အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) မိသားစုသို့ ပေးစာ
ကျန်းယဲ့ဟာလည်း အင်္ကျီလက်ကို ခေါက်တင်ကာ ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်ရေးတွင် ကူညီပေးခြင်း၊ ပြင်းထန်သော နာကျင်မှုကြောင့် ရုန်းကန်နေရသည့် ဒဏ်ရာရသူများကို ဖိထားပေးခြင်းစသည့် သူ တတ်နိုင်သမျှ အရာအားလုံးကို ဝင်ရောက် ကူညီပေးခဲ့၏။
သူသည် ထောင့်တစ်နေရာသို့ လျှောက်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရနေသူ တစ်ဦး၏ ဘေးတွင် ရပ်လိုက်လေသည်။
စစ်သား၏ ဝမ်းဗိုက်တွင် ပြင်းထန်သော ဒဏ်ရာရရှိထားပြီး အသက်ကို ခဲယဉ်းစွာ ရှူနေရကာ မျက်နှာမှာ ပြာနှမ်းနေခဲ့သည်။ သူ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားနေပေသည်။
သို့သော် သူ၏ အကြည့်က ကျန်းယဲ့၏ ရင်ဘတ်တွင် ချိတ်ဆွဲထားသော ကင်မရာပေါ်သို့ ကျရောက်သွားချိန်တွင် မှေးမှိန်နေသော သူ၏ မျက်လုံးများထဲ၌ အလင်းရောင် မှိန်မှိန်လေးတစ်ခု ရုတ်တရက် တောက်ပလာရသည်။
သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ကြားရလုနီးပါး တိုးညင်းလွန်းလှသော အသံဖြင့် “ဆရာ... အဲဒါ ကင်မရာလား...” ဟု မေးလိုက်၏။
ကျန်းယဲ့က ငုံ့ကာ သူနှင့် ပိုမို နီးကပ်စွာ သွားလိုက်ပြီး “ဟုတ်ပါတယ်” ဟု ဖြေလေသည်။
စစ်သား၏ မျက်လုံးများတွင် လိုလားတောင့်တမှုများ တောက်ပနေပြီး သူ၏ အသံကို အားယူကာ တုန်ရီစွာဖြင့် “ကျွန်တော်... ကျွန်တော့် တစ်သက်လုံး ဓာတ်ပုံ တစ်ခါမှ မရိုက်ဖူးဘူး။ ကျွန်တော့်ကို... ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ပေးလို့ ရမလား။ ကျွန်တော့် ရုပ်ရည်က ဘယ်လိုပုံစံလဲဆိုတာကို... ကြည့်ချင်လို့ပါ...”
ကျန်းယဲ့၏ နှာခေါင်းမှာ စိတ်လှုပ်ရှားမှုကြောင့် ကျင်တက်သွားပြီး တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်ကာ “ကောင်းပါပြီ” ဟု ပြောလိုက်၏။
သေချာသော အဖြေကို ကြားလိုက်ရချိန်တွင် စစ်သား၏ ပြာနှမ်းနေသော မျက်နှာပေါ်၌ အသက်ဝင်မှု အရိပ်အယောင်လေး ပေါ်လာသယောင် ရှိလေသည်။
သူသည် ဖရိုဖရဲ ဖြစ်နေသော ဆံပင်နှင့် စုတ်ပြဲနေသော ကော်လာကို သပ်ရပ်အောင် လုပ်ရန် ကြိုးစားသည့်အနေဖြင့် သူ၏ ခေါင်းကို အလွန် ခက်ခဲစွာ လှုပ်ရှားလိုက်သော်လည်း သူ့တွင် ခွန်အား မရှိတော့ချေ။
နောက်ဆုံးတွင် သူသည် အနောက်ဘက်ရှိ အေးစက်နေသော အုတ်နံရံကိုသာ မှီထားနိုင်တော့ပြီး ကျန်းယဲ့၏ ကင်မရာကို ကြည့်ကာ အားနည်းသော်လည်း အလွန် ဖြူစင်ပြီး ကျေနပ်မှု အပြည့်ပါသော အပြုံးတစ်ခုကို အတင်းအကြပ် ပြုံးပြလိုက်၏။
