အခန်း ၂၃၇
Vol. 24 Ch. 237
အခန်း (၂၃၇) သူရဲကောင်းဟူသည် လူသေသော်လည်း နာမည်မသေပါ
ကျန်းယဲ့သည် သူ၏ ခန္ဓာကိုယ်မှ နွေးထွေးနေဆဲဖြစ်ပြီး သွေးများ ပေကျံနေသည့် လေးလံသော အိမ်ပြန်စာကို လှမ်းယူလိုက်ရာ သူ၏ လက်ဖဝါးထဲတွင် ပူလောင်နေပြီး ပေါင်တစ်ထောင်ထက်မက လေးလံနေသည်ဟု ခံစားလိုက်ရ၏။
သူသည် စစ်သား၏ သွေးစွန်းနေသော လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်လုံးများ နီရဲလာကာ ဆို့နင့်နေသော အသံဖြင့် “စီနီယာ... တောင့်ထားပါဦးနော်... ကျွန် ... ကျွန်တော်တို့ ခင်ဗျားကို ကယ်နိုင်ပါတယ်.... အမေ့ဆီ ပြန်ဖို့ ခင်ဗျား အသက်ရှင်ရမယ်လေ” ဟု ပြောလိုက်သည်။
သူသည် အတင်း ပြုံးပြရန် ကြိုးစားနေပုံရသော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ချေ။ သူသည် ခေါင်းကို အနည်းငယ်သာ ခါယမ်းလိုက်ပြီး သူ၏ မျက်လုံးထဲရှိ အလင်းရောင်က လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။
“စတုတ္ထ.... စီချွမ်က... ယောက်ျားတွေ... လုပ်ရမှာပဲ...”
ဤသည်မှာ သက်ပြင်းချသံတစ်ခုလို တိုးညင်းလွန်းလှသော သူ၏ နောက်ဆုံးစကားများပင်။ ထို့နောက် သူ၏ ခေါင်းဟာ ဘေးဘက်သို့ စောင်းကျသွားပြီး ကျန်းယဲ့၏ လက်ကို ဆုပ်ကိုင်ထားမှု ပြေလျော့သွားကာ သူ၏ အကြည့်များက အဝေးရှိ သူ၏ မွေးရပ်မြေဆီသို့ စိုက်ကြည့်နေချေသည်။
နံနက်ခင်း အလင်းရောင်က တိမ်တိုက်များကို ဖောက်ထွင်းကာ အလောင်းများ ပြန့်ကျဲနေသော ဤခြောက်ကပ်နေသည့် နေရာပေါ်သို့ ကျရောက်လာပြီး အာဇာနည်တို့၏ သွေးများဖြင့် ရွှဲနစ်နေသော အိမ်ပြန်စာကိုသာမက ကျန်းယဲ့နှင့် အထူးတပ်ဖွဲ့ဝင်အားလုံး၏ လေးနက်ပြီး ဒေါသထွက်နေသော မျက်နှာများကိုပါ လင်းလက်သွားစေခဲ့သည်။
အသဲကွဲသံမဏိသည် သူ့ဘေးရှိ မီးလောင်ကျွမ်းနေသော မြေကြီးကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထုလိုက်၏။
ထိုစဉ် ချိုင့်ဝှမ်းအစွန်းမှ တရှပ်ရှပ် ခြေသံများနှင့် တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်လာလေသည်။
ကျန်းယဲ့နှင့် သူ၏ အဖွဲ့က ချက်ချင်း သတိဝင်သွားပြီး သူတို့၏ လက်နက်များကို တိတ်ဆိတ်စွာ မြှောက်ကာ အသံလာရာဆီသို့ ချိန်ရွယ်လိုက်ကြ၏။
ဒိုင်းလွှားလသည် ချိုင့်ဝှမ်းနံရံကို မှီကာ တိုးညင်းသော အသံဖြင့် “စကားဝှက်...” ဟု အော်မေးလိုက်သည်။
အပြင်ဘက်ရှိ လူကလည်း သိသိသာသာ လန့်သွားပြီးနောက် “တောင်တန်းနဲ့ မြစ်တွေ” ဟု ပြန်ဖြေလိုက်၏။
“မပြောင်းလဲဘူး....” ဒိုင်းလွှားလေးက ချက်ချင်း တုံ့ပြန်လိုက်သည်။
ထိုအခါမှသာ တင်းမာနေသော လေထုက အနည်းငယ် ပြေလျော့သွားပြီး လူရိပ်အချို့က ချိုင့်ဝှမ်းအစွန်းမှ သတိထား၍ ချောင်းကြည့်လာခဲ့ကြသည်။
