အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း (၂၄၉) လွှဲပြောင်းပေးလို့ ရနိုင်မလား
[ကျန်းခိုင်] - “အရမ်းကောင်းတယ်။ ဒီနည်းလမ်းက တော်တော်လေး ကောင်းတယ်။ ဖြစ်နိုင်ခြေ ဆယ်ရာခိုင်နှုန်းကျော်ဆိုတာ အရင်တုန်းက သန်းဆယ်ချီထဲမှာမှ အနည်းငယ်ပဲ ရနိုင်တာထက် အများကြီး ပိုများတယ်။ ဒီတစ်ခါ သေချာပေါက် အောင်မြင်မယ်လို့ ကျွန်တော် ခံစားရတယ်...”
[ချောင်ဝမ်ပေါ်] - “ညွှန်ကြားရေးမှူးကျန်းကို ထောက်ခံတယ်။ တရားမျှတတဲ့ ယှဉ်ပြိုင်မှုပဲ.. ညီအစ်ကိုတို့... ကျွန်တော့်ရဲ့ လျှပ်စီးလို မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ဖို့ ပြင်ထားကြတော့...”
[ကျန်းဟွိုင်မင်] - “အရမ်းကို တရားမျှတတဲ့ ဖြေရှင်းချက်ပါပဲ။ ပင်ပန်းသွားပြီ ရှောင်ယဲ့...”
[ရွှမ်ချင်း လူငယ်တာအိုဘုန်းကြီး] - “ကောင်းကင်ဘုံက အဆုံးမဲ့ ကောင်းချီးတွေ ပေးသနားပါစေ... ကျွန်တော်တို့ရဲ့ အမြန်နှုန်းကို စမ်းသပ်ကြမလို့လား။ ကျွန်တော့်ရဲ့ ဖုန်းစုတ်လေးနဲ့ တောင်ပေါ်က လိုင်းက တော်တော်လေး အားနည်းတယ်.... ဟင့် ဟင့် ဟင့်...”
နောက်ပေါက်ကနေ ဝင်ရန် ဖြစ်နိုင်ခြေ ဆုံးရှုံးသွားသည့်အတွက် စိတ်ပျက်ရခြင်း ဖြစ်သော်လည်း ၎င်းသည် အတရားမျှတဆုံးနှင့် စိတ်အပျက်ရဆုံးနည်းလမ်းဖြစ်ကြောင်းကို လူတိုင်းက နားလည်ထားကြသည်။
ထို့အပြင် လူပေါင်းသောင်းနှင့်ချီ သို့မဟုတ် သန်းနှင့်ချီ ယှဉ်ပြိုင်ရမည့်အစား လူ ၁၀၈ ယောက်ထဲမှ နေရာတစ်ခုအတွက် ယှဉ်ပြိုင်ရခြင်းက ဖြစ်နိုင်ခြေအားဖြင့် ဇိမ်ခံလောက်အောင်ပင် ဖြစ်ပြီး လူတိုင်းက သူတို့၏ အခွင့်အရေးမှာ အလွန်များပြားသည်ဟု ခံစားနေခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မေးခွန်းများက အရာတစ်ခုတည်းအပေါ်သို့သာ အာရုံစိုက်သွားကြ၏။
[ကန်းချန်] - “ညွှန်ကြားရေးမှူးကျန်း... လင့်ခ်ကို ဘယ်အချိန် ချပေးမှာလဲ။ အတိအကျ ပြောပေးပါ။ ကျွန်တော့် အိမ်က Mahernet-WiFi ကို ပိတ်ပြီး ပြန်ဖွင့်ရဦးမယ်ဗျ...”
[လင်ယီရှင်း] - “မေးခွန်းတူတူပဲ... ကျေးဇူးပြုပြီး ကျွန်တော် အစည်းအဝေးလုပ်နေတုန်း ဒါမှမဟုတ် အိမ်သာတက်နေတုန်းတော့ မလုပ်ပါနဲ့။ ကျွန်တော် သွေးအန်သွားလိမ့်မယ်....”
[ကောရွှိုက်] - “မြန်မြန်လုပ်ပါ ညွှန်ကြားရေးမှူးကျန်း။ ကျွန်တော် တခြားပရိုဂရမ်တွေ အကုန်ပိတ်ထားလိုက်ပြီ... ခင်ဗျားကိုပဲ စောင့်နေတာ...”