ထိုအပြုံးထဲတွင် သေဆုံးရမည်ကို ကြောက်ရွံ့သည့် အရိပ်အယောင်မရှိဘဲ နောက်ဆုံးတွင် သူ၏ ခြေရာတစ်ခု ချန်ထားနိုင်ခဲ့ပြီဆိုသည့် စိတ်သက်သာရာရမှု အရိပ်အယောင်လေးသာ ပါဝင်နေခဲ့သည်။
ကျန်းယဲ့က သူ၏ ရင်ထဲရှိ ခါးသီးမှုကို ဖိနှိပ်ထားကာ ရှေ့သို့ တိုးသွားပြီး သူ၏ အသွင်အပြင်ကို သပ်ရပ်အောင် လုပ်ပေးလိုက်၏။ ထို့နောက် ရင်ဘတ်ပေါ်ရှိ သာမန်ကင်မရာကို ချက်ချင်း ဓာတ်ပုံထွက်သော ကင်မရာဖြင့် အစားထိုးလိုက်လေသည်။
သူသည် ရှုထောင့်ကို ချိန်ညှိလိုက်ပြီး ခလုတ်ကို ညင်သာစွာ နှိပ်လိုက်၏။
ထို့နောက် တိုးညင်းသော ကလစ်အသံလေးနှင့်အတူ ကင်မရာထဲမှ ဓာတ်ပုံတစ်ရွက် ဖြည်းညင်းစွာ ထွက်ပေါ်လာချေသည်။
စစ်သားသည် အာရုံစိုက်နိုင်ရန် ကြိုးစားရင်း ကျန်းယဲ့ ကမ်းပေးသော ရောင်စုံ ဓာတ်ပုံကို ကြည့်လိုက်၏။ ဓာတ်ပုံထဲရှိ သူ၏ ကိုယ်ပိုင်မျက်နှာကို ထိတွေ့လိုက်ချိန်တွင် သူ၏ လက်ချောင်းများ တုန်ရီနေပြီး “အရမ်း ကောင်းတာပဲ။ တကယ်လို့... တကယ်လို့သာ ဒါကို အမေ့နဲ့ မိန်းမဆီ ပို့ပေးနိုင်ရင် အရမ်း ကောင်းမှာပဲ။ နောင်တစ်ချိန်... ကလေးတွေ ကြီးလာတဲ့အခါ သူတို့ အဖေရဲ့ ရုပ်ရည်က ဘယ်လိုလဲဆိုတာ သိရမှာပေါ့...” ဟု တီးတိုး ပြောလိုက်၏။
ကျန်းယဲ့က “စီနီယာ၊ ခင်ဗျားရဲ့ အိမ်လိပ်စာက ဘယ်မှာလဲ။ ကျွန်တော့်ကို ပြောပြပါ... ဓာတ်ပုံတွေနဲ့ ခင်ဗျားရဲ့ စာကို မိသားစုဆီရောက်အောင် ပို့ပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ်...”
ဤစကားကို ကြားလိုက်ရချိန်တွင် စစ်သား၏ မျက်လုံးများ အံ့ဩဖွယ်ကောင်းလောက်အောင် လင်းလက်သွားသော်လည်း အလျင်အမြန်ပင် ပြန်လည် မှေးမှိန်သွားကာ အားနာဟန်ဖြင့် ခေါင်းခါလျက် “ဆရာ... ကျွန်တော်... ကျွန်တော် စာမဖတ်တတ်ဘူးဗျ... အိမ်ပြန်စာ မရေးတတ်ပါဘူး”
“ရပါတယ်...” ကျန်းယဲ့က အိတ်ထဲမှ စက္ကူနှင့် ဘောပင်ကို ချက်ချင်း ထုတ်ယူလိုက်၏။ “ကျွန်တော့်ကို ပြောပြပါ... ခင်ဗျားအတွက် ကျွန်တော် ရေးပေးပါ့မယ်”
စစ်သား၏ မျက်လုံးများ ပြန်လည် လင်းလက်လာပြီး သူ၏ ဝမ်းမြောက်မှုကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ကာ သူ၏ အသက်ရှူခြင်းကပင် ပိုမို လွယ်ကူလာသယောင် ရှိချေသည်။
သူက ဝမ်းသာအားရဖြင့် “ကောင်းတယ်.... ကောင်းတယ်... တကယ်ကို ကောင်းတယ်။ အခုတော့ သေရမယ်ဆိုရင်တောင် ကျွန်တော် မကြောက်တော့ပါဘူး” ဟု ထပ်ခါတလဲလဲ ပြောလိုက်၏။
