အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) အဝတ်အစားနှင့် စားနပ်ရိက္ခာ ပြတ်လပ်ခြင်း
လူတိုင်းလိုလို၏ ဘေးတွင် ဓားမကြီး တစ်လက်စီ ရှိနေခဲ့ကြသည်။
ဓားသွားများက ထူထဲပြီး လေးလံကာ အများစုမှာ ပဲ့နေခြင်း၊ ကျိုးနေခြင်း သို့မဟုတ် ကွေးကောက် ပုံပျက်နေခြင်းများပင်။ လက်ကိုင်ရိုးများက ပွတ်တိုက်မှုကြောင့် ချောမွေ့ ပြောင်လက်နေပြီး ၎င်းတို့၏ ပိုင်ရှင်များက မရေမတွက်နိုင်အောင် ဆုပ်ကိုင် လွှဲယမ်းခဲ့ကြောင်း သိသာနေလေသည်။
၎င်းတို့ကို အလွယ်တကူ လှမ်းယူနိုင်သော နေရာတွင် ဂရုတစိုက် ထားရှိထားကြသည်။
ဤတပ်ဖွဲ့က စီချွမ်မှ ထွက်ခွာလာစဉ်ကတည်းက လက်နက်ကိရိယာ တပ်ဆင်မှု ညံ့ဖျင်းခဲ့ပြီး စစ်သားအများအပြားတွင် သေနတ်အလုံအလောက် မရှိသောကြောင့် စစ်မြေပြင်သို့ ဓားမကြီးများနှင့် လှံများကို ကိုင်ဆောင်ကာ ထွက်လာခဲ့ရကြောင်း ကျန်းယဲ့ သိထားပေသည်။
လရောင်အောက်တွင် သူတို့က ဂျပန်တပ်များကို ဓားမကြီးများနှင့် လှံစွပ်များ အသုံးပြု၍ လက်ချင်းယှဉ် တိုက်ခိုက်ခဲ့ကြရသည်။
စစ်သားအများအပြားက ခဲယမ်းများ ကုန်သွားပြီးနောက် ဤအနီးကပ်သုံးလက်နက်များကို အသုံးပြု၍ ရန်သူ့ တင့်ကားများနှင့် လှံစွပ်များကို ပြေးဝင် တိုက်ခိုက်ခဲ့ကြ၏။
အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပုံရသော စစ်သားငယ်တစ်ဦးက သူ့အရပ်နှင့် မတိမ်းမယိမ်း ရှိသော သူ၏ ဓားမကြီးကို ကျောက်ခဲကျိုးတစ်ခုဖြင့် အာရုံစူးစိုက်ကာ ဂရုတစိုက် သွေးနေချေသည်။
လက်တစ်ဖက်ဆုံးရှုံးထားသော အခြား ဒဏ်ရာရသူ တစ်ဦးကလည်ူ သူ၏ဓားမကြီးကို ကျန်ရှိနေသော လက်ဖြင့် သူ၏ တစ်ခုတည်းသော အားထားရာအဖြစ် တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်၊ စုတ်ပြဲနေသော ကောက်ရိုးဖိနပ်များ၊ တုံးနေသော ဓားမကြီး၏ ဓားသွားနှင့် အလျှော့မပေးသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေကာ အံ့ဩဖွယ်ကောင်းလောက်အောင် တောက်ပနေဆဲဖြစ်သော ထိုမျက်လုံးများက အလွန် သိသာထင်ရှားသော ခြားနားမှုကို ဖြစ်ပေါ်နေစေခေသည်။
ဤသည်မှာ ၁၉၃၇ ခုနှစ်က တရုတ်စစ်သားများပင်။
သူတို့တွင် အလွန်အခြေခံကျသော လက်နက်ကိရိယာများသာ ရှိနေသော်လည်း ကျူးကျော်သူများ၏ တိုးတက်မှုကို တားဆီးရန် သူတို့၏ အသားနှင့် သွေးကို အသုံးပြုခဲ့ကြသည်။
ကျန်းယဲ့သည် သူ၏ လှုပ်ရှားနေသော စိတ်ခံစားချက်များကို ဖိနှိပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်၏။
သူ ယူဆောင်လာသည်မှာ ထောက်ပံ့ရေးပစ္စည်းများသာမက ဤမဆုတ်မနစ်သော ဝိညာဉ်များ ဆက်လက် တိုက်ပွဲဝင်နိုင်ရန် မျှော်လင့်ချက်ကိုပါ ယူဆောင်လာကြောင်း သိထားချေသည်။
