← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) သွေးစွန်းနေသော အိမ်ပြန်စာ

​“ဒီကိစ္စက အလွန် အရေးကြီးတဲ့အတွက်ကြောင့် ရှေ့တန်းက ညီအစ်ကိုတွေ ထောက်ပံ့ရေး ပစ္စည်း မရှိလို့ အသက်စွန့်ရတာကို ကျွန်တော်တို့ လက်ပိုက်ကြည့်မနေနိုင်ဘူး...” ကျန်းယဲ့၏ အကြည့်များက လူတိုင်းအပေါ် ကျရောက်သွားခဲ့သည်။

“ကျွန်တော်တို့က လူနည်းတယ်... လက်နက် ပိုကောင်းတယ်... ပိုပြီး သွက်လက်တယ်... ဒါကြောင့် အလုံးအရင်းနဲ့ တိုက်ခိုက်တာထက် ထိုးဖောက်ဝင်ရောက်ဖို့ ပိုလွယ်ကူပါတယ်...”

​သူက ဆက်ပြော၏။ “ကျွန်တော်က အဖွဲ့ဝင်တချို့ကို ခေါ်သွားပြီး အားလုံး အဆင်ပြေချောမွေ့အောင် အကာအကွယ်ပေးပါမယ်...”

​စကားမဆုံးခင်မှာပင် သံတံတိုင်း၊ ဒိုင်းလွှားလ၊ ခံတပ်မြို့တော်နှင့် အသဲကွဲသံမဏိအပါအဝင် အထူးတပ်ဖွဲ့ဝင်ဆယ်ဦးက တစ်ပြိုင်နက်တည်း ရှေ့သို့ ထွက်လာကြသည်။

​“ရွှမ်ကျား တပ်စု... အစောင့်အရှောက်တာဝန် တောင်းဆိုပါတယ်...” သံတံတိုင်း၏ အသံက ကျောက်ဆောင်တစ်ခုလို တည်ငြိမ်နေ၏။ “တာဝန် အောင်မြင်ဖို့နဲ့ ဒါရိုက်တာကျန်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လုံးဝ လုံခြုံဖို့ ကျွန်တော်တို့ အာမခံပါတယ်...”

​ကွပ်ကဲရေးခန်းရှိ ဗိုလ်ချုပ်များသည် အနာဂတ်မှ လာသော ဤအထက်တန်းစား စစ်သားများကို ကြည့်လိုက်ပြီးနောက် ပြတ်သားသော သဘောထားရှိသည့် ကျန်းယဲ့ကို ကြည့်လိုက်ရာ ခေတ္တမျှ သူတို့ ကန့်ကွက်စကား မဆိုနိုင်တော့ချေ။

​တပ်မမှူးစွန်း၏ အကြည့်များက ကျန်းယဲ့နှင့် အထူးတပ်ဖွဲ့ဝင်များ၏ ပြတ်သားသော မျက်နှာများပေါ်တွင် ဟိုဒီ ပြေးလွှားနေခဲ့သည်။ ဤသည်မှာ အလွန် အန္တရာယ်များသော်လည်း လက်ရှိအချိန်တွင် အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သူ ကောင်းကောင်း သိပေသည်။

​နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ မင်းတို့ သွားပါ။ ဒါပေမဲ့ အခြေအနေတွေ မခံသာအောင် ဆိုးရွားလာရင် ချက်ချင်း ဆုတ်ခွာဖို့ ကတိပေးရမယ်။ ထောက်ပံ့ရေးပစ္စည်းတွေ ရဖို့ တခြားနည်းလမ်း ရှာလို့ရပေမယ့် မင်းတို့ကိုတော့ အဆုံးရှုံးခံလို့ လုံးဝ မဖြစ်ဘူး...”

