အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂) မတူကွဲပြားသည့် ဘဝများ
ကတုတ်ကျင်းထဲတွင် ကျန်ရစ်သော နေရှင်နယ်လစ်တပ်မတော်မှ စစ်သားများသည် မှင်တက်သွားကြ၏။
ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား ဖြစ်နေသော ဤလူရိပ်များက မိနစ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့တစ်ခါမှ မမြင်ဖူးသော နည်းဗျူဟာများနှင့် လက်နက်များကို အသုံးပြုကာ ဂျပန်တို့၏ ထိုးစစ်ကို လုံးဝ ချေမှုန်းပစ်လိုက်သည်ကို သူတို့ စောင့်ကြည့်နေခဲ့ကြသည်။
“သူတို့က ဘယ်တပ်က ညီအစ်ကိုတွေလဲ...” မျက်နှာတစ်ခုလုံး သွေးများပေကျံနေသော စစ်သားတစ်ဦးက အသံထွက်၍ ရေရွတ်လိုက်၏။
“ဘယ်တပ်ကဖြစ်ဖြစ် ဘယ်သူ ဂရုစိုက်နေမှာလဲ.. ဂျပန်တွေကို တိုက်ခိုက်နေသမျှ ငါတို့ရဲ့ ညီအစ်ကိုကောင်းတွေချည်းပဲ...” အခြား စစ်မှုထမ်းဟောင်း တစ်ဦးက အော်ဟစ်လိုက်ပြီး ကျည်ဆန်များ ကျန်ရှိနေသေးသော သူ၏ သေနတ်ကို ကောက်ယူကာ တန်ပြန်တိုက်ခိုက်မှုတွင် ပါဝင်လိုက်သည်။
ဂျပန်တို့၏ ထိုးစစ်သည် လုံးဝ ကျရှုံးသွားခဲ့ပြီ ဖြစ်၏။
ခေတ်မီလက်နက်များ၏ ဖျက်ဆီးနိုင်စွမ်းနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ထိရောက်သော ခုခံမှုမျိုးကို မလုပ်ဆောင်နိုင်ခဲ့ကြချေ။
ဂျပန်စစ်သားများက ထိတ်လန့်တကြား ဆုတ်ခွာသွားကြပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများနှင့် လက်နက်ကိရိယာများကို ချန်ရစ်ကာ သူတို့၏ တပ်စခန်းများဆီသို့ စုတ်ပြတ်သတ်စွာ ထွက်ပြေးသွားကြသည်။
နောက်ဆုံး သေနတ်သံတိတ်ဆိတ်သွားချိန်တွင် စစ်မြေပြင်ပေါ်၌ လောင်ကျွမ်းနေသော အပျက်အစီးများနှင့် ညည်းညူနေသော ဒဏ်ရာရသူများသာ ကျန်ရစ်ခဲ့တော့လေသည်။
နဂါးပြာက လက်ဟန်ပြလိုက်သည်နှင့် အထူးတပ်ဖွဲ့ဝင်များက စစ်မြေပြင်ကို ရှင်းလင်းခြင်း၊ ဒဏ်ရာရနေသော ရန်သူများကို အဆုံးသတ်ခြင်းနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ခြင်းတို့ကို သန့်ရှင်း သွက်လက်စွာ စတင် လုပ်ဆောင်လိုက်ကြသည်။
စစ်ဦးစီးချုပ်ရွှီသည် သူ ပုန်းအောင်းနေသော နေရာမှ ထွက်လာခဲ့ပြီး ပျက်စီးနေသော စစ်မြေပြင်နှင့် နေရှင်နယ်လစ်တပ်မတော်မှ စစ်သားများကို ကယ်ဆယ်နေသော အထူးတပ်ဖွဲ့ဝင်များကို ကြည့်ကာ သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
သူသည် နဂါးပြာထံသို့ လျှောက်သွားကာ လေးနက်စွာဖြင့် အလေးပြုလိုက်ပြီး “ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့” ဟု ပြောလိုက်သည်။
နဂါးပြာက ပြန်လည် အလေးပြုလိုက်ပြီး တည်ငြိမ်သော အသံဖြင့် “ကျွန်တော်တို့အားလုံးက တရုတ်စစ်သားတွေပါ.... ဒါက ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ပါ”
