အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း (၂၄၈) ဖောက်သည်ဟောင်းများအတွက် အထူးအခွင့်အရေး
ဇိမ်ခံ ဂိမ်းကစားခန်းအတွင်းတွင် ကီးဘုတ်နှင့် မောက်စ်သံများ တတောက်တောက် မြည်နေပြီး တင်းမာသော လေထုကို ဖန်တီးနေ၏။
ထိပ်တန်း e-sportsကစားသမားတစ်ဦးဖြစ်သော ကောရွှိုက်သည် သူ၏ ဇာတ်ကောင်ကို ထိန်းချုပ်ရန် အာရုံစိုက်နေပြီး သူ၏ အသင်းဖော်များ၏ ပြင်းထန်သော အမိန့်ပေးသံများနှင့် အော်ဟစ်သံများက သူ၏ နားကြပ်ထဲမှ ထွက်ပေါ်လာလေသည်။
“ကောရှန်း... ရန်သူ့တောထဲကကောင် ပျောက်သွားပြီ... သတိထား...”
“အစ်ကိုကော... တာဝါတိုင်ကို တွန်း... ကျွန်တော်တို့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းလို့ရပြီ...”
ဤအရေးကြီးသော အခိုက်အတန့်တွင် စားပွဲထောင့်ရှိ ဖုန်းမျက်နှာပြင်က ရုတ်တရက် လင်းလာပြီး ဝီချက်မက်ဆေ့ချ် အသိပေးသံများ ဆက်တိုက် မြည်လာခဲ့သည်။
ကောရွှိုက် မျက်မှောင်ကြုတ်လိုက်၏။ သူ အာရုံမစိုက်ချင်သော်လည်း ထူးဆန်းသော အလိုအလျောက်သိစိတ်က သူ့ကို အမှတ်မထင် လှမ်းကြည့်မိစေလေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အပေါ်ဆုံးတွင် တင်ထားသောအဖွဲ့ချတ်မှ လင်းလက်နေသည်ကို သူ မြင်လိုက်ရပြီး ကျန်းယဲ့ဟူသော အမည်ကို တွေ့လိုက်ရသည်။
“ကျစ်... သောက်ကျိုးနည်း...” သူ တီးတိုး ကျိန်ဆဲလိုက်သော်လည်း သတင်းကြောင့် မဟုတ်ဘဲ အချိန်အခါ မသင့်စွာ ဝင်လာသောကြောင့်ပင်။
နောက်တစ်စက္ကန့်တွင် အသင်းဖော်များ၏ မယုံနိုင်လောက်အောင် အော်ဟစ်သံများကြားတွင် ကောရွှိုက် ၏ ဇာတ်ကောင်က နေရာတွင် ရုတ်တရက် ရပ်တန့်သွားချေသည်။
“ကောရှန်းလား”
“အစ်ကို... လိုင်းကျသွားတာလား..”
“မဟုတ်ဘူး... ငါတို့ နိုင်တော့မှာ”
ကောရွှိုက်သည် သူ၏ နားကြပ်ထဲမှ ငိုကြွေးသံများကို လုံးဝ မကြားတော့ချေ။ သူသည် နားကြပ်ကို ချွတ်ကာ စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး နောက်သို့မှီကာ ဖုန်းကို ကောက်ကိုင်လိုက်၏။
သူ၏ မျက်လုံးများက တောက်ပနေပြီး ဝီချက်အဖွဲ့ကို ဖွင့်ကာ ဝင်ရောက်ရန်အတွက် QR ကုဒ်ကို လျင်မြန်စွာ စကင်ဖတ်လိုက်၏။ သူက “အဆင့်သတ်မှတ်ချက်နိုင်တာက အဓိကပဲ..ဒါပေမဲ့ ဒီဟာလောက်အရေးမကြီးဘူး...” ဟု တီးတိုးရေရွတ်လိုက်လေသည်။
ဒီအတွက်ကြောင့် ရှုံးနိမ့်နိုင်ခြေရှိတဲ့ ဂိမ်းနဲ့ တိုင်ကြားခံရမယ့် အန္တရာယ်ကရော...
ဒါက ထည့်စဉ်းစားစရာကို မလိုတာ...
