အခန်း ၂၃၄
Vol. 24 Ch. 234
အခန်း (၂၃၄) စစ်ဆင်ရေး အစီအစဉ်
နှစ်ဖက်စလုံးက လက်နက်များကို အောက်သို့ချလိုက်ချိန်တွင် ကွပ်ကဲရေးခန်းထဲ၌ ခေတ္တမျှ တိတ်ဆိတ်သွားပြီး အဝေးမှ အမြောက်သံ တိုးတိုးလေးများကိုသာ ထူထဲသော မြေအောက်တူးမြောင်းနံရံများမှတစ်ဆင့် ကြားနေခဲ့ရသည်။
တပ်မမှူးစွန်းက သူ၏ စူးရှသော မျက်လုံးများဖြင့် တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖျက်လိုက်၏။ သူ၏ အသံက တည်ငြိမ်သော်လည်း အနည်းငယ် အရေးတကြီး ဖြစ်နေသည့် လေသံဖြင့် “တပ်ရင်းမှူးလီက ဖုန်းဆက်ပြီး မင်းတို့အားလုံး အနာဂတ်သုံး လက်နက်တွေ ယူလာတယ်လို့ ပြောတယ်။ အဲဒါ တကယ်လား” ဟု မေးလိုက်၏။
ကျန်းယဲ့ ရှေ့သို့တိုးလာပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်လေသည်။ “လုံးဝ အမှန်ပါ..”
သူ စကားမဆုံးခင်မှာပင် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
နောက်ခဏ၌ ကွပ်ကဲရေးခန်းအလယ်ဗဟိုရှိ အလွတ်နေရာတွင် လေထုက ခေတ္တမျှ ပုံပျက်သွားသယောင် ရှိပြီးနောက် အေးစက်မာကျောသော သတ္တုအရောင်ရှိသည့် ထူးဆန်းသော ပုံသဏ္ဌာန်ရှိ လက်နက်များ တစ်ခုပြီးတစ်ခု လေထဲမှ ပေါ်လာပြီး လူတိုင်းရှေ့တွင် စနစ်တကျ တန်းစီလျက် ပေါ်လာခဲ့သည်။
AK-47 ချေမှုန်းရေး ရိုင်ဖယ်၊ RPD စက်သေနတ်ငယ်၊ RPG-7 ဒုံးကျည်ပစ်လောင်ချာ၊ ၈၂ မီလီမီတာ မော်တာ၊ M2 မီးတောက်ဖျန်းစက်...
အားလုံးသည် အလွန်တိတ်ဆိတ်စွာ ဖြစ်ပေါ်လာခဲ့သော်လည်း မည်သည့် ပေါက်ကွဲမှုမျိုးထက်မဆို ပို၍ တုန်လှုပ်ဖွယ် ကောင်းနေချေသည်။
အတွေ့အကြုံရင့် တပ်မမှူးစွန်းအပါအဝင် ကွပ်ကဲရေးစခန်းရှိ ဗိုလ်ချုပ်များအားလုံး၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားပြီး အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားကြရသည်။
သူတို့သည် ပထမဆုံးအဖြစ် ဤ မှော်ဆန်သယောင်ရှိသော နည်းပညာကြောင့် အံ့အားသင့်သွားပြီးနောက် ၎င်းတို့ တစ်ခါမှ မမြင်ဖူးသော ဤလက်နက်များဆီသို့ သူတို့၏ အကြည့်များ ချက်ချင်း ရောက်ရှိသွားကြသည်။
အဝေးမှ ကြည့်နေရသော်လည်း ဤလက်နက်များမှ ထွက်ပေါ်နေသော အနာဂတ်၏ အရိပ်အယောင်ကို သူတို့ ခံစားမိနေလေသည်။ လက်ရာမြောက်သော ကျွမ်းကျင်မှု.... မသိရှိရသေးသော ပစ္စည်းများ.... အစွမ်းထက်သော ဒီဇိုင်းများက သူတို့၏ နားလည်မှုကို စိန်ခေါ်နေ၏။
