← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂) ငြင်းဆိုခြင်းနှင့် သဘောတူခြင်း

​သူတို့သုံးဦးသည် လီကျန့်ကော်၏ တွေဝေနေမှုကို ထက်မြက်စွာ သတိပြုမိကြပြီး မျှော်လင့်ချက် ရှိလာပြီဖြစ်ကြောင်း သိလိုက်ကြ၏။

​ထိုအချိန်တွင် လင်ရူက သူမ၏ လက်ကိုင်အိတ်ထဲမှ ပါးလွှာသော တက်ဘလက်တစ်ခုကို ထုတ်ယူကာ လော့ခ်ဖွင့်ပြီး လီကျန့်ကော် ထံသို့ ကမ်းပေးလိုက်လေသည်။

​မျက်နှာပြင်တွင် ဆေးဘက်ဆိုင်ရာ အချက်အလက်အချို့နှင့် နိုင်ငံခြားကျွမ်းကျင်သူတစ်ဦး၏ ကိုယ်ရေးအကျဉ်းကို ပြသထားခဲ့သည်။

​သူမက လီကျန့်ကော်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်၏။ “ဒီကိုမလာခင် ရှင့်ရဲ့ကလေးနဲ့ မိဘတွေရဲ့ အခြေအနေကို ကျွန်မ အကြမ်းဖျင်း စုံစမ်းခဲ့တယ်... အထူးသဖြင့် ရှင့်သားရဲ့ ဖျားနာမှုပေါ့...”

​သူမက မည်သည့်ရောဂါဖြစ်ကြောင်း အတိအကျ မပြောသော်လည်း လီကျန့်ကော် နှင့် သူ၏ ဇနီးသည်တို့၏ နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်သွားခဲ့ရသည်။

​လင်ရူက ဆက်ပြောလေသည်။ “ရှင်သာ ရှင့်ရဲ့ နေရာကို လွှဲပြောင်းပေးဖို့ သဘောတူရင် ကျွန်မက နေရာအတွက် ငွေပေးရုံသာမကဘဲ ကမ္ဘာ့ထိပ်တန်းကလေးအထူးကုကျွမ်းကျင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ စမစ် နဲ့ ဆက်သွယ်ဖို့ ကျွန်မရဲ့ အဆက်အသွယ်တွေကိုပါ အသုံးပြုပေးနိုင်ပါတယ်...”

​“သူက ရှင့်သားရဲ့ ရောဂါအခြေအနေအတွက် အကြွင်းမဲ့ အာဏာပိုင်တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ အဖွဲ့နဲ့ ကိရိယာတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်။ သူ့ကို ရှင့်သားကို ကုသခွင့်ရဖို့ဆိုတာ ငွေရှိရုံနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အရင်းအမြစ်တွေနဲ့ အဆက်အသွယ်တွေ အများကြီး လိုအပ်ပါတယ်...”

​သူမ၏ စကားများသည် လီကျန့်ကော် ၏ နှလုံးသားကို သံတူရွင်းကြီးတစ်ခုကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

​“ပရော်ဖက်ဆာ စမစ်ရဲ့ အဖွဲ့က ကုသမှုအစီအစဉ်ကို ရေးဆွဲပေးမယ်ဆိုရင် ရာနှုန်းပြည့် ပျောက်ကင်းမယ်လို့ အာမမခံနိုင်ရင်တောင်မှ အောင်မြင်မှုနှုန်းနဲ့ ကြိုတင်ခန့်မှန်းချက်တွေက သာမန်ဆေးရုံတွေထက် အများကြီး... အများကြီး ပိုကောင်းလိမ့်မယ်။ အဲဒါကိုတော့ ကျွန်မ အာမခံနိုင်ပါတယ်...”

​“ရှင် သဘောတူတယ်ဆိုရင် ကျွန်မတို့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးလို့ ရပါတယ်။ ညွှန်ကြားရေးမှူးကျန်းကိုတောင် သက်သေအဖြစ် ထားလို့ရတယ်။ ညွှန်ကြားရေးမှူးကျန်း သက်သေရှိရင် ဒီကိစ္စမှာ ကျွန်မ ဘယ်တော့မှ မဆင်မခြင် မလုပ်ရဲဘူးဆိုတာ ရှင် စိတ်ချလို့ ရပါတယ်...”

