မြည်နေကာ ရှေ့သို့ ပြေးဝင်လာရန် ကြိုးစားနေသော ဂျပန်တပ်ဖွဲ့များကို မီတာ ၂၀၀ အကွာတွင် ပိတ်ဆို့ထားနိုင်ခဲ့သည်။
ဂျပန်အရာရှိတစ်ယောက်က သူ၏ ဓားကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သော်လည်း သူ မျက်နှာပြလိုက်သည်နှင့် တစ်ပြိုင်နက် ကျည်ဆန်များဖြင့် ဇကာပေါက် ဖြစ်သွားစေလေသည်။
"အဲဒါ မြင်လား...." တပ်မှူးလီက မှန်ပြောင်းကို ကိုင်ထားရင်း စိတ်လှုပ်ရှား တက်ကြွမှုများကြောင့် သူ၏ လက်များ တုန်ယင်နေခဲ့သည်။ သူက စစ်ဦးစီးချုပ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ကျွန်တော်တို့ တပ်စု တစ်စုရဲ့ ပစ်ခတ်မှုအင်အားက ဂျပန်တပ်ခွဲ တစ်ခုလုံးရဲ့ အင်အားထက်တောင် ပိုပြင်းထန်နေတယ်ဗျ..."
စစ်ဦးစီးချုပ်က သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အပြုံးများ ပြည့်နှက်နေချေသည်။
ဒါက တိုက်ပွဲ စတင်ကတည်းက သူ ပထမဆုံးအကြိမ် ပြသဖူးသည့် သက်သောင့်သက်သာ အပြုံးပင်။
ဂျပန်စစ်တပ် ထပ်မံဆုတ်ခွာသွားချိန်တွင် စစ်မြေပြင်တွင် မိုးခြိမ်းသံကဲ့သို့ အောင်ပွဲခံ အော်ဟစ်သံများ ပေါက်ကွဲထွက်လာတော့သည်။
စစ်သားများက သူတို့၏ ရင်ဘတ်များကို ထုလိုက်ကြသည်။ သူတို့၏ မျက်လုံးများ ချိုင့်ဝင်နေပြီး ယမ်းခိုးများ ဖုံးလွှမ်းနေသော်လည်း ထိုမျက်လုံးများက တောက်ပနေဆဲပင်။
"ဟီး.... ဒါက မိုက်တယ်ကွာ... သောက်ရမ်းကို မိုက်တာ..." ဝမ်လောင်စီက သူ၏ မျက်နှာပေါ်ရှိ မီးခိုးများကို သုတ်လိုက်ရာ သူ၏ ဖြူစင်သော သွားများ ပေါ်လွင်လာခဲ့သည်။ "ဂျပန်တွေကို တိုက်ရတာ ဒီလောက်တောင် အရသာရှိမှန်းသိရင် အဲဒီတုန်းက စာလုံး အနည်းငယ်လောက် ပိုသင်ခဲ့သင့်တာ..."
ကျန်းဒဲဖူလည်း သီချင်းလေး တစ်ပုဒ်ကို မညည်းဘဲ မနေနိုင်တော့ချေ။ သေနတ်ကို သုတ်နေစဉ် သူ၏ လက်ချောင်းများက အေးစက်သော သတ္တုသေနတ်ကိုယ်ထည်ကို ပွတ်သပ်သွားပြီး သူ၏ အကြည့်များက ကျန်းယဲ့ ထွက်ခွာသွားပြီဖြစ်သော အရပ်မျက်နှာဆီသို့ မသိစိတ်မှ ရောက်ရှိသွားခဲ့သည်။
ဂျပန်များ ဒုတိယအကြိမ် တိုက်ခိုက်မှု စတင်ခဲ့သည့် အချိန်သို့ ပြန်သွားကြည့်ကြပါစို့။
စစ်သားများ စိမ်းသက်နေမှုမှသည် ကျွမ်းကျင်သွားသည့် အခြေအနေသို့ ရောက်ရှိသွားသည်ကို နဂါးပြာက စောင့်ကြည့်နေခဲ့သည်။ အစပိုင်းတွင် သူတို့၏ လှုပ်ရှားမှုများက တောင့်တင်းနေခဲ့သော်လည်း ကျည်အစစ်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်ပြီးနောက် သူတို့၏ စည်းချက်ကို တဖြည်းဖြည်း ရှာတွေ့လာကာ အံ့မခန်းကျွမ်းကျင်မှုဖြင့် စတင် တိုက်ခိုက်လာနိုင်ခဲ့ကြသည်။
စစ်သားအချို့က ကျည်ဆန်များကို နှမြောနေပြီး သူတို့၏ ပစ်ခတ်မှုအင်အားကို ထိန်းချုပ်နေကြသည်ကို နှင်းခဲဓားက သတိပြုမိသွားသဖြင့် သူက အော်ဟစ်လိုက်လေသည်။ "ကျည်ဆန်တွေကို နှမြောမနေနဲ့... ခဲယမ်းတွေ အများကြီး ရှိတယ်။ တစ်ချက် လွဲသွားရင် ရန်သူ လဲကျသွားတဲ့အထိ နောက်ထပ် နှစ်ချက် ထပ်ပစ်။ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ...."
