← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း (၂၄၃) ခေတ်သစ်တစ်ခု

​ခေါင်းဖြတ်စစ်ဆင်ရေးကို အောင်မြင်စွာ ပြီးမြောက်ပြီးနောက် အရိပ်အဖွဲ့ဝင်များက အပျက်အစီးများကြားမှ တိတ်တဆိတ် ဖြတ်သန်းကာ တပ်မဌာနချုပ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့ကြသည်။

​လူတိုင်း၏ ကိုယ်ပေါ်တွင် ယမ်းနံ့နှင့် သွေးနံ့များ ဖုံးလွှမ်းနေသော်လည်း သူတို့၏ မျက်လုံးများကမူ တည်ငြိမ်အေးဆေးနေဆဲပင်။ သူတို့ ယခုလေးတင် ပြီးမြောက်ခဲ့သည့်အရာမှာ တိုက်ပွဲ၏ ဦးတည်ချက်ကို ပြောင်းလဲစေနိုင်သည့် စွမ်းဆောင်ချက်မျိုး မဟုတ်ဘဲ ပုံမှန် ထိုးဖောက်ဝင်ရောက်ခြင်း လေ့ကျင့်ခန်းတစ်ခုသာ ဖြစ်သည့်အလားပင်။

​သူတို့က တိုက်ပွဲတွင် အချိန်ဆွဲမနေသလို အချင်းချင်း စကားပင်မပြောကြဘဲ အစီရင်ခံရန် ကွပ်ကဲမှုစခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်လာကြ၏။

​တစ်ချိန်တည်းမှာပင် ယန်ဇီမြစ်ဝကို လမ်းညွှန်ရန်နှင့် စောင့်ကြည့်ရန် တာဝန်ယူထားသော အမွေးနီအဖွဲ့သည်လည်း သူတို့၏ တာဝန်ကို ပြီးမြောက်ပြီးနောက် ဝူစုန်းခိုဘက်မှ အပြေးအလွှား ပြန်လည်ရောက်ရှိလာခဲ့သည်။

​အထူးစစ်ဆင်ရေးအဖွဲ့ဝင် တစ်ဦးစီတိုင်းက ပင်ပန်းနွမ်းနယ်နေပုံပေါ်သော်လည်း သူတို့၏ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အလား သူတို့၏ မျက်လုံးများတွင် ထက်မြက်ပြီး တည်ငြိမ်သော အကြည့်များ ရှိနေကြလေသည်။

​ကျန်းယဲ့က ကွပ်ကဲမှုစခန်းအဝင်ဝတွင် ရပ်နေပြီး သူ၏ အကြည့်များက အပြင်ဘက်ရှိ အမှောင်ထုဆီသို့ စူးစိုက်နေ၏။

​အရိပ်နှင့် အမွေးနီအဖွဲ့များ၏ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရပြီး အဖွဲ့ဝင်အားလုံးနီးပါး အထိအခိုက်မရှိကြောင်း အတည်ပြုနိုင်လိုက်ချိန်တွင် တင်းမာနေသော သူ၏ အာရုံကြောများမှာ အနည်းငယ် ပြေလျော့သွားကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိလေသည်။

​သို့သော်လည်း သူ၏အကြည့်က ပြန်လည်ရောက်ရှိလာသော အဖွဲ့ဝင်များပေါ်သို့ လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်ရာ လူငါးယောက် ပျောက်ဆုံးနေကြောင်းကို ထက်မြက်စွာ သတိပြုမိလိုက်သည်။

​“အထီးကျန် ဝံပုလွေနဲ့ မိုးကြိုးတို့ရော ဘယ်မှာလဲ...” ကျန်းယဲ့က နဂါးပြာကို မေးလိုက်၏။

​နဂါးပြာက ကျန်းယဲ့၏ အကြည့်ကို ရင်ဆိုင်လိုက်ပြီး စကားတစ်ခွန်းတည်းသာ ပြောလေသည်။ “တာဝန်တစ်ခု သွားလုပ်နေတယ်..”