​“တကယ်လား... တကယ်ပဲ သူ့ကို ခေါ်ပေးနိုင်တာလား..” လီကျန့်ကော် ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့် တမ်းတမှုတို့ကြောင့် ပြင်းထန်စွာ တုန်ယင်နေကာ သူ၏ မျက်လုံးများက လင်ရူ ထံတွင် စူးစိုက်နေ၏။

​သူ၏ သား၏ ဖျားနာမှုက သူ၏ နှလုံးသားပေါ်တွင် ဖိစီးနေသော အလေးလံဆုံး၊ မရွေ့လျားနိုင်ဆုံး ကျောက်တုံးကြီးတစ်ခုပင်။

​ရှေးဟောင်းပစ္စည်းများနှင့် ငွေကြေးများက သားဖြစ်သူ၏ ပြန်လည်ကျန်းမာလာရေး မျှော်လင့်ချက်ရှေ့တွင် အရောင်အဝါ မှေးမှိန်သွားပုံရလေသည်။

​လင်ရူက သူ၏ အကြည့်ကို ရင်ဆိုင်ကာ ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်၏။ “သေချာတာပေါ့.. ပရော်ဖက်ဆာ စမစ်ရဲ့ လက်ထောက်နဲ့ အစပိုင်း တိုင်ပင်ဆွေးနွေးမှုနဲ့ အတည်ပြုမှုလုပ်လို့ရအောင် ဗီဒီယိုအစည်းအဝေးကို ကျွန်မ ချက်ချင်း စီစဉ်ပေးနိုင်ပါတယ်”

​ကျိုးရှင်းဖူ နှင့် ကျန်းဟွိုင်မင်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။

​သူတို့ လုံးဝ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြလေသည်။

​ပြည်ပရောက် တရုတ်လူမျိုးတစ်ဦးအနေဖြင့် လင်ရူ ၏ နိုင်ငံခြား ဆေးကုသမှုဆိုင်ရာ အဆက်အသွယ်များနှင့် ဩဇာလွှမ်းမိုးမှုမှာ အထူးသဖြင့် ထိပ်တန်း ကျွမ်းကျင်သူများနှင့် တွေ့ဆုံနိုင်ခွင့်မှာ အခြားသူများနှင့် ယှဉ်၍မရနိုင်သည်မှာ သေချာချေသည်။

​သူမ ကမ်းလှမ်းသော အခြေအနေက လီကျန့်ကော် ၏ အားအနည်းဆုံးနှင့် တွန်းလှန်၍ မရနိုင်ဆုံးသော အားနည်းချက်ကို ထိမှန်သွားခဲ့သည်။

​လီကျန့်ကော်သည် မျက်နှာပြင်ပေါ်ရှိ အာဏာပိုင် ကျွမ်းကျင်သူ၏ မိတ်ဆက်ကို ကြည့်ပြီးနောက် မကြုံစဖူးသော မျှော်လင့်ချက်များ ပြည့်နှက်နေသည့် ဇနီးသည်ကို ကြည့်ကာ နောက်ဆုံးတွင် ကုတင်ပေါ်မှ ဇဝေဇဝါဖြစ်နေသော သူ၏ သားကို ကြည့်လိုက်၏။

​သူ၏ ရင်ဘတ်မှာ အကြိမ်အနည်းငယ် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး နောက်ဆုံးတွင် သူ၏ ခွန်အားအားလုံးကို ကုန်ဆုံးသွားသကဲ့သို့ လေးလံကာ ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။

​“ကောင်းပါပြီ.. ကျွန်တော် သဘောတူပါတယ်။”

​တစ်ချိန်တည်းမှာပင် နေရာတစ်ခု ရရှိခဲ့သော်လည်း သာမန်နောက်ခံမှ လာကြသော အခြား အဖွဲ့ဝင်အချို့တွင်လည်း အလားတူ အဖြစ်အပျက်များ ဖြစ်ပွားနေခဲ့ကြသည်။

​ဖုန်းခေါ်ဆိုမှုများ၊ သီးသန့် မက်ဆေ့ချ်များနှင့် ကိုယ်တိုင်လာရောက် တွေ့ဆုံမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကြသည်။