ရောက်လာသူများက နေရှင်နယ်လစ်တပ်မတော်မှ စစ်သားအချို့ဖြစ်ပြီး သူတို့၏ ယူနီဖောင်းများကဟောင်းနွမ်းစုတ်ပြဲနေကာ ရွှံ့များနှင့် အနက်ရောင် သွေးများ ပေကျံနေပြီး သူတို့၏ မျက်နှာများတွင် အလွန်အမင်းပင်ပန်းနွမ်းနယ်မှုကြောင့် ထုံထိုင်းနေသော အမူအရာများ ပေါ်လွင်နေ၏။
သူတို့သည် ချိုင့်ဝှမ်းထဲရှိ ကျန်းယဲ့နှင့် အခြားသူများ၏ ခေတ်မီလက်နက်ကိရိယာများနှင့် ထူးဆန်းသော အဝတ်အစားများကို မြင်လိုက်ရချိန်တွင် သိသိသာသာ မှင်တက်သွားကြရသည်။ သူတို့သည် သူတို့၏ ရိုင်ဖယ်ဟောင်းများကို မသိစိတ်အရ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး မျက်လုံးများထဲတွင် သတိထားမှုများ ချက်ချင်း ပြည့်နှက်သွားခဲ့သည်။
“မစိုးရိမ်ပါနဲ့... ကျွန်တော်တို့က တစ်ဖွဲ့တည်းပါ” သံတံတိုင်းက ရှေ့သို့ တိုးလာပြီး သူ၏ အသံuက တည်ငြိမ်နေ၏။ “ကျွန်တော်တို့က တပ်မမှူးစွန်းရဲ့ အမိန့်နဲ့ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ လာပို့တာပါ...”
ထို့နောက် သူဟာ တပ်မဌာနချုပ်၏ တရားဝင်တံဆိပ်တုံးရိုက်နှိပ်ထားသော အထူးဖြတ်သန်းခွင့် လက်မှတ်ကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။
တပ်စုမှူးသည် သူတို့၏ စာရွက်စာတမ်းများကို ဂရုတစိုက် စစ်ဆေးပြီး အထပ်ထပ် အကဲခတ်ကြည့်လိုက်သည်။ တံဆိပ်တုံးများ မှန်ကန်ကြောင်း အတည်ပြုပြီးနောက်မှသာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး သူ၏ သေနတ်ကို အောက်ချလိုက်သော်လည်း သူ၏ မျက်လုံးထဲရှိ အံ့ဩမှုများကတော့ ပျောက်ကွယ်မသွားသေးချေ။ “ခင်ဗျားတို့ရဲ့ အဝတ်အစားတွေက...”
“အထူး တာဝန်ပါ....” သံတံတိုင်းက တိုတိုတုတ်တုတ် ရှင်းပြလိုက်ပြီးနောက် “ဒါက ဘာကိစ္စလဲ...” ဟု မေးလိုက်၏။
“အသက်ရှင်နေသေးတဲ့ ညီအစ်ကိုတွေ ရှိသေးလားလို့ လာကြည့်တာပါ....” တပ်စုမှူး၏ အသံက ဩရှရှဖြစ်နေပြီး ချိုင့်ဝှမ်းထဲရှိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ကာ နာကျင်စွာဖြင့် သူ၏ မျက်လုံးများကို မှိတ်လိုက်၏။
“ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ... ဘယ်သူမှ မကျန်တော့ပါဘူး” ကျန်းယဲ့က ခေါင်းခါလျက် တိုးညင်းစွာ ပြောလိုက်၏။
ထိုအချိန်တွင် တပ်စုမှူး၏ အနောက်မှ စစ်သားငယ် တစ်ဦးက မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးများဖြင့် အရေးတကြီး ဝင်ပြောလိုက်ခေသည်။ “ဆရာ.. ဆရာပြောတဲ့ ထောက်ပံ့ရေးပစ္စည်းတွေက ဘယ်မှာလဲ။ ဆေးတွေရော ပါလား။ ကျွန်တော်တို့ ညီအစ်ကို တော်တော်များများ ဒဏ်ရာရထားပြီး အသက်ကယ်ဆေးတွေကို စောင့်နေကြတာဗျ...”
