← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း (၂၅၁) နားလည်မှု တစ်ခုရယူခြင်း

​လီကျန့်ကော်၏ နှလုံးသားက ပိုမို တင်းကျပ်သွားပြီး ထပ်မံ ငြင်းဆိုလိုက်၏။ “ဥက္ကဋ္ဌလင်... ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ဒီနေရာကို ရောင်းဖို့ မရည်ရွယ်ပါဘူး...”

​တစ်ဖက်မှ လင်ရူသည် သူ၏ ငြင်းဆိုမှုကို အံ့သြသွားပုံမရဘဲ ဂဏန်းတစ်ခုကို တည်ငြိမ်စွာ ပြောလိုက်၏။ “ငါးသန်း... ကျွန်မ အခု စရန်ငွေတစ်သန်း ပေးထားနိုင်တယ်။ ကျန်တဲ့ ငွေကို နေရာလွှဲပြောင်းမှု အတည်ပြုပြီးတာနဲ့ ပေးချေလို့ ရပါတယ်...”

​“ငါး... ငါးသန်း” လီကျန့်ကော် အံ့အားသင့်စွာ ရေရွတ်လိုက်မိလေသည်။

​သေချာစွာ နားထောင်နေသော သူ၏ ဇနီးသည်မှာ ထိုဂဏန်းကို ကြားလိုက်ရချိန်တွင် ပြင်းထန်စွာ အသက်ရှူမှားသွားခဲ့ရသည်။ သူမသည် ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာလေသည်။

​ငါးသန်း...

​အဲဒါက သူတို့ လင်မယားနှစ်ယောက် ဘဝပေါင်းများစွာ အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ရင်တောင် စုဆောင်းလို့ မရနိုင်တဲ့ ပမာဏ တစ်ခုပင်။

​ဒီငွေနဲ့ဆို ပြဿနာ အားလုံး ပြေလည်သွားမှာပဲ....

​အဘိုးအိုရဲ့ ရောဂါကို ကုသနိုင်ပြီး သားဖြစ်သူရဲ့ ခွဲစိတ်မှုကို အဆင်ပြေစေရုံသာမက အိမ်ငယ်လေး တစ်လုံးဝယ်ဖို့ ကူညီပေးနိုင်ပြီး ဒီလူစည်ကားပြီး ကျပ်တည်းလှတဲ့ မြို့ပြကျေးရွာကနေ လုံးဝ ထွက်ခွာသွားနိုင်မှာ...

​ကြီးမားလှသော သွေးဆောင်မှုက ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ လီကျန့်ကော်၏ အာရုံများကို လွှမ်းမိုးသွားပြီး သူ၏ အသက်ရှူနှုန်းကို လေးလံသွားစေခဲ့သည်။

​ဇနီးသည်က သူ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ သူမ၏ လက်သည်းများက သူ၏ အသားထဲသို့ စိုက်ဝင်လုမတတ်ပင် ဖြစ်နေပြီး သူမ၏ မျက်လုံးများတွင် မကြုံစဖူးသော တုန်လှုပ်မှုနှင့် တမ်းတမှုများ ပြည့်နှက်နေချေသည်။

​သို့သော် သူ၏ ဇနီးသည်၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ပြီးနောက် ကုတင်ပေါ်တွင် သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသော သူ၏သားကို ကြည့်လိုက်ရာ အချိန်ခရီးသွားခြင်းမှ ယူဆောင်လာနိုင်မည့် အခွင့်အရေးတစ်ခု လီကျန့်ကော်၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

၎င်းသည် ငါးသန်းထက်များစွာ ပို၍ တန်ဖိုးရှိပြီး သူ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးပင်။

​သူ သွားကို တင်းတင်းကြိတ်ကာ ဖုန်း၏ အခြားတစ်ဖက်ရှိ လူကို ပြောလိုက်၏။ “ဥက္ကဋ္ဌလင်... အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တောင်းပန်ပါတယ်... ကျွန်တော် ရောင်းလို့ မရသေးပါဘူး..”