​ကမ်းလှမ်းမှုများမှာ ပို၍ အံ့သြဖွယ်ကောင်းလာပြီး မကြာခဏဆိုသလို သန်းနှင့်ချီကာ အခြေအနေများမှာလည်း အလွန် ဆွဲဆောင်မှု ရှိလေသည်။

​မိသားစု၏ ငွေကြေးအခက်အခဲများကို ချက်ချင်း ဖြေရှင်းပေးနိုင်ရုံသာမက အလုပ်အကိုင်များ စီစဉ်ပေးခြင်း၊ ကလေးများ၏ ပညာရေး ပြဿနာများကို ဖြေရှင်းပေးခြင်း စသည်တို့ကိုပင် ကတိပြုခဲ့ကြသည်။

​သို့သော်လည်း သားဖြစ်သူ၏ ဖျားနာမှုကြောင့် နောက်ဆုံးတွင် တွေဝေသွားခဲ့သော လီကျန့်ကော် နှင့်မတူဘဲ လူအများစုမှာ အစပိုင်း တုန်လှုပ်မှုနှင့် ရုန်းကန်မှုများအပြီးတွင် ငြင်းဆိုရန် ရွေးချယ်ခဲ့ကြလေသည်။

​“တောင်းပန်ပါတယ်။ ဒီအခွင့်အရေးက ကျွန်တော့်အတွက် ငွေနဲ့ဝယ်လို့မရတဲ့ အရာတစ်ခုပါ...”

​“ဟင့်အင်း.... ခင်ဗျား ဘယ်လောက်ပဲ ပေးပေး ကျွန်တော် မရောင်းဘူး။ ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့ မြင်ချင်လို့ပါ...”

​“ခင်ဗျားရဲ့ စေတနာစကားတွေအတွက် ကျေးဇူးတင်ပါတယ်.... ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင် သွားရမယ်။”

​...

​အလားတူ ပြန်စာများက မတူညီသော လေသံများဖြင့် ပြောဆိုကြသော်လည်း တူညီသော ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ဖော်ပြနေချေသည်။

​သူတို့အတွက်တော့ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းခရီးသွားရသည့် အတွေ့အကြုံက ငွေကြေးထက် များစွာ ပို၍ တန်ဖိုးရှိလေသည်။

​၎င်းသည် သာမန်ဘဝတစ်ခု၏ အိပ်မက်တစ်ခု၊ အံ့ဖွယ်အမှုတစ်ခု၊ ထူးခြားသော အထင်ကရ အဖြစ်အပျက်တစ်ခု ဖြစ်၏။

​နေရာတစ်ခုကို ဈေးကြီးပေး၍ ဝယ်ယူရန် ကြိုးစားနေသော ကြားခံပွဲစားတစ်ဦးက ဝေးလံခေါင်ဖျားသော တောင်ပေါ်ဘုရားကျောင်းရှိ လူငယ်တာအိုဘုန်းကြီး ရွှမ်ချင်းကို နောက်ဆုံးတွင် ဆက်သွယ်လိုက်သောအခါ သူရရှိခဲ့သော အကြောင်းပြန်မှုမှာ အလွန် တိုက်ရိုက်ကျလွန်းလှသဖြင့် သူ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေချေသည်။

​ဖုန်း၏ အခြားတစ်ဖက်ရှိ လူငယ်တာအိုဘုန်းကြီး ရွှမ်ချင်းက ရိုးသားစွာ ပြောလိုက်သည်။ “ကောင်းကင်ဘုံက အဆုံးမဲ့ ကောင်းချီးတွေ ပေးသနားပါစေ။ ဒကာကြီး... ကျေးဇူးပြုပြီး ဒုက္ခမခံပါနဲ့တော့။ ဒီနှိမ့်ချတဲ့ တာအိုဘုန်းကြီးက ခရီးစဉ်နေရာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်ပါဘူး...”