ထိုအချိန်တွင် ကတုတ်ကျင်းထဲမှ တပ်ခွဲမှူးဝမ်သည် သူ၏ပေါင်ကို ကျည်ဆန်ဖောက်ဝင်သွားသဖြင့် အသံတိတ် ညည်းတွားလိုက်ပြီး စုတ်ပြဲနေသော စစ်ဘောင်းဘီမှတစ်ဆင့် သွေးများ ချက်ချင်း စိမ့်ထွက်လာခဲ့သည်။
သူသည် သွားကို တင်းတင်းကြိတ်ကာ ရှေးဦးသူနာပြုသေတ္တာကို လှမ်းယူလိုက်သော်လည်း နည်းဗျူဟာသုံး လက်အိတ် စွပ်ထားသော လက်တစ်ဖက်က ဒဏ်ရာကို ဖိနှိပ်ထားပြီး ဖြစ်နေခဲ့သည်။
“မလှုပ်ပါနဲ့...” နှင်းခဲဓား၏ အသံက တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ မပါဝင်ချေ။ သူသည် ဘက်စုံသုံး နည်းဗျူဟာကတ်ကြေးကို အသုံးပြု၍ ဘောင်းဘီစကို ဖြတ်တောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ကျည်ပေါက်ရာက ချက်ချင်း ပေါ်လာခဲ့သည်။ ပွင့်ထွက်နေသော အသားစများကြားမှ အနီရောင် ရင့်ရင့် သွေးများ ထွက်နေလေသည်။
သူသည် သွေးတိတ်ဂျယ်လ်၏ ပန့်ခေါင်းကို အလျင်အမြန် ဖွင့်လိုက်ပြီး နက်ရှိုင်းသော ဒဏ်ရာထဲသို့ တိကျစွာ ညှစ်ထည့်လိုက်ရာ ဂျယ်လ်က သွေးနှင့် ထိတွေ့သည်နှင့် ချက်ချင်း ဖောင်းပွကာ ခဲသွားခြ့သည်။
ထို့နောက် ကျုံ့ဆန့်နိုင်သော ပတ်တီးကို ဆွဲယူကာ ဒူးအထက်မှစ၍ အထက်သို့ ရစ်ပတ်လိုက်ပြီး အထုံးမချမီ ပေါင်ရင်းအထိ ရစ်ပတ်မှုတိုင်းကို တမင်တကာ တင်းကျပ်စွာ ပတ်ချည်လိုက်လေသည်။
လုပ်ငန်းစဉ်တစ်ခုလုံးက ဆယ့်ငါးစက္ကန့်ထက် မပိုဘဲ သွေးထွက်ခြင်း လုံးဝ ရပ်တန့်သွား၏။
တပ်ခွဲမှူးဝမ်သည် တစ်ဖက်လူ၏ လျင်မြန်သော လှုပ်ရှားမှုများကို ကြောင်အမ်းအမ်း ကြည့်နေပြီး သူ၏ အကြည့်များက မရင်းနှီးသော ယူနီဖောင်းများနှင့် ခေတ်မီဆန်းပြားသော စက်ကိရိယာများပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူ မနေနိုင်တော့ဘဲ “ညီအစ်ကိုတို့... မင်းတို့က ဘယ်တပ်ဖွဲ့ကလဲ” ဟု မေးလိုက်၏။
နှင်းခဲဓားသည် မေးခွန်းကို ခေါင်းမမော့ဘဲ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးရင်း “၂၀၂၅ ခုနှစ်က တရုတ်စစ်သားတွေပါ” ဟု ပြန်ဖြေလိုက်လေသည်။
အရေပြားကို အပ်ဖောက်ဝင်သွားသည့် စူးရှသော နာကျင်မှုက တပ်ခွဲမှူး ဝမ်ကို မနှောင့်ယှက်နိုင်ခဲ့ချေ။ သူ့ကို အနှောင့်အယှက် ဖြစ်စေသည်က.... မဟုတ်သေး.... တိတိကျကျပြောရလျှင် အဆိုပါ အဖြေကြောင့် သူ အလွန် တုန်လှုပ်သွားခဲ့ခြင်းပင်။
သူသည် စက္ကန့်အနည်းငယ်ခန့် ရပ်တန့်သွားပြီးနောက် ယမ်းငွေ့များ ပေကျံနေသော မျက်နှာပေါ်တွင် အဖြူရောင် သွားများ ပေါ်လာသည်အထိ ရုတ်တရက် ပြုံးလိုက်၏။ “ဒါကြောင့်ကိုး... ဒါကြောင့် မင်းတို့က ဂျပန်တွေကို အေးအေးဆေးဆေး သတ်နိုင်တာကိုး...”
