အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း (၂၃၁) စစ်ကူတွေ ရောက်လာပြီ
ငြင်းခုံမှု မရှိသလို တုံ့ဆိုင်းနေမှုလည်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ လူတိုင်းက ခိုင်မာသော စည်းမျဉ်းတစ်ခုကို နားလည်ထားသောကြောင့်ပင်။ ထိုအရာကတော့ ရန်သူကို နှိမ်နင်းခြင်းထက် တာဝန်က ပို၍ အရေးကြီးသည်ဆိုသည့် အချက်ပင်။
ဒီရန်သူတွေကို ပိုသတ်လိုက်ရုံဖြင့် စစ်ပွဲ၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
သို့သော် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါက တစ်ပွဲလုံး အသက်ဝင်လာမည် ဖြစ်၏။
အထူးတပ်ဖွဲ့ဝင်ငါးဆယ်က မော်တော်ဆိုင်ကယ်များကို ညီညာစွာ တွန်းသွားကြပြီး တိတ်ဆိတ်သော ဘီးများက အပျက်အစီးများကြားတွင် ဖြတ်သန်းသွားစဉ် တိုးညင်းသော အသံကိုသာ ထွက်ပေါ်စေခဲ့သည်။
စစ်ဦးစီးချုပ်ရွှီသည် ဤအနာဂတ်စစ်သည်များသည် ညဘက် လှည့်လည်သွားလာတတ်သော ဇီးကွက်များထက်ပင် ပိုမိုသွက်လက်ပြီး စစ်ခွေးများကိုပင် အနှောင့်အယှက် မဖြစ်စေသည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။
ဂျပန်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသွားချိန်တွင် အသေခံတပ်သားများ၏ ရယ်မောသံများနှင့် ဂျပန်စစ်သားများ၏ အော်ဟစ်သံများကို သဲ့သဲ့မျှ ကြားနေရဆဲ ဖြစ်သည်။
ချွန်ထက်သော အစွန်း၏ စနိုက်ပါ မှန်ပြောင်းက အလုပ်သမားများကို ရိုက်နှက်နေသော ဂျပန်တပ်ကြပ်ကို ချိန်ရွယ်ထားသော်လည်း ခလုတ်ပေါ်ရှိ လက်ချောင်းက တဖြည်းဖြည်း ပြန်လွတ်သွားခေသည်။
“သွားကြစို့...” နဂါးပြာက အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံသာ ပြောလိုက်၏။ “သူတို့ရဲ့ အသက်တွေက ယန်ဇီမြစ်ထဲက စစ်သင်္ဘောတွေလောက် တန်ဖိုးမရှိဘူး...”
ယာဉ်တန်းသည် ရေအောက်ရေစီးကြောင်းတစ်ခုလို ပိတ်ဆို့မှုကို ရှောင်ကွင်းသွားခဲ့သည်။ အဝေးပြေးလမ်းမပေါ်သို့ ပြန်ရောက်သောအခါ စစ်ဦးစီးချုပ် ရွှီက နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ ဂျပန်ကင်းစခန်း၏ ရှာဖွေရေး မီးရောင်များက လူသူကင်းမဲ့နေသော အဝေးပြေးလမ်းမပေါ်တွင် ဖြတ်သန်းထိုးလင်းနေဆဲ ဖြစ်၏။
တကယ်ကို ထက်မြက်သော ဓားတစ်လက်သည် ဆွေးမြေ့နေသော သစ်သားပေါ်တွင် ဘယ်တော့မှ အလဟဿ အသုံးမချခံရချေ။
(NT- ကျန်းယဲ့ရဲ့အဖွဲ့က ဂျပန်စစ်သားတွေကို မတိုက်ခိုက်ပဲ အရေးကြီးတဲ့ တာဝန်ကိုသာ ဦးစားပေးတဲ့အတွက် တင်စားပြောခြင်းဖြစ်ပါတယ်..)
