← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း (၂၄၁) လှပသော မီးရှူးမီးပန်းများ

​ကျန်းယဲ့နှင့် သူ၏အထူးတပ်ဖွဲ့ဟာ တပ်မ ဌာနချုပ်သို့ ပြန်ရောက်ချိန်တွင် ညဥ့်နက်နေပြီ ဖြစ်၏။

​ကွပ်ကဲရေးစင်တာအတွင်းရှိ လေထုက တင်းမာနေသော်လည်း စည်းစနစ်ကျနေပြီး ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီ ဖြစ်သည်။

​“သတင်းပို့ပါတယ်... ဖူရှီး စောင့်ကြည့်ရေးအဖွဲ့ နေရာယူပြီးပါပြီ... ဒေတာလင့်ခ်လည်း အလုပ်လုပ်နေပါပြီ...”

​“သတင်းပို့ပါတယ်... ဝူဆုန်ကော် စောင့်ကြည့်ရေးအဖွဲ့ နေရာယူပြီးပါပြီ.... ရန်သူ့သင်္ဘောရဲ့ ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာ ထောက်ပြနိုင်ပါပြီ...”

​“သတင်းပို့ပါတယ်.... ဒရုန်းထိန်းချုပ်ရေးအဖွဲ့ အဆင်သင့်ဖြစ်နေပါပြီ... အချိန်မရွေး အမိန့်ကို လက်ခံရယူနိုင်ပါပြီ...”

​သတင်းအချက်အလက်များကို စုစည်းကာ နဂါးပြာနှင့် တပ်မမှူးစွန်းထံ တင်ပြလိုက်၏။

​ထိုအချိန်တွင် ကျန်းယဲ့သည် ကွပ်ကဲရေးစခန်းဘေးရှိ လုံးဝ ပျက်စီးမနေသေးသော လသာဆောင်တစ်ခုပေါ်သို့ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။ ထိုနေရာမှနေ၍ မြင်ကွင်းမှာ ကျယ်ဝန်းပြီး ဟွမ်ဖူမြစ် တစ်ခုလုံး၏ ပုံပန်းသဏ္ဍာန်ကို မြင်တွေ့နိုင်လေသည်။

​ညလေညင်းတွင် ယမ်းငွေ့နှင့် မြစ်ရေနံ့များ ပါဝင်နေခဲ့သည်။

​တစ်ဖက်ကမ်းရှိ နိုင်ငံတကာ အခြေချနေထိုင်ရာ နယ်မြေနှင့် ကမ်းနားလမ်းက တောက်ပနေသော မီးရောင်ပင်လယ်ကြီး အဖြစ် ရှိနေဆဲပင်။

​ကေသေးဟိုတယ်၏ ခေါင်မိုးချွန်ကို ညအချိန်တွင် ရှင်းလင်းစွာ မြင်တွေ့ရပြီး နီယွန်မီးရောင်များက ကမ်းနား၏ ပုံရိပ်ကို ပုံဖော်ပေးထားကာ တစ်ခါတစ်ရံတွင် သဲ့သဲ့မျှရှိပြီး သာယာငြိမ့်ညောင်းသော တေးဂီတသံများက လေထဲတွင် လွင့်မျောလာသည်ကို ကြားရနိုင်၏။

​ထိုနေရာတွင် မီးရောင်များ တောက်ပနေပြီး လေထုမှာ ပျက်စီးယိုယွင်းနေကာ ဘယ်သောအခါမှ မပြီးဆုံးနိုင်သော ပွဲတော်တစ်ခုလို မြောက်ဘက်ကမ်းမှ သတ်ဖြတ်မှုများကို အေးစက်စွာ စောင့်ကြည့်နေခဲ့ကြသည်။

​သူ တစ်ခါက ကြည့်ဖူးခဲ့သော ရုပ်ရှင်ကားတစ်ကား ကျန်းယဲ့၏ စိတ်ထဲတွင် ပြန်ပေါ်လာလေသည်။

​ထိုရုပ်ရှင်ထဲတွင် ဆုတ်ခွာနေသော နေရှင်နယ်လစ်တပ်မတော်၊ ငိုကြွေးနေသော အရပ်သားများ၊ မီးလောင်နေသော မြို့များနှင့် နိုင်ငံခြားသားများ နေထိုင်ခွင့်ပြုထားသော နယ်မြေ၏ လသာဆောင်များပေါ်တွင် ဝိုင်ခွက်များ ကိုင်ဆောင်ကာ ဂရုမစိုက်ဘဲ ကြည့်ရှုနေသူများ ပါဝင်ချေသည်။