တပ်ရင်းမှူးလီက ဖုန်းထဲတွင် ဖော်ပြခဲ့သော ထိတ်လန့်ဖွယ်ကောင်းသည့် မီးအားကို ပြန်တွေးမိပြီးနောက် လူတိုင်း၏ မျက်လုံးများတွင် သူတို့၏ အခက်ခဲဆုံး အခြေအနေတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန်တရာ စိတ်အားထက်သန်လာကြသည်။
စစ်ဦးစီးချုပ်ဝမ်သည် သူ၏ မငြိမ်သက်နိုင်သော စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း အသက်ပြင်းပြင်း ရှူကာ လက်နက်များကို လက်ညိုးထိုး၍ မေးလိုက်၏။ “လေဆိပ်... ဂျပန်တွေရဲ့ အရေးကြီးတဲ့ ထောက်ပံ့ရေ လေဆိပ်ကို ဒီအစွမ်းထက်တဲ့ လက်နက်တွေနဲ့ ဖျက်ဆီးလိုက်တာလား”
ကျန်းယဲ့က ခေါင်းခါလိုက်၏။ “မဟုတ်ဘူး... လေဆိပ်ကို ဖျက်ဆီးခဲ့တာ ဒါတွေနဲ့ မဟုတ်ဘူး”
လူအုပ်၏ နားမလည်နိုင်သော အကြည့်များကြားတွင် သူက လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။
အနာဂတ်ဒီဇိုင်းနှင့် ပိုဆန်ပြီး သွယ်လျသော လိုင်းများ၊ အရောင်မလက်သော သတ္တုအရောင်ရှိသည့် ဒရုန်းငယ်တစ်စင်းသည် စားပွဲပေါ်တွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။
၎င်း၏ ပုံစံက အလွန် လက်ရာမြောက်ပြီး တောင်ပံများက ခေါက်သိမ်းထားကာ ဗိုက်သားအတွင်းတွင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရှိနေပုံရလေသည်။
“ဒါက ဖုန်း-၁၇ ဂွေ့ရှု မိမိကိုယ်ကို ပေါက်ကွဲစေသော ဒရုန်းပါ...” ကျန်းယဲ့၏ အသံသည် ကြည်လင် တည်ငြိမ်နေချေသည်။ “တစ်ခုချင်းစီက C4 ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ဂရမ် ၈၀၀ သယ်ဆောင်နိုင်ပြီး အလိုအလျောက် လမ်းကြောင်းပြတာ.... ပစ်မှတ် မှတ်သားတာနဲ့ တိကျစွာ တိုက်ခိုက်ခြင်းစွမ်းရည်ရှိတယ်။ သူတို့က တိတ်ဆိတ်ပြီး လေထဲကနေ အသက်သေစေလောက်တဲ့ တိုက်ခိုက်မှုကို ပြုလုပ်နိုင်တယ်။ လေဆိပ်ရဲ့ ရေနံသိုလှောင်ရုံနဲ့ လေယာဉ်ပြေးလမ်းတွေကို သူတို့နဲ့ပဲ တိကျစွာ ဖျက်ဆီးခဲ့တာပါ....”
သူသည် သေတွင်း၊ သေကုန်းများမှ ရုန်းထွက်လာခဲ့ကြသော ဗိုလ်ချုပ်များကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒါက အနာဂတ် စစ်ပွဲတွေရဲ့ ပုံစံပါပဲ။ လူ့အသက်တွေနဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပြီး အခုလိုမျိုး တိုက်ခိုက်စရာ မလိုတော့ဘူး...”