သူ ရှေ့သို့ တိုးလာပြီး သူ့ကို စောင့်ကြည့်နေသော စစ်သားများအားလုံးကို အကဲခတ်လိုက်ကာ စခန်းငယ်လေး တစ်ခုလုံးတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသော နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်၏။ “စီနီယာတို့...... ပင်ပန်းသွားပါပြီ။ ကျွန်တော်တို့က ခင်ဗျားတို့ဆီ ခဲယမ်းတွေ၊ အစားအသောက်တွေနဲ့ ဆေးဝါးတွေ လာပို့ဖို့ နိုင်ငံတော်ရဲ့ အမိန့်နဲ့ ရောက်လာတာပါ...”
ကျန်းယဲ့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အရင်က တိတ်ဆိတ်ပြီး ဖိစီးနေသော စခန်းက ကျောက်တုံးကြီးတစ်တုံးဖြင့် ထုချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် ဂယက်ရိုက်ခတ်သွားခဲ့သည်။
မြေပြင်ပေါ်တွင် ထိုင်နေသော သို့မဟုတ် နံရံကို မှီနေသော စစ်သားများ၏ မှေးမှိန်နေသော မျက်လုံးများထဲတွင် မယုံကြည်နိုင်လောက်အောင် တောက်ပမှုတစ်ခု ပေါ်လာချေသည်။
“ဆေးဝါး... ဆေးဝါးတဲ့လား”
“ခဲယမ်းတွေလား။ အစားအသောက်တွေလား...”
“တ..... တကယ်လား.... ဆရာ”
တီးတိုးပြောဆိုသံများက ထိန်းချုပ်မရသော စိတ်လှုပ်ရှားဖွယ် အသက်ရှူသံများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာတိုင်းတွင် ဝမ်းမြောက်မှုနှင့် မျှော်လင့်ချက်များ တောက်ပနေ၏။
စည်းကမ်းချက်များနှင့် သူတို့၏ ခန္ဓာကိုယ် အားနည်းမှုတို့သာ မရှိပါက သူတို့ဟာ အစောကြီးကတည်းက အောင်ပွဲခံ အော်ဟစ်နေကြလောက်ချေပြီ။
မကြာမီမှာပင် ပိန်ပါးသော်လည်း စူးရှသော မျက်လုံးများရှိသည့် လူလတ်ပိုင်း အရာရှိတစ်ဦးက ဟောင်းနွမ်းသော်လည်း နှိုင်းယှဉ်ချက်အရ သပ်ရပ်သော ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အစောင့်များ ခြံရံကာ လျှောက်လှမ်းလာခဲ့သည်။ သူ၏ ပခုံးပေါ်ရှိ ဗိုလ်ချုပ်ကြယ်ပွင့်များက သူ၏ အဆင့်အတန်းကို ဖော်ပြနေလေသည်။
တပ်မမှူးယန်က ကျန်းယဲ့နှင့် အခြားသူများထံ အကြည့်ကို စူးစိုက်လိုက်၏။ “မင်းတို့ ရောက်လာဖို့ ငါတို့ နောက်ဆုံးတော့ စောင့်နိုင်ခဲ့ပြီ... ”
“တပ်မမှူးယန်... ကျွန်တော်က ကျန်းယဲ့ပါ” ကျန်းယဲ့က ရှေ့သို့ တိုးလာလိုက်သည်။
တပ်မမှူးယန်က ချက်ချင်း ရှေ့သို့ တိုးလာပြီး ကျန်းယဲ့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ သူ၏ အသံတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေခဲ့သည်။ “တပ်မမှူးစွန်းဆီက ကြေးနန်းစာရပြီးကတည်းက မင်းတို့ ရောက်လာမယ့်အချိန်ကို ငါ စိတ်အားထက်သန်စွာနဲ့ စောင့်နေခဲ့တာ... မင်းတို့ ရောက်ပြီလို့ ကြားကြားချင်းပဲ ငါ ချက်ချင်း လာခဲ့တာ...”
