အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း (၂၄၆) အားမွေးရန် အနားယူခြင်း
ကျန်းယဲ့သည် ထမင်းစားပွဲတွင် ထိုင်ကာ အငွေ့တထောင်းထောင်း ထနေဆဲဖြစ်သော ခေါက်ဆွဲများကို ဖြည်းညင်းစွာ စားနေခဲ့သည်။
လင်ရှောင်နှင့် ချန်ချင်းတို့က သူ၏ မျက်နှာချင်းဆိုင်ရှိ ကော်ဖီစားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး သူ့ကို အလျင်စလိုလုပ်ရန် ရည်ရွယ်ချက်မရှိဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြလေသည်။ လေထုက ပုံမှန်မဟုတ်ဘဲ အနည်းငယ် လေးလံနေ၏။
ကျန်းယဲ့က ခေါက်ဆွဲတစ်လုတ်ကို စုပ်ယူစားသောက်လိုက်ပြီး ခေါင်းမော့ကာ သူတို့နှစ်ဦးကို ကြည့်လိုက်၏။ သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ “ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ...”
လင်ရှောင်က မတ်မတ်ထိုင်လိုက်ပြီး တိုတိုတုတ်တုတ် ဖြေလိုက်၏။ “တာဝန်တစ်ခု ရှိနေလို့ပါ..”
ကျန်းယဲ့က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်ပြီး အသေးစိတ်ကို ဆက်မမေးတော့ဘဲ အခြားတစ်ခွန်း မေးလိုက်ခေသည်။ “အွန်လိုင်းမှာ ကျွန်တော် တင်ထားတဲ့ ဗီဒီယိုတွေကို ခင်ဗျားတို့ တွေ့ပြီးပြီလား..”
နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
လင်ရှောင်က ပြောလေသည်။ “ကျွန်တော် မြင်ပြီးပါပြီ။ အဲဒါက ကြီးမားတဲ့ သက်ရောက်မှုရှိပြီး လူအများကြီးရဲ့ နှလုံးသားကို ထိမိစေခဲ့တယ်။ တကယ်တော့ စာရင်းပြုစုတဲ့ အလုပ်ကို ကျွန်တော်တို့ဆီ လွှဲထားလို့ရပါတယ်....”
ကျန်းယဲ့သည် ပါးစပ်ထဲရှိ ခေါက်ဆွဲများကို ဖြည်းညင်းစွာ မျိုချလိုက်ပြီး တူကိုချကာ သူ့ကို ခေါင်းခါပြလိုက်သည်။ “မလိုပါဘူး.... ဒါက ကျွန်တော် လုပ်သင့်တဲ့အလုပ်ပါ”
ထို့နောက် သူ မတ်တပ်ရပ်ပြီး စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ခဏအကြာတွင် ထူထဲသော ဖိုင်အိတ်တစ်အိတ်ကို ကိုင်ကာ ထွက်လာခဲ့သည်။
သူက ထိုဖိုင်အိတ်ကို လင်ရှောင်နှင့် ချန်ချင်းတို့ရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် လေးနက်စွာ ချထားလိုက်၏။
ကျန်းယဲ့က ဩရှရှအသံဖြင့် ပြောလိုက်လေသည်။ “ဒါတွေက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံထားခဲ့တာတွေပါ။ အဲဒီထဲမှာ သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ မိသားစုထံ ပေးစာတွေ ပါတယ်...”
သူက ဖိုင်အိတ်ကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် လူနှစ်ဦးကို ကြည့်လိုက်၏။ “အခု ဒါတွေကို ခင်ဗျားတို့ဆီ လွှဲပြောင်းပေးလိုက်ပါပြီ။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး လုံလုံခြုံခြုံ သိမ်းထားပေးပါ။ သူတို့ရဲ့ မိသားစုတွေကို ရှာဖွေပြီး သူတို့ကို အိမ်ပြန်ပို့ပေးပါ....”
လင်ရှောင်နှင့် ချန်ချင်းတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် အလွန်လေးနက်သွားကြသည်။
လင်ရှောင်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ထိုလေးလံသော စာရွက်စာတမ်းအိတ်ကို လေးလေးနက်နက် လက်ခံယူလိုက်ရာ ၎င်းသယ်ဆောင်ထားသည့် အလေးချိန်နှင့် နွေးထွေးမှုကို သူ ခံစားသိရှိနိုင်သည့်အလားပင်။
“စိတ်ချပါ...” လင်ရှောင်က လေးနက်စွာ ကတိပေးလိုက်၏။ “စစ်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အာမခံပါတယ်.... ဒါကို လုံလုံခြုံခြုံ သိမ်းဆည်းထားပြီး ဒီတာဝန်ကို ပြီးမြောက်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။ ခင်ဗျားနဲ့ အာဇာနည်တွေကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး...”