ထိုအချိန်တွင် ကျန်းယဲ့သည် အဖွဲ့ထဲသို့ လျင်မြန်စွာ စုရုံးလာသော ကိုယ်ပွားရုပ်ပုံများနှင့် ရင်းနှီးသော အိုင်ဒီများကို ကြည့်ပြီး လူ ၁၀၈ ဦးပါဝင်သော အဖွဲ့ကို တစ်ချက်ကြည့်လိုက်၏။ ၁၉၃၇ မှ အထူးတပ်ဖွဲ့ဝင်များမှလွဲ၍ အခြားဖောက်သည်ဟောင်းများအားလုံး ရောက်ရှိလာကြပြီဖြစ်၏။
[ကျန်းယဲ့] - “အားလုံးနီးပါး ရောက်နေကြပြီဆိုတော့ စလိုက်ကြစို့။ ဒီတစ်ခါ ကျွန်တော် ခင်ဗျားတို့ကို လုံးဝ မကြုံစဖူး ကြီးမားတဲ့ စွန့်စားခန်းတစ်ခုကို ခေါ်သွားမယ်...”
အဖွဲ့ထဲတွင် လျင်မြန်စွာ တိုးပွားလာသော ရေပန်းစားမှုကို မြင်ပြီး ကျန်းယဲ့ဟာ မည်သူ့ကိုမျှ ဇဝေဇဝါ မဖြစ်စေတော့ဘဲ ရှည်လျားသော မက်ဆေ့ချ်တစ်ခုကို တိုက်ရိုက် တည်းဖြတ်ကာ ပေးပို့လိုက်၏။
[ကျန်းယဲ့] - “ချစ်လှစွာသော မိတ်ဆွေတို့... ကျွန်တော်တို့ ခရီးစဉ်အသစ်တစ်ခုကို စတင်လိုက်ပါပြီ။ [ရှေးဟောင်း ယဉ်ကျေးမှု အချိန်ခရီးသွားခြင်း - ၆ ရက်တာ အထင်ကရနေရာများ ခရီးစဉ်]။ ဈေးနှုန်း - တစ်ဦးလျှင် ၅၀,၀၀၀။ ခရီးစဉ် အသေးစိတ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...”
“နေ့ ၁-၂ - ချင်အင်ပါယာ၊ ရှန်းယန်မြို့ရဲ့ ကမောက်ကမဖြစ်မှု၊ ပထမဆုံးဧကရာဇ်ရဲ့ ကမ္ဘာကြီးကို ပေါင်းစည်းလိုက်တဲ့ ခမ်းနားထည်ဝါမှုကို ခံစားရပါမယ်...”
“နေ့ ၃-၄ - ထန်မင်းဆက်က အန်းရှီး၊ အထီးကျန် ခူချာမြို့လေး၊ မြို့တစ်မြို့လုံးဆံဖြူနေပေမယ့် သေတဲ့အထိ သူတို့ရဲ့ ဓားကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတဲ့ သံမဏိလို ခိုင်မာတဲ့ သစ္စာစောင့်သိမှုကို ခံစားရပါမယ်...”
“နေ့ ၅-၆ - မင်မင်းဆက် နှောင်းပိုင်း၊ ချုံကျန်း ၃ နှစ်မြောက်၊ အင်ပါယာနေဝင်ချိန်ရဲ့ အဖြစ်ဆိုးနဲ့ ရွေးချယ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရပါမယ်...”
“ခရီးစဉ်တစ်ခုတည်းမှာ တိုးတက်စည်ပင်တာတွေ.... အဖြစ်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ မင်းဆက်သုံးခုကို ဖြတ်သန်းသွားလာရင်း မတူညီတဲ့ အချိန်နဲ့ ဟင်းလင်းပြင်တွေရဲ့ သမိုင်းဝင် လေးနက်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားရမှာပါ”
ဤမက်ဆေ့ချ်က အလွန်နက်ရှိုင်းသော နေရာမှ ပေါက်ကွဲသွားသည့် ဗုံးတစ်လုံးကဲ့သို့ လူတိုင်းကို ချက်ချင်း လွင့်စင်သွားစေခေသည်။
[ကျန်းတောက်] - “အား... တစ်ကြိမ်တည်းနဲ့ မင်းဆက်သုံးခုကို သွားလည်ရမှာလား... ချင်၊ ထန်၊ နဲ့ မင်.... ဒါ သောက်ရမ်း မိုက်တာပဲ... ရှုခင်းသာ တစ်နေရာတည်းကို သွားလည်ရတာထက် အများကြီး ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်ကွ... ”
[ဖန်ယီမင်] - “ကျွန်တော် သွားချင်တယ်... ကျွန်တော် သေချာပေါက် သွားချင်တယ်။ ဘယ်သူမှ ကျွန်တော့်ကို သူတို့ဆီကနေ ခေါ်မသွားနိုင်ဘူး။ အန်းရှီးတပ်မတော်.... နောက်ဆုံးတော့ သူတို့ကို ကိုယ်တိုင် မျက်စိနဲ့ မြင်ရတော့မယ်ကွ.... ”
[ကျန်းခိုင်] - “ဘုရားရေ... ဒီခရီးစဉ်က... ညွှန်ကြားရေးမှူးကျန်း.... ခင်ဗျား ကျွန်တော်တို့ကို သတ်တော့မလို့လား... ကျွန်တော့်ကိုလည်း ထည့်တွက်ပါ...”