သူ၏ လေသံက အရေးတကြီး ဖြစ်နေပြီး မျက်လုံးများမှာ နီရဲနေကာ အချိန်အတော်ကြာ မအိပ်ရသေးကြောင်း ရှင်းလင်းစွာ ဖော်ပြနေခဲ့သည်။
“အခြေအနေက အရေးပေါ်နေပါတယ်။ တပ်မမှူး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဂိုဒေါင် ဒါမှမဟုတ် လုံလောက်တဲ့ နေရာကျယ်တစ်ခုဆီ အခုချက်ချင်း ခေါ်သွားပေးပါ...” ကျန်းယဲ့က လိုရင်းကို တိုက်ရိုက် ပြောလိုက်၏။
တပ်မမှူးယန်တွင် သံသယအချို့ ရှိနေသော်လည်း လုံးဝ တုံ့ဆိုင်းမနေချေ။ “ကောင်းပြီ.. ငါ့နောက် လိုက်ခဲ့”
ထို့နောက် အဖွဲ့ဟာ စခန်း၏ အနောက်ဘက်ရှိ အနည်းငယ် ကောင်းမွန်နေသေးသော ခြံဝန်းတစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။ ဤနေရာက မူလက ချမ်းသာသော မိသားစုတစ်ခု၏ အိမ်ရာဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ယခုအခါတွင် လွတ်ဟာပြီး လူသူကင်းမဲ့နေကာ ထောင့်အနည်းငယ်တွင်သာ ပစ္စည်းအဟောင်းများ စုပုံထားခဲ့သည်။
“ဒီနေရာက အဆင်ပြေနိုင်မလား...” တပ်မမှူးယန်က မေးလိုက်၏။
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
သူ၏ အကြည့်များက လွတ်ဟာနေသော နေရာကို အကဲခတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် သစ်သားသေတ္တာ အပုံလိုက်က လေထဲမှ ပေါ်လာပြီး ခြံဝန်း၏ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားချေသည်။
၇.၆၂ မီလီမီတာ ခဲယမ်းများ ၊ ဒုံးကျည်ပစ်လောင်ချာ ၊ အာဟာရ ရိက္ခာများ နှင့် ရှေးဦးသူနာပြုသေတ္တာကဲ့သို့သော စာတမ်းများ ကပ်ထားသည့် သေတ္တာများက မျက်စိကျစရာ ဖြစ်နေလေသည်။
အထူးသဖြင့် ပွင့်နေသော သစ်သားသေတ္တာများက သန့်ရှင်းသော အဖြူရောင် ပတ်တီးများ၊ ဆေးပုလင်းများနှင့် အရင်က တစ်ခါမှ မမြင်ဖူးသော လုံခြုံစွာ ထုပ်ပိုးထားသည့် ဆေးထိုးအပ်များ ထွက်ပေါ်နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် တပ်မမှူးယန်နှင့် အရာရှိများဟာ နေရာတွင် အေးခဲသွားသကဲ့သို့ ရပ်တန့်သွားကြရသည်။
တပ်မမှူးယန်သည် တောင်လိုပုံနေသော ထောက်ပံ့ရေး ပစ္စည်းများကို မျက်လုံးပြူး... ပါးစပ်ဟလျက် စိုက်ကြည့်နေပြီးနောက် ခံစားချက်ကင်းမဲ့နေသော ကျန်းယဲ့ကို လှမ်းကြည့်ကာ ဤသို့ အကြိမ်ကြိမ် လုပ်ဆောင်နေမိသည်။ သူ၏ ဦးနှောက်က သူ့ရှေ့မှ နားလည်၍မရသော မြင်ကွင်းကို လုံးဝ လက်ခံနိုင်စွမ်း မရှိပုံရနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ အသံများ တုန်ရီနေ၏။ “ဒါက... ဒါက... တကယ့်ကို နတ်ဘုရားတွေရဲ့ စွမ်းရည်ပဲ...”