ဆိုင်ကယ်ယာဉ်တန်းသည် ပျက်စီးနေသော လမ်းများတစ်လျှောက် တိတ်ဆိတ်စွာ ရွေ့လျားလာပြီး တပ်မ ဌာနချုပ် တည်ရှိရာနေရာသို့ ရောက်ခါနီးတွင် ရှေ့မှ ညကောင်းကင်ယံက မျက်စိကျိန်းလောက်သော အလင်းဖြူတစ်ခုကြောင့် ရုတ်တရက် လင်းထိန်သွားခဲ့သည်။
“ဒါ ရေတပ် အမြောက်တွေပဲ...” စစ်ဦးစီးချုပ် ရွှီက ကျန်းယဲ့၏ စစ်ဝတ်စုံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ “အသံကို ကြည့်ရတာ အီဇူမိုရဲ့ အမြောက်ကြီးတွေ ဖြစ်ရမယ်။ လင်းကျည်တွေ တက်လာပြီ။ ဂျပန်တွေ ညဘက် တိုက်ခိုက်တော့မယ်”
နားကွဲမတတ် ပေါက်ကွဲသံများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး ပြင်းထန်သော သေနတ်သံများ၊ သတ်ဖြတ်ရန် အော်ဟစ်သံများနှင့် ရောယှက်နေ၏။
နဂါးပြာ ထိန်းချုပ်ထားသော ဒရုန်းက ပုံရိပ်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့နေလေသည်။ နေရှင်နယ်လစ်တပ်မတော်၏ တပ်စွဲထားသော နေရာများက ရေတပ်အမြောက်များ၏ ပစ်ခတ်မှုအောက်တွင် ရုန်းကန်နေရပြီး ဂျပန်တပ်များက ကာကွယ်ရေးမျဉ်း ပေါက်ကွဲသွားသော နေရာသို့ ဒီရေလှိုင်းများလို ဝင်ရောက်လာခဲ့ကြသည်။
“ကျစ်...” ချွန်ထက်သော အစွန်းက မော်တော်ဆိုင်ကယ်လက်ကိုင်ကို လက်သီးဖြင့် ထုလိုက်၏။ “သူတို့ ဝိုင်းခံရတော့မယ်”
စစ်ဦးစီးချုပ်ရွှီက သွားကို တင်းတင်းကြိတ်ထားရာ သူ၏ လက်ဖဝါးများမှ သွေးများပင် စိမ့်ထွက်လာခဲ့သည်။ “ငါတို့ သွားလို့ မဖြစ်ဘူး။ တပ်မဌာနချုပ်က စောင့်နေသေးတယ်...”
“ငါတို့ ရောက်ပြီ...” နဂါးပြာက ဒရုန်းကို ရုတ်တရက် ပိတ်လိုက်၏။ “နှင်းခဲဓား.... ပထမအဖွဲ့ကို ဦးဆောင်ပြီး ကုန်းမြင့်ကို သိမ်းယူ။ သံတံတိုင်း.... ဒုတိယအဖွဲ့က ဘယ်ဘက်ကနေ ညှပ်တိုက်”
သူက စစ်ဦးစီးချုပ် ရွှီဘက်သို့ လှည့်ကာ “ဒီဂျပန်တွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ဆယ်မိနစ်ဆို လုံလောက်ပါတယ်” ဟု ပြောလိုက်လေသည်။
နှင်းခဲဓားသည် သူ၏ စနိုက်ပါ ရိုင်ဖယ်ကို ကျွမ်းကျင်စွာ စစ်ဆေးလိုက်ပြီးနောက် စိုးရိမ်ပူပန်နေသော စစ်ဦးစီးချုပ်ရွှီကို အေးစက်စက် ပြုံးပြလိုက်၏။ “မပူပါနဲ့။ ကျွမ်းကျင်တဲ့ သားသတ်သမားတစ်ယောက်က နွားတစ်ကောင်ကို အပိုင်းပိုင်း ခုတ်ထစ်သလိုမျိုးပဲ ကျွန်တော်တို့က အရာရှိတွေနဲ့ လက်နက်ကြီး တပ်စွဲထားတဲ့ နေရာတွေကို ပစ်မှတ်ထားမှာပါ...”