[ကန်းချန်] - “မင်မင်းဆက် အဆုံးသတ်၊ ချုံကျန်း ၃ နှစ်မြောက်.... ဒီနေရာရဲ့ နာမည်က အသက်ရှူကြပ်စေပေမယ့် ကျွန်တော် သွားကို သွားရမယ်.....”
[ချောင်ဝမ်ပေါ်] - “ညွှန်ကြားရေးမှူးကျန်းက အရမ်းမိုက်တယ်။ ဒီလမ်းကြောင်း ဒီဇိုင်းက အံ့မခန်းပဲ။ အင်အားကြီးတဲ့ ချင်မင်းဆက်ကနေ ကြီးပွားတိုးတက်တဲ့ ထန်မင်းဆက်.... ပြီးတော့ နောက်ဆုံးနေ့ရက်တွေက မင်မင်းဆက်အထိ... သမိုင်းဝင်အတိုင်းအတာက တော်တော်ကျယ်ပြန့်တယ်...... စာရင်းသွင်းပါတယ် +၁၀၀၈၆”
[ရွှမ်ချင်းလူငယ်တာအိုဘုန်းကြီး] - “ကောင်းကင်ဘုံက ကျွန်တော့်ကို အဆုံးမဲ့ ကောင်းချီးတွေ ပေးသနားပါစေ။ ဒီနှိမ့်ချတဲ့တာအိုဘုန်းကြီးကလည်း အဲဒီတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ဘယ်လိုနေခဲ့လဲဆိုတာ ကြည့်ချင်ပါတယ်။ ကျွန်တော်လည်း လိုက်လို့ရမလား...”
အဖွဲ့ချတ်တွင် စာရင်းသွင်းပါတယ်၊ +၁နှင့် လမ်းညွှန်ပေးဖို့ လိုပါတယ်တို့ဖြင့် ပြည့်နှက်နေပြီး လေထုမှာ မျက်နှာပြင်မှ လျှံကျမတတ် တက်ကြွနေခဲ့သည်။
ထိုအချိန်တွင် တည်ငြိမ်သော ကျန်းဟွိုင်မင်က အရေးကြီးသော မေးခွန်းတစ်ခု မေးလိုက်၏။
[ကျန်းဟွိုင်မင်] - “ရှောင်ယဲ့... ဖောက်သည်ဟောင်းတွေဖြစ်တဲ့ ကျွန်တော်တို့ကို အဖွဲ့သစ်ထဲ သီးသန့်ဆွဲထည့်ရတဲ့ အကြောင်းရင်း တစ်ခုခု ရှိလို့လား...”
ဤမေးခွန်းက လူတိုင်း၏ ရင်ကို ချက်ချင်း ထိမှန်သွားစေခေသည်။ လူတိုင်း အသက်အောင့်ကာ အဖြေကို စောင့်နေသဖြင့် မျက်နှာပြင်မှာ ဗလာဖြစ်သွားကြသည်။
[ကျန်းယဲ့] - “ဦးလေးကျန်းက အတိအကျ ပြောလိုက်တာပဲ... ဟုတ်တယ်.... ဒီပထမဆုံးအဖွဲ့အတွက် နေရာ ၃၀ ရှိပါတယ်။ အဲဒီထဲက ၁၀နေရာကိုတော့ ထုံးစံအတိုင်း အွန်လိုင်းကနေ ဝယ်လို့ရမှာပါ....”