ကြေးနန်းစာထဲမှ တပ်မမှူးစွန်း၏ လေသံက ဘာကြောင့် အဲဒီလောက် ယုံကြည်မှုရှိပြီး စိတ်လှုပ်ရှားနေရသလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားရသည်။
“တပ်မမှူး” သံမဏိလို ခိုင်မာသော အသံက တုန်လှုပ်နေသော တပ်မမှူးယန်ကို လက်တွေ့ကမ္ဘာသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။ “ဉာဏ်ရည်ထက်မြက်ပြီး ယုံကြည်ရတဲ့ စစ်သားတစ်စုကို ချက်ချင်း စေလွှတ်ပေးပါ။ အရေအတွက် ကန့်သတ်ချက် မရှိဘူး.. များများလေ ပိုကောင်းလေပဲ။ ဒီလက်နက်သစ်တွေကို ဘယ်လို သုံးရမလဲဆိုတာ သူတို့ကို အမြန်ဆုံး သင်ပေးရမယ်။ ရှေ့တန်းက စောင့်ဖို့ အချိန်မရှိဘူး..”
တပ်မမှူးယန်ဟာ ကြောင်အမ်းအမ်း ဖြစ်နေမှုမှ လွတ်မြောက်သွားပြီး ခေါင်းကို ဆက်တိုက် ညိတ်လိုက်၏။ “ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဓိပ္ပာယ်ရှိတယ်။ အစောင့်တွေ.... ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ တပ်ရင်းတိုင်းက လှုပ်ရှားနိုင်သေးတဲ့ စစ်မှုထမ်းဟောင်းတွေ.... တပ်စုမှူးတွေနဲ့ တပ်ခွဲမှူးတွေအားလုံးကို ချက်ချင်း စုစည်းလိုက်။ ပြီးတော့ နောက်ဖေးခြံဝန်းထဲမှာ စုဝေးကြ။ မြန်မြန်လုပ်...”
ဤသည်မှာ သွေးနှင့် မီးများ ရောယှက်နေသော ရှေ့တန်းစစ်မျက်နှာဖြစ်ပြီး နောက်ထပ်ဂျပန်တို့၏ တိုက်ခိုက်မှုက မည်သည့်အချိန်တွင်မဆို ရောက်လာနိုင်၏။
အမိန့်ကို လျင်မြန်စွာ လက်ဆင့်ကမ်းလိုက်လေသည်။
ထို့နောက် ကျန်းယဲ့က တပ်မမှူးယန်အား “တပ်မမှူး... ကျွန်တော် ဆေးစခန်းကို အရင်သွားလိုက်မယ်....”