​၎င်းကို ကြားလိုက်ရချိန်တွင် ကျန်းယဲ့၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။

​သူက ဉာဏ်ကောင်းသူဖြစ်ရာ ချက်ချင်းပင် နားလည်သွားလေသည်။

​သီးခြားတာဝန်က ဘာလဲ..... သူတို့ ဘယ်သွားတာလဲ သို့မဟုတ် ဘယ်အချိန် ပြန်လာမှာလဲဆိုသည့် အသေးစိတ် အချက်အလက်များကို ကျန်းယဲ့ ဆက်လက် မမေးမြန်းတော့ချေ။

​တိုက်ပွဲ၏ မီးခိုးငွေ့များကြားမှ အရုဏ်တက်လာချိန်တွင် ၎င်းက ဖျက်ဆီးခံထားရသော ရှန်ဟိုင်းမြို့၏ ပုံရိပ်ကို ပေါ်လွင်စေခဲ့သည်။

​တစ်ညလုံး ကြာမြင့်ခဲ့သော ပြင်းထန်သည့် အမြောက်ဒဏ်များနှင့် ပေါက်ကွဲမှုများက တဖြည်းဖြည်း ကျဲပါးသွားကာ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး အဝေးတစ်နေရာမှ ဟိုတစ်စဒီတစ်စ သေနတ်သံများနှင့် မီးလောင်နေသော အဆောက်အအုံများမှ တဖြောက်ဖြောက် မြည်သံများသာ ကျန်ရစ်တော့၏။

​ကွပ်ကဲမှုစခန်းအတွင်းတွင် အထူးစစ်ဆင်ရေး ဗိုလ်ကြီးများဖြစ်သော နဂါးပြာနှင့် အမွေးနီတို့က တပ်မမှူးစွန်း၊ သူ၏ အကြီးတန်းအရာရှိများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်နေခဲ့ကြသည်။

ကျန်းယဲ့က အစည်းအဝေးက မည်သည့်အကြောင်းအရာဖြစ်သည်ကို မသိသလို ပါဝင်ခြင်းလည်း မရှိသော်လည်း ဘာတွေဖြစ်နေသလဲ ဆိုသည်ကိုတော့ အကြမ်းဖျင်း သဘောပေါက်နေပေသည်။

​ထိုအချိန်တွင် ကျန်းယဲ့က အပြင်ဘက်အခန်း၏ နံရံကိုမှီကာ လုပ်စရာမရှိဘဲ တစ်ယောက်တည်း ကျန်ရစ်နေပြီး ကျိုးပဲ့နေသော ပြတင်းပေါက်မှတစ်ဆင့် တဖြည်းဖြည်း လင်းထိန်လာသော ကောင်းကင်ယံကို ကြည့်နေခဲ့သည်။

​အစည်းအဝေးခန်း တံခါးပွင့်လာပြီး တပ်မမှူးစွန်း၊ နဂါးပြာနှင့် အခြားသူများ ထွက်လာသောအခါ တပ်မမှူးစွန်း၊ စစ်ဦးစီးချုပ်ဝမ်နှင့် အခြားသူများ၏ မျက်နှာများမှာ ထူးထူးခြားခြား လေးနက်နေပြီး သူတို့က ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုခုကို ရင်ဆိုင်နေရသည့်အလား မျက်မှောင်ကြုတ်နေကြသည်ကို ကျန်းယဲ့ သတိပြုမိလိုက်၏။

​ကျန်းယဲ့က သူ၏ လက်ကောက်ဝတ်ကို မြှောက်လိုက်ခေသည်။

​နံနက် ၉ နာရီ ၄၇ မိနစ်....

​စနစ်မှ သတ်မှတ်ထားသော ပြန်လည်ရောက်ရှိရမည့် အချိန်အထိ ဆယ့်ငါးမိနစ်ပင် မလိုတော့ချေ။

​သူသည် နဂါးပြာထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ တိုးညင်းသောအသံဖြင့် မေးလိုက်၏။ “ဗိုလ်ကြီးနဂါးပြာ.... အထီးကျန် ဝံပုလွေနဲ့ မိုးကြိုးတို့က ဘယ်အချိန် ပြန်လာမှာလဲ။ အချိန်က ကပ်နေပြီနော်”

​နောက်ဆက်တွဲအကျိုးဆက်များကို သူက အတိအလင်း မပြောသော်လည်း သူတို့သာ နံနက် ၁၀ နာရီ ပြန်လည်ရောက်ရှိရမည့် နောက်ဆုံးအချိန်ကို လွဲချော်သွားပြီး ပင်မတပ်ဖွဲ့နှင့်အတူ ပြန်လည်ပို့ဆောင်ခြင်း မခံရပါက အထီးကျန် ဝံပုလွေတို့ ငါးယောက်လုံးဟာ စနစ်၏ သနားညှာတာမှုကင်းမဲ့စွာ ဖယ်ရှားခံရမည်ကို နဂါးပြာက ကောင်းကောင်း သိထားပေသည်။