​“ကျွန်တော်တို့ ဘယ်လိုလုပ် ဆုံးဖြတ်ချက် မချနိုင်ရမှာလဲ။ ဈေးနှုန်းကို ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးလို့ ရပါတယ်...” ကြားခံပွဲစားက အရှုံးမပေးဘဲ ဆက်ပြောလေသည်။

​ရွှမ်ချင်း၏ လေသံမှာ အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေပုံရသော်လည်း ဆန္ဒတစ်ခု ပြည့်ဝသွားသည့်အတွက် စိတ်သက်သာရာရမှုလည်း ပါဝင်နေခဲ့သည်။ “ကျွန်တော် အဲဒီနေရာကို ကျွန်တော့်ဆရာဆီ လွှဲပြောင်းပေးလိုက်ပြီ။ နာမည်ကို ညွှန်ကြားရေးမှူး ကျန်းဆီ ပို့ပြီးသွားပြီ။ ညွှန်ကြားရေးမှူးကျန်းရဲ့ စည်းမျဉ်းအရ စာရင်းကို ပိတ်ပြီးသွားရင် ကောင်းကင်ဘုံက ဘုရင်တောင်မှ အဲဒါကို ပြောင်းလဲလို့ မရတော့ဘူး။ ဒါကြောင့် ပြောင်းလို့မရတော့ဘူး...”

​တစ်ဖက်လူက အရှုံးမပေးသေးမည်ကို စိုးရိမ်သည့်အလား သူက ထပ်မံ အလေးအနက် ပြောလိုက်ပြန်သည်။ “တကယ် ပြောင်းလို့မရတော့တာပါ။ ခင်ဗျား တခြားတစ်ယောက်ကို သွားမေးကြည့်လိုက်ပါ.... ကောင်းကင်ဘုံက မင်းရဲါဆန္ဒတွေကို ဖြည့်စည်းပေးပါစေ...”

​ထိုသို့ပြောပြီးနောက် တစ်ဖက်လူ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ လူငယ်တာအိုဘုန်းကြီးသည် ဖုန်းကို ပျော်ရွှင်စွာ ချလိုက်ပြီး ဖုန်း၏ အခြားတစ်ဖက်ရှိ ဖြားယောင်းသွေးဆောင်သူကို အချိန်အကြာကြီး စကားမပြောနိုင်အောင် ဖြစ်သွားစေကာ ထိုအကြံကို လုံးဝ စွန့်လွှတ်လိုက်စေလေသည်။

​အခြားတစ်ဖက်တွင် ဖောက်သည်ဟောင်းများ၏ စည်ကားလှသော အဖွဲ့မှ ထွက်ခွာပြီးနောက် ကျန်းယဲ့သည် ခဏမျှပင် အနားမယူဘဲ အများပြည်သူသို့ ကြေညာရန် ချက်ချင်း စတင်ပြင်ဆင်ခဲ့သည်။

​သူသည် ရီယဲ့ ခရီးသွားအေဂျင်စီ၏ လူမှုမီဒီယာ အကောင့်သို့ ကျွမ်းကျင်စွာ ဝင်ရောက်လိုက်၏။

​ထို့နောက် သူဟာ ယခင်က ချင်မင်းဆက်၊ ထန်မင်းဆက်၏ အန်းရှီး ဒေသနှင့် မင်မင်းဆက် နှောင်းပိုင်းသို့ ခရီးသွားစဉ်က ရိုက်ကူးခဲ့သော တန်ဖိုးရှိသည့် ဗီဒီယိုမှတ်တမ်း အများအပြားကို ထပ်မံ ပြင်ဆင်ပြီး တည်းဖြတ်လိုက်၏။

​ယခုတစ်ကြိမ်တွင် သူဟာ စိတ်လှုပ်ရှားဖွယ်ကောင်းသော စုစည်းမှု နမူနာဗီဒီယိုတစ်ခု ဖန်တီးရန် ခေတ်သုံးခုမှ အကောင်းဆုံး မှတ်တမ်းများကို ပေါင်းစပ်လိုက်လေသည်။

​ဗီဒီယိုသည် ရှန်းယန်နန်းတော်အပြင်ဘက်တွင် မတ်မတ်ရပ်နေသော အနက်ရောင် သံချပ်ကာဝတ် စစ်သားများ၏ ကြမ်းတမ်းသော စစ်ရေးပြမှုဖြင့် စတင်ထားပြီး သူတို့၏ လှံများနှင့် ပုဆိန်များက ထူထပ်သော သစ်တောတစ်ခုကို ဖန်တီးထားခဲ့သည်။ ပထမဆုံး ဧကရာဇ်၏ ရထားလုံးကို လျှပ်တစ်ပြက် မြင်လိုက်ရခြင်းက သူ၏ ကမ္ဘာကြီးကို သိမ်းပိုက်ခြင်း၏ လွှမ်းမိုးနိုင်စွမ်းအားကို ဖော်ပြနေချေသည်။