“ကောင်းပြီ.... မင်းကို အဲဒီခေါ်သွားဖို့ လူတစ်ယောက် လွှတ်လိုက်မယ်” တပ်မမှူးယန်က ကျန်းယဲ့ကို လမ်းပြရန် စစ်ဦးစီးအရာရှိတစ်ဦးကို ချက်ချင်း တာဝန်ပေးလိုက်၏။
ယာယီ ဆေးစခန်းကို အနည်းငယ် ကောင်းမွန်သေးသော အဆောက်အအုံကြီးတစ်ခုတွင် ဖွင့်လှစ်ထားသော်လည်း အနီးသို့ မရောက်မီကတည်းက ပြင်းထန်သော သွေးနံ့နှင့် ပုပ်ဟောင်နေသော အနံ့က ရိုက်ခတ်လာခဲ့သည်။
ကျန်းယဲ့ တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ နှလုံးသား နစ်မြုပ်သွားရ၏။
အခန်းထဲတွင် အလင်းရောင် မှိန်ပျပျသာရှိပြီး ကြမ်းပြင်ပေါ်တွင် ကောက်ရိုးများ ခင်းထားခဲ့သည်။ ဒဏ်ရာရသူများက တစ်ဦးနှင့်တစ်ဦး ယှဉ်လျက် လဲလျောင်းနေကြပြီး ခြေချစရာ နေရာပင် မရှိသလောက် ဖြစ်နေချေသည်။
နာကျင်စွာ ညည်းညူသံများ၊ ဖိနှိပ်ထားသော ဟစ်အော်သံများနှင့် တစ်ခါတစ်ရံ ထိန်းချုပ်မရသော အော်ဟစ်သံများက အတက်အကျ ထွက်ပေါ်နေလေသည်။
သွေးများ ပေကျံနေသော ဆေးမှူးများနှင့် စစ်ဘက်ဆရာဝန်အနည်းငယ်က သူတို့ကြားတွင် သွားလာနေကြပြီး သူတို့၏ မျက်နှာများတွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေကာ သူတို့၏ ကိရိယာများမှာ အလွန် အခြေခံကျလွန်းသဖြင့် ရင်ကွဲဖွယ် ကောင်းလှသည်။
မေ့ဆေးမရှိဘဲ ပြတ်တောက်နေသော ခြေလက်များကို လွှဖြင့် တိုက်ရိုက် ဖြတ်တောက် ကုသနေခဲ့သည်။ ပတ်တီးများကို အကြိမ်ကြိမ် ဆေးကြောပြီး ပြန်လည် အသုံးပြုနေရာ ၎င်းတို့ပေါ်တွင် အစွန်းအထင်းများကိုပင် မြင်တွေ့နိုင်လေသည်။ ပိုးသတ်ခြင်းဆိုသည်မှာ နောက်ကျိနေသော ဆားရည်တစ်ဇလုံသာ ဖြစ်ပေလိမ့်မည်။
ကျန်းယဲ့သည် သူ၏ ခြေသလုံးတစ်ခုလုံး ပေါက်ကွဲပြီး အရိုးစများ ထွက်နေသော စစ်သားငယ်တစ်ဦးကို မြင်လိုက်ရ၏။ ဆေးမှူးက သာမန်သစ်သားဖြတ်လွှဖြင့် ခြေထောက်ကို ဖြတ်တောက်ရန် ပြင်ဆင်နေပြီး ဒဏ်ရာရစစ်သားက သူ၏ ပါးစပ်ထဲရှိ သစ်သားချောင်းကို တင်းကျပ်စွာ ကိုက်ထားကာ နဖူးတွင် သွေးကြောများ ထောင်ထနေပြီး ခန္ဓာကိုယ် တစ်ခုလုံး ချွေးများ ရွှဲနစ်နေခဲ့သည်။
နောက်ထပ် ဒဏ်ရာရ စစ်သားတစ်ဦးမှာလည်း ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ထားပြီး အူများ ထွက်ကျနေကာ အသက်ကို ခဲယဉ်းစွာ ရှူနေရပြီး သူ၏ မျက်လုံးများမှာ မှန်ကွဲတစ်ခုလို ဖြစ်လာနေခဲ့သည်။
ဒဏ်ရာရသူအများအပြားဟာလည်း လဲလျောင်းနေကြပြီး သူတို့၏ ဒဏ်ရာများမှာ ပိုးဝင်ပြီး ပြည်တည်နေကာ အဖျားကြီးနေသော်လည်း ထိရောက်သော ဆေးကုသမှု မရရှိဘဲ နာကျင်မှုကို အတင်းအကြပ် ခံစားနေကြရသည်။
ဤနေရာက ကမ္ဘာမြေပေါ်ရှိ တကယ့် ငရဲခန်းပင်။
ကျန်းယဲ့က အသက်ပြင်းပြင်း ရှူလိုက်ပြီး အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိညက်သည်။
ထို့နောက် လုံးဝ တုံ့ဆိုင်းနေခြင်းမရှိဘဲ စနစ်နေရာလွတ်ထဲမှ အရေးပေါ် လိုအပ်နေသော ထောက်ပံ့ရေ ပစ္စည်း အများအပြားကို ချက်ချင်း ထုတ်ယူလိုက်လေသည်။
မေ့ဆေး တစ်သေတ္တာလုံး၊ လုံခြုံစွာ ထုပ်ပိုးထားသော ပိုးသတ်ထားသည့် ဆားရည်များ၊ နှင်းပွင့်လို ဖြူလွှနေသော ပတ်တီးများနှင့် ဂွမ်းများ၊ အရောင်ကျဆေးများ၊ အဖျားကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများ...