သူသည် စာလုံးတစ်လုံးချင်းစီကို အစွမ်းကုန် ကြိုးစား၍ စတင် ပြောပြလေသည်။ ၎င်းသည် အိမ်ပြန်စာတစ်စောင်မျှသာ မဟုတ်ဘဲ သူ၏ ဘဝနောက်ဆုံးအချိန်တွင် သားတစ်ယောက်.... ခင်ပွန်းတစ်ယောက်နှင့် ဖခင်တစ်ယောက်အနေဖြင့် သူ၏ မိသားစုအပေါ် ထားရှိသော နောက်ဆုံးနှင့် ပြည့်စုံသော စိုးရိမ်ပူပန်မှုပင်။
ကျန်းယဲ့သည် စကားလုံးတိုင်း၏ ကြီးမားသော အလေးချိန်ကို ခံစားရင်း သေချာစွာ မှတ်သားပေးခဲ့သည်။
ထောင့်တစ်နေရာတွင် ဘယ်ဘက်ခြေထောက်၌ ညစ်ပတ်နေသော ပတ်တီးကို စည်းထားသည့် အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးပုံရသော စစ်သားငယ်တစ်ဦးက ဤအရာအားလုံးကို ကြောက်ရွံ့စွာနှင့် အလွန်အမင်း အားကျစွာဖြင့် စောင့်ကြည့်နေခဲ့သည်။
ထို့နောက် သူသည် ရှက်ရွံ့စွာဖြင့် သတ္တိမွေးကာ တိုးညင်းသော အသံဖြင့် “ဆရာ... ကျွန်တော့်ကိုရော... ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပေးလို့ ရမလား။ ကျွန်.... ကျွန်တော်လည်း အမေ့ဆီ တစ်ပုံလောက် ပို့ချင်လို့ပါ...”
ကျန်းယဲ့သည် ခေါင်းလှည့်ကာ သွေးထွက်လွန်မှုကြောင့် ဖြူလျော့နေသော ကောင်လေး၏ မျက်နှာကို ကြည့်လိုက်၏။ သူ၏ ရင်ထဲတွင် နာကျင်သွားပြီး ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ကာ “ကောင်းပါပြီ... ရတာပေါ့” ဟု ဖြေလိုက်၏။
ထို ကောင်းပါပြီဆိုသည့် စကားလုံးက ရေတံခါးတစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
“ဆရာ... ကျွန်တော်လည်း တစ်ပုံလောက် လိုချင်တယ်..”
“ကျွန်တော့်ကိုလည်း ဓာတ်ပုံ ရိုက်ပေးပါ...”
“ကျွန်တော် စာမရေးတတ်ဘူး ဆရာ။ အထဲမှာ ထည့်ရေးဖို့ စကားလုံး နည်းနည်းလောက် ရေးပေးလို့ ရမလား...”
ဆေးရုံကုတင်၏ ထောင့်ပေါင်းစုံမှ တောင်းဆိုမှုများက အားနည်းသော်လည်း အရေးတကြီး ထွက်ပေါ်လာလေသည်။
မကြာမီမှာပင် သတင်းက ဆေးစခန်းမှ ယာယီစခန်းတစ်ခုလုံးသို့ တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။
လှုပ်ရှားနိုင်သေးသော စစ်သားများ၊ ဒဏ်ရာ အနည်းငယ်သာ ရရှိထားသူများ သို့မဟုတ် အနားယူနေသူများအားလုံးဟာ ပြေးလာကြပြီး တူညီသော လိုလားတောင့်တမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကျန်းယဲ့ကို ဂရုတစိုက် ဝိုင်းရံလိုက်ကြ၏။
သူတို့သည် ကျန်းယဲ့၏ ထူးဆန်းသော အဝတ်အစားများ သို့မဟုတ် သူ၏ တန်ခိုးပြခြင်းများကို ဂရုမစိုက်ကြတော့ချေ။ သူတို့ ဂရုစိုက်သည်မှာ အချက်တစ်ချက်တည်းသာ ဖြစ်၏။
ဤအရာရှိက သူတို့၏ နောက်ဆုံးအတွေးများကို အိမ်သို့ ပို့ဆောင်ရန် ကူညီပေးနိုင်သည်......