မကြာမီမှာပင် စစ်သားများက လွတ်လပ်စွာ တိုက်ခိုက်နိုင်လာကြပြီး သေနတ်သံများက တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့သည်။
နဂါးပြာက စစ်သားများ တိုက်ပွဲ အရှိန်ရလာသည်ကို စောင့်ကြည့်ပြီးနောက် တပ်မှူးလီဘက်သို့ လှည့်ကြည့်လိုက်၏။
ထို့နောက် သူတို့ အဖွဲ့က စစ်ဆင်ရေး ဌာနဆီသို့ တိတ်တဆိတ် ပြန်သွားခဲ့ကြသည်။
ရှေ့တန်း ကွပ်ကဲရေးစခန်းအတွင်း ရေနံဆီမီးခွက်က ရှည်လျားပြီး တိုတောင်းသော အရိပ်များကို ကျရောက်နေစေခဲ့သည်။
နဂါးပြာက ဖြန့်ထားသော မြေပုံကို လက်ညှိုးထိုးပြပြီး သူ၏ လက်ချောင်းထိပ်များက ကွေ့ကောက်နေသော ခံစစ်မျဉ်း တစ်လျှောက် ရွေ့လျားသွားခဲ့သည်။ "ကျွန်တော်တို့ တပ်မဌာနချုပ်ဆီကို အခုချက်ချင်း ထွက်ခွာရမယ်။ ကျန်းယဲ့ရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်တဲ့ စွမ်းရည်က ဂျပန်တွေရဲ့ လေကြောင်း ကင်းထောက်မှုကို ရှောင်ကွင်းနိုင်တယ်..."
တပ်မှူးလီက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... တခြားနေရာက ညီအစ်ကိုတွေကို သွားကူညီရမယ့် အချိန်ရောက်ပြီ..."
စစ်ဦးစီးချုပ်ရွှီက ရုတ်တရက် စကားပြောလာပြီး သူ၏ အသံက ဩရှရှ ဖြစ်နေချေသည်။ "မင်းတို့က လေဆိပ်ကို ဗုံးကြဲနိုင်တယ်ဆိုတော့ မြစ်ထဲက ဂျပန် စစ်သင်္ဘောတွေကိုပါ ဖျက်ဆီးပစ်နိုင်မယ့် နည်းလမ်းများ ရှိမလား..."
ကျန်းယဲ့နှင့် အခြားသူများကို ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခု ပါဝင်နေ၏။ "အဲဒီ ရေတပ် အမြောက်တွေက နေ့တိုင်း ငါတို့ကို ပစ်ခတ်နေတာ... ညီအစ်ကိုတွေ ပုန်းစရာ နေရာတောင် မရှိတော့ဘူး"
သူ စကားပြောနေစဉ် သံမဏိလို စိတ်ဓာတ်ရှိသော စစ်ဦးစီးအရာရှိ၏ အသံက တိုးဝင်သွားရသည်။
သူတို့ အရမ်းကို စိတ်ပျက်နေကြပြီ ဖြစ်၏။
လက်နက်ကြီးတွေ ဒါမှမဟုတ် တာဝေးပစ် အမြောက်ကြီးတွေ မရှိဘဲနဲ့ သူတို့က ဂျပန်စစ်သင်္ဘောတွေ မောက်မာစွာ သွားလာနေတာကို မျှော်လင့်ချက်မဲ့စွာ ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ချေ။
စစ်သားအများအပြားဟာ ရန်သူဆီကို သေနတ်တစ်ချက်မှ မပစ်လိုက်ရဘဲ အသက်ဆုံးရှုံးခဲ့ရ၏။
ဤကဲ့သို့ အကူအညီမဲ့နေသော ခံစားချက်က လူတိုင်း၏ နှလုံးသားအပေါ် ဖိကျနေသည့် ဧရာမ ကျောက်တုံးကြီး တစ်တုံးနှင့် တူနေခဲ့သည်။
ကွပ်ကဲရေးခန်းမ တိတ်ဆိတ်သွားပြီး အရာရှိများ အားလုံးက အထူးတပ်ဖွဲ့ဝင်များကို မျှော်လင့်တကြီး ကြည့်နေခဲ့ကြသည်။
နဂါးပြာနှင့် ကျန်းယဲ့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဩရှရှ အသံဖြင့် ပြောလိုက်၏။ "ဒါက အစီအစဉ်ရဲ့ နောက်တစ်ဆင့် အတိအကျပါပဲ။ ဝူရှီးခိုကနေ xx အပိုင်းအထိ ရှိတဲ့ ဂျပန် သင်္ဘောတွေ အားလုံးက ချေမှုန်းရမယ့် စာရင်းထဲမှာ ပါပါတယ်"
သူက ယန်ဇီမြစ်ဝကို လက်ညှိုးဖြင့် ထုကာ ပြောလိုက်လေသည်။ "ဒီသံမှိုတွေကို နုတ်ပစ်လိုက်မှ ကျွန်တော်တို့ရဲ့ စစ်တပ်က ညီအစ်ကိုတွေ လက်ချည်းသက်သက်နဲ့ တိုက်ခိုက်လို့ ရမှာ..."