​မဟုတ်ပေ.... ပိုတိတိကျကျ ပြောရလျှင် သူတို့က ဤကမ္ဘာကြီးမှ ဖျက်ဆီးခံလိုက်ရမည်ဖြစ်၏။

​နဂါးပြာက သူ၏ နာရီပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်လည်း ထိုခံစားချက်ကို သူ၏ အားကောင်းသော စိတ်စွမ်းအားဖြင့် ချက်ချင်း ဖိနှိပ်လိုက်ပြီး သူ၏မျက်နှာမှာ ထုံးစံအတိုင်း တည်ငြိမ်နေကာ အေးစက်နေခဲ့သည်။

​“စိတ်မပူပါနဲ့...” နဂါးပြာ၏ အသံက ဩရှရှဖြစ်နေခဲ့သည်။ “သူတို့ နောက်ဆုံးအချိန်ကို သိပါတယ်။ အချိန်မီ ပြန်လာကြမှာ အသေအချာပါပဲ...”

​သူ၏စကားများက ကျန်းယဲ့ကို နှစ်သိမ့်ပေးနေပုံရသော်လည်း သူ့ကိုယ်သူ ယုံကြည်အောင် ကြိုးစားနေပုံနှင့် ပိုတူနေလေသည်။

​အထူးတပ်ဖွဲ့ဝင် စစ်သားအားလုံးက တံခါးနှင့် နံရံကပ်နာရီကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

​စက္ကန့်လက်တံက တဖြည်းဖြည်း ရွေ့လျားနေပြီး ခြေလှမ်းတိုင်းက လူတစ်ယောက်၏ နှလုံးသားကို ရိုက်ခတ်နေခဲ့သည်။

​၉ နာရီ ၅၂ မိနစ်။

​၉ နာရီ ၅၅ မိနစ်။

​နံနက် ၉ နာရီ ၅၇ မိနစ်...

​တံခါးအပြင်ဘက်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသေးချေ။

​ကျန်းယဲ့၏ လက်ဖဝါးများ အနည်းငယ် ချွေးစေးများ ထွက်နေ၏။

​နဂါးပြာက နေရာတွင် မတ်မတ်ရပ်နေပြီး သူ၏ အနည်းငယ် စေ့ထားသော နှုတ်ခမ်းများကသာ သူ၏ နှလုံးသားထဲရှိ ကမောက်ကမဖြစ်မှုကို ဖော်ပြနေချေသည်။

​၉ နာရီ ၅၈ မိနစ်.....

​စက္ကန့်လက်တံက နောက်ဆုံးအချိန်သို့ ရောက်ခါနီးအချိန်တွင်.....

​ရုတ်တရက် အလျင်စလို ခြေလှမ်းသံများက ကွပ်ကဲမှုစခန်းအပြင်ဘက်မှ ထွက်ပေါ်လာသော်လည်း မကြားရလောက်အောင် တိုးညင်းလှ၏။

​ခြေသံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ အထီးကျန် ဝံပုလွေနှင့် မိုးကြိုးတို့ အပါအဝင် အထူးစစ်ဆင်ရေး အဖွဲ့ဝင်ငါးဦး လူတိုင်း၏ မြင်ကွင်းထဲသို့ ပေါ်လာလေသည်။

​သို့သော် သူတို့၏ အခြေအနေကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် အားလုံး ထိတ်လန့်တကြား အသက်ရှုမှားသွားကြရသည်။

​သူတို့ငါးယောက်လုံး ဒဏ်ရာရထားကြပြီး သူတို့၏ တိုက်ပွဲဝင်ဝတ်စုံများမှာ စုတ်ပြဲနေကာ ရွှံ့များ၊ နက်မှောင်သော သွေးနီများ စွန်းထင်းနေ၏။

​အထီးကျန် ဝံပုလွေ၏ နဖူးမှာ ကွဲနေပြီး သူ၏ မျက်နှာတစ်ခြမ်းတွင် သွေးများ ပေကျံနေခဲ့သည်။ ထို့အပြင် သွေးထွက်နေသော ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် မနည်းဖုံးအုပ်ထားရသည်။

​ကျန်သုံးယောက်မှာလည်း ဒဏ်ရာများ ရရှိထားပြီး မိုးကြိုးမှာ အပြင်းထန်ဆုံး ဒဏ်ရာရထား၏။