နောက်မက်ဆေ့ချ် မပို့မီ သူ ခဏ ရပ်လိုက်၏။
“ကျန်တဲ့ နေရာ ၂၀ကို ကျွန်တော် ကိုယ်တိုင် ခွဲဝေပေးပါမယ်။ ကျွန်တော့်ရဲ့ အကြာဆုံးနဲ့ အတွေ့အကြုံ အများဆုံး ရေရှည်ဖောက်သည်တွေကို ဦးစားပေးပါမယ်”
ဤစကားများက အဖွဲ့ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
[ကျန်းတောက်] - “ဖေကြီး... ညွှန်ကြားရေးမှူး ကျန်း... ခင်ဗျားက ကျွန်တော့်ရဲ့ အဖေအရင်းပဲ.... နေရာတစ်နေရာ ချန်ထားပေးပါ။ ကျွန်တော် နှစ်ဆ ပေးပါမယ်။ မဟုတ်ဘူး... သုံးဆ ပေးမယ်...”
[ဖန်ယီမင်] - “ညွှန်ကြားရေးမှူးကျန်း... ကျွန်တော့်ကို ကြည့်ပါ။ ကျွန်တော်က ကိုယ်ကာယ ကြံ့ခိုင်တယ်။ စကားနားထောင်တယ်။ ပြဿနာ မရှာဘူး။ ပစ္စည်းတွေတောင် ကူသယ်ပေးနိုင်တယ်ဗျ...”
[ကျန်းခိုင်] - “ညွှန်ကြားရေးမှူးကျန်း... ကျွန်တော့်ကို ရွေးပါ... ကျွန်တော့်ကို ရွေးပါ။ ဧကရာဇ်ကျူးလုံနဲ့ ဝန်ကြီးမုန့်ရီတို့က ကျွန်တော် ပြန်လာမယ့်အချိန်ကို စောင့်နေကြတယ်....”
[ချောင်ဝမ်ပေါ်] - “ကျွန်တော်ကျူးလုံကို သွားတွေ့မယ်လို့ ကတိပေးထားတယ်... ညွှန်ကြားရေးမှူးကျန်း... ခင်ဗျား ကျွန်တော့်ကို ရွေးကို ရွေးရမယ်နော်.... ခင်ဗျား ကျွန်တော့်ကို ရွေးရင် ခိုင်းတာ အကုန်လုပ်ပါမယ်...”
[လင်ယီရှင်း] - “ညွှန်ကြားရေးမှူးကျန်း.... အခွင့်အရေး တစ်ကြိမ်ပေးပါ။ ပြီးခဲ့တဲ့တစ်ခေါက် အင်မော်တယ်တစ်ရာမြို့တော်တုန်းက ကျွန်တော် နောက်မဆုတ်ခဲ့ဘူး... ပထမဆုံး ဧကရာဇ်၊ အန်းရှီး တပ်မတော်နဲ့ ကံမကောင်းတဲ့ ချုံကျန်းတို့ကို သွားကြည့်ချင်တယ်”
[ရွှမ်ချင်းလူငယ်တာအိုဘုန်းကြီး] - “ဒီနှိမ့်ချတဲ့ တာအိုဘုန်းကြီးက လူတိုင်းရဲ့ ဘေးကင်းရေးအတွက် လက်ဖွဲ့တွေ ဆွဲပေးနိုင်ပါတယ်။ ကျွန်တော့်ကို ခေါ်သွားပါ... သေချာပေါက် အသုံးဝင်မှာပါ။”
[ကျိုးကျွင်း] - “ညွှန်ကြားရေးမှူးကျန်း... မုံ့ပေါ်တောင်အပေါ် ခံစားချက်တွေကို မမေ့သင့်ဘူးနော်။ ကျွန်တော်လည်း လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က ချင်မင်းဆက်ကို သွားကြည့်ချင်တယ်... ပြီးတော့ တခြားရှုခင်းတွေကိုလည်း ကြည့်ချင်တယ်ဗျ...”
[လီလီချန်] - “ညွှန်ကြားရေးမှူးကျန်း... ပြီးခဲ့တဲ့ အန်းရှီးတပ်မတော်ရဲ့ ရှေးဟောင်းသုတေသန နေရာက အလွန်တန်ဖိုးမြင့်မားတယ်။ ဒီတစ်ခါ ကျွန်တော်တို့ ချင်နဲ့ မင်မင်းဆက်ကို သွားလို့ရပြီ... ခင်ဗျား ကျွန်တော့်ကို ရွေးကို ရွေးရမယ်။ အဲဒီဒေသနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်လေး ကျွမ်းကျင်ပါတယ်...”