သူသည် ရှေ့တန်းတွင် ဒဏ်ရာရသူများကို ကုသပေးနေသည့် အခြားသော အထူးတပ်ဖွဲ့ဝင်များကို ကြည့်လိုက်ပြီး သူ၏ အသံက ရုတ်တရက် ဆို့နင့်သွားရသည်။ “ကျေးဇူးတင်ပါတယ်။ မင်းတို့သာ မရှိရင် ငါတို့ တတိယတပ်ခွဲတစ်ခုလုံး ဒီနေ့ ဒီနေရာမှာ သုတ်သင်ခံလိုက်ရတော့မှာ..”
ပတ်တီးစည်းပေးနေသော နှင်းခဲဓား၏ လက်က အနည်းငယ် ရပ်တန့်သွား၏။
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ညကြည့်မှန်ပြောင်းနောက်ကွယ်ရှိ သူ၏ အကြည့်များက အမှောင်ထုကို ဖောက်ထွင်းကာ တပ်ခွဲမှူးဝမ်၏ သွေးများပေကျံနေသော မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
“ကျွန်တော်တို့ကသာ ကျေးဇူးတင်ပါတယ်လို့ ပြောရမှာပါ...”
သူ၏ အသံက ပထမဆုံးအကြိမ်အဖြစ် ရေခဲအောက်မှ စီးဆင်းနေသော ရေနွေးစီးကြောင်းတစ်ခုလို တုန်ရီနေခဲ့သည်။
“ဒီမြေပေါ်မှာ ခင်ဗျားတို့ သွေးမြေမကျခဲ့ရင် ၂၀၂၅ ခုနှစ်ရဲ့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ခေတ်ကြီးဆိုတာ ရှိလာမှာ မဟုတ်ဘူး...”
အခြားတစ်ဖက်တွင် မီးပွားက ရွှံ့ဗွက်ထနေသော ကတုတ်ကျင်းထဲတွင် ဒူးထောက်လျက် ကောင်လေး၏ ရင်ဘတ်ရှိ ဒဏ်ရာကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဖိထား၏။
နွေးထွေးသော သွေးများက သူ၏ လက်ချောင်းများကြားမှ ဆက်တိုက်စိမ့်ထွက်နေပြီး သူ၏ နည်းဗျူဟာ လက်အိတ်များကို စေးကပ် ချောိကျိသွားစေလေသည်။
“တောင့်ထား။ မကြာခင် ရပ်သွားလိမ့်မယ်” သူက အော်ဟစ်လိုက်ပြီးနောက် အစွမ်းထက် သွေးတိတ်ပေါင်ဒါ အထုပ်တစ်ထုပ်ကို ဖောက်ကာ ဖြူးချလိုက်၏။
အဖြူရောင် ပေါင်ဒါမှုန့်များက ချက်ချင်းဆိုသလို စူးရှသော အနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကောင်လေး၏ မျက်နှာက စက္ကူတစ်ရွက်လို ဖြူလျော့နေပြီး သွေးထွက်လွန်မှုကြောင့် နှုတ်ခမ်းများက ခရမ်းရောင် သန်းနေ၏။
သူသည် တုန်ရီနေသော လက်များကို မြှောက်ကာ မီးပွား၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဖယ်ရှားလိုက်လေသည်။ “ဆရာ... အလဟဿ မဖြုန်းတီးပါနဲ့”
သူ၏ အသံက သက်ပြင်းချသံတစ်ခုလို တိုးညင်းလွန်းသော်လည်း မီးပွားကို အေးခဲသွားစေခဲ့သည်။
“ကျွန်... ကျွန်တော်က လင်ရီလုံပါ...” ကောင်လေး၏ မျက်လုံးများတွင် အလင်းရောင် မှိန်မှိန်လေး တောက်ပနေခဲ့သည်။ “ဒီနေ့က... ကျွန်တော့်ရဲ့ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့ပါ....”