ခေတ်မီ ဆေးရုံများတွင် သာမန်ဖြစ်နေသော ဤအရာများက နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည့် ဤယာယီ ဆေးစခန်းတွင် တန်ခိုးပြခြင်း တစ်ခုကဲ့သို့ ပေါ်လာ၏။
အလုပ်များနေသော စစ်ဘက်ဆရာဝန်များနှင့် ဆေးမှူးများဟာ ရုတ်တရက် သူတို့ လုပ်နေသည်များကို ရပ်တန့်လိုက်ပြီး ရုတ်တရက် ပေါ်လာသော ဆေးဝါးများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။
မျက်မှန်နောက်ကွယ်တွင် နီရဲနေသော မျက်လုံးများနှင့် ဆံပင်ဖြူနေသော အသက်ကြီးကြီး စစ်ဘက်ဆရာဝန်တစ်ဦးက တုန်ရီစွာဖြင့် မေ့ဆေး ပုလင်းတစ်ပုဒ်ကို ကောက်ယူလိုက်၏။
ရှင်းလင်းသော အညွှန်းကို ကြည့်လိုက်ပြီးနောက် သူသည် အေးစက်ပြီး ပိုးသတ်ထားသော ဆားရည်အိတ်ကို ထိလိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်း နီရဲသွားရသည်။
သူ၏ အသံက ဆို့နင့်နေပြီး သူက အကြိမ်ကြိမ် ပြောနေခဲ့သည်။ “ရောက်လာပြီ....နောက်ဆုံးတော့ ရောက်လာပြီကွ... ညီအစ်ကိုတွေ... ညီအကိုတွေ အသက်ရှင်ပြီ.... အချိန်ကိုက် ရောက်လာတာပဲ....”
အခြား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာလည်း စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြပြီး သူတို့ဟာ ခေါင်းကိုသာ အဆက်မပြတ် ညိတ်လိုက်ကာ ဆေးဝါးများကို အလျင်အမြန် ယူဆောင်ပြီး ပြင်းထန်သော ကုသမှုများထဲသို့ ကိုယ်တိုင် ဝင်ရောက်သွားကြသည်။
၎င်းတို့က လေထဲမှ ဘာကြောင့် ရုတ်တရက် ပေါ်လာသလဲ ဆိုသည်ကို ဂရုမစိုက်နိုင်ကြချေ။
သူတို့ ဂရုစိုက်သည်မှာ ဆေးဝါးများက အစစ်အမှန် ဖြစ်ပြီး အသက်များကို ကယ်တင်နိုင်သည်ဆိုသောအချက်သာဖြစ်ကာ ထိုအရာက သူတို့အတွက် လုံလောက်ပေသည်။
အခန်း ၂၃၈ပြီး၏။