​သူ့ကို အသင်းဖော်နှစ်ဦးက လက်တွေ့အားဖြင့် ဆွဲခေါ်လာရခြင်းဖြစ်သည်။ သူ၏ မျက်နှာမှာ သေလုမျောပါး ဖြူလျော့နေပြီး နှုတ်ခမ်းများတွင် သွေးရောင်လုံးဝမရှိဘဲ သူ၏ အသက်ရှူနှုန်းမှာ အားနည်းကာ မြန်ဆန်နေခဲ့သည်။

​သူ၏ ဘယ်ဘက်ပေါင်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖောက်ဝင်ဒဏ်ရာတစ်ခု ရရှိထား၏။ ယာယီသွေးတိတ်ပတ်တီးမှာ သွေးများဖြင့် စိုရွှဲနေပြီဖြစ်ပြီး သွေးများ စိမ့်ထွက်နေဆဲဖြစ်ကာ သူ သွေးအများအပြား ဆုံးရှုံးသွားပြီး သတိလစ်လုနီးပါး ဖြစ်နေကြောင်း ဖော်ပြနေချေသည်။

​အမွေးနီအပါအဝင် အထူးတပ်ဖွဲ့ဝင်များက ချက်ချင်း ရှေ့တိုးလာကာ အရေးပေါ် ကုသမှုပေးရန်အတွက် သူတို့ ယူဆောင်လာသော အလွန်ထိရောက်သည့် သွေးတိတ်ဆေးမှုန့်နှင့် နှလုံးလှုံ့ဆော်ဆေးများကို အသုံးပြုခဲ့ကြသည်။

​ကျန်းယဲ့၏ စိုးရိမ်ပူပန်မှုက နောက်ဆုံးတွင် ပြေလျော့သွားလေသည်။

​‘သူတို့ ပြန်ရောက်လာတာ ကောင်းတယ်..’

​‘ပြန်ရောက်တာနဲ့ ဒဏ်ရာဘယ်လောက်ပဲ ပြင်းထန်ပါစေ အနာဂတ်ရဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာတွေနဲ့ဆိုရင် ကုသဖို့ နည်းလမ်း အမြဲရှိမှာပဲ...’

​အကယ်၍ တစ်စက္ကန့်လေး နောက်ကျသွားခဲ့မည်ဆိုလျှင် ထာဝရဖျက်ဆီးခံရမည်ဖြစ်ပြီး ကယ်တင်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ချေ။

​ကျန်းယဲ့က အချိန်ကို တစ်ချက်ကြည့်လိုက်၏။

၁၀ နာရီ တိတိ...

​တပ်မမှူးစွန်း၊ စစ်ဦးစီးချုပ်ဝမ်နှင့် အခြားဗိုလ်ချုပ်များကို သူ လှည့်ကြည့်လိုက်၏။

​နှုတ်ဆက်ရမည့် အချိန်ရောက်လာချေပြီ။

​“တပ်မမှူးစွန်း နဲ့ လေးစားရတဲ့ အရာရှိကြီးများ...” ကျန်းယဲ့က နှုတ်ဆက်သည့်အနေဖြင့် လက်နှစ်ဖက်ကို ဆုပ်လိုက်လေသည်။ “ကျွန်တော်တို့ ထွက်ခွာရမယ့် အချိန်ရောက်ပါပြီ... အားလုံး ဂရုစိုက်ကြပါ”

​တပ်မမှူးစွန်းနှင့် အခြားသူများက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ကျေးဇူးတင်မှု.... စွန့်ခွာရခက်မှုနှင့် တုန်လှုပ်မှုတို့ ပါဝင်သော ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

​ထို့နောက် သူက ခါးကိုမတ်လိုက်ပြီး ကျန်းယဲ့နှင့် အထူးတပ်ဖွဲ့ဝင် အားလုံးကို အရာရှိအားလုံးက လေးစားစွာ အလေးပြုရန် ဦးဆောင်လိုက်၏။

​“ခင်ဗျားတို့ရဲ့ ကြီးမားတဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး.. ဂရုစိုက်ကြပါ...”

