အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅) တောင်တန်းများနှင့် မြစ်ရေများ၏ ပဲ့တင်သံ
[အန်းဟွေး - ဟွိုင်မြစ်ရေ နောက်ပြန်စီးဆင်းခြင်း] - စာရင်းထဲက သုံးဆယ့်ခုနစ်ယောက်မြောက် လူက ဖူရန်က ရွာ (XX) က အသက် ၂၂ နှစ်အရွယ် ဝမ်တယ်ရှန်းပါ... အဲဒါ ကျွန်တော့်ဘိုးဘေးရဲ့ နာမည်ပါ။ မိသားစုဆွေစဉ်မျိုးဆက်စာရင်းမှာ မှတ်တမ်းတင်ထားတယ်။ သူက ရှန်ဟိုင်းတိုက်ပွဲမှာ ကျဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့် ဘေးမကြီးက သူ့ကို တစ်သက်လုံး စောင့်မျှော်ခဲ့တာ။ သူ့ကို အိမ်ပြန်လာခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.....ကျေးဇူးတင်ပါတယ်
ဒီမှတ်ချက်အောက်မှာတော့ လေးစားပါတယ်၊ မျက်ရည်ကျမိတယ် နဲ့ သူရဲကောင်းအတွက် ထာဝရဂုဏ်ကျက်သရေဆိုတဲ့ စာသားတွေနဲ့ ပြန်လည်ဖြေကြားထားတဲ့ သူတွေ မရေမတွက်နိုင်အောင် ရှိနေချေသည်။
[ကျန်းစု - စူးကျိုး ပန်းထိုးသမား] - စာရင်းထဲမှာ စူးကျိုးက လိပ်စာတချို့ကို တွေ့လိုက်ရတော့ ကျွန်တော့် နှာခေါင်းတွေ ချက်ချင်း ကျိန်းစပ်သွားတယ်။ သူတို့ အိမ်ကနေ ထွက်သွားချိန်တုန်းက ကျွန်တော့် ညီလေးအရွယ်လောက်ပဲ ရှိဦးမှာ။ ဒီအချက်အလက်တွေကို စုစည်းပေးတဲ့ ကန်ထရိုက်တာကို ကျေးဇူးတင်ပါတယ်။ ဒါမှ သူတို့က ဘယ်သူတွေလဲ.... ဘယ်ကလာလဲဆိုတာ ကျွန်တော်တို့ သိနိုင်မှာပါ။”
[ကျဲ့ကျန်းအင်တာနက်အသုံးပြသူ- ယန်တန်တောင် ထင်းခုတ်သမား] - “ကျွန်တော်က ဝမ်ကျိုး.... ယွဲ့ချင်းကပါ။ ကျွန်တော်တို့ရွာ အနောက်ဘက်တောင်ပေါ်မှာ ဂျပန်ကို ဆန့်ကျင်တဲ့ ခုခံစစ်ပွဲက အမည်မသိ အာဇာနည်တွေရဲ့ သင်္ချိုင်းဂူတချို့ ရှိတယ်။ ကျွန်တော့်အဘိုးက သူတို့အားလုံးကို အဲဒီတုန်းက စစ်မြေပြင်ကနေ သယ်ချလာတာလို့ ပြောဖူးတယ်... သူတို့နာမည်တွေက စာရင်းထဲမှာ ပါနေနိုင်တယ်။ ကျွန်တော် မနက်ဖြန် သွားပြီး ဂါရဝပြုရင်း အခု သူတို့ကို မှတ်မိတဲ့သူတွေ ရှိနေပြီဆိုတာ သွားပြောပြဦးမယ်...”
မှတ်ချက်ပေးတဲ့ နေရာက အိုင်ပီလိပ်စာတွေဟာ ဝမ်းနည်းမှုနဲ့ လေးစားမှု မြေပုံတစ်ခုအဖြစ် ဖန်တီးထားသလိုပါပင်အထူးသဖြင့် ယခင်က ဗဟိုစစ်ကော်မရှင်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိခဲ့တဲ့ ကျဲ့ကျန်း၊ အန်းဟွေး၊ ကျန်းစု၊ ကျန်းရှီနဲ့ ဟူပေပြည်နယ်နှစ်ခုက အိုင်ပီတွေဖြစ်ကာ ဒီဒေသတွေက အင်တာနက်အသုံးပြုသူတွေရဲ့ တုံ့ပြန်မှုက အားအကောင်းဆုံး ဖြစ်နေလေသည်။
သက်ဆိုင်ရာ တပ်ဖွဲ့တွေရဲ့ ဗီဒီယိုတွေအောက်က မှတ်ချက်ပေးတဲ့ နေရာတွေမှာတော့ သက်ဆိုင်ရာ ဒေသတွေက အင်တာနက် အသုံးပြုသူတွေနဲ့ ပြည့်နှက်နေ၏။
အင်တာနက်အသုံးပြုသူတိုင်းက ခေါင်းစဉ်ကို ကြည့်ပြီး သူတို့ဇာတိမြေကနေ ထွက်ခွာသွားခဲ့တဲ့ အာဇာနည်တွေကို ရှာဖွေခဲ့ကြသည်။
ထို့အပြင် သူတို့ကို အောက်မေ့သတိရတဲ့အနေနဲ့ ဗီဒီယိုအောက်မှာ စာတိုလေးတွေ ချန်ထားရစ်ခဲ့ကြလေသည်။
ဟူနန်တပ်မတော် ဂါရဝပြု ဗီဒီယိုအောက်တွင်....