သူသည် သွေးတစ်လုတ်ကို အန်ချလိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာချေသည်။ “ကျွန်တော် သတ်ခဲ့တယ်... ဂျပန်မိစ္ဆာသုံးကောင်ကို သတ်နိုင်ခဲ့တယ်။ ကျွန်တော်... ကျွန်တော် ပျော်ပါတယ်...”
မီးပွားသည် ဒဏ်ရာကို ရူးသွပ်စွာ ဖိထားသော်လည်း သူ၏ လက်အောက်မှ ကောင်လေးရဲ့ နှလုံးခုန်သံက ပို၍ ပို၍ အားနည်းလာသည်ကိုသာ တွေ့လိုက်ရသည်။
ကောင်လေးသည် သူ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံး လက်ကျန်ခွန်အားဖြင့် ပြောလိုက်၏။ “အသက်... အသက်ရှင်နိုင်မယ့်သူကို ကယ်ပါ...”
ထို့နောက် လက်က ရုတ်တရက် အောက်သို့ ကျသွားချေသည်။
မီးပွားသည် ကောင်လေး၏ အသက်မပါတော့သော သူငယ်အိမ်များတွင် ထင်ဟပ်နေသည့် လောင်ကျွမ်းနေသော ညကောင်းကင်ယံကို စိုက်ကြည့်ရင်း ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေခဲ့သည်။
သွေးတိတ်ပေါင်ဒါများက အားနည်းသော လက်ချောင်းများကြားမှ လျှောကျသွားပြီး သွေးများနှင့် ရောနှောကာ မီးလောင်ကျွမ်းနေသော မြေကြီးထဲသို့ စိမ့်ဝင်သွားလေသည်။
အဝေးမှနေ၍ “မီးပွား... လာကူပါဦး” ဆိုသည့် အော်ဟစ်သံ ထွက်ပေါ်လာ၏။
သို့သော် သူ မလှုပ်ရှားနိုင်ခဲ့ချေ။
ကောင်လေး၏ တည်ငြိမ်နေသော မျက်နှာက တုံးတိတိ ဓားတစ်လက်လို သူ၏ ကိုယ်တွင်းအင်္ဂါများကို ဖြည်းဖြည်းချင်း လှီးဖြတ်နေလေသည်။
သူ ဆယ့်ခြောက်နှစ်အရွယ်တုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် သင်္ချာပုစ္ဆာများကို ဖြေရှင်းရန် ရုန်းကန်နေရချိန်တွင် ဤကလေးငယ်က အေးစက်သော ကတုတ်ကျင်းထဲတွင် ထာဝရလဲလျောင်းနေခဲ့ရသည်ကို သူ ပြန်လည် တွေးတောမိလာ၏။
“ကျစ်....” မီးပွားသည် ရွှံ့ဗွက်များကို လက်သီးဖြင့် ထုလိုက်ရာ လွင့်စင်လာသော သွေးများက ကောင်လေး၏ ငြိမ်းချမ်းစွာ အိပ်စက်နေသော မျက်နှာပေါ်သို့ ပေကျံသွားချေသည်။
သူသည် တုန်ရီစွာဖြင့် ကောင်လေး၏ စစ်ဦးထုပ်ကို ချွတ်လိုက်ပြီး ကလေးဆန်ဆန် မျက်နှာလေးကို ဂရုတစိုက် ဖုံးအုပ်ပေးလိုက်၏။
မီးပွား ပြန်ထလာချိန်တွင် သူ၏ ညကြည့်မှန်ပြောင်းနောက်ကွယ်ရှိ မျက်လုံးများက သွေးလို နီရဲနေချေသည်။