ချန်ချင်းကလည်း ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ဖြည့်စွက်ပြောကြားလေသည်။ “ကျွန်တော်တို့ ပြန်ရောက်တာနဲ့ ဒီပစ္စည်းတွေကို သူတို့ရဲ့ ဆွေမျိုးတွေဆီ နည်းလမ်းပေါင်းစုံကနေ အမြန်ဆုံး ပို့ဆောင်ပေးသွားပါမယ်...”
ကျန်းယဲ့သည် ကိုယ့်ကိုယ်ကိုယ် ကောင်းစွာ သိရှိနားလည်သူဖြစ်၏။
သူ၏ စွမ်းအားမှာ အကန့်အသတ်ရှိလေသည်။ ဤတာဝန်ကို သူတို့ထံ အပ်နှံခြင်းကသာ အာဇာနည်များ၏ ယုံကြည်အပ်နှံမှုကို အတိုတောင်းဆုံး အချိန်အတွင်း ဖြည့်ဆည်းပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
လင်ရှောင်နှင့် ချန်ချင်းတို့ကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် ကျန်းယဲ့ဟာ ထမင်းစားပွဲပေါ်ရှိ တစ်ခါသုံး ထမင်းဘူးများကို ရှင်းလင်းကာ အမှိုက်အိတ်ကို တင်းကျပ်စွာ စည်းပြီး အောက်ထပ်ရှိ အမှိုက်ပုံးထဲသို့ သွားရောက်လွှင့်ပစ်လိုက်သည်။
သူ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် သူ၏ ဆံပင်များ စိုစွတ်နေဆဲပင်။ သူသည် နူးညံ့သော ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချကာ သူ၏ စိတ်ထဲမှ တီးတိုးပြောလိုက်၏။ ‘စနစ်... ဒီခရီးစဉ်အတွက် ဆုလာဘ်တွေကို တွက်ချက်ပေး....’
[ဒင်... လက်ခံသူသည် ၁၉၃၇ ရည်ရွယ်ချက်ရှိသော အချိန်ခရီးသွားခြင်း အပိုဆုအဖြစ်အပျက်ကို ပြီးမြောက်ခဲ့ပါပြီ]
[မှတ်ချက် - ဤခရီးစဉ်က အထူးအောင်မြင်မှု ဆုလာဘ်တစ်ခု.... အကျိုးခံစားခွင့်တစ်ခုဖြစ်ပြီး ပုံမှန်တာဝန်များကို အစပျိုးမည်မဟုတ်ပါ။ အပိုဆုလာဘ်များ မရှိပါ]
စနစ်၏ အသိပေးသံမှာ အေးစက်ပြီး ရှင်းလင်းပြတ်သားနေခဲ့သည်။
ကျန်းယဲ့က သူ၏ နဖူးကို ရိုက်လိုက်ပြီး ဤသည်မှာ အခြေခံဆုလာဘ်များမရှိသည့် လူမှုဖူလုံရေးခရီးစဉ်တစ်ခုဖြစ်ကြောင်းကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့သည်ကို သတိပြုမိလိုက်၏။
ကျန်းယဲ့က ဂရုမစိုက်သကဲ့သို့ ပခုံးတွန့်လိုက်ရုံသာ။
သက်တမ်းနှင့် ငွေကြေးက သေချာပေါက် အရေးကြီးသော်လည်း ဤခရီးစဉ်မှ ရရှိလိုက်သော အကျိုးအမြတ်များက ထိုအရာများထက် များစွာ သာလွန်နေချေသည်။
သူ ဧည့်ခန်းမီးကို ပိတ်ကာ အိပ်ခန်းထဲသို့ ဝင်သွားပြီး ကုတင်ပေါ်သို့ လှဲချလိုက်၏။
အချိန်မှာ ည ၁၀ နာရီ ခွဲ တိတိပင်....
နောက်နေ့ နံနက် ၆ နာရီခွဲတွင် ကျန်းယဲ့၏ ဇီဝနာရီက သူ့ကို အချိန်မီ နိုးလာစေခဲ့သည်။
သူ အားကစားဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး ရင်းနှီးသော လမ်းကြောင်းအတိုင်း တစ်ပတ် ပြေးလိုက်၏။
နွေရာသီ အစောပိုင်း နံနက်ခင်းလေထုတွင် အေးမြမှုနှင့် အပင်များ၏ လတ်ဆတ်မှုတို့ ပါဝင်နေပြီးဟအဆုတ်ထဲတွင် စွဲကျန်နေသော ယမ်းနံ့များကို ဖြည်းညင်းစွာ ဆေးကြောပေးနေခဲ့သည်။
ပြေးပြီးနောက်တွင် သူ အမြဲသွားနေကျ နံနက်စာရောင်းသည့် ဆိုင်သို့ သွားလိုက်သည်။
“သူဌေး... ထုံးစံအတိုင်းပဲ...”