[ဟူနန်အင်တာနက်အသုံးပြုသူ- ရှန်းကျန်း တံငါသည်သီချင်း] - “ဟူနန်မရှိရင် တပ်မတော်ဆိုတာ မရှိဘူး။ ရှန်းထန်နဲ့ ရှန်းရှန်းက ရွာသားတွေကို စာရင်းထဲမှာ အများကြီး တွေ့လိုက်ရတယ်။ ကျွန်တော့် ဘိုးဘေးက ဟူနန်တပ်မတော်က အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဘယ်တော့မှ ပြန်မလာခဲ့ဘူး။ အဘိုးအိုတွေရေ... တောင့်ခံထားကြပါ။ ကျွန်တော်တို့ ဟူနန်ဒေသခံတွေက ခင်ဗျားတို့ကို ဦးညွှတ်ဂါရဝပြုပါတယ်...”
[ဟူနန်- အစပ်ကြိုက်ပြီး မကြောက်မရွံ့] - “ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလိပ်စာ အများစုက ကျွန်တော်တို့ ဇာတိမြို့လေးတွေကဖြစ်ပြီး တချို့ နေရာနာမည်တွေက အခုထိ မပြောင်းလဲသေးဘူး။ သူရဲကောင်းတို့... ဟူနန်ဆန်ဝိုင်တွေ အများကြီးရှိတယ်... ပြန်လာပြီး လည်ပတ်ကြပါဦး”
ကွေ့တပ်မတော် ဂါရဝပြု ဗီဒီယိုအောက်တွင်
[ကွမ်ရှီး- လီကျန်း ဝါးဖောင်] - “ဝံပုလွေ စစ်သားတွေက ကမ္ဘာပေါ်မှာ အရဲရင့်ဆုံးပဲ။ ကောက်ရိုးဖိနပ်တွေနဲ့ ဓားမကြီးတွေက ဂျပန်မိစ္ဆာတွေကို ထိတ်လန့်သွားစေခဲ့တယ်။ ကျွန်တော်က ကွေ့လင်းကပါ.... မနက်ဖြန် ကျွန်တော် ကြယ်ခုနစ်ပွင့်ကျောက်ဂူကိုသွားပြီး အမွှေးတိုင်ထွန်းကာ သူတို့ရဲ့ သားစဉ်မြေးဆက်တွေက သူတို့ကို အရှက်မခွဲဘူးဆိုတာ အဘိုးအဘွားတွေကို သွားပြောပြမယ်...”
[ကွမ်ရှီး - သူငယ်ချင်းဟောင်းဖန် ဆက်သွားပါ] - “ကွမ်ရှီးတပ်မတော်က ဆိုးရွားတဲ့ ရှုံးနိမ့်မှုကို ခံစားခဲ့ရတယ်။ ကလေးစစ်သားတွေ အပါအဝင် စစ်သားအများအပြား ကျဆုံးခဲ့တယ်။ ကျွန်တော်က နန်နင်းကပါ။ ပြည်သူ့ပန်းခြံက ကျောက်တိုင်ရှေ့က ပန်းတွေဟာ ဘယ်တော့မှ ပွင့်တာရပ်သွားတော့မှာ မဟုတ်ဘူး...”