​ထို့နောက် မြင်ကွင်းက အနောက်ဘက်ဒေသများ၏ ကျယ်ပြောလှသော သဲဝါဝါများဆီသို့ ပြောင်းလဲသွားပြီး ပျက်စီးယိုယွင်းနေသော ခူချာမြို့ရိုးပေါ်တွင် ဆံပင်ဖြူစစ်ပြန်များနှင့် လူငယ်စစ်သားများ ယှဉ်တွဲရပ်နေကာ သူတို့၏ မျက်လုံးများက ပြတ်သားသော အကြည့်ဖြင့် အရှေ့ဘက်သို့ စူးစိုက်ကြည့်နေပြီး သူတို့၏ ဓားရှည်များမှ အေးစက်သော အလင်းရောင်က ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့သည်။

​ချက်ချင်းဆိုသလိုပင် အုံ့မှိုင်းနေသော ကောင်းကင်ယံအောက်တွင် တားမြစ်မြို့တော်၏ အနီရောင်နံရံများနှင့် မှန်စီကြွေပြားများက ဖိနှိပ်မှုနှင့် လေးလံမှုတို့ကို ပြသနေခဲ့သည်။ လမ်းမများမှာ ခြောက်ကပ်နေပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများ၏ ငိုကြွေးသံများက ကြီးကျယ်ခမ်းနားလှသော အဆောက်အအုံကြီး၏ ကြေကွဲဖွယ် ပြိုကျမှုကို ကြိုတင်နိမိတ်ပြနေ၏။

​ရုပ်ထွက်များက ချောမွေ့စွာ ကူးပြောင်းသွားပြီး နောက်ခံတေးဂီတမှာ တစ်ခါတစ်ရံ ကြီးကျယ်ခမ်းနားကာ တစ်ခါတစ်ရံ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပြီး တစ်ခါတစ်ရံ အရေးတကြီးဖြစ်နေကာ လုံးဝ ကွဲပြားသော်လည်း ထပ်တူညီစွာ တုန်လှုပ်ဖွယ်ကောင်းသော ခေတ်သုံးခုကို မိနစ်အနည်းငယ်အတွင်း ဖိသိပ်ထားခဲ့သည်။

​ဗီဒီယို၏ အဆုံးတွင် တိုတိုတုတ်တုတ်နှင့် အချက်အလက်များ ပြည့်စုံသော စာသားကြေညာချက်တစ်ခု ပေါ်လာလေသည်။

​[ရီယဲ့ခရီးသွားအေဂျင်စီမှ မကြုံစဖူး ကြီးကျယ်ခမ်းနားသော ခရီးစဉ်အသစ်ကို စတင်လိုက်ပြီ...]

​[ရှေးဟောင်း ယဉ်ကျေးမှုများ၏ ခြောက်ရက်တာ အထင်ကရနေရာများ ခရီးစဉ်]

​မင်းဆက်သုံးခုကို ကျော်ဖြတ်ပြီး နှစ်တစ်ထောင်ကို ဖြတ်သန်းသွားလာရမယ့် အဆုံးစွန် အတွေ့အကြုံ။

​ခရီးစဉ် - ချင်မင်းဆက် (၂ ရက်) → ထန်မင်းဆက် အန်းရှီး (၂ ရက်) → မင်မင်းဆက် နှောင်းပိုင်း (၂ ရက်)

​ဈေးနှုန်း - ယွမ် ၅၀,၀၀၀/လူတစ်ဦး

​ပထမဆုံး အဖွဲ့အတွက် နေရာ ၁၀ ခု ရှိပါသည်။

​ဝယ်ယူနိုင်မည့် အချိန် - ယခု သောကြာနေ့ နံနက် ၉ နာရီ။ အရောင်းကို ချက်ချင်း စတင်မည်ဖြစ်ပြီး ထိုအချိန်ပြီးနောက် ဝယ်ယူနိုင်တော့မည် မဟုတ်ပါ။