​လင်ရူက သက်ပြင်းတိုးတိုးချလိုက်သော်လည်း၊ သူမ၏ လေသံမှာ တည်ငြိမ်နေဆဲပင်။ “မစ္စတာလီ... ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ငြင်းဖို့ မလောပါနဲ့။ ကျွန်မ ရှင့်အိမ်ကို လာနေတယ်။ လူချင်းတွေ့ပြီး စကားပြောလို့ ရမလား.... ကျွန်မ ရောက်တဲ့အခါ ဆွေးနွေးလို့ ရပါတယ်။”

​နောက်ထပ် လူချင်းတွေ့မလို့လား...

​လီကျန့်ကော်၏ ကျောရိုးတစ်လျှောက် အေးစက်သွားပြီး အကြိမ်ကြိမ် ပြန်ဖြေလိုက်၏။ “ဟုတ်ကဲ့... ဟုတ်ကဲ့။”

​ဖုန်းချပြီးနောက် လီကျန့်ကော်သည် ထပ်မံမြည်လာသော အမည်မသိ နံပါတ်တစ်ခုမှ ဖုန်းခေါ်ဆိုမှုကို ကြည့်လိုက်ပြန်သည်။ သူ သွားကို တင်းတင်းကြိတ်ကာ ပါဝါခလုတ်ကို ဖိနှိပ်ထားပြီး သူ၏ ဖုန်းကို ပိတ်ပစ်လိုက်လေသည်။

​လောကကြီးက ချက်ချင်း တိတ်ဆိတ်သွားပြီး သူနှင့် ဇနီးသည်၏ လျင်မြန်သော နှလုံးခုန်သံများသာ ကျန်ရစ်တော့လေသည်။

​“ကျန့်ကော်... ငါ ကြားလိုက်တာ မှန်ရဲ့လား။ အဲဒီလူက ငါး... ငါးသန်းလို့ ပြောလိုက်တာ မဟုတ်လား...” ဇနီးသည်၏ အသံမှာ တုန်ယင်နေပြီး သူ့ကို ကိုင်ထားသော သူမ၏ လက်မှာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

​လီကျန့်ကော်က ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှု နှစ်ခု၏ အကြောင်းအရာများကို အမြန် ပြန်လည်ပြောပြလိုက်၏။ အထူးသဖြင့် ကျန်းဟွိုင်မင် နှင့် လင်ရူတို့ လူချင်းတွေ့ဆုံရန် ကိုယ်တိုင် လာရောက်လိုသည့် အကြောင်းပင်။

​ဇနီးသည်မှာ ၎င်းကို ကြားပြီးနောက် ကြက်သေ သေသွားပြီး အချိန်အတော်ကြာမှ တီးတိုးရေရွတ်လိုက်၏။ “ငါးသန်းတဲ့.. ပြီးတော့ သူတို့ ကိုယ်တိုင်တောင် လာကြမယ်တဲ့။ သူတို့... သူတို့က ရအောင် ယူဖို့ ဆုံးဖြတ်ထားကြတာပဲ”

​အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီး ဇနီးသည်၏ မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုက တဖြည်းဖြည်း စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးခံလိုက်ရ၏။

​သူမက စိုးရိမ်တကြီး မေးလိုက်လေသည်။ “ကျန့်ကော်... သူတို့အားလုံးက အရမ်းချမ်းသာပြီး ဩဇာအာဏာရှိတဲ့ လူတွေချည်းပဲ။ သူတို့ကို ဒီလောက် ပြတ်ပြတ်သားသား ငြင်းလိုက်ရင် ကျွန်မတို့... သူတို့ကို စော်ကားရာများ ရောက်သွားမလား။ သူတို့က ရန်ငြိုးဖွဲ့ပြီး ကျွန်မတို့ကို ဒုက္ခပေးဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့က သာမန်လူတွေပါ... ဘယ်ပြဿနာကိုမှ မခံနိုင်ဘူးလေ”

​လီကျန့်ကော်သည် ဇနီးသည်၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်ကာ အားနှင့် ညှစ်လိုက်လေသည်။ သူ၏ လေသံမှာ လေးလံနေသော်လည်း ထူးဆန်းသော သေချာမှုတစ်ခု ပါဝင်နေ၏။ “မကြောက်ပါနဲ့... ညွှန်ကြားရေးမှူးကျန်း ရှိတယ်။”