ဗိုလ်ချုပ်များဟာ စိတ်ကူးယဉ်ဆန်သလို... တကယ်လည်း ဖြစ်နိုင်မည်ဟု ခံစားရရင်း ကြောင်အမ်းအမ်း ဖြစ်နေကြရသည်။
စစ်ဦးစီးချုပ်ဝမ်သည် အသက်ရှူ မြန်ဆန်လာပြီး စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ရီနေသော အသံဖြင့် “ကျေးဇူးပြုပြီး.... ဒီပေါက်ကွဲစေတဲ့ ဒရုန်းတွေက မြစ်ထဲက ဂျပန်စစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်မလား ပြောပြပေးပါ။ သူတို့ရဲ့ ရေတပ်အမြောက်တွေက... ငါတို့ တကယ်ကို...” ဟု မေးလိုက်၏။
သူ စကားမဆုံးသော်လည်း အထဲတွင် ဆို့နင့်နေသော ခါးသီးမှုကို ယခုရှိနေသူအားလုံး နားလည်ကြခေသည်။
စစ်သားအများစုသည် ချီတက်လာစဉ်တွင် ကျဆုံးခြင်းမဟုတ်ဘဲ မြစ်ထဲမှ ပစ်ခတ်လိုက်သော အမြောက်ကြီးများကြောင့် အပိုင်းပိုင်း ဖြစ်သွားကြခြင်း ဖြစ်၏။
ဗိုလ်ချုပ်များအားလုံး၏ မျက်လုံးများက ကျန်းယဲ့ထံသို့ ချက်ချင်း အာရုံစိုက်သွားကြပြီး ကွပ်ကဲရေးစခန်းသည် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းယဲ့သည် ဘေးသို့ ရွှေ့လိုက်ပြီး နဂါးပြာက ရှေ့သို့တိုးကာ အားလုံး၏ မျှော်လင့်ချက်၊ စိုးရိမ်ချက်များ ပြည့်နှက်နေသော အကြည့်များနှင့် ရင်ဆိုင်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ဖုန်း-၁၇ စီးရီးရဲ့ ဒရုန်းတစ်စင်းက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ၃ ကီလိုဂရမ်ခန့်အထိ အများဆုံး သယ်ဆောင်နိုင်ပါတယ်...”
ဗိုလ်ချုပ်အချို့၏ မျက်လုံးထဲတွင် ဖြစ်ပေါ်လာသော စိတ်ပျက်မှု အရိပ်အယောင်ကို သူ သတိထားမိသော်လည်း စကားကို ချက်ချင်း ပြောင်းလိုက်၏။ “C4 ၃ ကီလိုဂရမ် အပြည့်တင်ဆောင်ထားရင်တောင် တန်ချိန် ၁ သောင်းရှိတဲ့ ဂျပန် ခရူဇာသင်္ဘောကို တိုက်ရိုက် နစ်မြုပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့...”
သူသည် ခဲတံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ရေကြောင်းပြမြေပုံပေါ်တွင် ဂျပန်စစ်သင်္ဘော၏ ပုံသဏ္ဌာန်ကို လျင်မြန်စွာ ဆွဲပြလိုက်လေသည်။
“အကယ်၍ သူက ခဲယမ်းသိုလှောင်ရုံကို တိကျစွာ ထိမှန်နိုင်ရင်...” သူက ခဲတံဖြင့် အလေးပေး ပြောလိုက်သည်။ “ဒုတိယအကြိမ် ပေါက်ကွဲမှုကို ဖြစ်ပေါ်စေပြီး မြစ်အောက်ခြေသို့ လုံးဝ နစ်မြုပ်သွားနိုင်ပါတယ်...”
“အင်ဂျင်ခန်း သို့မဟုတ် စတီယာရင် စက်ယန္တရားကို ထိမှန်ရင်” နဂါးပြာက တည်ငြိမ်စွာဖြင့် အင်ဂျင်ခန်းနေရာကို မျဉ်းဆွဲပြလိုက်ပြန်သည်။ “သူ့ရဲ့ စွမ်းအင်စနစ်ကို ပျက်ပြားသွားစေပြီး ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အုတ်ဂူတစ်ခု ဖြစ်သွားအောင် လုပ်ဖို့ လုံလောက်ပါတယ်...”
“တံတား ဒါမှမဟုတ် မီးထိန်းချုပ်ရေး တာဝါတိုင် ပျက်စီးသွားရင် စစ်သင်္ဘောတစ်စင်းလုံးက ချက်ချင်း တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး မျက်စိကန်း၊ နားပင်းသွားပါလိမ့်မယ်...”