​“ဟုတ်ကဲ့ပါ... ” ကျန်းယဲ့နှင့် ရွှမ်ကျားတပ်စုဝင်များက တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြ၏။

​မိနစ်အနည်းငယ်အကြာတွင် ကျန်းယဲ့နှင့် ရွှမ်ကျား တပ်စုတို့ ပါဝင်သော အထူးသယ်ယူပို့ဆောင်ရေး အဖွဲ့ဟာ အသံတိတ်ကိရိယာများ တပ်ဆင်ထားသည့် မြေပြင်အနေအထားအားလုံး အသုံးပြုနိုင်သော မော်တော်ဆိုင်ကယ်ခြောက်စီးကို မောင်းနှင်ကာ ရှန်ဟိုင်း၏ ပျက်စီးယိုယွင်းနေသော လမ်းများနှင့် လမ်းကြားများထဲသို့ တိတ်ဆိတ်စွာ အရှိန်ပြင်းပြင်း ဝင်ရောက်သွားခဲ့ကြသည်။

​ကျန်းယဲ့သည် ဦးဆောင်ဆိုင်ကယ်၏ နောက်တွင် ထိုင်နေပြီး သူ၏ ရှေ့ရှိ နည်းဗျူဟာ မျက်မှန်က ညအမှောင်ကို အနက်ရောင် သန်းနေသော အစိမ်းရောင် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပေးထားကာ အပူချိန်ပြ ပုံရိပ်များ၊ အလင်းနည်းချိန် အားဖြည့်မှုများနှင့် ဒီဂျစ်တယ် မြေပုံများ တစ်ခုပေါ်တစ်ခု ထပ်နေခဲ့သည်။

​“ရှေ့က လမ်းဆုံ.... နာရီလက်တံ နှစ်နာရီ နေရာ... ခေါင်မိုးပေါ်မှာ... ရှာဖွေရေး မီးတွေ တပ်ဆင်ထားတဲ့ ဂျပန် ကင်းစောင့် နှစ်ယောက်ရှိတယ်...” သံတံတိုင်း၏ ဩရှရှအသံက အရိုးမှတစ်ဆင့် အသံပို့လွှတ်သော နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

​သူ ထိန်းချုပ်ထားသော ဒရုန်းငယ်လေးက ကောင်းကင်ယံတွင် တစ္ဆေတစ်ကောင်လို ဝဲပျံနေပြီး အချိန်နှင့်တစ်ပြေးညီ ပုံရိပ်များကို လူတိုင်း၏ မျက်မှန်များဆီသို့ ပေးပို့နေ၏။

​ဒိုင်းလွှားလေးက ချက်ချင်း လက်ဟန်ပြလိုက်ရာ ယာဉ်တန်းက ချက်ချင်း ရပ်တန့်သွားပြီး ပြိုကျနေသော နံရံများနှင့် အပျက်အစီးများ၏ အရိပ်များကို အသုံးပြုကာ ပြီးပြည့်စုံစွာ ပုန်းအောင်းလိုက်ကြသည်။

​ထင်သည့်အတိုင်းပင် မျက်စိကျိန်းလောက်သော ရှာဖွေရေးမီးရောင်တစ်ခုသည် သူတို့ ဖြတ်ကူးမည့် လမ်းပေါ်သို့ ဖြတ်သန်းထိုးလင်းသွားပြီး ခေါင်မိုးပေါ်တွင် မပီဝိုးဝါး လူရိပ်နှစ်ခု လှုပ်ရှားနေချေသည်။

​“ဘယ်ဘက်ခြမ်းက လမ်းကြားကနေ သွားပြီး ပင်မလမ်းကို ရှောင်မယ်....” သံတံတိုင်းက တိုးတိုးလေး ပြောလိုက်ရာ မျက်မှန်ပေါ်ရှိ မြေပုံက အစိမ်းရောင် လမ်းကြောင်းအသစ်တစ်ခုကို အလိုအလျောက် ရေးဆွဲပေးလိုက်၏။

​ယာဉ်တန်းပြန်လည် ထွက်ခွာသွားပြီး အပျက်အစီးများပေါ်တွင် တာယာများလိမ့်နေသည့်အသံကို အသံတိတ်ကိရိယာက အနည်းဆုံးဖြစ်အောင် လျှော့ချပေးထားလေသည်။

​ခံတပ်မြို့တော်သည် အပူချိန်ပြကိရိယာကို ကိုင်ဆောင်ထားပြီး နှစ်ဖက်စလုံးရှိ အပျက်အစီးများကို ဆက်တိုက် စစ်ဆေးနေ၏။ “ညာဘက်က သုံးထပ်တိုက်အပျက်အစီးရဲ့ ပထမထပ်မှာ အပူအရင်းမြစ် တစ်ခုရှိတယ်။ အဖွဲ့တစ်ဖွဲ့လောက် အနားယူနေပုံရတယ်....”