လရောင်အောက်တွင် စုတ်ပြဲနေသော စစ်ဦးထုပ်က သွေးရောင်လွှမ်းနေသော မီးလောင်ပြင်ပေါ်တွင် တိတ်ဆိတ်စွာ ပွင့်လန်းနေသည့် ညှိုးနွမ်းနေသော ပန်းတစ်ပွင့်နှင့် တူနေခဲ့သည်။
အချို့သော အမုန်းတရားများကို သွေးဖြင့် ပြန်ဆပ်ရန် ကံကြမ္မာက ဖန်တီးထားပေသည်။
အထူးတပ်ဖွဲ့ဝင်များက သူတို့၏ လက်နက်ကိရိယာများကို တိတ်ဆိတ်စွာ စစ်ဆေးနေစဉ် ဆိုင်ကယ် အင်ဂျင်များက အသံတိုးတိုးဖြင့် မြည်ဟည်းနေပြီး လေးလံကာ ဖိစီးနေသော လေထုက ဖုံးလွှမ်းနေ၏။
မီးပွားက လက်ကိုင်ကို မှီထားပြီး သူ၏ လက်ချောင်းထိပ်များက သူ၏ စစ်သုံးဓားမြှောင်၏ ဓားသွားကို အမှတ်တမဲ့ ပွတ်သပ်နေမိသည်။ အမြဲတမ်း အပြုံးတစ်ခု ကိန်းအောင်းနေတတ်သော သူ၏ မျက်လုံးများက ယခုအခါ ညဉ့်ယံလို မည်းမှောင်နေချေသည်။
စစ်ဦးစီးချုပ်ရွှီသည် အနာဂတ်မှ လာသော ဤစစ်သားများကို အကဲခတ်ရင်း ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
သူသည် မီးပွားရှေ့တွင် ရပ်လိုက်ပြီး သူ၏ အသံသည် မကျယ်လောင်သော်လည်း လူတိုင်း၏ နှလုံးသားကို တူဖြင့် ထုလိုက်သလိုမျိုး ဖြစ်သွား၏။ “စိတ်မသက်မသာ ဖြစ်နေလား...”
မီးပွားသည် သူ၏ ခေါင်းကို ရုတ်တရက် လွှဲဖယ်လိုက်၏။
“ဒီမြေကို ကြည့်လိုက်...” စစ်ဦးစီးချုပ်ရွှီက သူ၏ လက်ကို မြှောက်ကာ မီးလောင်ကျွမ်းနေသော စစ်မြေပြင်နှင့် ထာဝရ အိပ်စက်သွားကြတော့မည့် လူရိပ်များကို ညွှန်ပြလိုက်သည်။ “လူဂိုတံတားကနေ ဒီနေရာအထိ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ငါတို့ ဘာလို့ ဆက်တိုက်နေကြသေးတာလဲ...”
သူသည် သွေးများ စွန်းထင်းနေသော မီးလောင်ပြင်မှ မြေကြီးတစ်ဆုပ်ကို ဆုပ်ကိုင်လိုက်ပြီး အနီရင့်ရောင် မြေမှုန်များကို သူ၏ လက်ချောင်းများကြားမှ လျှောကျစေလိုက်သည်။ “ဘာလို့လဲဆိုတော့ ဆုံးရှုံးသွားတဲ့ အသက်တိုင်းက တရုတ်လူမျိုးတွေအတွက် အသက်ကယ်တင်ပေးတဲ့ စွန့်လွှတ်အနစ်နာခံမှု ဖြစ်နေလို့ပဲ။ ဒီနေ့ သူတို့ ဒီနေရာမှာ လဲလျောင်းနေရပေမယ့် မနက်ဖြန်ကျရင် ငါ့အလှည့် ဖြစ်နိုင်သလို တပ်မှူးလီရဲ့ အလှည့်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူမျိုး တစ်မျိုး ရှင်သန်နေသရွေ့ ဒါတွေအားလုံးက တန်ဖိုးရှိပါတယ်...”