နဂါးပြာက အဓိက အချက်များကို ဝိုင်းပြလိုက်၏။ “သင်္ဘောပေါ်က အမြောက်တွေ၊ တော်ပီဒိုပြွန်တွေ ဒါမှမဟုတ် လေယာဉ်တင်သင်္ဘောပေါ်က လေယာဉ်တွေကို တိုက်ခိုက်တာက သူတို့ရဲ့ မီးအားကို ထိရောက်စွာ လျှော့ချနိုင်ပြီး ကျွန်တော်တို့တပ်တွေအတွက် အခွင့်အရေး ဖန်တီးပေးနိုင်ပါတယ်...”
သူ ခဲတံကို ချလိုက်ပြီး ပိုမို စိတ်လှုပ်ရှားနေသော ဗိုလ်ချုပ်များကို ကြည့်လိုက်ပြန်သည်။ “ပိုအရေးကြီးတာက သူတို့က တည်ဆောက်ရ သက်သာပြီး အုပ်စုလိုက် ချထားလို့ရပါတယ်။ ရန်သူသင်္ဘောတွေ ကာကွယ်လို့ မရနိုင်အောင် ဘက်ပေါင်းစုံကနေ တိုက်ခိုက်နိုင်ပါတယ်...”
“အဲဒါ လုံလောက်ပြီ... အဲဒါ လုံလောက်ပြီ...” တပ်မမှူးစွန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
သူ၏ အသံသည် မထိန်းချုပ်နိုင်အောင် တုန်ရီနေချေသည်။ “အရင်ကဆိုရင်... ငါတို့ ညီအစ်ကိုတွေရဲ့ အသက်ကိုပဲ ပေးဆပ်ခဲ့ရတာ... ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ချည်နှောင်ထားတဲ့ သစ်သားလှေတွေနဲ့ပဲ တိုက်ခဲ့ရတာ... အခုတော့... အခုတော့ ငါတို့ နောက်ဆုံးတော့ ပြန်တိုက်ခိုက်နိုင်ပြီ...”
စစ်ဦးစီးချုပ်ဝမ်သည် သူ၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ အသက်ပြင်းပြင်း ရှူလိုက်၏။
အခြား အရာရှိများကလည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် ကြာမြင့်စွာက ပျောက်ဆုံးနေသော ရက်စက်သည့် အပြုံးများ ပေါ်လာခဲ့ကြသည်။
ဟုတ်ပါသည်။ သင်္ဘောပေါ်မှ အမြောက်များ ဟိန်းဟောက်နေသည်ကို ကြည့်ရင်း လုံးဝ စွမ်းမဲ့စွာ အနိုင်ကျင့်ခံနေရသော အရင်က စိတ်ပျက်အားငယ်မှုများနှင့် နှိုင်းယှဉ်လျှင် ယခု သူတို့ ပိုင်ဆိုင်ထားသော မည်သည့် တန်ပြန်တိုက်ခိုက်မှုမျိုးမဆို သူတို့၏ သွေးကို ဆူပွက်စေရန် လုံလောက်ပေသည်။
ကွပ်ကဲရေးခန်းထဲရှိ လေထုသည် စိတ်အားထက်သန်ပြီး အာရုံစိုက်နေခဲ့ကြသည်။
စားပွဲအလယ်တွင် ဧရာမ ရေကြောင်းပြ မြေပုံကြီးကို ခင်းကျင်းထား၏။ ဟွမ်ဖူမြစ်နှင့် ယန်ဇီမြစ်ဝကျွန်းပေါ် ရေလမ်းကြောင်းများကို နီညိုရောင် ခဲတံများဖြင့် အသေးစိတ် မှတ်သားထားချေသည်။ ရေပြင်ပေါ်တွင် မှတ်သားထားသော ဂျပန်စစ်သင်္ဘော သင်္ကေတများမှာ စုန်းစုန်းမြုပ်နေသော သားရဲတိရစ္ဆာန်များ အုပ်စုလိုက် သွားလာနေသကဲ့သို့ ပြည့်ကျပ်နေခဲ့သည်။
နဂါးပြာက ရှေ့သို့တိုးလာပြီး မြေပုံကို လက်ညိုးထိုးပြလိုက်၏။ “ကျွန်တော်တို့ မလာခင်ကတည်းက ဂျပန်ရေတပ်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရပ်နားရာနေရာတွေနဲ့ ကင်းလှည့်လမ်းကြောင်းတွေကို သမိုင်းဝင် အချက်အလက်တွေပေါ် အခြေခံပြီး ကြိုတင် ခန့်မှန်းထားပါတယ်။ ပဏာမလမ်းကြောင်း ပရိုဂရမ်ကိုလည်း ပြီးစီးထားပါတယ်...”