​အဖွဲ့သည် အချိန်မီပင် ပိုမို ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်သွားပြီး ဂျပန်တပ်များ၏ ယာယီစခန်းကို ပြီးပြည့်စုံစွာ ရှောင်ရှားနိုင်ခဲ့လေသည်။

​မီးလောင်နေသော ရပ်ကွက်တစ်ခုကို ဖြတ်ကျော်နေစဉ် အသဲကွဲသံမဏိက ရုတ်တရက် လက်မြှောက်လိုက်၏။ “ရပ်.... မြေပြင်မှာ ခလုတ်တိုက်မိအောင် လုပ်ထားတဲ့ ကြိုးတွေ ရှိတယ်..”

​အနီအောက်ရောင်ခြည် လေဆာညွှန်တံက အမှောင်ထုထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ကျိုးပျက်နေသည့် တံခါးဘောင်နှစ်ခုကို ဆက်သွယ်ထားသော ကြိုးမျှင်လေးတစ်ခုကို ညွှန်ပြနေ၏။ အခြားတစ်ဖက်ကိုမူ တရုတ်စစ်တပ်၏ လက်နက်များထဲမှ ယူဆောင်ထားသော လက်ပစ်ဗုံးတစ်လုံးနှင့် ချည်နှောင်ထားပြီး ယာယီ ထောင်ချောက်တစ်ခု ပြုလုပ်ထားလေသည်။

​“ဒီမိစ္ဆာကောင်တွေ မြန်မြန် သင်ယူတတ်တာပဲ” ဒိုင်းလွှားလေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အန္တရာယ်ကို ရှင်းလင်းရန် နည်းဗျူဟာ ကတ်ကြေးကို အသုံးပြုရန် သတိထား၍ ရှေ့သို့ တိုးသွားလိာက်သည်။

​ပိတ်ဆို့ထားသော နေရာသို့ နီးကပ်လာလေလေ ဂျပန် ကင်းစောင့်များက အပြင်ရော အတွင်းမှာပါ ပိုမို ထူထပ်လာလေလေပင်။

​ထို့ကြောင့် တစ်ခါတစ်ရံတွင် သူတို့က လုံးဝ ရပ်တန့်ကာ ကင်းလှည့်အဖွဲ့ ဖြတ်သွားသည်ကို စောင့်ဆိုင်းရ၏။

​တစ်ကြိမ်တွင် ဂျပန်ခြေလျင်တပ်သားတစ်စုက သူတို့ ပုန်းအောင်းနေသော ပြိုကျနေသည့် နံရံမှ ငါးမီတာပင် မဝေးသော နေရာမှ ဖြတ်လျှောက်သွားခဲ့ကြသည်။ ကျိုးပဲ့နေသော အုတ်ခဲများကို သူတို့၏ သားရေဖိနပ်များဖြင့် နင်းမိသည့်အသံကို ရှင်းလင်းစွာ ကြားနေရပြီး ဂျပန်စစ်သားများ သူတို့၏ အစားအသောက်များကို ညည်းညူနေသည်ကိုပင် ကြားရလေသည်။

​အဖွဲ့ဝင်အားလုံး အသက်ရှူအောင့်ထားပြီး အပြင်ဘက်သို့ လက်နက်များကို ချိန်ရွယ်ထားကာ မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း နောက်ဆုံးတွင် ဂျပန်တပ်များက သူတို့ကို မတွေ့ရှိခဲ့ချေ။