ကျန်းယဲ့သည် ရောက်လာသူ အားလုံးကို ကြိုဆိုလက်ခံခဲ့လေသည်။
သူသည် စနစ်ထဲမှ စက္ကူနှင့် ဘောပင်တစ်ထပ်ကို ဝယ်ယူလိုက်ပြီး ဟောင်းနွမ်းနေသော ခဲယမ်းသေတ္တာ တစ်ခုပေါ်တွင် ထိုင်လိုက်ရာ သူ၏ ရှေ့တွင် ရှည်လျားပြီး တိတ်ဆိတ်သော တန်းစီမှုကြီး တစ်ခု ဖြစ်ပေါ်လာရသည်။
“ဆရာ... ကျွန်တော့်နာမည်က လီအာနျူ... ဟီနန်ပြည်နယ်... ရှင်းယန်မြို့.... လီကျားဂိုကပါ။ ကျွန်တော့်အမေကို သူ့သားက သူ့ကို အရှက်မကွဲစေဘူးလို့ ပြောပေးပါ။ ပြီးတော့...... မငိုပါနဲ့လို့ ..... နောက်ဘဝကျရင် သူ့သား ပြန်ဖြစ်လာပါ့မယ်လို့လည်း ပြောပေးပါ...”
“ကျွန်တော်က ဝမ်ထျဲ့ကျူ.... ဟူနန်ပြည်နယ်.... ရှန်းတန်ကပါ... ကျွန်တော့်ကလေးက အခုမှ တစ်လပဲ ပြည့်သေးပါတယ်။ ဇနီးသည်ကိုတော့ ကလေးအတွက် လက်ထပ်ဖို့ မိသားစုကောင်းတစ်ခု ရှာပေးဖို့.... ကောင်းကောင်းပြုစုပျိုးထောင်ပေးဖို့နဲ့ ကျောင်းထားပေးဖို့ ပြောပေးပါ...”
“အဖေ့ကို ပြောပေးပါ... မြေငှားခ မပေးနိုင်ရင်လည်း ထားလိုက်ပါတော့လို့... သူ့သားက မိဘကျေးဇူး မဆပ်နိုင်လို့ပါလို့...”
“ကျွန်.... ကျွန်တော်က ပြောစရာ သိပ်မရှိပါဘူး.... ဓာတ်ပုံကိုပဲ ပြန်ယူသွားပေးပါခင်ဗျာ... စစ်ဝတ်စုံနဲ့ ကျွန်တော့်ရဲ့ ရုပ်ရည်က ဘယ်လိုလဲဆိုတာကို မိဘတွေကို မြင်ခွင့်ပေးချင်လို့ပါ.....”
သူတို့သည် နောက်ဆုံး စကားများကို ပြောနေခြင်း မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေသကဲ့သို့ အသံတိုင်းက တည်ငြိမ်နေပြီး ရှက်ရွံ့စွာ ရိုးသားမှု အရိပ်အယောင်ပင် ပါဝင်နေချေသည်။
သို့သော် စကားလုံးတိုင်း၏ နောက်ကွယ်တွင် နက်ရှိုင်းသော စွန့်လွှတ်ရခက်မှုနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များ ပါဝင်နေခဲ့သည်။
ကင်မရာကို အကြိမ်ကြိမ် မြှောက်လိုက်ပြီး ကလစ်ဆိုသည့် အသံများ ဆက်တိုက် ထွက်ပေါ်နေလေသည်။
ပိုလာရွိုက် ဓာတ်ပုံတစ်ရွက်ပြီး တစ်ရွက် ထွက်ပေါ်လာပြီး ငယ်ရွယ်သော သို့မဟုတ် မငယ်ရွယ်တော့သော မျက်နှာများအဖြစ် ပုံပေါ်လာခဲ့ကြသည်။
သူတို့ထဲမှ အချို့က ရင်ကော့ထားရန် ကြိုးစားကြ၏...
အချို့က ပြုပြင်၍ မရနိုင်တော့သော သူတို့၏ ဟောင်းနွမ်းနေသည့် စစ်ဝတ်စုံများကို သပ်ရပ်အောင် လုပ်နေကြ၏.....