နောက်ခဏ၌ လူရိပ်ငါးဆယ်က အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားချေသည်။
တစ်ချိန်တည်းမှာပင် နေရှင်နယ်လစ်တပ်မတော်၏ တပ်စွဲထားသော နေရာများတွင် သေနတ်သံများ မရပ်မနား ထွက်ပေါ်နေပြီး ကတုတ်ကျင်းများထဲတွင် မီးခိုးများ ဖုံးလွှမ်းနေကာ ညအချိန်တွင် ကျည်ဆန်များက မီးပွားများ ထွက်ပေါ်လျက် အပြန်အလှန် ပစ်ခတ်နေခဲ့ကြသည်။
“တောင့်ထား။ ငါ့အတွက် တောင့်ထားကြ....” တပ်ခွဲမှူး၏ အက်ကွဲနေသော ဟစ်အော်သံက ပေါက်ကွဲသံများကြားတွင် ပြတ်တောက်သွားပြီး နောက်တစ်စက္ကန့်တွင် သင်္ဘောအမြောက်များ၏ ဟိန်းဟောက်သံများအောက်တွင် ဝါးမျိုခံလိုက်ရသည်။
ကတုတ်ကျင်းများသည် အသက်ရှင်လျက် ငရဲခန်းတစ်ခု ဖြစ်လာချေသည်။
တပ်သားသစ် ရှောင်လီ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်နှင့် သူ၏ ဆောင်းဦးထုပ်က ကျည်ဆန်ထိမှန်ကာ လွင့်စင်သွားပြီး ပူနွေးနေသော ဦးနှောက်အစအနများက ဝမ်လောင်အာ၏ မျက်နှာတစ်ခုလုံးကို စင်သွားခဲ့သည်။
နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော ဤစစ်မှုထမ်းဟောင်းက သူ၏ မျက်နှာကို သုတ်ရန်ပင် ဂရုမစိုက်နိုင်တော့ချေ။ သူ၏ လက်များက အရမ်းတုန်ရီနေသဖြင့် မောင်းပြန်ကိုပင် ပြန်ဆွဲ၍ မရတော့ဘဲ ကျည်ဆန်များလည်း ကုန်သွားပြီ ဖြစ်၏။
“ခဲယမ်းတွေ။ ဘယ်သူ့ဆီမှာ ကျည်ဆန် ရှိသေးလဲ...” ဒုတိယတပ်ကြပ်ကြီးက သူ၏ ကျိုးနေသော ခြေထောက်ကို ရွှံ့ဗွက်များကြားတွင် ဆွဲကန်နေပြီး ပေါက်ပြဲနေသော ဝမ်းဗိုက်မှ အူများ ထွက်ကျနေကာ ခြေလှမ်းတိုင်းတွင် အနီရောင် ရင့်ရင့် သွေးကွက်များကို ချန်ရစ်ထားခဲ့သည်။
ဆယ့်ခုနစ်နှစ်အရွယ် နှဲခရာသမားလေးက သဲအိတ်တစ်ခုပေါ်တွင် မှောက်လျက်သားဖြစ်နေပြီး သူ၏ ရင်ဘတ်တွင် ကျည်စသုံးခု စိုက်ဝင်နေသော်လည်း သေနတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ပြောင်းဝကို ရှေ့သို့ ချိန်ရွယ်ထားဆဲပင်။
မက်ဆင်စက်သေနတ်က ရုတ်တရက် ပစ်ခတ်မှု ရပ်တန့်သွား၏။
စက်သေနတ်သမားကျန်းဟူသည် နားထင်ကို ကျည်ဆန်ထိမှန်သွားပြီး သူ၏ ခေါင်းတစ်ခြမ်းက ပူလောင်နေသော သေနတ်ပြောင်းဝပေါ်သို့ ပြုတ်ကျသွားကာ တရှဲရှဲ မြည်သံနှင့်အတူ တူးခြစ်နေသော အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။
အကူသေနတ်သမားက မျက်လုံးများ နီရဲလျက် ရှေ့သို့ ခုန်တက်သွားသော်လည်း သေနတ်ကိုင်နေရာကို ဆုပ်ကိုင်လိုက်သည်နှင့် လက်ပစ်ဗုံးပစ်လောင်ချာကြောင့် လွင့်စင်သွားကာ သူ၏ ပြတ်တောက်သွားသော ခြေလက်အင်္ဂါများက တွန့်လိမ်နေသော သေနတ်တပ်ဆင်ထားသည့် နေရာတွင် တွဲလောင်းကျနေချေသည်။
“ကျစ်...” ဝမ်လောင်အာက ဟစ်အော်ကာ ပြေးသွားပြီး သွေးထွက်ကာ စုတ်ပြတ်နေသော လက်များဖြင့် စက်သေနတ် လက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
ပူလိုက်တာ.....