​သူတို့သည် ခေတ်မီလက်နက်ကိရိယာများ၏ အားသာချက်များကို အပြည့်အဝ အသုံးချခဲ့သည်။

​ဒရုန်းများဖြင့် အမြင့်မှ ကြိုတင်သတိပေးခြင်း၊ ပုန်းအောင်းနေသော ရန်သူများကို ထောက်လှမ်းရန် နံရံများကို ဖောက်ထွင်းမြင်နိုင်သော အပူချိန်ပြ ပုံရိပ်များနှင့် သီးခြားကင်းစောင့်များကို ရှင်းလင်းရာတွင် ပင်မတပ်ဖွဲ့ကို သတိမပေးမိစေမည့် အသံတိတ် လက်နက်များ။

​ကျန်းယဲ့၏ စနစ်မြေပုံက မြေပုံတစ်ခုလုံးကို အပြည့်အဝ မြင်တွေ့ရသကဲ့သို့ ဖြစ်နေပြီး အလုံခြုံဆုံးနှင့် အမျှော်လင့်ရဆုံး လမ်းကြောင်းကို အမြဲတမ်း ရှာဖွေနိုင်စေလေသည်။

​နောက်ဆုံးတွင် တစ်နာရီနီးပါး ပုန်းလျှိုးကွယ်လျှိုး သွားပြီးနောက် ဂျပန်တပ်များ သိမ်းပိုက်ထားသော မီးရထားလမ်းဆုံအနီးသို့ ရောက်ရှိလာခဲ့ကြသည်။

​အဝေးတွင် ပျက်စီးနေသော ရထားတွဲများနှင့် ပလက်ဖောင်းများပေါ်တွင် ဂျပန် စက်သေနတ်စခန်းများ ချထားသည်ကို ဝိုးတဝါး မြင်နိုင်ပြီး ရှာဖွေရေး မီးများက ရှေ့ရှိ ကွင်းပြင်ကို တစ်ခါတစ်ရံ ဖြတ်သန်းထိုးလင်းနေခဲ့သည်။

​“ငါတို့ ရောက်ပြီ...” ကျန်းယဲ့က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ အကြည့်များက ပိတ်ဆို့ရေးမျဉ်းကို ဖြတ်ကျော်ကာ အဝေးမှ ပြင်းထန်သော သေနတ်သံများ ကြားနေရသည့် ဦးတည်ချက်ဆီသို့ ကြည့်လိုက်၏။

​ကျန်းယဲ့နှင့် သူ၏ အဖွဲ့က ပေါက်ကွဲမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေသော ရွှံ့နံရံတစ်ခုကို သတိထား၍ ကျော်ဖြတ်လိုက်ရာ သူတို့၏ ခြေထောက်များက မီးလောင်ကျွမ်းနေသော မြေကြီးထဲသို့ နစ်ဝင်သွားခဲ့သည်။

​သူတို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော သွေးနံ့နှင့် သေမင်း၏ အငွေ့အသက်က သူတို့၏ အာရုံများကို ရိုက်ခတ်လာလေသည်။

ရှေ့ရှိ မြင်ကွင်းမှာ ငရဲခန်းတစ်ခုလို ကြောက်မက်ဖွယ် ကောင်းနေချေသည်။

​ချိုင့်ဝှမ်းငယ်လေးတွင် အလောင်းများ အပုံလိုက် ဖြစ်နေ၏။

​နေရှင်နယ်လစ်တပ်မတော်မှ စစ်သားများနှင့် ဂျပန်စစ်သားများက ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲအမျိုးမျိုးတွင် ရောထွေးနေခဲ့ကြသည်။

​အချို့က တစ်ဦးနှင့်တစ်ဦး ရင်ဘတ်ကို လှံစွပ်ဖြင့် ထိုးထားကြပြီး အချို့မှာ တိုက်ပွဲအတွင်း လက်ပစ်ဗုံးများကြောင့် အပိုင်းပိုင်းအစစ ဖြစ်နေကာ အများစုမှာ ကျည်ဆန်များ ထိမှန်ထားသော လူငယ်လေးများ၏ ခန္ဓာကိုယ်များဖြစ်ပြီး သူတို့၏ ယူနီဖောင်းများက သွေးများဖြင့် ရွှဲနစ်နေခဲ့ကြသည်။