ကွမ်တုံးတပ်မတော် - ဂါရဝပြု ဗီဒီယိုအောက်တွင်
[ကွမ်တုံး- မနက်ခင်းလက်ဖက်ရည်နဲ့ ဒင်ဆမ်းနှစ်ခု] - “ကွမ်တုံးတပ်မတော်က ညီအစ်ကိုတို့.... ခင်ဗျားတို့က မာကျောတယ်။ ဟတ်ကာနဲ့ ချောင်ရှန်း ညီအစ်ကိုတွေ အများကြီး တွေ့လိုက်ရတယ်။ ကျွန်တော့်အဘိုးက ကွမ်တုံးတပ်မတော်က အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စုန့်ဟူကနေ ဝူဟန်အထိ တိုက်ပွဲဝင်ခဲ့တယ်... သူက သွေးစွန်းနေတဲ့ ရှပ်အင်္ကျီတစ်ထည်နဲ့ပဲ ပြန်လာခဲ့တယ်။ သူတို့ကို မှတ်မိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
[ကွမ်တုံး- ရှန်းကျန်း ရွှေ့ပြောင်းအလုပ်သမား] - “ကျွန်တော်က ရှန်းကျန်းကပါ... သမိုင်းဆိုတာ အဝေးကြီးက မှတ်ဉာဏ်တစ်ခုလို့ အရင်က ထင်ခဲ့တာ။ ဒါပေမဲ့ စာရင်းထဲမှာ ပေါင်အန်း ရွာ (XX)ဆိုတာကို တွေ့လိုက်ရတော့ ကျွန်တော် ထိတ်လန့်သွားတယ်။ အဲဒါ ကျွန်တော့် ဇာတိရွာလေ...”
စီချွမ်တပ်မတော် - ဂါရဝပြု ဗီဒီယိုအောက်တွင်
[စီချွမ် - ထျန်းဖူ ကောင်မလေး] - “စီချွမ် ကလေးတွေက ဘယ်တော့မှ နောက်မဆုတ်ဘူး။ ခရိုင် (XX) နဲ့ ရေကာတာ (XX)လို နာမည်တွေ အများကြီးတွေ့ရတာ အားလုံးက ရင်းနှီးနေတဲ့ ဇာတိမြေတွေချည်းပဲ။ အလေးပြုပါတယ်။ စီချွမ်တပ်မတော် သက်တော်ရာကျော် ရှည်ပါစေ။ တရုတ်ပြည်ကြီး သက်တော်ရာကျော် ရှည်ပါစေ...”
[ချုံချင့် - တောင်ပေါ်မြို့ သယ်ယူပို့ဆောင်ရေးသမား] - “ကျွန်တော်က ချုံချင့်ကပါ... အဲဒီတုန်းက စီချွမ်ကပေါ့။ စီချွမ်တပ်မတော်က စီချွမ်ကနေ ထွက်သွားချိန်တုန်းက အိမ်ဆယ်လုံးမှာ ကိုးလုံးက ဟာလာဟင်းလင်း ဖြစ်သွားတယ်... တော်တော်လေး ကြေကွဲဖို့ကောင်းတယ်။ လွတ်မြောက်ရေး ကျောက်တိုင်အောက်မှာ ခင်ဗျားတို့အတွက် ခေါက်ဆွဲစပ်စပ် တစ်ပန်းကန် ရှိတယ်နော်....”
အရှေ့မြောက်တပ်မတော် - ဂါရဝပြု ဗီဒီယိုအောက်တွင်
[လျောင်းနင် - ထျဲ့ရှီး စက်မှုဇုန်ဟောင်း] - “ဆယ့်လေးနှစ်.... ကျွန်တော်တို့ အရှေ့မြောက်တပ်မတော်က အကြာကြီး စောင့်ခဲ့ရတယ်... အိမ်ပြန်ရောက်အောင် တိုက်ခိုက်ကြစို့။ ဒီစကားစုက ကျွန်တော်တို့ အရိုးထဲအထိ စွဲနေတာ။ ဇာတိမြေတွေဖြစ်တဲ့ ဖုန်းထျန်းနဲ့ လွီရွှန်းတို့ကို တွေ့လိုက်ရတော့... ကျွန်တော် မျက်ရည်ကျမိတယ်။ ညီအစ်ကိုတို့.... ကျွန်တော်တို့ ဇာတိမြေက အခု တော်တော်လေး အခြေအနေကောင်းနေပါပြီ”
[ဟေးလုံကျန်း - စုန့်ဟွာမြစ်] - “ကျွန်တော်က ဟာဘင်ကပါ။ စက်တင်ဘာ ၁၈ ရက် အရေးအခင်းအပြီးမှာ သူတို့ ဘယ်တော့မှ အိမ်မပြန်နိုင်ကြတော့ဘူး။ ကျွန်တော်တို့ အရှေ့မြောက်တပ်မတော်က ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတာကို လူတွေ ပိုသိအောင် လုပ်ပေးတဲ့ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်...”