သူ၏ လက်ဖဝါးမှ အဖြူရောင် မီးခိုးများ ချက်ချင်း ထွက်ပေါ်လာသော်လည်း သူ နာကျင်မှုကို မခံစားရချေ။
“ဒဒဒ...”
စက်သေနတ်ကြီးများ ပြန်လည် ဟိန်းဟောက်လာပြီး ဂျပန်တပ်များကို ခေတ္တမျှ ဆုတ်ခွာသွားစေခဲ့သည်။
သို့သော် မကြာမီမှာပင် ခဲယမ်းကြိုးက ရုတ်တရက် ကုန်ဆုံးသွားလေသည်။
“ခဲယမ်းတွေ။ ခဲယမ်းတွေ မြန်မြန် ပို့ပေးကြ...” ဝမ်လောင်အာက ဘေးရှိ ခဲယမ်းသေတ္တာကို ရူးသွပ်စွာ ကန်လိုက်၏။
ဗလာ... လုံးဝကို ဗလာဖြစ်နေခဲ့သည်။
လင်းကျည်များ တက်လာသည်နှင့်အမျှ ဂျပန်စစ်သားများ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများကို ရှင်းလင်းစွာ မြင်တွေ့လာရလေသည်။
(NT-လင်းကျည်ဆိုတာက မီးကျည်ပုံစံပါ... သူက ညဖက်တိုက်ခိုက်တဲ့အခါတွေမှာ ရန်သူတွေကိုမြင်ရအောင် ကောင်းကင်ပေါ်ကို ပြစ်တင်လိုက်ရင် နေ့ခင်းဘက်လို လင်းထိန်သွားစေပါတယ်...)
ဝမ်လောင်အာက သူ့ပတ်ဝန်းကျင်တွင် လဲကျနေသော ညီအစ်ကိုများကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်၏။
ထို့နောက် သူက သင်တုန်းဓားကြီးတစ်လက်ကို ကောက်ယူလိုက်ပြီး လက်တွင် ပတ်တီးများဖြင့် တင်းကျပ်စွာ ပတ်ချည်လိုက်သည်။
“လာစမ်း.... မင်းတို့ ခွေးကောင်တွေ” သူက ကတုတ်ကျင်းအစွန်းသို့ ယိမ်းယိုင်စွာ သွားလိုက်၏။ “အဘိုးက မင်းတို့ကို အဓိပ္ပာယ်ဆိုတာ ဘာလဲဆိုတာ သင်ပေးမယ်...”
“ဖတ်....”
ရင်ဘတ်ကို လှံစွပ်ဖြင့် ထိုးဖောက်လိုက်သည့် တုံးတိတိအသံ.....
ဝမ်လောင်အာက သွေးများ စုပ်ယူထားသော ဓားသွားကို ငုံ့ကြည့်လိုက်ပြီး ဓားမကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။
‘ငါ သေတော့မှာလား.....’
သူ့မိသားစု အိမ်ဟောင်း ခြံဝန်းထဲက ဆီးပင်ကို မပီဝိုးဝါး မြင်လိုက်ရပြီး သူ၏ ဇနီးသည်က ခြင်းတောင်းထဲတွင် အနီရောင်ဆီးသီးများ ပြည့်နေစေရန် ခြေဖျားထောက်ကာ ဆီးသီးများ ခူးနေသည်ကို မြင်ယောင်လာလေသည်။
ထိုအချိန်မှာပင်....