​ဤနေရာတွင် အလွန် ရက်စက်ကြမ်းကြုတ်သော လက်ချင်းယှဉ်တိုက်ပွဲနှင့် အနီးကပ်သေနတ်ပစ်ခတ်မှုတို့ကို ကြုံတွေ့ခဲ့ရကြောင်း ထင်ရှားချေသည်။

​“ခြေလှမ်းကို သတိထား...” ဒိုင်းလွှားလေးက အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အလွန်တိုးညင်းသော ညည်းညူသံလေးကို သတိထားမိလိုက်၏။

​သူသည် အလောင်းပုံဆီသို့ ခုန်ဝင်သွားပြီး မျက်နှာတစ်ခုလုံး သွေးများပေကျံကာ မှတ်မိရန်ပင် ခက်ခဲနေသော နေရှင်နယ်လစ်တပ်မတော်မှ စစ်သားတစ်ဦးက သူ၏ ရင်ခွင်ထဲရှိ သစ်သားလက်ကိုင် လက်ပစ်ဗုံး၏ စနက်ကို ဆွဲဖြုတ်ရန် သူ၏ နောက်ဆုံး ခွန်အားဖြင့် ကြိုးစားနေသည်ကို မြင်လိုက်ရ၏။

​“စီနီယာ မလှုပ်နဲ့... ကျွန်တော်တို့က တရုတ်တွေပါ” ဒိုင်းလွှားကြီးက တစ်ဖက်လူ၏ သွေးပေနေသော လက်ကို ပြင်းပြင်းထန်ထန် ဖိချလိုက်ပြီး သူ၏ အသံက အရေးတကြီးနှင့် နက်ရှိုင်းနေလေသည်။

​စစ်သားသည် ရပ်တန့်သွားပြီး သွေးများဖြင့် မှုန်ဝါးနေသော သူ၏ မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်၏။ သူ၏ အသက်မပါသော အကြည့်များက ဒိုင်းလွှားလေး၊ ထူးဆန်းသော ခေတ်မီလက်နက်ကိရိယာများနှင့် စစ်ဝတ်စုံတို့အပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ကျန်းယဲ့နှင့် နောက်မှ လိုက်ပါလာသူများအပေါ်သို့ ရောက်ရှိသွားပြန်သည်။

​သူသည် အခြေအနေကို နားလည်ရန် ကြိုးစားနေပုံရပြီး သူ၏ မျက်လုံးထဲရှိ သတိဝီရိယနှင့် ဆုံးဖြတ်ချက်က ဖြည်းဖြည်းချင်း မှေးမှိန်သွားကာ ဇဝေဇဝါ ဖြစ်မှုနှင့် မယုံကြည်နိုင်မှုတို့က အစားထိုး ဝင်ရောက်လာလေသည်။

​“မဟုတ်ဘူး... ဂျပန်တွေ မဟုတ်ဘူး... တော်သေးတာပေါ့...” သူက အားနည်းစွာ ပြောလိုက်ပြီး သူ၏ တင်းမာနေသော ခန္ဓာကိုယ်က ရုတ်တရက် ပြေလျော့သွားခဲ့သည်။

​ထို့နောက် သူ၏ နောက်ဆုံးဂုဏ်သိက္ခာအဖြစ် မှတ်ယူထားသော လက်ပစ်ဗုံးက သူ၏ အားအင်ကုန်ခမ်းနေသော လက်ထဲမှ လျှောကျသွားလေသည်။

​အခြားသူများလည်း အလျင်အမြန် ဝိုင်းအုံလာကြ၏။

​ကျန်းယဲ့က စနစ်နေရာလွတ်ထဲမှ ရှေးဦးသူနာပြုသေတ္တာ၊ သွေးတိတ်ပေါင်ဒါနှင့် သွေးရည်ကြည်တို့ကို ချက်ချင်း ထုတ်ယူလိုက်သည်။