လူတိုင်းက ပထမဆုံး အခွင့်အရေးကို လက်လွတ်သွားပြီး နေရာတစ်ခု ရရှိရန် အခွင့်အရေး ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြလေသည်။
ကျန်းယဲ့က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်စာပို့လိုက်၏။
[ကျန်းယဲ့] - “အခု ၉ နာရီ ၅၅ မိနစ် ရှိပါပြီ။ အားလုံးကို ပြင်ဆင်ဖို့ ငါးမိနစ် အချိန်ပေးမယ်။ လင့်ခ်ကို ၁၀ နာရီ တိတိမှာ ချပေးမယ်။ တစ်ကြိမ်တည်းပဲနော်... ဒါကြောင့် လက်မလွတ်စေနဲ့။”
[ကျန်းတောက်] - “လက်ခံရရှိပါတယ်။ လူအားလုံး အဆင့် ၁ တိုက်ပွဲဝင် အသင့်အနေအထားကို သွားကြ....”
[ကျန်းခိုင်] - “ဖုန်းဘက်ထရီ ၁၀၀ ရာခိုင်နှုန်း။ WiFi အားအပြည့်။ 5G လိုင်း အားအပြည့်... လက်ချောင်းတွေလည်း အသင့်ပဲ။”
[ချောင်ဝမ်ပေါ်] - “ကျွန်တော် မစောင့်နိုင်တော့ဘူးဗျာ...”
[ဖန်ယီမင်] - “ကျွန်တော့်ဆီ ဖုန်းမဆက်ကြနဲ့။ ဘယ်သူဆက်ဆက် ကျွန်တော် စိတ်ဆိုးမှာပဲ...”
အဖွဲ့ချတ်သည် ချက်ချင်း တိတ်ဆိတ်သွားပြီး မည်သူမျှ ဆက်လက် စကားမပြောကြတော့ချေ။
လူတိုင်းက မျက်နှာပြင်ကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ အသက်ရှူနှုန်းကို ထိန်းညှိကာ လင့်ခ်ကျလာမည့် နေရာကို ခန့်မှန်း၍ လက်ချောင်းများကို ရွယ်ထားပြီး သူတို့၏ စိတ်ထဲတွင် အသံတိတ် ရေတွက်နေကြချေသည်။
ဤအချိန်တွင် သူတို့က ဘီလျံနာစီအီးအိုများ၊ တောင်ပေါ်ရှိ တရားကျင့်နေသော ရသေ့များ သို့မဟုတ် အီး-စပေါ့ ဆရာကြီးများပင် ဖြစ်စေကာမူ သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုသာရှိ၏။ အဲဒါကတော့ ရအောင် လုရမယ်ဆိုတာပင်....
ပထမဆုံးအကြိမ်အဖြစ် ဤလူများက ငါးမိနစ်ဆိုသောအချိန်က မယုံနိုင်လောက်အောင် ရှည်လျားလွန်းသည်ဟု ခံစားလိုက်ကြရသည်။
ကျန်းယဲ့သည် နောက်ကွယ်မှ စနစ်ကို အသုံးပြု၍ ဤသစ္စာရှိဖောက်သည်များအဖွဲ့အတွက် သီးသန့် ဝယ်ယူမှု လင့်ခ်တစ်ခုကို ဖန်တီးလိုက်လေသည်။
သူ အချိန်ကို တစ်ချက်ကြည့်လိုက်၏။ ၉ နာရီ၊ ၅၉ မိနစ်၊ ၃၀ စက္ကန့်။
လူတိုင်းကို သတိပေးရန် သူက အဖွဲ့ချတ်ထဲတွင် အရင်ဆုံး နှုတ်ဆက်စာတစ်ခု ပို့လိုက်လေသည်။
[ကျန်းယဲ့] @အဖွဲ့ဝင်အားလုံး - “အချိန်ပြည့်ပြီ။ အသင့်ပြင်ထားကြ။ နောက်တစ်ခုက လင့်ခ်ဖြစ်လိမ့်မယ်..”