"ကောင်းတယ်.. ကောင်းတယ်..." တပ်မှူးလီက တံခါးပေါက်ဘက်သို့ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။ "ချက်ချင်း သွားပို့ဖို့ ငါ ကားတစ်စီး စီစဉ်လိုက်မယ်..."
"မလိုပါဘူး.." ကျန်းယဲ့က အချိန်မီ တားလိုက်၏။ "ကျွန်တော်တို့ဆီမှာ မြေပြင်အခြေအနေစုံ သုံးလို့ရတဲ့ မော်တော်ဆိုင်ကယ်တွေ ရှိတယ်။ အဲဒါတွေက ပိုပြီး လှုပ်ရှားရ လွယ်ကူတယ်။ အခု ကျွန်တော်တို့ လိုအပ်တာက လမ်းအခြေအနေကို ကျွမ်းကျင်တဲ့ လမ်းပြတစ်ယောက်ပဲ..."
စနစ်က ထုတ်လုပ်ပေးသော မော်တော်ဆိုင်ကယ်များက ကမ္ဘာမြေပေါ်တွင် သူတို့ ဝယ်နိုင်သည့် အရာများထက် ပိုကောင်းချေသည်။
"သောက်ကျိုးနည်း..." စစ်ဦးစီးချုပ်ရွှီက သူ၏ ခါးပတ်ကို ချက်ချင်း ကောက်ဆွဲလိုက်၏။ "ဒီနားတစ်ဝိုက်က မြေမျက်နှာသွင်ပြင်ကို ငါ မျက်လုံးမှိတ်ပြီးတောင် ဆွဲပြလို့ ရတယ်ကွ..."
ကွပ်ကဲရေးစခန်း အပြင်ဘက်ရှိ အပျက်အစီးများကြားတွင် ကျန်းယဲ့နှင့် ကျန်းဒဲဖူတို့က မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။
မီးကျွမ်းနေသော မြေကြီးနံ့များကို သယ်ဆောင်လာသည့် ညလေပြင်းက တိုက်ခတ်သွားပြီး သူတို့၏ အဝတ်စွန်းများကို လှုပ်ခတ်သွားစေလေသည်။
ကျန်းယဲ့က အိတ်ကပ်ထဲမှ ကတ်ပြားစွပ်ထားသော ဓာတ်ပုံကို ထုတ်ကာ ဂရုတစိုက် ကမ်းပေးလိုက်၏။
လရောင်အောက်တွင် ဓာတ်ပုံထဲ၌ ဆံပင်အဖြူများနှင့် ကျန်းယိုဖူက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ အပြုံးက နွေဦးရာသီလို နွေးထွေးနေချေသည်။
"အဘိုး......" ကျန်းယဲ့၏ အသံက အားယူနေခဲ့ရသည်။ "အဘိုးနဲ့ ဘေးမကြီးတို့က အဘိုးအိမ်ပြန်လာမယ့် အချိန်ကို စောင့်နေကြတာ။ အဘိုး သေချာပေါက် အသက်ရှင်ရမယ်နော်။ ကျန်းကျန်းမာမာနဲ့ အသက်ရှင်လျက် ပြန်လာခဲ့ပါ..."