“ဒရုန်းရဲ့ တပ်ဆင်ထားတဲ့ အမြင်အာရုံ မှတ်သားမှု စနစ်က စစ်သင်္ဘောရဲ့ ပုံသဏ္ဌာန်နဲ့ အရပ်သား သင်္ဘောတွေကို ခွဲခြားနိုင်ပါတယ်။ ဒါပေမဲ့ ဂျပန်သင်္ဘောပေါ်က လေယာဉ်ပစ် စက်သေနတ်တွေက အရမ်း အစွမ်းထက်ပါတယ်။ အနိမ့်ပျံသန်းချိန်မှာ ပစ်မှတ်ထားခံရဖို့ လွယ်ပါတယ်။ လုံးဝ လုံခြုံမှုရှိအောင်...”
သူသည် တပ်မမှူး စွန်းနှင့် စစ်ဦးစီးချုပ် ဝမ်ကို ကြည့်လိုက်သည်။ “ကျွန်တော်တို့က တပ်ဖွဲ့ကို နှစ်စုခွဲဖို့ အကြံပြုပါတယ်။ တစ်စုက ဟွမ်ဖူမြစ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး အီဇူမို၊ ဆန်းဒိုင်းနဲ့ တခြား မြစ်တွင်း သေနတ်တင်သင်္ဘောတွေကို အနီးကပ် စောင့်ကြည့်ပြီး ဒရုန်းပျံသန်းတဲ့ လမ်းကြောင်းကို ပြင်ဆင်ပေးပါမယ်။ နောက်တစ်စုက ဝူဆုန်ကော် အပြင်ဘက်ကို ထိုးဖောက်ဝင်ရောက်ပြီး ယန်ဇီမြစ်ရဲ့ ပင်မလမ်းကြောင်းမှာ ကျောက်ချထားတဲ့ ဖျက်သင်္ဘောတွေနဲ့ ခရူဇာသင်္ဘောတွေအတွက် နောက်ဆုံး လမ်းကြောင်းပြပေးပါမယ်...”
“ကောင်းပြီ...” တပ်မမှူးစွန်းက သူ၏ ကြမ်းတမ်းသော လက်ချောင်းများဖြင့် မြေပုံကို ခေါက်ရင်း အလေးအနက် ခေါင်းညိတ်လိုက်၏။ “ငါတို့က ရန်သူ့သင်္ဘောတွေ ဖြန့်ကျက်ထားတာကို ပိုသိတယ်။ ဟွမ်ဖူ-ကျန်းရှီ ကမ်းရိုးတန်းတစ်လျှောက်မှာ ဂျပန် အမြောက်တင်သင်္ဘောတွေက များသောအားဖြင့် ယန်ရှူပူနဲ့ ဟွေ့ရှန်းဆိပ်ကမ်းကနေ ဂေါင်ဒါ ဝါဂွမ်းစက်ရုံအထိ နေရာမှာ ကျောက်ချလေ့ ရှိတယ်။ သူတို့ရဲ့ ထောက်ပံ့ရေး စခန်းတွေနဲ့ ရေတပ် အထူးတပ်ဖွဲ့ ဌာနချုပ်တွေက အဲဒီမှာ ရှိတယ်။ ကင်းလှည့်သင်္ဘောတွေ ပြည့်နေရုံတင်မကဘဲ သင်္ဘောပေါ်က Type 93 လေယာဉ်ပစ်စက်သေနတ်တွေက မြစ်တစ်လျှောက်လုံးကို ဖုံးလွှမ်းနိုင်တယ်။ ငါတို့သာ ထိုးဖောက်ဖို့ ကြိုးစားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေရာ ရောက်လိမ့်မယ်”
အခန်း ၂၃၄ပြီး၏။