​သို့သော် ယနေ့ညတွင်တော့ အရာအားလုံး ကွာခြားသွားလိမ့်ပေမည်။

​သူ၏ အကြည့်များက မီးရည်တိုက်ထားသော ဓားတစ်လက်လို ဖြည်းဖြည်းချင်း ထက်မြက်လာခဲ့သည်။

​“အရင်တုန်းက ခင်ဗျားတို့ မြင်ခဲ့ရတာက ထိတ်လန့်မှုနဲ့ ရှုံးနိမ့်မှုတွေပါပဲ.... ” သူသည် တစ်ဖက်ကမ်းရှိ မီးရောင်များကို စိုက်ကြည့်ကာ သူ့ကိုယ်သူသာ ကြားနိုင်လောက်အောင် တိုးတိုးလေး ရေရွတ်လိုက်၏။ “ဒီညတော့ ခြားနားတဲ့ မီးရှူးမီးပန်း အခင်းအကျင်း တစ်မျိုးကို ကြည့်ရှုဖို့ ခင်ဗျားတို့ကို ကျွန်တော် ဖိတ်ခေါ်ပါတယ်...”

​ထို့နောက် သူလှည့်ကာ ကွပ်ကဲရေးစင်တာသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်သွားလိုက်လေသည်။

​အရာရှိများနှင့် အထူးတပ်ဖွဲ့ဝင်အားလုံး သူ့ကို ကြည့်လိုက်ကြသည်။

​ကျန်းယဲ့၏ အကြည့်များက တပ်မမှူးစွန်း၊ နဂါးပြာတို့နှင့် ဆုံမိသွားပြီး သုံးယောက်သား တစ်ပြိုင်နက်တည်း အလေးအနက် ခေါင်းညိတ်လိုက်ကြ၏။

​“စစ်ဆင်ရေးစတင်...” နဂါးပြာက နောက်ဆုံး အမိန့်ကို ထုတ်ပြန်လိုက်၏။

​အမိန့်က လျှို့ဝှက်ချန်နယ်တစ်ခုမှတစ်ဆင့် တပ်ဖွဲ့အားလုံးထံ ချက်ချင်း ရောက်ရှိသွားချေသည်။

​ဟွမ်ဖူမြစ်၏ အနောက်ဘက်ကမ်းရှိ ပုန်းအောင်းနေသော အပျက်အစီးများစွာနှင့် အထပ်မြင့် အဆောက်အအုံများပေါ်တွင် စောင့်ကြည့်သူများက သူတို့၏ မှန်ပြောင်းများနှင့် အကွာအဝေးတိုင်း ကိရိယာများကို မျက်စိဒေါက်ထောက် ကြည့်ရှုနေကြပြီး ဂျပန်စစ်သင်္ဘောများနှင့် ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ သတင်းပို့နေခဲ့ကြသည်။

​ဝူဆုန်ကော်အပြင်ဘက်ရှိ ကျူပင်တောများနှင့် ရွှံ့နွံများပေါ်တွင်လည်း ပုန်းအောင်းနေသော စောင့်ကြည့်ရေးအဖွဲ့က ယန်ဇီမြစ်၏ ပင်မရေကြောင်းလိုင်းတွင် ကင်းလှည့်နေသော ဂျပန်ဖျက်သင်္ဘောများနှင့် ခရူဇာသင်္ဘောများအကြောင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့နေ၏။

​ကွပ်ကဲရေးစင်တာအတွင်းတွင် ဒရုန်းထိန်းချုပ်ရေးအဖွဲ့၏ မျက်နှာပြင်များက လင်းလာပြီး ဖုန်း-၁၇ ဂွေ့ရှု ပေါက်ကွဲစေသောဒရုန်းများကို ကိုယ်စားပြုသည့် အစက်လေးများက မြေပုံပေါ်တွင် စတင် ရွေ့လျားလာခဲ့သည်။

၎င်းတို့က ကြိုတင်ရေးဆွဲထားသော လမ်းကြောင်းများအတိုင်း တိတ်ဆိတ်စွာ ပျံတက်သွားကြပြီး တိတ်ဆိတ်နေသော ပျားအုပ်ကြီးတစ်အုပ်လို ဟွမ်ဖူမြစ်နှင့် ယန်ဇီမြစ်ဝရှိ ကြိုတင်သတ်မှတ်ထားသော စုရပ်နေရာသို့ ဦးတည်သွားခဲ့ကြသည်။

​ကျန်းယဲ့သည် လသာဆောင်သို့ တစ်ဖန်သွားကာ မြစ်ကိုကြည့်ရန် သူ၏ မှန်ပြောင်းကို မြှောက်လိုက်၏။

​တစ်ဖက်ကမ်းရှိ နီယွန်မီးရောင်များက တောက်ပနေဆဲဖြစ်ပြီး ဂျက်ဇ်တေးဂီတသံများက အနည်းငယ် ပိုကျယ်လာသယောင် ရှိချေသည်။

​ရုတ်တရက်.....