ခုနက ပြီးဆုံးသွားသော တိုက်ပွဲတွင် အသေအပျောက် များပြားခဲ့ပြီး ဆေးဝါး ထောက်ပံ့မှုများလည်း ကုန်ခမ်းနေသည်မှာ ကြာပြီ ဖြစ်၏။
မရေမတွက်နိုင်သော ညီအစ်ကိုများက ၎င်းတို့၏ အသက်ကို ကယ်တင်ရန် ဆေးဝါးများကို စောင့်ဆိုင်းရင်း ဆေးရုံကုတင်များပေါ်တွင် လဲလျောင်းနေကြရသော်လည်း ဆေးဝါးပြတ်လပ်မှုကြောင့် သူတို့၏ စိတ်ဓာတ်ခွန်အားကိုသာ အားကိုး၍ နာကျင်မှုကို ခံစားနေခဲ့ကြရသည်။
အကယ်၍ ဤထောက်ပံ့ရေးပစ္စည်းများထဲတွင် ဆေးဝါးများပါဝင်ပါက မရေမတွက်နိုင်သော အသက်များကို ကယ်တင်နိုင်ချေမည်။
“ဟုတ်ပါတယ်... အားလုံး ပါပါတယ်” ကျန်းယဲ့က ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်၏။ “ဒဏ်ရာရတဲ့သူတွေ စုနေတဲ့ နေရာကို ကျွန်တော်တို့ကို ခေါ်သွားပါ...”
“ကောင်းပါပြီ... ကောင်းပါပြီ။ ကျွန်တော့်နောက် လိုက်ခဲ့ပါ....” တပ်စုမှူးက စစ်သားနှစ်ဦးကို ချက်ချင်း တာဝန်ပေးလိုက်၏။ “ယီယုံ၊ ရှောင်ရှီထို.... အရာရှိတွေကို ယာယီကယ်ဆယ်ရေးစခန်းဆီ မြန်မြန် ခေါ်သွားလိုက်။ ကျန်တဲ့လူတွေ ငါနဲ့နေခဲ့... ပြီးတော့ ရှင်းလင်းရေး လုပ်...”
သူ၏ အသံက ဆို့နင့်သွားပြီး ဆက်မပြောနိုင်တော့ဘဲ လက်ကိုသာ လေးလံစွာ ဝှေ့ယမ်းလိုက်၏။
ကျန်းယဲ့သည် စစ်သားနှစ်ဦးနှင့်အတူ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် တစ်ခုခုကို သတိရသွားသကဲ့သို့ ခေတ္တရပ်တန့်လိုက်ပြီး ဤခေတ်အတွက် အလွန်ခေတ်မီဆန်းပြားသော အနက်ရောင်ကင်မရာတစ်လုံးက သူ၏ လက်ထဲတွင် လေထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။
ဝန်းရံနေသော စစ်သားများ၏ အံ့ဩနေသော အကြည့်များကြားတွင် သူဟာ လဲကျနေသော စီချွမ်စစ်သား၏ ဘေးသို့ လျှောက်သွားကာ ဖရိုဖရဲဖြစ်နေသော သူ၏ ကော်လာကို ဂရုတစိုက် သပ်ရပ်ပေးလိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ သွေးများနှင့် ဖုန်များကို လက်ချောင်းများဖြင့် ညင်သာစွာ သုတ်သင်ပေးလိုက်ရာ ငယ်ရွယ်ပြီး ငြိမ်းချမ်းနေသော သူ၏ မျက်နှာလေး ပေါ်လွင်လာခဲ့သည်။
ထို့နောက် ကင်မရာကို မြှောက်ကာ အနီးအဝေး ချိန်ညှိလိုက်ပြီး နံနက်ခင်းအလင်းရောင်အောက်တွင် လေးနက်စွာဖြင့် ခလုတ်ကို နှိပ်လိုက်၏။
နောကိခဏ၌ တိုးညင်းသော ကလစ်ဆိုသည့် အသံလေးက လေးလံသော သမိုင်းအခန်းကဏ္ဍတစ်ခုကို အေးခဲသွားစေသကဲ့သို့ ရှိသည်။
ကျဆုံးသွားသော သူ၏ ရဲဘော်ရဲဘက်၏ အလောင်းကို တိတ်ဆိတ်စွာ ကောက်ယူနေသော စစ်သားငယ် တစ်ဦးသည် သူ လုပ်နေသည်ကို ရပ်တန့်လိုက်ပြီး ကင်မရာကို အားကျမှုနှင့် စပ်စုချင်မှုများ ဖုံးကွယ်မထားနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း သူဟာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ကာ ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ ဆက်လက် အလုပ်လုပ်နေခဲ့သည်။
ကျန်းယဲ့က သူ၏ အကြည့်ကို သတိထားမိပြီး “စီနီယာ... ခင်ဗျားကိုရော ဓာတ်ပုံ ရိုက်ပေးရမလား” ဟု ညင်သာစွာ မေးလိုက်၏။