အဖွဲ့သည် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။ မည်သူမျှ ပြန်စာမပို့သလို အီမိုဂျီတစ်ခုပင် မပို့ကြချေ။
လူတိုင်းက မျက်နှာပြင်ကို စူးစိုက်ကြည့်နေကြပြီး သူတို့၏ လက်ချောင်းများကို ဆုပ်ထားကာ အလိုအလျောက် အသက်အောင့်ထားမိကြသည်။
၁၀ နာရီ တိတိ... တစ်စက္ကန့်မျှပင် မလွဲချေ။
ကျန်းယဲ့က လင့်ခ်ကို ကူးယူလိုက်ပြီး ကူးထည့်ကာ ပို့ရန် ခလုတ်ကို နှိပ်လိုက်၏။
မျဉ်းတားထားသော အပြာရောင် လင့်ခ်တိုတစ်ခုက အဖွဲ့ချတ်မျက်နှာပြင်၏ အောက်ခြေတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
အခုပဲ...
နှိပ်ရန် အသင့်ရွယ်ထားပြီးဖြစ်သော လက်ချောင်း ရာပေါင်းများစွာက အလိုအလျောက် တုံ့ပြန်မှုလုနီးပါး အမြန်နှုန်းဖြင့် လင့်ခ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
နှိပ်သည်၊ ကျော်သွားသည်၊ ဖွင့်သည်၊ သဘောတူညီချက်ကို သဘောတူရန် အကွက်ကို အမှန်ခြစ်သည်၊ ဝယ်ယူမှုကို အတည်ပြုရန်နှိပ်သည်... ဤလုပ်ငန်းစဉ် တစ်ဆက်တည်း၏ အမြန်နှုန်းက လူစွမ်းကောင်းများ၏ လက်အမြန်နှုန်းဖြင့် အစွန်းကုန် ဖိသိပ်ထားသကဲ့သို့ ဖြစ်နေချေသည်။
အဖွဲ့ထဲတွင် လင့်ခ်ပေါ်လာသည့် အခိုက်အတန့်မှာပင် နောက်ကွယ်စနစ်ရှိ ကျန်းယဲ့၏ အော်ဒါ အချက်အလက်များက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
၂၀/၂၀
စူးရှသော အနီရောင် စာလုံးသုံးလုံး “【ရောင်းထွက်သွားပါပြီ】” သည် ဝယ်ယူရန် ခလုတ်ကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
လင့်ခ်ကို ပို့လိုက်သည့် အချိန်မှစ၍ နေရာအားလုံး ပိတ်သွားသည့် အချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံးသည် နှစ်စက္ကန့်ထက် ပိုမကြာနိုင်ချေ။
အဖွဲ့ချတ် မျက်နှာပြင်က တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း ထိုခဏတာ တိတ်ဆိတ်မှုအပြီးတွင် အချို့အတွက် ဝမ်းမြောက်မှုနှင့် အချို့အတွက် ဝမ်းနည်းကြေကွဲမှုများ ရောက်ရှိလာခဲ့ကြသည်။
ငါးစက္ကန့်အကြာတွင် ဝီချက်အဖွဲ့ဟာ ယမ်းအိုးကြီး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော စိတ်ပျက်ဝမ်းနည်းစွာ အော်ဟစ်သံများနှင့် မေးခွန်းသင်္ကေတများ ချက်ချင်း ပြည့်နှက်သွားရသည်။
[ကျန်းတောက်] - “အား... ကုန်သွားပြီလား။ ဒီလိုပဲ ကုန်သွားတာလား။ ကျွန်တော် အခုလေးတင် နှိပ်လိုက်တာ ကုန်သွားပြီတဲ့လား...”
[ကျန်းခိုင်] - “ဘုရားရေ... ဒါ ဘယ်သူတွေလဲဟ။ သူတို့လက်တွေက အရမ်းမြန်တာပဲ။ ကျွန်တော့်ဆီမှာ 5G နဲ့ ဂစ်ဂါဘိုက် WiFi ရှိတာတောင် မရလိုက်ဘူး...”
[ချောင်ဝမ်ပေါ်] - “ကျွန်တော် အခု ဘာမြင်လိုက်တာလဲ။ ရောင်းထွက်သွားပြီလား။ တစ်စက္ကန့်တောင် မပြည့်သေးဘူး မဟုတ်ဘူးလား။ ခင်ဗျားတို့ အားလုံးက ရေဘဝဲတွေလားကွာ... ”
[ဒီဒါ] - “ပြောစရာစကားတောင် မရှိတော့ဘူးဟေ့... ခင်ဗျားတို့ တော်တော်မိုက်တာပဲ”
[ရှဲ့မင်တာ] - “ကျွန်တော် ငိုလိုက်ပြီ... တကယ် ငိုလိုက်ပြီ... အခွင့်အရေး ဒီလောက်များတာတောင် ရဖို့က ရှားပါးလွန်းတယ်ဗျာ... အီးဟီးဟီး.....”