“ဘုန်း....”
ဂျပန်တပ်များ၏ အနောက်ဘက်တွင် မီးလုံးတစ်လုံး ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် တိကျသော ပစ်ခတ်မှုများက ပဲစေ့များ ပေါက်ကွဲသလို မြည်ဟည်းလာပြီး ချီတက်လာသော ဂျပန်စစ်သားများ အတုံးအရုံး လဲကျသွားကြချေသည်။
ဝမ်လောင်အာသည် ကတုတ်ကျင်းထဲသို့ အရှိန်ပြင်းပြင်းဖြင့် နောက်ပြန် လဲကျသွားခဲ့သည်။ သူ၏ မှုန်ဝါးနေသော အမြင်အာရုံထဲတွင် သူတစ်ခါမှ မမြင်ဖူးသော လက်နက်များဖြင့် အသက်များကို ရိတ်သိမ်းနေသည့် တစ္ဆေလို လူရိပ်အချို့ကို ဝိုးတဝါး မြင်လိုက်ရ၏။
‘စစ်ကူတွေ... ရောက်လာပြီလား...’
သူ ရှင်းရှင်းလင်းလင်း မြင်ရရန် ကြိုးစားသော်လည်း သွေးများက သူ၏ အမြင်အာရုံကို မှုန်ဝါးနေစေခဲ့သည်။
ထို့နောက် ဝမ်လောင်အာ၏ အသိစိတ်က အမှောင်ထုထဲတွင် နစ်မြုပ်သွားပြီး သူ၏ နားထဲတွင် တစ်ခါမှ မကြားဖူးသော.... အလွန်တရာ ထိုးဖောက်နိုင်စွမ်းရှိသည့် သေနတ်သံမျိုးကို ကြားနေရသည်။
အဆိုပါ အသံက သူတို့၏ ရိုင်ဖယ်များလို တုံးတိတိ မဖြစ်သလို ဂျပန်အမျိုးအစား ၃၈ ရိုင်ဖယ်လိုလည်း မစူးရှချေ။ ၎င်းက အေးစက်သော သတ္တုသံ ပါဝင်ပြီး တိုတောင်းကာ အားကောင်းသော ပေါက်ကွဲသံ ဖြစ်၏။
“ဒဒ.... ဒဒဒ”
တိကျသော သုံးချက်ဆက် ပစ်ခတ်မှုတိုင်းက သေမင်းတံစဉ်လိုပင် ဖြစ်ပြီး ပစ်ချက်တိုင်းတွင် ဂျပန်စစ်သားများ၏ စူးရှသော အော်ဟစ်သံများ ပါဝင်နေခဲ့သည်။
ရူးသွပ်စွာ ချီတက်လာခဲ့ကြသော ဂျပန်တပ်များက မျက်စိဖြင့် မမြင်နိုင်သော နံရံတစ်ခုကို ဝင်တိုက်မိသလို ဖြစ်သွားပြီး အတုံးအရုံး လဲကျသွားကြရသည်။
“အရူးတွေ .... ဘေးဘက်။ ဘေးဘက်မှာ ရန်သူတွေ...” ဂျပန်တပ်ကြပ်တစ်ယောက်က စကားပြောရုံရှိသေး သူ၏ ခေါင်းက မှည့်နေသော ဖရဲသီးတစ်လုံးလို ပေါက်ကွဲသွား၏။
နဂါးပြာသည် အပျက်အစီးများကြားတွင် တစ္ဆေတစ်ကောင်လို အရှိန်အဟုန်ဖြင့် ရွေ့လျားသွားလေသည်။
သူ၏ QBZ-191 ချေမှုန်းရေးရိုင်ဖယ်က မီးတောက်များကို ဆက်လက်မှုတ်ထုတ်နေပြီး ပစ်ခတ်မှုတိုင်းက ဂျပန်စစ်သားတစ်ယောက်ကို တိကျစွာ လဲကျစေခဲ့သည်။
အပူချိန်ပြမှန်ပြောင်းများက အမှောင်ထုကို အကာအကွယ်မှနေ၍ အမဲလိုက်ရန် အကောင်းဆုံး စင်မြင့်အဖြစ် ပြောင်းလဲပေးနေချေသည်။
“ချွန်ထက်သောအစွန်း.. စက်သေနတ်ကြီး တပ်စွဲထားတဲ့ နေရာတွေကို ရှင်းပစ်လိုက်..”