​“ညွှန်ကြားရေးမှူးကျန်း... အဲဒီ ညွှန်ကြားရေးမှူးကျန်း က တကယ်ပဲ အဲဒီလောက် စွမ်းဆောင်နိုင်လို့လား။ ဒီလူတွေကို သူ ထိန်းထားနိုင်ပါ့မလား...” ဇနီးသည်၏ မျက်လုံးများမှာ သံသယများဖြင့် ပြည့်နှက်နေဆဲပင်။

​သန်းချီ သို့မဟုတ် သန်းဆယ်ချီသော ငွေများကို အလွယ်တကူ ပေးနိုင်သည့် ဤလူများက သူမအတွက် အခြားကမ္ဘာတစ်ခုမှ လာသူများကဲ့သို့ဖြစ်ပြီး သူမ စိတ်ကူးပင် မယဉ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

​လီကျန့်ကော်က ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် လေးနက်မှုများ ပြည့်နှက်နေ၏။ “အံ့သြစရာကောင်းတယ်... ယုံနိုင်လောက်အောင်ကို အံ့သြစရာကောင်းတယ်.... တကယ့်ကို အံ့မခန်းပဲ။ မိန်းမ... စဉ်းစားကြည့်လေ... ညွှန်ကြားရေးမှူးကျန်းသာ အဲဒီလောက် မစွမ်းဘူးဆိုရင် ငါ ဒီအဖွဲ့ထဲမှာ ရှိနေတော့မှာ မဟုတ်ဘူး... ဟန်ကျိုးမှာ အေးအေးချမ်းချမ်း နေနိုင်ဖို့ဆိုတာ ဝေလာဝေးပဲ။ ငါ ဒီအချိန်ဆိုရင်...”

​သူ စကားမဆုံးသေးသော်လည်း ရုတ်တရက် မှောင်မိုက်သွားသော သူ၏ မျက်လုံးများနှင့် တင်းမာသွားသော မေးရိုးများမှတစ်ဆင့် မပြောပြထားသော အဓိပ္ပာယ်ကို ဇနီးသည်က နားလည်လိုက်၏။

​သူတို့သည် ကြာမြင့်စွာကတည်းက အရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကောင်းဖြစ်မည် သို့မဟုတ် စိတ်ကူး၍မရနိုင်သော အခြေအနေတစ်ခုခုတွင် ပိတ်မိနေနိုင်ချေသည်။

​သူမ တုန်ယင်သွားပြီး ဆက်မတွေးဝံ့တော့သော်လည်း ဖော်ပြ၍မရအောင် ပို၍ တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသည်။

​ဆယ့်ငါးမိနစ်ခန့် အကြာတွင် တံခါးခေါက်သံ ကြားလိုက်ရလေသည်။

​လီကျန့်ကော် ထကာ တံခါးသွားဖွင့်လိုက်၏။

​တံခါးအပြင်ဘက်တွင် လူသုံးယောက် ရပ်နေခဲ့သည်။ ထက်မြက်သော အသွင်အပြင်ရှိသည့် လင်ရူ၊ တည်ငြိမ်ပြီး ခန့်ညားသော ကျန်းဟွိုင်မင် နှင့် ခင်မင်ဖွယ်အပြုံးရှိကာ ခန္ဓာကိုယ် အနည်းငယ်ပြည့်ဖြိုးသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်၏။

​လီကျန့်ကော်သည် ထိုသူကို ချင်မင်းဆက်သို့ သွားရောက်လည်ပတ်ခဲ့ဖူးသည့် အဖွဲ့ထဲမှ နာမည်ကြီး ဘီလျံနာနောက်တစ်ဦးဖြစ်သော ကျိုးရှင်းဖူအဖြစ် မှတ်မိလိုက်သည်။

​ကျပ်တည်းသော လှေကားခွင်က ဤလူသုံးဦး၏ ဩဇာအာဏာ အငွေ့အသက်များဖြင့် ပြည့်နှက်လုမတတ်ပင်။

​လီကျန့်ကော်က လူသုံးယောက်ကို အိမ်ထဲ ဝင်ခွင့်ပေးရန် ဘေးသို့ ဖယ်ပေးလိုက်ပြီး ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဝင်လာကြပါ ခင်ဗျာ...”