​“ဘုန်း...”

​မျက်စိကျိန်းလောက်သော မီးလုံးကြီးတစ်လုံးက အီဇူမိုသံချပ်ကာ ခရူဇာသင်္ဘော၏ ဦးပိုင်းမှ ကောင်းကင်ယံသို့ ပေါက်ကွဲထွက်လာခဲ့သည်။

​ဧရာမ ပေါက်ကွဲမှုကြီးက ည၏ တိတ်ဆိတ်ငြိမ်သက်မှုကို ချိုးဖျက်လိုက်ပြီး တစ်ဖက်ကမ်းမှ လာသော တေးဂီတသံများကိုပင် ခေတ္တမျှ လွှမ်းမိုးသွားလေသည်။

​ထို့နောက် ချက်ချင်းဆိုသလိုပင် “ဘုန်း ဘုန်း ဘုန်း...”

​ဆက်တိုက် ပေါက်ကွဲမှုများက ဟွမ်ဖူမြစ်ကို ကြမ်းတမ်းသော ဗုံတီးသံလို ရိုက်ခတ်သွားခဲ့သည်။

​ဂျပန်ဖျက်သင်္ဘောတစ်စင်း၏ ခဲယမ်းသိုလှောင်ရုံကို တိကျစွာ ထိမှန်သွားရာ ဖျက်ဆီးနိုင်စွမ်း ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာ၏။ သင်္ဘောက နှစ်ပိုင်းကွဲမတတ် ပေါက်ကွဲသွားပြီး စောင်းကာ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။

​အခြား အမြောက်တင်သင်္ဘောတစ်စင်း၏ တံတားမှာ လုံးဝ ပြတ်ထွက်သွားပြီး လောင်ကျွမ်းနေသော အပျက်အစီးများ နေရာအနှံ့ လွင့်စဉ်သွားသည်။

​ယန်ဇီမြစ်ဝ ဦးတည်ချက်မှလည်း မိုးကြိုးပစ်သလို လုံးထွေးနေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်များက အဝေးမှ မိုးကုတ်စက်ဝိုင်းကို လိမ္မော်ရောင်အဖြစ် ဆိုးရည်ချယ်လိုက်ချေသည်။

​မြေကြီးတုန်မတတ် ပေါက်ကွဲမှုကြီးက လေးလံသော တူဖြင့် ထုနှက်လိုက်သလို နိုင်ငံခြားသားများ နေထိုင်ခွင့်ပြုထားသော နယ်မြေရှိ ငြိမ်းချမ်းနေသော ညကို ချိုးဖျက်ပစ်လိုက်လေသည်။

​ပထမဆုံးအနေဖြင့် ဟွမ်ဖူမြစ် ဦးတည်ချက်မှ လုံးထွေးနေသော တုံးတိတိ အသံအချို့ ထွက်ပေါ်လာ၏။ ထို့နောက် ပေါက်ကွဲမှုများက အကြိမ်ရေစိပ်ပြီး ပြင်းထန်လာကာ နှစ်သစ်ကူးကာလအတွင်း အပြင်းထန်ဆုံး ဗြောက်အိုးများလို ဖြစ်လာသော်လည်း ဖျက်ဆီးနိုင်စွမ်း ပါဝင်နေသဖြင့် ခြေအောက်ရှိ မြေကြီးကိုပင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။

​အိမ်တိုင်း၏ မှန်ပြတင်းပေါက်များ တုန်ခါသွားပြီး အလှဆင်ထားသော မျက်နှာကြက် မီးဆိုင်းများက ပြင်းပြင်းထန်ထန် ယိမ်းထိုးသွားကြ၏။

​“ဘုရားရေ... ဘာဖြစ်တာလဲ”

​ငလျင်လှုပ်တာလား......

​“အပြင်ထွက်ကြည့်ကြ...”