[ကျန်းမောက်] - “@ကျန်းယဲ့ ညွှန်ကြားရေးမှူးကျန်း၊ စနစ်အမှားအယွင်း ဖြစ်နေတာလား။ ကျေးဇူးပြုပြီး နောက်ထပ် တစ်ခုလောက် ချပေးပါဦး...”
[မာရှောင်ထျောင်] - “အား... ကျွန်တော့်ရဲ့ ချင်မင်းဆက်။ ကျွန်တော့်ရဲ့ထန်မင်းဆက်။ ကျွန်တော့်ရဲ့ မင်မင်းဆက်။ ကျွန်တော်က ခင်ဗျားတို့နဲ့ ထာဝရ ဝေးကွာဖို့ ကံပါလာတာလား....”
လက်လွတ်သွားခဲ့သော အဖွဲ့ဝင် ၈၈ ဦးသည် အဖွဲ့ချတ်ထဲတွင် ငိုကြွေးကာ ညည်းတွားနေကြပြီး မည်သည့် သားရဲများက ဤမျှ လျင်မြန်သော တုံ့ပြန်မှုများ ရှိနေကြသနည်းဟု အားလုံးက မေးမြန်းနေခဲ့ကြသည်။
ထိုအချိန်တွင် ထင်ရှားပေါ်လွင်သော မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာချေသည်။
[ကျန်းဟွိုင်မင်] - “【အနီရောင်စာအိတ်】 ကျွန်တော် ကံကောင်းလို့ တစ်နေရာ ရလိုက်တယ်။ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့ သေးငယ်တဲ့ လက်ဆောင်လေးပါ...”
ကျန်းဟွိုင်မင်သည် ကြီးမားသော အနီရောင်စာအိတ်တစ်ခုကို ပေးပို့ခြင်းဖြင့် ရှားရှားပါးပါး လူလုံးထွက်ပြလာပြီး သူ၏ ဝမ်းမြောက်မှုမှာ သူ၏ အမူအရာတွင် ထင်ရှားနေဆချသည်။
ထို့နောက် နောက်ထပ် ကံကောင်းသူ တစ်ဦး ပေါ်လာ၏။
[ကျိုးကျွင်း] - “ကျွန်တော်လည်း တစ်နေရာ ရလိုက်တယ်။ ဒီလောက် ကံကောင်းလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး။ ကျွန်တော်လည်း တစ်ခု ပို့လိုက်မယ်။ 【အနီရောင်စာအိတ်】”
သူက ယွမ် ၂၀၀ တန် အနီရောင်စာအိတ်တစ်ခုကို ပို့လိုက်၏။ ၎င်းက ကျန်းဟွိုင်မင်လောက် မများသော်လည်း သူ၏ စေတနာကို ပြသခြင်းပင်။
ထို့နောက် လူများကို ရယ်မောစေကာ စိတ်လည်းတိုစေသည့် စကားတစ်ခွန်း ပေါ်လာပြန်သည်။
[ရွှမ်ချင်းလူငယ်တာအိုဘုန်းကြီး] - “ကောင်းကင်ဘုံက အဆုံးမဲ့ကောင်းချီးတွေ ပေးသနားပါစေ။ ကျွန်တော်လည်း တစ်နေရာ လုနိုင်ခဲ့ပုံရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စုဆောင်းငွေ ယွမ် ၅၀,၀၀၀ လုံးက ခရီးစရိတ်အတွက်ဆိုတော့ ကျွန်တော် ပိုက်ဆံပြတ်သွားပြီ။ အနီရောင်စာအိတ်အသေးလေးတစ်ခုပဲ ပို့နိုင်တော့မယ်။ အားလုံးကိုယ့်ကံကိုကိုယ် စမ်းပြီး ကံကောင်းမှုတွေကို မျှဝေခံစားကြတာပေါ့။ 【အနီရောင်စာအိတ်】”
သူက အမှန်တကယ်ပင် ယွမ် ၁၀၀ပါသော အနီရောင်စာအိတ် အသေးလေးတစ်ခုကို ပို့လိုက်၏။
ပမာဏနည်းပါးသော်လည်း ၎င်းကို အမြန်နှုန်း စမ်းသပ်သည့် အနီရောင်စာအိတ် အများအပြားအဖြစ် သေချာစွာ ခွဲဝေပေးထားလေသည်။