“ကောင်းပါပြီ... ပဲဖတ်ပေါင်းထုပ် သုံးခုနဲ့ အရသာရှိတဲ့ ပဲနို့ တစ်ပန်းကန်....”
အငွေ့တထောင်းထောင်း ထနေသော ပေါင်းထုပ်များကို စားပြီး နွေးထွေးသော ပဲနို့ကို သောက်လိုက်ပြီးနောက် သူ၏ ဗိုက်ထဲတွင် သက်သောင့်သက်သာ ဖြစ်သွားကာ သူ၏ စိတ်နှင့် ခန္ဓာကိုယ်က စစ်ပွဲများ ပြည့်နှက်နေသော ထိုခေတ်ကာလမှ လုံးဝကင်းကွာသွားပြီး ငြိမ်းချမ်းတည်ငြိမ်သော လက်ရှိကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ ဖြစ်သွားလေသည်။
ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်သို့ ပြန်ရောက်သောအခါ ကျန်းယဲ့ဟာ ပြတင်းပေါက်မှတစ်ဆင့် တဖြည်းဖြည်း စည်ကားလာသော လမ်းမများကို ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
ထို့နောက် သူဟာ ကတ်ထူပြားတစ်ချပ်ကို ရှာယူပြီး ၎င်းပေါ်တွင် မာကာဖြင့် စာလုံးကြီးလေးလုံး ရေးလိုက်လေသည်။
ယာယီ ပိတ်ထားပါသည်...
ထို့နောက် သူက ထိုကတ်ထူပြားဆိုင်းဘုတ်ကို ခရီးသွားအေဂျင်စီ၏ မှန်တံခါးအပြင်ဘက်တွင် ချိတ်ဆွဲလိုက်ခေသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လှည့်ကာ အပေါ်ထပ်သို့ တက်သွားလိုက်ပြီး အပြင်ဘက်မှ နေရောင်ခြည်နှင့် ဆူညံသံများကို ပိတ်ဆို့ရန် လိုက်ကာများကို ဆွဲချလိုက်ကာ ကုတင်ပေါ်တွင် ပြန်လှဲလိုက်သည်။
အရာအားလုံးကို လွှတ်ချပြီး အိပ်လိုက်တော့ပေမည်။
ဤဟင်းလင်းပြင်ခရီးသွားစနစ်နှင့် ချိတ်ဆက်မိပြီးကတည်းက သူ၏ဘဝက အရှိန်မြှင့်ထားသကဲ့သို့ ဖြစ်နေပြီး အလွန်ပြည့်နှက်နေသောကြောင့် ခံနိုင်ရည် မရှိတော့လောက်အောင်ပင် ဖြစ်နေရသည်။
အချိန်နှင့် ဟင်းလင်းပြင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖြတ်သန်းသွားလာရင်း အစွန်းရောက်ဆုံး အန္တရာယ်များနှင့် လူ့သဘာဝများကို ရင်ဆိုင်ခဲ့ရသည်။
ကမ္ဘာပျက်ကပ်မှ ဇွန်ဘီများ၏ ဟိန်းဟောက်သံများ၊ ထူးခြားဆန်းကြယ်သော ကမ္ဘာတစ်ခု၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများနှင့် သူ ယခုလေးတင် ကြုံတွေ့ခဲ့ရသည့် အစစ်အမှန်ဆုံးနှင့် အရက်စက်ဆုံး စစ်ပွဲငရဲ... အတွေ့အကြုံတစ်ခုစီတိုင်းက သူ၏မှတ်ဉာဏ်နှင့် အာရုံကြောများထဲတွင် စွဲထင်နေသော လေးလံသည့် အမှတ်အသားတစ်ခုကဲ့သို့ပင်။
ခရီးသွားများရှေ့တွင် အရာအားလုံးကို သူထိန်းချုပ်ထားနိုင်သည့်အလား တည်ငြိမ်ပြီး အေးဆေးသည့် ပုံစံမျိုးကို သူ ပြသခဲ့ရသည်။
သူ မည်မျှလောက် ဖိအားများအောက်တွင် ရောက်နေသည်ကို သူကိုယ်တိုင်သာ သိပေသည်။
၎င်းသည် မမြင်နိုင်ဘဲ အဆက်မပြတ် စုဆောင်းနေသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ၏ နှစ်ဆသော ဝန်ထုပ်ဝန်ပိုးပင်။
အသက်ကို တန်ဖိုးထားမှု၊ တာဝန်ယူမှုအတွက် စိုးရိမ်ပူပန်မှု၊ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများကို အတင်းအကျပ် လက်ခံနားလည်ရမှုနှင့် ကွဲပြားသော ကမ္ဘာများမှ ခွဲထွက်လာရခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိမ်းသက်မှု ခံစားချက်များ။
သူ့အတွက် အချိန်လိုချေသည်။