​နယ်မြေအတွင်းရှိ နိုင်ငံခြားသားများက သူတို့၏ တိုက်ခန်းများ၊ ကလပ်များနှင့် စားသောက်ဆိုင်များထဲမှ ထိတ်လန့်တကြား ပြေးထွက်လာကြပြီး ဖရိုဖရဲ အဝတ်အစားများဖြင့် လမ်းများနှင့် ကမ်းနားလမ်း တာရိုးများဆီသို့ စုပြုံထွက်လာခဲ့ကြသည်။

​သူတို့၏ မျက်နှာများတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်နေပြီး ဘာသာစကား အမျိုးမျိုးဖြင့် တစ်ယောက်ကို တစ်ယောက် အော်ဟစ် မေးမြန်းနေကြသော်လည်း မည်သည့် အဖြေမှ မရရှိခဲ့ကြချေ။

​လူအချို့က ဂျပန်များ နယ်မြေကို တိုက်ခိုက်တော့မည်ဟုပင် ထင်မှတ်ကာ ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူလျော့သွားကြရသည်။

​အသံနှင့် မီးရောင်ကို ခြေရာခံ၍ ဟွမ်ဖူမြစ် တစ်ဖက်ကမ်းသို့ သူတို့ ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသော မြင်ကွင်းမှာ မေ့ဖျောက်၍မရနိုင်စရာပင်။

​အမှောင်ကျနေသော မြစ်ပြင်ပေါ်တွင် ဧရာမမီးလုံးကြီးများက တစ်လုံးပြီး တစ်လုံး ကောင်းကင်သို့ ထိုးတက်လာပြီး ၎င်းတို့၏ မျက်စိကျိန်းလောက်သော အလင်းရောင်များက နောက်ကျိနေသော မြစ်ရေနှင့် ကမ်းစပ်ရှိ ပျက်စီးနေသော အဆောက်အအုံများ၏ ပုံရိပ်ကို ချက်ချင်း လင်းထိန်သွားစေခေသည်။

​ပြင်းထန်သော ပေါက်ကွဲမှုကြီးက လိမ့်တက်လာကာ ချက်ချင်း နောက်က လိုက်လာခဲ့သည်။

​ထူထပ်သော မီးခိုးများနှင့် ပြင်းထန်သော မီးတောက်များ ရောယှက်နေပြီး ညကောင်းကင်ယံကို ကြောက်မက်ဖွယ် လိမ္မော်ရောင်အဖြစ် ဆိုးရည်ချယ်လိုက်သည်။

​ဧရာမသင်္ဘောကိုယ်ထည်ကြီးက မီးတောက်များထဲတွင် လိမ်ကောက်ခြင်း၊ စောင်းခြင်းနှင့် အပိုင်းပိုင်း ကွဲထွက်သွားခြင်းတို့ကို ဝိုးတဝါး မြင်တွေ့နိုင်လေသည်။

​“စစ်သင်္ဘောပဲ.. ဂျပန်စစ်သင်္ဘော ပေါက်ကွဲသွားတာပဲ...” မျက်စိရှင်သော လူတစ်ယောက်က နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့သွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။

​“ဘုရားရေ... အဲဒါ အီဇူမိုလား။ အဲဒီနေရာက သူ့နေရာလို့ ထင်တယ်...”

​“ဘာတွေ ဖြစ်နေတာလဲ။ တရုတ်တွေရဲ့ ကမ်းခြေ အမြောက်တွေ ဖျက်ဆီးခံလိုက်ရတာ ကြာပြီ မဟုတ်ဘူးလား...”

​“ဒီ မီးအားက... တကယ့်ကို ကြောက်စရာပဲ။ သူတို့ ဒီလောက် ကြီးမားတဲ့ အမြောက်တွေကို ဘယ်က ရလာတာလဲ...”

​နိုင်ငံခြားသားများက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဤပြင်းထန်သည့် တိုက်ခိုက်မှုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။ သူတို့၏ ယခင်က မောက်မာမှုနှင့် အထင်အမြင်သေးမှုများက တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။

​သူတို့ အမြဲတမ်း ခေတ်နောက်ကျပြီး အားနည်းသည်ဟု ယူဆထားသော တရုတ်တပ်မတော်က အစွမ်းထက်သော ဂျပန်ရေတပ်ကို ဤကဲ့သို့ ဖျက်ဆီးနိုင်စွမ်းရှိသော ထိုးနှက်ချက်မျိုး မည်သို့ ပေးစွမ်းနိုင်သည်ကို သူတို့ စိတ်ကူးမယဉ်နိုင်ကြချေ။

​နိုင်ငံခြားသားများ၏ ထိတ်လန့်မှုနှင့် လုံးဝ ကွာခြားစွာပင် နယ်မြေအတွင်းရှိ တရုတ်လူမျိုးများ၏ တုံ့ပြန်မှုမှာ ဒေသခံများ၏ တုံ့ပြန်မှုမျိုး ဖြစ်နေသည်။