[ကောရွှိုက်] - “ဟားဟားဟား။ ကျွန်တော် ရပြီ... မိုက်တယ်။ ညီအစ်ကိုတို့... ပင်ပန်းသွားကြပြီနော်။ ကျွန်တော်လည်း အကြီးကြီးတစ်ခု ပေးမယ်။ 【အနီရောင်စာအိတ်】”
ကောရွှိုက်သည် ယခင်ဂိမ်းတွင် AFK ဖြစ်သွားသည့်အတွက် နားကြပ်ထဲမှ အသင်းဖော်များ၏ ညည်းညူသံများကို လုံးဝ လျစ်လျူရှုကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ အောင်မြင်စွာ နေရာလုနိုင်ခဲ့သည့် အဖွဲ့ထဲမှ လူတိုင်းက အနီရောင်စာအိတ်များ ပေးပို့နေကြသည်ကို မြင်သောအခါ သူက လက်ဝှေ့ယမ်းကာ မဆိုင်းမတွပင် ပြောလိုက်ခြင်းဖြစ်သည်။
ယွမ် ၂၀,၀၀၀ ပါဝင်သော ဧရာမ အနီရောင်စာအိတ်ကြီးကို အဖွဲ့ထဲသို့ ချက်ချင်း ပေးပို့လိုက်ရာ လေထုကို အမြင့်ဆုံးသို့ တွန်းပို့လိုက်လေသည်။
၎င်းက အဖွဲ့ချတ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
လက်လွတ်သွားသူများက နှလုံးကွဲကြေနေရသော်လည်း သူတို့၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားကာ အနီရောင်စာအိတ်များကို လုယူရန် ကြိုးစားနေကြပြီး သူဌေးကြီး သက်တော်ရာကျော် ရှည်ပါစေ၊ သူ့ရဲ့ ကံကောင်းမှုတွေကို မျှဝေခံစားကြစို့ဟု အော်ဟစ်ကာ တိတ်တဆိတ် အလွန် မနာလို ဖြစ်နေခဲ့ကြသည်။
အနီရောင်စာအိတ်များကို လုယူနိုင်ခဲ့သူများက အလွန် ဝမ်းသာပျော်ရွှင်နေကြပြီး အချင်းချင်း ဂုဏ်ပြုနေကြကာ အဖွဲ့ချတ်က တက်ကြွပြီး ကြည်နူးဝမ်းနည်းဖွယ် အနီရောင်စာအိတ်မိုးမျ ရွာချသည့် ပွဲကြီးတစ်ခု ဖြစ်လာခဲ့သည်။
ကျန်းယဲ့သည် ဤမြင်ကွင်းကို ကြည့်ရင်း ပြုံးကာ ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။
သူ အဖွဲ့ချတ်မှ ထွက်တော့မည့်အချိန်တွင် မာရှောင်ထျောင်၏ သူ့ကို တဂ်တွဲထားသော မက်ဆေ့ချ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[မာရှောင်ထျောင်] - “@ကျန်းယဲ့ ညွှန်ကြားရေးမှူး ကျန်း... ဒီနေရာကို လွှဲပြောင်းပေးလို့ ရနိုင်မလား”
ဤမေးခွန်းကို မေးလိုက်သည်နှင့် တစ်ပြိုင်နက် အဖွဲ့ထဲမှ တစ်ယောက်ယောက်က အချိန်ခရီးသွားမည့် နေရာများကို လွှဲပြောင်း၍ မရကြောင်း မာရှောင်ထျောင်ကို ချက်ချင်း ရှင်းပြလိုက်၏။
သူတို့ မက်ဆေ့ချ် ပို့လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့၏ အကြောင်းပြန်မှု ထွက်ပေါ်လာပြီး ၎င်း၏ အကြောင်းအရာက အဖွဲ့ကို နောက်တစ်ကြိမ် စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲသွားစေခဲ့လေသည်။
အခန်း ၂၄၉ပြီး၏။