​ဗီဒီယိုတည်းဖြတ်ခြင်း ပြီးဆုံးပြီး အရာအားလုံး မှန်ကန်ကြောင်း စစ်ဆေးပြီးနောက် ကျန်းယဲ့ဟာ ပို့မည်ကို နှိပ်လိုက်၏။

​ဗီဒီယိုကို ထုတ်လွှင့်လိုက်သည့် အခိုက်အတန့်မှာပင် ၎င်းက အင်တာနက်ပေါ်သို့ ပစ်ချလိုက်သည့် ဗုံးတစ်လုံးကဲ့သို့ဖြစ်ပြီး ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

​ယခင်ကဆိုလျှင် တစ်ကြိမ်လျှင် တစ်နေရာတည်းကိုသာ သွားနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မကြုံစဖူး နယ်ပယ်သုံးခုကို ဖြတ်ကျော်ခြင်းဖြစ်၏။

​[အင်တာနက်အသုံးပြုသူ ၁] - ဘုရားရေ... ခရီးစဉ်တစ်ခုတည်းမှာ မင်းဆက်သုံးခု။ ငါ အိပ်မက်မက်နေတာလားဟ...

​[အင်တာနက်အသုံးပြုသူ ၂] - ချင် + ထန် + မင်။ ယုံနိုင်စရာမရှိအောင် ကောင်းတဲ့ ခရီးစဉ်ပဲ။ ညွှန်ကြားရေးမှူးကျန်း.... ခင်ဗျားက ကျွန်တော်တို့ရဲ့ ဘုရားသခင်ပဲ..

​[အင်တာနက်အသုံးပြုသူ ၃] - ယွမ် ၅၀,၀၀၀ တဲ့လား။ အဲဒါကတော့ မှားစရာမရှိဘူး။ ဒါ သောက်ရမ်း မိုက်တာပဲ... ငါ တစ်နေရာရဖို့ မဖြစ်နိုင်လောက်ပေမယ့်...

​[အင်တာနက်အသုံးပြုသူ ၄] - နေရာ ဆယ်ခုတည်းလား... မဖြစ်နိုင်တာ... မနက်ဖြန် ဆာဗာ ကျတော့မယ်လို့တောင် ခံစားနေရပြီကွာ....

​မှတ်ချက်ပေးသည့် နေရာသည် ပေါက်ကွဲသွားပြီး မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် အသစ်တဖန် ဖြစ်ပေါ်နေခဲ့သည်။

​အထူးသဖြင့် ခေတ်အဆက်ဆက်မှ ပရိသတ်များမှာ ရူးသွပ်လုမတတ် ဖြစ်နေကြသလေည်။

​[အင်တာနက်အသုံးပြုသူ A] - အား... ပထမဆုံး ဧကရာဇ်။ ဒါ သက်ရှိထင်ရှား ပထမဆုံး ဧကရာဇ်ပဲကွ။ အရှင်မင်းကြီးကို ကျွန်တော် ဖူးတွေ့နိုင်မလား။ ရှန်းယန်နန်းတော်တံခါးဝကို သွားပြီး သူ့ကို ဦးညွှတ်ခွင့်ရမလား...

​[အင်တာနက် အသုံးပြုသူ B] - ကြီးမြတ်တဲ့ ချင်မင်းဆက်။ ဒါ ကြီးမြတ်တဲ့ချင်မင်းဆက်ပဲ။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ကြိမ်လောက်ပဲ နေရာရပါရစေ.... ရှန်းယန်ကို တွားသွားရမယ်ဆိုရင်တောင် တွားသွားပါ့မယ်...

​[အင်တာနက်အသုံးပြုသူ C] - ညွှန်ကြားရေးမှူး ကျန်း... ကျွန်မကို ပထမဆုံး ဧကရာဇ်ကို တွေ့ဖို့ ခေါ်သွားပေးပါ။ ဟင့်ဟင့်ဟင့်... ကျွန်မရဲ့ ပထမဆုံး ဧကရာဇ်.... ကျွန်မ အချစ်ဆုံး ယောက်ျား...

​...