​ဇနီးသည်က အမြန်ထလာပြီး သန့်ရှင်းသော ဖန်ခွက်အချို့ကို ထုတ်ယူကာ ကျိုချက်ထားသော ရေသုံးခွက်ကို လောင်းထည့်ပြီး ကော်ဖီစားပွဲငယ်ပေါ်တွင် အနေရခက်စွာဖြင့် ချထားလိုက်၏။

​ဤချမ်းသာသော ဧည့်သည်သုံးဦးက လုံးဝ ဂရုစိုက်ပုံမရဘဲ ဈေးပေါသော ပလပ်စတစ် ခွေးခြေများပေါ်တွင် သဘာဝကျကျ ထိုင်လိုက်ကြရာ ဟောင်းနွမ်းနေသော ပတ်ဝန်းကျင်နှင့် လုံးဝ ဆန့်ကျင်ဘက် အခြေအနေတစ်ခုကို ဖန်တီးနေချေသည်။

​လီကျန့်ကော် က တိုက်ရိုက်ပင် မေးလိုက်၏။ “ခင်ဗျားတို့ သုံးယောက်လုံး ခရီးစဉ်နေရာအတွက် လာကြတာလား...”

​သူတို့သုံးဦးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။

​လီကျန့်ကော်သည် သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို စေ့လိုက်ပြီး သူ၏ ယခင် ဆုံးဖြတ်ချက်ကို အတင်းအကျပ် ထပ်မံပြောဆိုလိုက်၏။ “ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီနေရာက ကျွန်တော့် မိသားစုအတွက် အရမ်း အရေးကြီးပါတယ်။ ကျွန်တော်... ကျွန်တော် ရောင်းဖို့ အစီအစဉ် မရှိသေးပါဘူး...”

​ကျိုးရှင်းဖူက အရင် စကားပြောလေသည်။ သူက ပြုံးကာ နူးညံ့သော လေသံဖြင့် ပြောလိုက်၏။ “ညီလေး ကျန့်ကော်... ငြင်းဖို့ အဲဒီလောက်မလောပါနဲ့။ ခြောက်သန်း... ဘယ်လိုလဲ။ ငွေသားလွှဲပေးမယ်... မင်းရဲ့ အကောင့်ထဲကို ချက်ချင်း ရောက်စေရမယ်။”

​သူ စကားမဆုံးမီမှာပင် လင်ရူက ချက်ချင်း ဝင်ပြောလိုက်ပြီး အလွန်မြန်ဆန်စွာ ပြောလိုက်၏။ “ရှစ်သန်း။ ရှင် ခေါင်းညိတ်လိုက်တာနဲ့... ငွေကို ချက်ချင်း စီစဉ်ပေးမယ်”

​ကျန်းဟွိုင်မင် က ဈေးကို ချက်ချင်း မမြှင့်လိုက်ချေ။ အဲဒီအစား လီကျန့်ကော်ကို တည်ငြိမ်စွာ ကြည့်ကာ အကျိုးအပြစ်များကို သူ့အတွက် ဖြည်းညင်းစွာ စတင် သုံးသပ်ပြလိုက်သည်။ “ကျန့်ကော်... ကျွန်တော် သန်းနှစ်ဆယ် ပေးမယ်။ ဒါပေမဲ့ မင်း တည်တည်ငြိမ်ငြိမ် စဉ်းစားစေချင်တယ်။ မင်း အဲဒီကို သွားတဲ့အခါ မင်းရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က ရှေးဟောင်းပစ္စည်းတချို့ကို ပြန်ယူလာပြီး ငွေအဖြစ် ပြောင်းလဲဖို့ပဲ မဟုတ်လား...”

​“ဒါပေမဲ့ ရှေးဟောင်းပစ္စည်းတွေက ဘာလို့ ဒီလောက် တန်ဖိုးရှိနေရလဲဆိုရင် သူတို့ရဲ့ ရှားပါးမှုကြောင့်ပဲလေ။ ညွှန်ကြားရေးမှူးကျန်းရဲ့ အချိန်ခရီးသွားတာသာ ဆက်ရှိနေရင် မတူညီတဲ့ ခေတ်ကာလတွေက ရှေးဟောင်းပစ္စည်းတွေက အခုလို ရှားပါးနေဦးမှာလား။ သူတို့ရဲ့ ဈေးကွက်တန်ဖိုးက အများကြီး ကျဆင်းသွားနိုင်တယ်။ ငွေသားသန်းနှစ်ဆယ်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့ရပြီး မင်းမိသားစုရဲ့ ဘဝကို လုံးဝ ပြောင်းလဲပစ်ဖို့ လုံလောက်ပါတယ်...”