​ကျန်းယဲ့၊ နဂါးပြာနှင့် အခြားသူများက တစ်ခဲနက် ပြန်လည်နှုတ်ဆက်ခဲ့ကြသည်။

​နောက်ခဏ၌ သူတို့၏ လက်များ အပြည့်အဝ မချရသေးမီမှာပင် နူးညံ့သော အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ထိုနေရာရှိ အထူးတပ်ဖွဲ့ဝင်တိုင်း၏ ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားချေသည်။

​သူတို့၏ ပုံရိပ်များက အလင်းရောင်ထဲတွင် လျင်မြန်စွာ ဝေဝါးသွားပြီး ပွင့်လင်းမြင်သာလာခဲ့သည်။

​တပ်မမှူးစွန်း၊ စစ်ဦးစီးချုပ်ဝမ်နှင့် ကွပ်ကဲမှုစခန်းရှိ အရာရှိအားလုံးက အလေးပြုသည့် အနေအထားဖြင့် လက်များ တောင့်တင်းနေဆဲဖြစ်ကာ အဖြူရောင် အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားသော ပုံရိပ်ငါးဆယ့်တစ်ခုကို ကြည့်ရင်း သူတို့၏ မျက်လုံးသူငယ်အိမ်များက ပြင်းထန်စွာ ကျုံ့သွားကြရသည်။

​ခဏအကြာတွင် တပ်မမှူးစွန်းက သူ၏လက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး သူ၏ အကြည့်များက မြေပြင်ပေါ်သို့ အလိုအလျောက် ကျရောက်သွားလေသည်။

​စိုစွတ်နေဆဲဖြစ်သော သွေးစက်အနည်းငယ်က သူတို့ အမှန်တကယ် တည်ရှိခဲ့ဖူးကြောင်း နောက်ဆုံး သက်သေအဖြစ် ထိုနေရာတွင် ကျန်ရစ်နေခဲ့သည်။

​သူ၏ အကြည့်များက သွေးစွန်းနေသော နေရာများဆီသို့ လိုက်သွားပြီး ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားဆလသည်။

​နေမင်းကြီးက မိုးကုတ်စက်ဝိုင်းအထက်သို့ အပြည့်အဝ ထွက်ပေါ်လာပြီဖြစ်ပြီး ၎င်း၏ ရွှေရောင်အလင်းတန်းများက ကျန်ရစ်နေသော မီးခိုးငွေ့များကို ဖောက်ထွက်ကာ ဤဖျက်ဆီးခံထားရသော မြေပြင်ပေါ်သို့ ဖြာကျနေချေသည်။

​အလင်းတန်းအတွင်းတွင် ဖုန်မှုန့်များ ဝဲပျံနေသည်မှာ မရေမတွက်နိုင်သော ရုန်းကန်နေရသည့်..... ပြန်လည်မွေးဖွားလာသည့် ဝိညာဉ်များကဲ့သို့ပင်။

​နွေးထွေးသော အလင်းရောင်က တပ်မမှူးစွန်း၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာပေါ်သို့ ကျရောက်နေသော်လည်း သူသည် မည်သည့် နွေးထွေးမှုကိုမျှ မခံစားရချေ။ သူ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသော လေးလံမှုများ ပြည့်နှက်နေခဲ့သည်။

​အမှောင်ထုကို ခွဲထွက်ကာ ထွက်ပေါ်လာသော နေမင်းကြီးကိုလည်းကောင်း၊ ပြတင်းပေါက် အပြင်ဘက်တွင် လင်းထိန်နေသော မီးလောင်ကျွမ်းထားသည့် မြေပြင်နှင့် အပျက်အစီးများကိုလည်းကောင်း သူ စိုက်ကြည့်နေပြီး သူကိုယ်သူနှင့် ကြီးမားသော တုန်လှုပ်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်သည့် သူ၏နောက်ကွယ်ရှိ လုပ်ဖော်ကိုင်ဖက်များကို စကားလုံးတစ်လုံးချင်းစီ ဖြည်းညင်းစွာ ပြောလိုက်၏။

​“ဒီနေ့ကနေ...”

​“အရာအားလုံး လုံးဝ ပြောင်းလဲသွားတော့မယ်....”

​နေရောင်ခြည်က ကွပ်ကဲမှုစခန်းအတွင်းသို့ ဝင်ရောက်လာပြီး ရှုပ်ထွေးနေသော မျက်နှာတိုင်းကိုသာမက ခြောက်သွေ့လုနီးပါးဖြစ်နေသော မြေပြင်ပေါ်ရှိ သွေးစက်အနည်းငယ်ကိုလည်း လင်းထိန်သွားစေခဲ့သည်။

​အမှောင်ဟောင်းသည် မကွယ်ပျောက်သေးသော်လည်း ခေတ်သစ်တစ်ခုက တံခါးလာခေါက်နေပြီဖြစ်၏။

အခန်း ၂၄၃ပြီး၏။

All Chapters