စစ်သားသည် ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုများဖြင့် ချက်ချင်း လင်းလက်သွားရသည်။ သူက သတိထားကာ “အဆင်... အဆင်ပြေပါ့မလား။ ကျွန်တော်... ကျွန်တော်လည်း ဓာတ်ပုံရိုက်လို့ ရလား” ဟု မေးလိုက်လေသည်။
“ရတာပေါ့....” ကျန်းယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်၏။
စစ်သားသည် ခေတ္တမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားလေသည်။ ထို့နောက် ကိုင်ထားသည်ကို အလျင်အမြန် ချထားလိုက်ပြီး သူ၏ ယူနီဖောင်းက စုတ်ပြဲနေပြီ ဖြစ်သော်လည်း ဖုန်များကို စိတ်လှုပ်ရှားစွာဖြင့် ပုတ်ခါလိုက်လေသည်။
သူသည် ပို၍ ကြည့်ကောင်းစေရန်အတွက် ထိုနည်းတူ ဟောင်းနွမ်းနေသော သူ၏ စစ်ဦးထုပ်ကို တည့်မတ်လိုက်ပြန်သည်။
နောက်ဆုံးတွင် သူသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ထွက်ပေါ်လာသော နေမင်းကြီးကို ကျောခိုင်းထားကာ ဤခေတ်တွင်သာ သီးသန့်ရှိသော အပြုံး၊ ဖြူစင်ပြီး တောက်ပနေသော အပြုံး၊ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်တို့ ရောယှက်နေသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။
“ကလစ်....”
နောက်ထပ် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး နံနက်ခင်းအလင်းရောင်က ငယ်ရွယ်သော်လည်း ပြတ်သားသော စစ်သား၏ ပုံရိပ်ကို ပုံဖော်ပေးလိုက်ချေသည်။
ဤအချိန်လေး၏ ပုံရိပ်များက အချိန်နှင့် နေရာကို ဖြတ်ကျော်သွားခဲ့သည်။
ရှောင်ရှီထိုနှင့် ကျောက်ယီယုံတို့က ဦးဆောင်သွားကြပြီး သူတို့၏ ခြေလှမ်းများက သွက်လက်နေသော်လည်း တစ်ခါတစ်ရံတွင် ကျန်းယဲ့နှင့် အခြားသူများကို နောက်ပြန်လှည့်ကြည့်တတ်ကာ သူတို့၏ မျက်လုံးများတွင် ဖုံးကွယ်မထားနိုင်သော သံသယများ ပြည့်နှက်နေခဲ့သည်။
သူတို့ ကျောပေါ်ရှိ ထူးဆန်းသော ကျောပိုးအိတ်များနှင့် လက်ထဲရှိ ထက်မြက်သော လက်နက်များမှလွဲ၍ ဤအရာရှိများက ထောက်ပံ့ရေးပစ္စည်း အများအပြားကို သယ်ဆောင်လာပုံ မပေါ်ချေ။
စိတ်မရှည်တတ်သော ကျောက်ယီယုံက မနေနိုင်ဘဲ “ဆရာ... ပင်မတပ်ဖွဲ့က အသက်ကယ်ပစ္စည်းတွေကို သယ်လာတုန်းလား။ သူတို့ကို သွားကြိုဖို့ လူတချို့ လွှတ်လိုက်ရမလား” ဟု မေးလိုက်သည်။
ကျန်းယဲ့၏ အကြည့်များက ရှေ့ရှိ ပိုမို ပျက်စီးယိုယွင်းလာသော လမ်းများပေါ်သို့ ကျရောက်သွားပြီး သူက တည်ငြိမ်စွာဖြင့် “မလိုပါဘူး.... ငါတို့ အဲဒီကို ရောက်ရင် ထောက်ပံ့ရေးပစ္စည်းတွေက သဘာဝကျကျ ရောက်လာလိမ့်မယ်”
သူတို့နှစ်ဦးက ဇဝေဇဝါ ဖြစ်နေကြသော်လည်း နောက်ပြောင်နေပုံမပေါ်သည့် ကျန်းယဲ့၏ ယုံကြည်မှုရှိသော လေသံကို မြင်တွေ့ရချိန်တွင် သူတို့၏ နှလုံးသားထဲ၌ ကြီးမားသော မျှော်လင့်ချက်တစ်ခု လောင်ကျွမ်းလာရသည်။
ရှောင်ရှီထိုက ကျောက်ယီယုံကို စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ပြောလိုက်၏။ “ရွှမ်ဇီတို့တော့ အသက်ရှင်ပြီ။ ဆရာဝန်ဝမ်က ဆားရည်နဲ့ အဝတ်စတွေကို ပြုတ်နေစရာ မလိုတော့ဘူး....”