​ကျိုးရှင်းဖူကလည်း ဖြားယောင်းသွေးဆောင်မှုတွင် ပါဝင်လာပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “ဟုတ်တယ် ကျန့်ကော်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့လို လူတွေအတွက် ငွေဆိုတာ ဂဏန်းတစ်ခုပါပဲ။ ကျွန်တော်တို့ လိုချင်တာက ညွှန်ကြားရေးမှူးကျန်း ယူဆောင်လာပေးတဲ့ ထူးခြားတဲ့ အတွေ့အကြုံကိုပါ။ ဒီလို အခွင့်အရေးမျိုးက အရမ်းရှားပါးတဲ့အတွက် ကျွန်တော်တို့က ဒီဈေးပေးဖို့ ဆန္ဒရှိတာပေါ့... ဒါပေမဲ့ မင်း မိသားစုအတွက်တော့ အခု ချက်ချင်းရမယ့် ကြီးမားတဲ့ ငွေကြေးပမာဏကသာ မင်းတို့ရဲ့ ဘဝတွေကို အမှန်တကယ် ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလား...”

​လင်ရူက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်။ ဒီငွေနဲ့ဆို ရှင် အိမ်တစ်လုံး ချက်ချင်း ဝယ်လို့ရတယ်... ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အကောင်းဆုံး ဆေးဝါးကုသမှုနဲ့ နေထိုင်မှု ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးနိုင်တယ်.... ပြီးတော့ ဒီနေရာကို ထာဝရ စွန့်ခွာသွားလို့ ရတယ်လေ”

​သူတို့ သုံးယောက်က အချင်းချင်း စကားပြောနေကြပြီး လီကျန့်ကော် ၏ လက်ထဲမှ နေရာကို အရင်ဆုံး လုယူရန်ဆိုသည့် နားလည်မှု တစ်ခုကို အလိုအလျောက် ရယူထားပုံရသည်။

​ကြီးမားသော ငွေကြေးပမာဏများနှင့် အကျိုးအပြစ်များကို သုံးသပ်ပြသည့် ဖြားယောင်းသွေးဆောင်မှုများက လီကျန့်ကော် နှင့် သူ၏ ဇနီးသည်၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများကို ဒီရေလှိုင်းများကဲ့သို့ လွှမ်းမိုးသွားခဲ့သည်။

​ဇနီးသည်၏ အသက်ရှူနှုန်းမှာ သိသိသာသာ မြန်ဆန်လာပြီး သူမက ခင်ပွန်းသည်၏ ခါးကို တံတောင်ဆစ်ဖြင့် အမှတ်မထင် တွတ်လိုက်ရာ သူမ၏ မျက်လုံးများတွင် ရုန်းကန်မှုနှင့် တွေဝေမှုများ ပြည့်နှက်နေချေသည်။

​လီကျန့်ကော် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေရသည်။

​ကျန်းဟွိုင်မင်၏ စကားများက သူ၏ တိတ်တဆိတ် စိုးရိမ်ပူပန်မှုများကို အမှန်တကယ် ထိခိုက်သွားစေခဲ့သည်။

​‘ရှေးဟောင်းပစ္စည်းတွေက တန်ဖိုးမရှိတော့ရင် ဘယ်လိုလုပ်မလဲ...’

​‘ဒါပေမဲ့ အကယ်၍... ငါ ပြန်ယူလာတဲ့ ပစ္စည်းတွေက သန်းနှစ်ဆယ်ထက် အများကြီး ပိုတန်ဖိုးရှိနေရင်ရော’

​အတွေးအမျိုးမျိုးက သူ၏ စိတ်ကို ဆွဲငင်နေကြလေသည်။

အခန်း ၂၅၁ပြီး၏။

All Chapters