​[အင်တာနက်အသုံးပြုသူ ၅] - မြို့တစ်မြို့လုံး ဆံဖြူနေတဲ့ လူတွေနဲ့ ပြည့်နေပြီး သေတဲ့အထိ သူတို့ရဲ့ ဓားကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး... နောက်ဆုံးတော့.... နောက်ဆုံးတော့ ကျွန်တော်ကိုယ်တိုင် သွားကြည့်ခွင့်ရတော့မယ်။

​[အင်တာနက်အသုံးပြုသူ ၆] - ခူချာမြို့တော်။ အန်းရှီးတပ်မတော်... ကျွန်တော့်ကို စောင့်နေပါ.... ကျွန်တော် သွားကို သွားရမယ်... ဘယ်သူမှ ကျွန်တော့်ဆီကနေ ယူသွားလို့ မရဘူး....

​[အင်တာနက်အသုံးပြုသူ ၇] - ထန်မင်းဆက်ရဲ့ နောက်ဆုံး တောက်ပတဲ့ အရောင်အဝါ... ဒီခရီးစဉ်က ထူးခြားတဲ့ အဓိပ္ပာယ်ရှိတယ်....

​...

​[အင်တာနက်အသုံးပြုသူ D] - ချုံကျန်း ဧကရာဇ် နန်းတက်တဲ့ တတိယနှစ်။ အဲဒီ ကံမကောင်းတဲ့ ဧကရာဇ်ကို ကျွန်တော် သွားကြည့်ပါရစေ..

​[အင်တာနက်အသုံးပြုသူ E] - မင်မင်းဆက် အဆုံးသတ်မှာ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်ခဲ့လဲဆိုတာ ကြည့်ချင်တယ်.... ပြီးတော့ နောက်ဆုံး ဧကရာဇ်ချုံကျန်းကိုလည်း တွေ့ချင်တယ်.....

​[အင်တာနက်အသုံးပြုသူ F] - ချုံကျန်း ဧကရာဇ်ဆီကို နွေးထွေးမှုတွေ ပို့ပေးဖို့ အဖွဲ့ဖွဲ့ထားတဲ့သူ ရှိလား...

​အထူးသဖြင့် မှတ်ချက်တစ်ခုက ပျံ့နှံ့သွားပြီး မှတ်ချက်ပေးသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

​[ညွှန်ကြားရေးမှူးကျန်း.... ကျေးဇူးပြုပြီး အရေအတွက်ကို တိုးပေးပါ။ နေရာဆယ်ခုက အရမ်းနည်းလွန်းတယ်။ ထပ်တိုးပေးပါအုံး...]

​ဗီဒီယို၏ ကြည့်ရှုသူ အရေအတွက်၊ လိုက်များ၊ မှတ်ချက်များနှင့် မျှဝေမှုများက အဆမတန် တိုးပွားလာပြီး အဓိက ပလက်ဖောင်းများရှိ ရေပန်းစားသော ဇယားများတွင် လျင်မြန်စွာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

​#ရီယဲ့ခရီးသွားအေဂျင်စီ_နယ်ပယ်သုံးခုခရီးစဉ်#၊ #ချင်_ထန်_မင်မင်းဆက်_ခြောက်ရက်တာခရီးစဉ်# နှင့် #သမိုင်းတစ်လျှောက်_အကြမ်းတမ်းဆုံး_ခရီးသွားခြင်း# အစရှိသော ခေါင်းစဉ်များအပေါ် ဆွေးနွေးမှုများ ပေါက်ကွဲထွက်လာကြသည်။

​ဤနေရာဆယ်ခုက လာမည့်ရက်များအတွင်း မကြုံစဖူး သွေးထွက်သံယို ယှဉ်ပြိုင်မှုတစ်ခုကို မလွဲမသွေ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း လူတိုင်း နားလည်ထားကြချေသည်။

​မရေမတွက်နိုင်သော လူများ၏ စိတ်အားထက်သန်စွာ မျှော်လင့်မှုများနှင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေမှုများကြားတွင် သောကြာနေ့ဟူသော ဤထူးခြားသည့် နေ့ရက်ကို နောက်ဆုံးတွင် ရောက်ရှိလာပေသည်။

အခန်း ၂၅၂ပြီး၏။

All Chapters