​ခံတပ်မြို့တော်နှင့် အသဲကွဲသံမဏိတို့က သေနတ်များကို အသင့်ပြင်ကာ ကင်းစောင့်နေခဲ့ကြသည်။

​သံတံတိုင်းသည် သူ၏ ဒဏ်ရာများကို အလျင်အမြန် စစ်ဆေးလိုက်ပြီး သွေးများ ရွှဲနစ်နေသော စုတ်ပြဲနေသည့် စစ်ဝတ်စုံကို လှန်လိုက်ချိန်တွင် လူတိုင်း၏ နှလုံးသားများ နစ်မြုပ်သွားရသည်။

​သူ၏ ဝမ်းဗိုက်တွင် အနည်းဆုံး ကျည်ပေါက် သုံးပေါက် ရှိနေပြီး သွေးများ ပန်းထွက်နေဆဲပင်။ ထို့အပြင် သူ၏ အူများကို ဝိုးတဝါး မြင်နေရပြီး ထိုအချိန်က ဆေးဘက်ဆိုင်ရာ အခြေအနေများအရဆိုလျှင် ထိုကဲ့သို့သော ဒဏ်ရာများက အသက်အန္တရာယ် ရှိလောက်အောင်ပင် ဆိုးရွားလှပေသည်။

​“စီနီယာ... တောင့်ထားပါဦး” သံတံတိုင်းက သူ့ကို မော်ဖင်းထိုးပေးရန်နှင့် သွေးတိတ်စေရန် ဖိအားပေးရန် ကြိုးစားလိုက်၏။

​စစ်သားသည် ခေါင်းကို ခက်ခဲစွာ ခါယမ်းလိုက်ပြီး သူ၏ သွေးစွန်းနေသော လက်များက ခံတပ်မြို့တော်၏ လက်ကို အားနည်းစွာ တွန်းဖယ်လိုက်သည်။ သူ၏ အသံသည် အားနည်းသော်လည်း ကြည်လင်နေချေသည် .... “အလဟဿ... အလဟဿ မဖြုန်းတီးပါနဲ့ဗျာ.... ။ ကျွန်တော် သိတယ်... ဒါကို ကျွန်တော့် သိပါတယ်... ကျွန်တော် အသက်ရှင်မှာ မဟုတ်ပါဘူး...”

​ထို့နောက် သူ၏ အသက်ရှူနှုန်း မြန်ဆန်လာပြီး မျက်လုံးများက မှန်ကွဲတစ်ခုလို ဖြစ်လာသော်လည်း သူ၏ နောက်ဆုံး လက်ကျန်ခွန်အားဖြင့် သူ၏ အိတ်ကပ်ထဲမှ သွေးများ ရွှဲနစ်နေသော ဟောင်းနွမ်းနေသည့် စာအိတ်တစ်အိတ်ကို တုန်ရီစွာဖြင့် ဆွဲထုတ်လိုက်လေသည်။

​ထိုစာအိတ်ပေါ်ရှိ လိပ်စာသည် ကောက်ကွေးစွာ ရေးသားထားပြီး မင်များက သွေးများနှင့် ရောနှောကာ မှုန်ဝါးနေသော်လည်း “စီချွမ်” ဆိုသည့် စကားလုံးကိုတော့ ဖတ်နိုင်သေးပေသည်။

​“ကူညီပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ...” သူက သူ့အနီးဆုံးတွင် ရှိနေသော ကျန်းယဲ့ထံသို့ သွေးစွန်းနေသော စာကို ပေးအပ်ရန် ကြိုးစားလိုက်ပြီး သူ၏ မျက်လုံးများတွင် နောက်ဆုံး တောင်းဆိုမှုတစ်ခု ပြည့်နှက်နေချေသည်။ “အ​...... အမေ့ဆီ ပို့ပေးပါ.... သူ့..... သူ့သားက... သူ့ကို အရှက်မကွဲစေဘူးလို့ ပြောပေးပါနော်.... ”

အခန်း ၂၃၆ပြီး၏။

All Chapters