အရှိန်အဟုန်ပြင်းစွာ အလုပ်လုပ်နေရသော ဦးနှောက်များနှင့် တင်းမာနေသောအာရုံကြောများကို လုံးဝ အနားပေးရန် လိုအပ်ပြီး သွေးနှင့်မီးတောက်များ၏ မှတ်ဉာဏ်များကို ဖြည်းညင်းစွာ အနည်ထိုင်စေကာ သာမန်လူများနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းမှုနှင့် ပုံမှန်အခြေအနေကို ပြန်လည်ရှာဖွေရမည်ဖြစ်၏။
လိုက်ကာများက အလင်းရောင်ကို ပိတ်ဆို့ထားသောကြောင့် ငြိမ်းချမ်းစွာ အိပ်စက်ရန်အတွက် အလွန်သင့်တော်သော အလင်းရောင်မှိန်မှိန် အခန်းလေးတစ်ခုကို ဖန်တီးပေးထားချေသည်။
ကျန်းယဲ့သည် မျက်လုံးများကို မှိတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်မှုများကို ဒီရေလှိုင်းများကဲ့သို့ စီးဆင်းလာစေကာ သူ့ကို လုံးဝ လွှမ်းခြုံသွားစေခဲ့သည်။
ဤအချိန်တွင် အရာအားလုံးကို လွှတ်ချပြီး အိပ်စက်ခြင်းထက် မည်သည့်အရာကမှ ပို၍ အရေးမကြီးတော့ချေ။
ဤတစ်ကြိမ်တွင် ကျန်းယဲ့သည် နှစ်ရက်တိတိ အရာအားလုံးကို လုံးဝ လွှတ်ချထားလိုက်၏။
ဖုန်းပိတ်ထားသည်...... ကွန်ပျူတာ ပိတ်ထားသည်... ပြင်ပ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားပြီး ဤကမ္ဘာကြီးမှ ခဏတာ အငွေ့ပျံသွားသကဲ့သို့ပင်။
မရှိမဖြစ်လိုအပ်သော အစားအစာများနှင့် ရိုးရှင်းသည့် လှုပ်ရှားမှုများမှလွဲ၍ သူဟာ သူ၏အချိန်အားလုံးနီးပါးကို အိပ်စက်ခြင်းနှင့် အနားယူခြင်းတို့တွင်သာ အသုံးပြုခဲ့သည်။
စနစ်ကလည်း သူ၏အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမှုကို သတိပြုမိပုံရပြီး ထူးထူးခြားခြား နားလည်မှုရှိစွာဖြင့် တိတ်ဆိတ်နေကာ အသစ်သော တာဝန်များအတွက် အသိပေးချက်များ မထုတ်ပြန်ဘဲ သူ့ကို အနားယူခွင့်ပေးကာ ကုန်ဆုံးသွားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းစေခဲ့သည်။
တတိယနေ့ နံနက်ခင်းတွင် လိုက်ကာ ကွက်လပ်များကြားမှ နေရောင်ခြည်များ ဖြာကျလာခဲ့သည်။
ကျန်းယဲ့သည် သဘာဝအတိုင်း နိုးလာခဲ့ပြီး ပျင်းရိပျင်းတွဲအကြောဆန့်လိုက်ရာ လန်းဆန်းမှုကို ခံစားလိုက်ရ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စုဆောင်းလာခဲ့သည့် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများအားလုံး လွင့်စင်သွားပြီး စွမ်းအင်များ ပြန်လည်ပြည့်ဝလာကာ အမှန်တကယ် ပြန်လည်နုပျိုလာသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အကျင့်ပါနေသလို ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖွင့်ကာ လွန်ခဲ့သော နှစ်ရက်အတွင်း သတင်းများ ရှိမရှိ ကြည့်ရန် လူမှုကွန်ရက်သို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။
ဖုန်းပွင့်လာသည့် အန်နီမေးရှင်းပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရင်းနှီးသော်လည်း အနည်းငယ် အေးစက်သော စက်သံတစ်ခုက သူ၏ စိတ်ထဲတွင် အချိန်ကိုက် ထွက်ပေါ်လာ၏။
[ဒင်... လက်ခံသူ၏ ရှေးဟောင်း ယဉ်ကျေးမှုကမ္ဘာ စူးစမ်းလေ့လာခြင်းအတွက် ပထမအဆင့် ကျော်ကြားမှု အကဲဖြတ်ခြင်းကို အောင်မြင်စွာ ရရှိကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်။ S-အဆင့် (အခြားကမ္ဘာ ကျော်ကြားမှု ပျံ့နှံ့ခြင်း ၇၀% နှင့်အထက်)]
အခန်း ၂၄၆ပြီး၏။