အဖွဲ့ဝင် ၁၀၈ဦးက အကြောင်းပြချက် အမျိုးမျိုး၊ တောင်းဆိုမှုများနှင့် သစ္စာရှိကြောင်း ဖော်ပြမှုများ ပါဝင်သော မက်ဆေ့ချ် ရာပေါင်းများစွာကို မျက်နှာပြင်ပေါ်တွင် တစ်ပြိုင်နက်တည်း ရေးသားခဲ့ကြသည်။
လူတိုင်းက ခြေတစ်လှမ်း နောက်ကျသွားပါက ဤတစ်သက်တွင် တစ်ကြိမ်သာ ရနိုင်မည့် အခွင့်အရေးကို လက်လွတ်သွားမည်ကို စိုးရိမ်နေကြ၏။
ဝီချက်အဖွဲ့ ချက်ချင်း ပေါက်ကွဲသွားသည်ကို မြင်လိုက်ရချိန်တွင် ကျန်းယဲ့၏ ကျောရိုးတစ်လျှောက် အေးစက်သွားရသည်။
ဤသူများအားလုံးမှာ ကောင်းဆိုးနှစ်တန် အတူတကွ ဖြတ်သန်းခဲ့ကြသော ရင်းနှီးသည့် မိတ်ဆွေဟောင်းများ ဖြစ်ကြ၏။ သူတို့အားလုံးက သူ့အတွက် အသားနှင့် သွေးများကဲ့သို့ပင် ဖြစ်ပြီး မည်သူ့ကို ရွေးချယ်မည်.... မည်သူ့ကို မရွေးချယ်မည်ဆိုသည်မှာ အမှန်တကယ် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်ကာ ညီညွတ်မှုကို ထိခိုက်စေရန် လွယ်ကူလှချေသည်။
သို့သော် ဤသို့သော ပြဿနာမျိုးက သူ့အတွက် မခက်ခဲချေ။
[ကျန်းယဲ့] - “ခင်ဗျားတို့ အားလုံး သွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အားလုံးက တစ်လှေတည်း စီးနေကြတာပဲ။ ဘယ်သူ့ကို ရွေးပြီး ဘယ်သူ့ကို မရွေးဘူးဆိုတာမျိုး လုပ်ရင် မကောင်းပါဘူးလေ...”
ဤမက်ဆေ့ချ် ပို့ပြီးနောက် အဖွဲ့ချတ်က အတော်လေး တိတ်ဆိတ်သွားပြီး လူတိုင်းက နောက်ထပ်ဖြစ်ပေါ်လာမည့် အခြေအနေများကို အလိုအလျောက် စောင့်ဆိုင်းနေလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ကျန်းယဲ့က သူ၏ နောက်မက်ဆေ့ချ်ကို ပို့လိုက်၏။
“ခင်ဗျားတို့အတွက် သီးသန့်အတွင်းပိုင်း ဝယ်ယူမှု လင့်ခ်တစ်ခုကို ဖန်တီးပေးမယ်။ နေရာ ၂၀ ရှိပြီး ဒီလင့်ခ်ထဲမှာပဲ ရှိမယ်။ လူတိုင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းရည်၊ အမြန်နှုန်း၊ အင်တာနက်လိုင်းနဲ့ ကံနည်းနည်းကို အားကိုးရမယ်။ ဒါက တရားမျှတပြီး ပွင့်လင်းမြင်သာတယ်... ဘယ်လိုလဲ..”
အဆိုပြုချက်ကို ကြေညာပြီးနောက် အဖွဲ့ဟာ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် စိတ်ပျက်မှု၊ နားလည်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောနှောကာ ပေါက်ကွဲထွက်လာကြသည်။
[ကျန်းတောက်] - “တိုက်ရိုက် မရွေးချယ်ခံရလို့ နည်းနည်း စိတ်ပျက်မိပေမယ့် ညွှန်ကြားရေးမှူးကျန်းက သဘောထားကြီးပြီး တရားမျှတတယ်။ သူ့ကို ကျွန်တော် လေးစားတယ်။ ညီအစ်ကိုတို့... ကိုယ့်စွမ်းရည်ကို ကိုယ်အားကိုးကြတာပေါ့...”
[ဖန်ယီမင်] - “အဓိပ္ပာယ်ရှိတယ်။ တော်တော်လေး အဓိပ္ပာယ်ရှိတယ်.... ဒါက အကောင်းဆုံး နည်းလမ်းပဲ... ဘယ်သူမှ ဘာမှပြောလို့မရဘူး။ ကျစ်... အဖွဲ့ထဲက ဒီကောင်တွေနဲ့ ယှဉ်ပြိုင်ရတာ အပြင်က လူသန်းဆယ်ချီနဲ့ ယှဉ်ပြိုင်ရတာထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်”
အခန်း ၂၄၈ပြီး၏။