ကျောက်ယီယုံက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများ စပ်ဖျင်းဖျင်း ဖြစ်လာကာ ခြေလှမ်းကို ခပ်သွက်သွက် လျှောက်လိုက်၏။
အမြောက်ဆန်များကြောင့် ပြန့်ကျဲနေသော အပျက်အစီးများကို ဖြတ်ကျော်ပြီးနောက် စခန်းဟု ခေါ်သော နေရာကို မြင်လိုက်ရ၏။ သို့သော်ငြား ၎င်းကို စခန်းတစ်ခုဟု ခေါ်ရန်ပင် ခက်ခဲပြီး အနည်းငယ် ကောင်းမွန်နေသေးသည့် ခြံဝန်းတစ်ခုနှင့် ဆက်စပ်နေသော ပျက်စီးယိုယွင်းနေသည့် လမ်းနှင့် လမ်းကြား အနည်းငယ်သာ ဖြစ်၏။
လေထုထဲတွင် ပြင်းထန်သော သွေးနံ့၊ ဆေးဘက်ဝင်အပင်များ၏ အနံ့နှင့် သဲ့သဲ့မျှရှိသော ပုပ်ဟောင်နေသည့် အနံ့တို့ ပြည့်နှက်နေချေသည်။
စစ်သားများက ခြံဝန်းထဲတွင်.... နံရံခြေရင်းများနှင့် ဟင်းလင်းပြင်တွင်ပင် ထိုင်လျက် သို့မဟုတ် လဲလျောင်းနေခဲ့ကြသည်။
သူတို့အားလုံးနီးပါးမှာ ဒဏ်ရာရထားကြပြီး သူတို့၏ ယူနီဖောင်းများက စုတ်ပြဲနေကာ ခန္ဓာကိုယ်ကိုပင် ကောင်းစွာ မဖုံးလွှမ်းနိုင်တော့ဘဲ အမည်းရောင်သွေးများနှင့် ဖုန်များဖြင့် ဖုံးလွှမ်းနေ၏။
ရေရှည် အာဟာရမပြည့်ဝမှုနှင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် မျက်နှာတိုင်းက နက်ရှိုင်းစွာ ချိုင့်ဝင်နေပြီး ပါးရိုးများ ငေါထွက်ကာ နှုတ်ခမ်းများ ကွဲအက်နေချေသည်။
သို့သော်လည်း ကျန်းယဲ့နှင့် သူ၏ အဖွဲ့ ပေါ်လာချိန်တွင် နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် အနည်းငယ် ထုံထိုင်းနေသော ထိုမျက်လုံးများက ချက်ချင်း မြင့်တက်လာပြီး သူတို့ထံ အာရုံစိုက်သွားကြ၏။
သူတို့၏ မျက်လုံးများထဲတွင် အံ့ဩမှု၊ စပ်စုချင်မှုနှင့် သူစိမ်းအရာ မှန်သမျှအပေါ် မသိစိတ်အရ သတိထားမှုတို့ ပြည့်နှက်နေခဲ့ကြသည်။
ကျန်းယဲ့၏ နှလုံးသားက တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရသည်။
သူ၏ အကြည့်များက စစ်သားများ၏ ခြေထောက်များမှ မခွာနိုင်ခဲ့ချေ။ သူတို့အများစုက ပျက်စီးလုနီးပါးဖြစ်နေသော ကောက်ရိုးဖိနပ်များကို စီးထားကြပြီး သွေးကြည်ဖုများ ပြည့်နှက်နေသော ခြေချောင်းများကို မြင်နေရသည်။
လူအများအပြားမှာ ကောက်ရိုးဖိနပ်ပင် မရှိကြဘဲ သူတို့၏ ခြေထောက်များကို စုတ်ပြဲနေသော အဝတ်စများဖြင့်သာ ဖြစ်သလို ပတ်ထားကြပြီး ၎င်းတို့ဆီမှ သွေးများ စိမ့်ထွက်နေလေသည်။
အခန်း ၂၃၇ပြီး၏။