အချို့က ရှက်ရွံ့စွာ ပြုံးပြကြပြီး အချို့ကတော့ ပြတ်သားသော မျက်လုံးများဖြင့် ကင်မရာကို ကြည့်နေကြလေသည်။
ဓာတ်ပုံနှင့် အိမ်ပြန်စာကို ရရှိသော စစ်သားတိုင်းက ၎င်းကို အချိန်အတော်ကြာအောင် ဂရုတစိုက်နှင့် အထပ်ထပ်အခါခါ ကြည့်နေကြပြီး ဤအချိန်လေးကို ထာဝရ မှတ်မိချင်သကဲ့သို့ ဓာတ်ပုံထဲရှိ သူတို့၏ မျက်နှာကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်နေမိကြသည်။
သူတို့၏ မျက်လုံးများတွင် ရှုပ်ထွေးသော အလင်းရောင်များ တောက်ပနေခဲ့သည်။ သေဆုံးရမည်ကို စိတ်သက်သာရာ ရမှု.... မိသားစုကို လွမ်းဆွတ်မှု.... သို့သော် အားလုံးထက် ထူးဆန်းပြီး ကျေနပ်မှု ရှိနေသော အပြုံးတစ်ခုပင်။
ဤပါးလွှာသော ဓာတ်ပုံနှင့် တိုတောင်းသော စာလွှာလေးက ဤကမ္ဘာမြေပေါ်တွင် သူတို့ တည်ရှိခဲ့ကြောင်း သက်သေအထောက်အထား တစ်ခုနှင့် သူတို့၏ဘဝ ဆက်လက်ရှင်သန်မှုတစ်ခု ဖြစ်လာသကဲ့သို့ ရှိသည်။
နောက်တစ်စက္ကန့်တွင် သူတို့ စစ်မြေပြင်၌ ကျဆုံးသွားပြီး သူတို့၏ အသားနှင့် သွေးများက ဤမီးလောင်ကျွမ်းနေသော မြေကြီးထဲသို့ ရောနှောသွားမည်ဆိုလျှင်တောင် သူတို့ ကြောက်ရွံ့နေမည် မဟုတ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ပုံရိပ်နှင့် ခံစားချက်များကို နေ့စဉ်နှင့်အမျှ သူတို့ လွမ်းဆွတ်နေသော မွေးရပ်မြေဆီသို့ ပြန်လည် ပို့ဆောင်ပေးမည့် ကတိတစ်ခု ရှိနေသောကြောင့်ပင်။
နောက်ဆုံးတွင် သူတို့ဟာ ဤကမ္ဘာမြေပေါ်၌ သူတို့၏ ကိုယ်ပိုင်ခြေရာတစ်ခုကို ချန်ထားနိုင်ခဲ့ပေပြီ။
လေထုထဲတွင် တိတ်ဆိတ်သော ကြေကွဲဖွယ် ခမ်းနားမှုနှင့် နက်ရှိုင်းသော ဝမ်းနည်းမှုတို့ ပြည့်နှက်နေခဲ့သည်။
ငိုကြွေးသံများ၊ အော်ဟစ်ငိုယိုသံများ မရှိဘဲ စက္ကူပေါ်တွင် ဘောပင် ခြစ်သံများ၊ ကင်မရာ ခလုတ်နှိပ်သံ တိုးတိုးလေးများနှင့် စစ်သားများ၏ တိုးညင်းသော အိမ်လွမ်းစိတ် လိုလားတောင့်တမှုများသာ ရှိနေ၏။
ကျန်းယဲ့သည် စက်ရုပ်တစ်ရုပ်လို ရေးမှတ်ကာ ဓာတ်ပုံရိုက်ပေးနေပြီး သူ၏ လက်ထဲရှိ ဘောပင်နှင့် ကင်မရာသည် မယုံနိုင်လောက်အောင် လေးလံနေသည်ဟု ခံစားနေရသည်။
စာတစ်စောင်တိုင်း.... ဓာတ်ပုံတစ်ပုံတိုင်းက တက်ကြွလှုပ်ရှားနေသော အသက်တစ်ခု၏ အလေးချိန်ကို သယ်ဆောင်ထား၏။
မိမိတို့ သေရမည်ကို သိနေသော်လည်း တည်ငြိမ်အေးဆေးစွာ ရှိနေကြသော ဤစစ်သားများကို ကြည့်ရင်း ဤလူမျိုး၏ ကျောရိုးဆိုသည်မှာ အမှန်တကယ် အဘယ်အရာကို ဆိုလိုကြောင်း သူ နောက်ဆုံးတွင် နားလည်သွားရသည်။
နေရောင်ခြည်က ပြိုလဲနေသော ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်လာပြီး ဝမ်းနည်းမှုနှင့် နွေးထွေးမှု နှစ်ခုစလုံး ပြည့်နှက်နေသော အခန်းထဲသို့ ထိုးကျလာကာ ထိုနေရာရှိ လူတိုင်း၏ ရှည်လျားလှသော အရိပ်များကို ထင်ဟပ်နေစေလေသည်။
အခန်း ၂၃၉ပြီး၏။