အနောက်မြောက်တပ်မတော် - ဂါရဝပြု ဗီဒီယိုအောက်တွင်
[ရှန်ရှီး - သိုးသားစွပ်ပြုတ်နဲ့ ပေါင်မုန့်ပြား] - “အေးစက်နေတဲ့ ကလေးတွေ။ သူတို့အားလုံးက ကျောက်တုံးလို မာကျောပြီး အေးစက်နေတဲ့ ကလေးတွေပါ.... စာရင်းထဲမှာ ကွမ်ကျုံးနဲ့ မြောက်ပိုင်းရှန်ရှီးက ကလေးတွေ အများကြီးပါတယ်... ကျွန်တော့် နှလုံးသားကို ကြေကွဲစေတယ်။ ချင်လူမျိုးတွေရဲ့ စိတ်ဓာတ်က ဘယ်တော့မှ မပျောက်ကွယ်သွားပါဘူး....”
[ကန်းစု- ဟယ်ရှီး စင်္ကြံလမ်းက လေပြေ] - “ကျွန်တော်က လန်ကျိုးကပါ။ အနောက်မြောက်တပ်မတော်က အဲဒီတုန်းက သူတို့အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြတာ။ ထျန်းရွှေ နဲ့ ဝူဝေ့က ညီအစ်ကိုတွေကို တွေ့လိုက်ရတော့... အနောက်လေက ကြမ်းတမ်းပေမယ့် သူရဲကောင်းတွေရဲ့ နာမည်ကိုတော့ ဖျက်ပစ်လို့ မရပါဘူး...”
ကျန်းယဲ့သည် မျက်နှာပြင်ကို ပွတ်ဆွဲလိုက်ပြီး နိုင်ငံတစ်ဝှမ်းမှ အဆက်မပြတ် ဝင်ရောက်လာသော ရိုးသားသည့် မှတ်ချက်များကို ကြည့်လိုက်၏။
အလိုအလျောက် ထွန်းညှိထားသော မီးရောင်များ၊ ရင်းနှီးသော လေယူလေသိမ်းများဖြင့် နှလုံးသားထဲမှ အောက်မေ့သတိရမှုများနှင့် အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်လာသော မိသားစု မှတ်ဉာဏ်များက သူ၏ နှလုံးသားကို နွေးထွေးစေလေသည်။
ဤနိုင်ငံ၏ ကျောရိုးက ဘယ်သောအခါမှ မကျိုးပဲ့ခဲ့သလို ၎င်း၏ သွေးထဲရှိ နွေးထွေးမှုနှင့် အောက်မေ့သတိရမှုများကလည်း ဘယ်သောအခါမှ အေးစက်မသွားခဲ့ချေ။
သေချာသည်မှာ ဂါရဝပြုမှုများနှင့် ဝမ်းနည်းကြေကွဲမှုများကြားတွင် နားလည်ရခက်သော မှတ်ချက်အချို့လည်း ဟိုတစ်စဒီတစ်စ ရှိနေချေသည်။
[အသုံးပြုသူ xxxx] - “ပြန်စပြီ.... သမိုင်းကို အမြဲတမ်း ပုံကြီးချဲ့နေတာပဲ။ တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းလို့လား။ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။ အသက်ရှင်နေတဲ့သူတွေက ရှေ့ဆက်ကြည့်ရမှာ မဟုတ်ဘူးလား....”
[လွတ်လပ်ခြင်း လင်းယုန်] - “ဟက်... ဗီဒီယိုက အစစ်လား အတုလားဆိုတာ ဘယ်သူသိမှာလဲ။ အစစ်ဖြစ်နေရင်တောင် အဲဒီတုန်းက သူတို့ တိုက်ရည်ခိုက်ရည် ညံ့လို့လေ... အခုကျမှ သနားစရာကောင်းအောင် လုပ်ပြနေတာလား။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကြည့်လိုက်ပါဦး.... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကိစ္စတွေကို သူတို့ ထပ်ခါတလဲလဲ ပြောနေသေးလို့လား....”