လူ ငါးဆယ့်တစ်ယောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။
စစ်ဦးစီးချုပ်ရွှီသည် အလားအလာရှိသော ဤလူငယ်များကို ကြည့်ကာ ကျေနပ်မှု ရှိနေသည့် လေသံဖြင့် “မင်းတို့ ရောက်လာတာက ရုန်းကန်နေရသူ အားလုံးကို ငါတို့ တရုတ်တွေက အနိုင်ကျင့်ခံရဖို့ မွေးဖွားလာတာ မဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲ။ တစ်နေ့ကျရင် ငါတို့ရဲ့ သားမြေးတွေက ဂျပန်မိစ္ဆာတွေထက် ပိုအစွမ်းထက်တဲ့ သေနတ်တွေ၊ အမြောက်တွေကို တည်ဆောက်နိုင်လိမ့်မယ်ဆိုတာ ပြသလိုက်တာပဲ...”
“ဒီည မင်းတို့ လူဘယ်နှစ်ယောက်ကို ကယ်တင်ခဲ့လဲဆိုတာ မင်းတို့ သိလား။ မိဘဘယ်နှစ်ယောက်က သူတို့ရဲ့ သားသမီးတွေကို မြေမမြှုပ်ရတော့ဘူးလဲဆိုတာ မင်းတို့ သိလား။ မင်းတို့ အလုပ်ကို ကောင်းကောင်း လုပ်ခဲ့ပြီးပါပြီကွာ...”
သူက အဝေးမှ ဝိုးတဝါး မြင်နေရသော ယန်ဇီမြစ်ကို လက်ညိုးထိုးပြလိုက်ပြန်သည်။ “အခု... ဒီရေတပ် အမြောက်တွေဖြစ်တဲ့ ကင်ဆာကျိတ်ကို ဖယ်ရှားပစ်ရမယ့် အချိန်ရောက်ပြီ။ မနက်ဖြန်ရဲ့ နေမင်းကြီးကို မြင်တွေ့ဖို့ ပိုများပြားတဲ့ ကလေးတွေကို အသက်ရှင်ခွင့် ပေးလိုက်ကြရအောင်... ”
နဂါးပြာက သူ၏ မော်တော်ဆိုင်ကယ်ကို ရုတ်တရက် စက်နှိုးလိုက်ပြီး လူတိုင်းကို အမိန့်ပေးလိုက်၏။ “အားလုံး အသင့်ပြင်... သွားကြစို့”
သံမဏိသံချပ်ကာ ယာဉ်နှစ်ဆယ့်ခြောက်စီးက တစ်ဖန် အရှိန်ပြင်းပြင်း ထွက်ခွာသွားကြသည်။
မီးပွားက မီးလောင်ပြင်ကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်ချိန်တွင် သူ၏ အကြည့်များက ကတုတ်ကျင်းထဲတွင် ထာဝရ အိပ်စက်နေသော ကောင်လေးထံသို့ ကျရောက်သွားလေသည်။ သူ၏ ပါးပြင်ပေါ်မှ မျက်ရည်တစ်ပေါက် စီးကျလာပြီး မီးခိုးငွေ့များကြားတွင် လေတိုက်၍ ချက်ချင်း လွင့်စင်သွားခဲ့သည်။
သူတို့က ယန်ဇီမြစ်ထဲရှိ ဂျပန်မိစ္ဆာများကို ပြောပြချင်၏။
ထို့အပြင် ကမ္ဘာကြီးကိုလည်း ပြောပြချင်၏။
တရုတ်လူမျိုးတို့က ဘယ်တော့မှ လက်နက်ချမည် မဟုတ်ကြောင်းကိုပင်။
အခန် ၂၃၂ပြီး၏။