ကျန်းဒဲဖူ၏ ကြမ်းတမ်းသော လက်ချောင်းများက ဓာတ်ပုံကို ပွတ်သပ်ရင်း တုန်ယင်နေပြီး သူ၏ လက်ချောင်းထိပ်များက ညီငယ်၏ ပြုံးနေသော မျက်နှာပေါ်တွင် အချိန်အတော်ကြာ ရစ်ဝဲနေချေသည်။
နှစ်ရှစ်ဆယ်ကြာ စစ်ပွဲများက ဤအချိန်၌ သူ၏ လက်ဖဝါးထဲသို့ ပြိုကျလာကာ သူ၏ နှလုံးသားကို နာကျင်စွာ လောင်ကျွမ်းနေစေခဲ့သည်။
"တခြား အဘိုးတွေ အတွက်ကတော့..." ကျန်းယဲ့၏ အသံတွင် နောင်တရမှု အရိပ်အယောင်တစ်ခု ပါဝင်နေ၏။ "ကျွန်တော့်ကိုယ်စား တောင်းပန်ပေးပါ။ အချိန်က ကပ်နေတော့ သူတို့ အားလုံးဆီကို ကျွန်တော် သွားမတွေ့နိုင်တော့ဘူး...."
ကျန်းဒဲဖူက သူ၏ လက်ကို ဖမ်းဆုပ်လိုက်၏။ ငါးနှစ်ကြာ သေနတ်ကိုင်လာခဲ့သော လက်ဖြစ်၍ မာကျောပြီး နာကျင်နေသော်လည်း နွေးထွေးမှုများ လောင်ကျွမ်းနေချေသည်။ "အရူးကောင်လေး... ကျန်းမိသားစုမှာ မင်းလို သားကောင်းရတနာလေး တစ်ယောက် ထွက်ပေါ်လာတယ်ဆိုတာ သူတို့ သိရင် အိပ်မက်ထဲမှာတောင် ရယ်နေကြမှာပေါ့..."
အဝေးမှ မော်တော်ဆိုင်ကယ် အင်ဂျင်သံများ ထွက်ပေါ်လာပြီး နဂါးပြာက သွားရန် လက်ဟန်ပြနေခဲ့သည်။
နောက်ခဏ၌ ကျန်းဒဲဖူက သူ၏ လည်ပင်းမှ အဆောင်ကို ရုတ်တရက် ဆွဲဖြဲလိုက်သည်။ ၎င်းမှာ ကျည်ဆန်ဖောက်ဝင်ထားသော ကြေးဒင်္ဂါးပြားတစ်ဝက်ဖြစ်ပြီး ကျန်းယဲ့၏ လက်ဖဝါးထဲသို့ အတင်း ထည့်ပေးလိုက်၏။ "ရော့ ယူထား... ငါတို့ရဲ့ ဘိုးဘေးတွေ မင်းကို စောင့်ရှောက်ပါစေ..."
"ဟုတ်ကဲ့..." ကျန်းယဲ့က ခေါင်းကို အားပါးတရ ညိတ်လိုက်ပြီး သူ၏ ကိုယ်ငွေ့များ ကျန်ရှိနေသေးသော ကြေးဒင်္ဂါးပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
သူ နောက်လှည့်ကာ ဆိုင်ကယ်ပေါ် တက်လိုက်ချိန်တွင် သူ၏ အဘိုးဖြစ်သူကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်လေသည်။
စစ်မီးခိုးငွေ့များကြားတွင် ရပ်နေသော ပုံရိပ်လေးက စံကိုက်ဆုံး စစ်သား အလေးပြုခြင်းဖြင့် လက်ကို မြှောက်ထားခဲ့သည်။
ထို့နောက် မော်တော်ဆိုင်ကယ် နှစ်ဆယ့်ခြောက်စီးက ညအမှောင်ကို သံမဏိမြားများလို ထိုးခွဲသွားကြသည်။
ကျန်းဒဲဖူက နောက်မီးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ သူ၏ မျက်နှာကို သုတ်ရန် လက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းထိပ်များက အေးစက်ပြီး စိုစွတ်နေသော နေရာတစ်ခုကို ထိမိသွားလေသည်။
"ဂရုစိုက်သွားပါ ကလေးရေ..."