ကျန်းယဲ့၏ အကြည့်များက ဤမှတ်ချက်များပေါ်တွင် ခဏတာ ရပ်တန့်သွားပြီး သူ၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ ရင်ထဲတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာ၏။
၎င်းသည် ရှေ့လူများ တိုက်ပွဲဝင်ခဲ့သော ငြိမ်းချမ်းရေးကို ခံစားရင်း လမ်းခင်းပေးခဲ့သူများ၏ အခက်အခဲများနှင့် စွန့်လွှတ်အနစ်နာခံမှုများကို ပြန်လည်လှောင်ပြောင်ကာ အစားအသောက် ဝပြီးနောက် ထမင်းချက်သူကို ဝေဖန်သည့် ဂန္ထဝင်မြောက် ဥပမာတစ်ခုပင်။
သူက ပြန်လည်ချေပရန် သို့မဟုတ် ဖျက်ပစ်ရန် လက်တစ်ချောင်းပင် မလှုပ်ချင်လောက်အောင် ပျင်းရိနေ၏။
တရားမျှတမှုက ပြည်သူများ၏ နှလုံးသားထဲတွင် ရှိလေသည်။ သမိုင်း၏ ဖုန်မှုန့်များက အချို့သော မျက်လုံးများကို ယာယီ ဖုံးကွယ်ထားနိုင်သော်လည်း ခိုင်မာသော အချက်အလက်များနှင့် လူအများစု၏ နှလုံးသားထဲရှိ တရားမျှတမှု ချိန်ခွင်ကိုတော့ ဘယ်သောအခါမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။
သူဟာ တိုရင်အကောင့်မှ ထွက်လိုက်ပြီး ဖုန်းကို ဘေးတွင် ချထားလိုက်၏။
ပြတင်းပေါက်အပြင်ဘက်တွင် ဟန်ကျိုးမြို့အပေါ် ညအမှောင်ကျရောက်နေပြီဖြစ်ပြီး နီယွန်မီးရောင်များက တဖြည်းဖြည်း လင်းလက်လာကာ မြို့၏ စည်ကားသော်လည်း ငြိမ်းချမ်းသော ရှုခင်းကို ပုံဖော်ပေးနေခဲ့သည်။
ကောင်းကင်ယံတစ်ခုလုံး သေနတ်သံများဖြင့် လောင်ကျွမ်းနေသော ၁၉၃၇ ခုနှစ်၏ ညနှင့် နှိုင်းယှဉ်ပါက သူ့ရှေ့မှောက်ရှိ မရေမတွက်နိုင်သော မီးရောင်များက အလွန် တန်ဖိုးရှိပြီး သာမန်ဖြစ်နေပုံရချေသည်။
ဆာလောင်မှုကို ခံစားလိုက်ရသဖြင့် သူ ဖုန်းကိုကောက်ကိုင်ကာ အစားအသောက် မှာလိုက်၏။
နာရီဝက်ခန့် အကြာတွင် တံခါးဘဲလ် မြည်လာခေသည်။
ကျန်းယဲ့က အစားအသောက် ရောက်လာပြီဟု ထင်ကာ တံခါးဖွင့်ရန် ထသွားလိုက်သည်။
ရလဒ်အနေဖြင့် တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်မှာ အစားအသောက်ဘူးကိုင်ထားသော ပို့ဆောင်ရေးသမားအပြင် ရင်းနှီးနေသော မျက်နှာနှစ်ခုဖြစ်သည့် လင်ရှောင်နှင့် ချန်ချင်းတို့ ဖြစ်သည်။
သူတို့နှစ်ဦးက အပြစ်ပြောစရာမရှိအောင် သေသပ်စွာ ဝတ်စားထားဆဲဖြစ်ပြီး လမ်းမီးတိုင်၏ နူးညံ့သော အလင်းရောင်အောက်တွင် အပြင်ဘက်၌ ရပ်နေကြသော်လည်း သူတို့၏ မျက်နှာအမူအရာများက ထုံးစံထက် ပိုမိုရှုပ်ထွေးပြီး လေးနက်နေပုံရသည်။
“ဒါရိုက်တာကျန်း....” လင်ရှောင်က အရင် စကားပြောလိုက်၏။
ကျန်းယဲ့က ပို့ဆောင်ရေးသမားထံမှ အစားအသောက်ကို ယူလိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်လေသည်။ “အချိန်ကိုက်ပဲ... အတူတူ စားကြမလား..”
သူတို့နှစ်ဦးက ပို့ဆောင်ရေးသမားကို လက်ယမ်းနှုတ်ဆက်ပြီး ဒုတိယထပ်ရှိ ဧည့်ခန်းဆီသို့ ကျန်းယဲ့နောက်မှ လိုက်သွားကြသည်။
သူတို့နှစ်ဦးက အတော်လေး အကျွမ်းတဝင် ရှိနေပြီဖြစ်သောကြောင့် ကျန်းယဲ့က သူတို့ကို အထူးတလည် ဧည့်ခံနေရန် မလိုအပ်ချေ။ သူတို့က ကော်ဖီစားပွဲ၏ အခြားတစ်ဖက်တွင် အသင့်ဝင်ထိုင်လိုက်ကြ၏။
အခန်း ၂၄၅ပြီး၏။