​အစပိုင်းတွင် သူတို့လည်း ကြီးမားသော ဆူညံသံကြောင့် ထိတ်လန့်သွားခဲ့သော်လည်း ဂျပန်သင်္ဘော မီးလောင် ပေါက်ကွဲနေခြင်း ဖြစ်ကြောင်း နားလည်သွားချိန်တွင် မယုံနိုင်လောက်အောင် ဝမ်းမြောက်မှုက သူတို့၏ ကြောက်ရွံ့မှုကို ချက်ချင်း ဖုံးလွှမ်းသွား၏။

​“ကောင်းတယ်... သိပ်ကောင်းတယ်” အဘိုးအိုတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် လက်ရန်းကို ထုလိုက်ပြီး မျက်ရည်များ စီးကျလာခဲ့သည်။

​“ငါတို့တပ်တွေပဲ.... ငါတို့တပ်တွေ ဖြစ်ရမယ်” လူငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက် အော်ဟစ်လိုက်ပြီး တစ်ဖက်ကမ်းရှိ မီးရောင်ကို လက်ညိုးထိုးပြလိုက်၏။

​“ဘုရားသခင် ကျေးဇူးပဲ.... နောက်ဆုံးတော့ ဂျပန်မိစ္ဆာတွေ ဗုံးကြဲခံရမယ့်အလှည့် ရောက်လာပြီ”

​“ဟားးဟားးး..... ဒါ ဝဋ်လည်တာပဲ။ ဝဋ်လည်တာကွ”

​လမ်းကြားများ၊ လသာဆောင်များနှင့် ပြတင်းပေါက်များတွင် စိတ်လှုပ်ရှားနေသော တရုတ်လူမျိုးများဖြင့် ပြည့်ကျပ်နေခဲ့သည်။

​သူတို့သည် နယ်မြေ၏ စည်းမျဉ်းများကို မေ့လျော့သွားကြပြီး ဖြစ်လာနိုင်သည့် အန္တရာယ်များကိုလည်း မေ့လျော့သွားကာ အချိန်အတော်ကြာ ဖိနှိပ်ထားခဲ့ရသော အရှက်ခွဲခံရမှုနှင့် ဒေါသတို့က ဤအချိန်တွင် ပွင့်ထွက်လာချေသည်။

​အောင်ပွဲခံ အော်ဟစ်သံများ၊ လက်ခုပ်သံများနှင့် စိတ်လှုပ်ရှားစွာ ငိုယိုသံများပင် လေထုထဲတွင် ပြည့်နှက်နေ၏။

​သူတို့သည် သတင်းများကို အချင်းချင်း မျှဝေနေကြပြီး သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ တောက်ပနေခဲ့ကြသည်။

​ရေလက်ကြား တစ်ဖက်ကမ်းရှိ သူတို့၏ နိုင်ငံသားများက ဤတန်ခိုးပြမှုကို မည်သို့ ဖန်တီးခဲ့သည်ကို သူတို့ မသိကြသော်လည်း ၎င်းသည် တရုတ်တပ်မတော်၏ တန်ပြန်တိုက်ခိုက်မှု ဖြစ်ရမည်ဟု ခိုင်မာစွာ ယုံကြည်နေကြ၏။

​ထိုညတွင် ဟွမ်ဖူမြစ်ပေါ်ရှိ မြင့်မားသော မီးတောက်များက ဂျပန်တပ်များ၏ ရှုံးနိမ့်မှုကို လင်းထိန်သွားစေရုံသာမက မရေမတွက်နိုင်သော တရုတ်လူမျိုးများ၏ နှလုံးသားထဲရှိ အောင်ပွဲ မီးတောက်များကိုပါ လောင်ကျွမ်းစေခဲ့သည်။

​မြစ်တစ်ဖက်ကမ်းရှိ နယ်မြေမှ မီးရောင်များက မျက်စိကျိန်းလောက်အောင် တောက်ပနေဆဲ ဖြစ်သော်လည်း ဤအချိန်တွင် မည်သူ့ မျက်လုံးမှ မြောက်ဘက်ကမ်းရှိ ခမ်းနားပြီး ကလဲ့စားချေမှု အပြည့်ပါသော မီးရှူးမီးပန်းအခင်းအကျင်းကြီးမှ အကြည့်လွှဲ၍ မရနိုင်တော့ချေ။

အခန်း ၂၄၁ပြီး၏။

All Chapters