ကျန်းယဲ့နှင့် သူ၏ အဖွဲ့က ညအမှောင်ကို အကာအကွယ်ယူကာ တပ်မ ဌာနချုပ်ဆီသို့ လျင်မြန်စွာ ချီတက်သွားကြသည်။
အချိန်တွေက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးနေ၏။
အခု သူတို့မှာ ၃၉ နာရီပဲ ကျန်တော့ပေသည်။
ထို ၃၉ နာရီအတွင်းမှာ သူတို့က ခက်ခဲကြမ်းတမ်းတဲ့ တာဝန်နှစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်၏။
ပထမအချက်... လက်ထဲတွင် ရှိသော ထောက်ပံ့ရေး ပစ္စည်းများကို တပ်မဌာနချုပ်သို့ ဘေးကင်းစွာ ပို့ဆောင်ရမည်ဖြစ်ပြီး ရှေ့တန်းရှိ လူများ၏ အသက်အန္တရာယ်အတွက် အရေးပါသော ဤပစ္စည်းများကို စစ်သားများထံ အမြန်ဆုံး ပို့ဆောင်နိုင်ရန် အရင်းအမြစ်များကို ညှိနှိုင်း ခွဲဝေရာတွင် စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချရမည်။
ဒုတိယအချက်.... ရန်သူ၏ ရေတပ်လက်ရုံးကို တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်ရန် ဟွမ်ဖူမြစ်တွင် ကျောက်ချထားသော ဂျပန် ကွပ်ကဲရေး သင်္ဘောနှင့် ဝူစုန်းခိုတွင် နေရာယူထားသော ဖျက်သင်္ဘော အုပ်စုကို တိကျစွာ ဖျက်ဆီးရန် ကျန်ရှိသော အချိန်အတွင်း အသေးစိတ် စစ်ဆင်ရေး အစီအစဉ် တစ်ခုကို ရေးဆွဲရမည်။
မော်တော်ဆိုင်ကယ်ယာဉ်တန်းက ပျက်စီးနေသော လမ်းတစ်လျှောက် အရှိန်ပြင်းစွာ မောင်းနှင်သွားကြပြီး ဘီးများက အမြောက်ဆန်ကျင်းများကို ဖြတ်သန်းသွားစဉ် ဖုန်တိမ်တိုက်များကို လွင့်စင်သွားစေခဲ့သည်။
စစ်ဦးစီးချုပ်ရွှီက ရှေ့မှ အမှောင်ထု၏ အကြမ်းဖျင်း ပုံစံကို စူးစိုက်ကြည့်ကာ ရုတ်တရက် ကျန်းယဲ့၏ ပခုံးကို ဖမ်းဆွဲလိုက်၏။ "အရှိန်လျှော့... ရှေ့မှာက ပါ့ဇီ တံတားပဲ။ ဂျပန်တွေက အဲဒီကို ညတိုင်း ကင်းလှည့်တပ်တွေ လွှတ်လေ့ရှိတယ်..."
တစ်ချိန်တည်းမှာပင် နဂါးပြာ၏ ညကြည့် မှန်ပြောင်းတွင် မှိတ်တုတ်မှိတ်တုတ် အလင်းရောင် အချို့ ပေါ်လာဆခသည်။ "၁၁ နာရီ တည့်တည့်မှာ ဂျပန် ကင်းလှည့်တပ်... စစ်ခွေးတွေနဲ့ လူဆယ့်နှစ်ယောက် ပါတယ်..."
သူက အမြန်အချက်ပြလိုက်ရာ ယာဉ်တန်းတစ်ခုလုံး ချက်ချင်း အင်ဂျင်ပိတ်လိုက်ပြီး တစ္ဆေများလို လမ်းဘေးအပျက်အစီးများ၏ အရိပ်ထဲသို့ လျှောဆင်းသွားကြသည်။
စစ်ဦးစီးချုပ်ရွှီက သူ၏ အသံကို နှိမ့်လိုက်၏။ "ငါတို့ လုံဟွာလမ်းကနေ ကွေ့သွားရမလား။ ဆယ်မိုင်လောက် ပိုဝေးသွားမယ် ဆိုပေမယ့်..."
"အဲဒီလို လုပ်စရာ မလိုပါဘူး..." နဂါးပြာက နည်းဗျူဟာမြောက် တက်ဘလက်ကို ဆွဲဖွင့်လိုက်၏။ "အနောက်မြောက်ဘက်မှာ စွန့်ပစ်ထားတဲ့ မြစ်ကြမ်းပြင်တစ်ခု ရှိတယ်လို့ ဒရုန်းက ပြနေတယ်။ အဲဒီမှာ ဘယ်သူမှ မရှိဘူးဆိုတော့ ငါတို့ အဲဒီကနေ တိုက်ရိုက် ဖြတ်သွားလို့ ရတယ်..."
သူက ကျန်းယဲ့ကို လှည့်ကြည့်လိုက်၏။ "မစ်ရှင်က ပထမပဲ"
ကျန်းယဲ့က ခေါင်းညိတ်လိုက်လေသည်။ "လမ်းလွှဲသွားကြတာပေါ့..."
အခန်း ၂၃၀ပြီး၏။