“လက်ခံရရှိပါတယ်...”
အဝေးရှိ ဂျပန် Type 92 စက်သေနတ်ကြီး တပ်စွဲထားသော နေရာမှ ပစ်ခတ်ပြီး သုံးစက္ကန့်မပြည့်မီမှာပင် မီးတောက်များ ထွက်ပေါ်နေသော RPG-7 ဒုံးကျည်တစ်စင်းက ပစ်မှတ်ကို တိကျစွာ ထိမှန်သွားချေသည်။
နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ စက်သေနတ်နှင့် ပစ်ခတ်သူတို့ လေထဲသို့ လွင့်စင်သွားခဲ့ကြသည်။
“သံတံတိုင်း... ဘယ်ဘက်ခြမ်းကို ဖိနှိပ်ထား”
RPD စက်သေနတ်ငယ်က ဟိန်းဟောက်လာပြီး ၎င်း၏ ခဲယမ်းပတ်ကြိုးက ရူးသွပ်စွာ လည်ပတ်နေကာ သေစေနိုင်သော ပစ်ခတ်မှုများကို ဖန်တီးပေးပြီး ၎င်းတို့ကို ပတ်ခွာတိုက်ခိုက်ရန် ကြိုးစားနေသော ဂျပန်တပ်များကို မြေပြင်ပေါ်သို့ ဝပ်သွားစေလေသည်။
၇.၆၂ မီလီမီတာ ကျည်ဆန်များက ပါးလွှာသော အကာအကွယ်များကို အလွယ်တကူ ဖောက်ထွင်းနိုင်ပြီး ၎င်းနောက်ရှိ ဂျပန်စစ်သားများကို အပေါက်များ ဖြစ်စေခဲ့သည်။
နှင်းခဲဓားက ကျိုးနေသော နံရံတစ်ခုနောက်တွင် မှောက်လျက်သားနေပြီး သူ၏ M24 စနိုက်ပါ ရိုင်ဖယ်၏ အနည်းငယ် တုန်ခါမှုတိုင်းတွင် ဂျပန်အရာရှိတစ်ဦး သို့မဟုတ် စက်သေနတ်သမားတစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သူ၏ ပစ်ခတ်မှုက ဂျပန်ကွပ်ကဲမှုစနစ်ကို အထူးရည်ရွယ်ထားပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိကျချေသည်။
“ဒီမှာ အသက်ရှင်နေတဲ့သူတွေ ရှိသေးတယ်...” ချီယွီ၏အသံက ဝမ်လောင်အာဘေးတွင် ဒူးထောက်လိုက်စဉ် ထွက်ပေါ်လာပြီး သူ၏ ဒဏ်ရာများကို အလျင်အမြန် စစ်ဆေးလိုက်၏။
ထို့နောက် အဆင့်မြင့ သွေးတိတ်ပတ်တီးများကို ဒဏ်ရာပေါ်တွင် အုပ်လိုက်ပြီး သူ့ကို မော်ဖင်း ထိုးပေးလိုက်သည်။
ဝမ်လောင်အာ၏ မှုန်ဝါးနေသော အမြင်အာရုံမှတစ်ဆင့် သူက မျက်နှာတွင် မျက်နှာဆေးများ ခြယ်သထားသော လူငယ်မျက်နှာတစ်ခုကို မြင်လိုက်ရပြီး ညကြည့်မှန်ပြောင်းများနောက်ရှိ မျက်လုံးများက ခိုင်မာသော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
“စီနီယာ... တောင့်ထားပါဦး” ထိုသူ၏ အသံက ငယ်ရွယ်သော်လည်း အသက်အရွယ်ထက် ကျော်လွန်သော တည်ငြိမ်မှုတစ်ခု ပါဝင်နေချေသည်။
အခန်း ၂၃၁ပြီး၏။