← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃) ပေးမလား မပေးဘူးလား

​နံနက်စောစော တောင်တန်းများကြားရှိ ဟောင်းနွမ်းနေသော တာအိုဘုရားကျောင်းတွင် မြူနှင်းများ လုံးဝမကင်းစင်သေးဘဲ လေထုထဲတွင် အမွှေးတိုင်နှင့် အပင်များ၏ အေးမြသော ရနံ့များ ပြည့်နှက်နေ၏။

​ဆရာသခင်ထိုက်ရွှီသည် ထုံးစံအတိုင်း ဘေးဘက်ခန်းမရှိ ဖျာကြမ်းပေါ်တွင် တရားထိုင်နေပြီး သူ၏ အသက်ရှူသံမှာ နက်ရှိုင်းကာ ရှည်လျားနေခဲ့သည်။

​လူငယ်တာအိုဘုန်းကြီးရွှမ်ချင်း က တံခါးဝသို့ ခြေဖျားထောက်ကာ လျှောက်သွားပြီး ခေါင်းတစ်ဝက်ခန့် ထုတ်ကြည့်ကာ သူ၏ ဆရာ၏ တည်ငြိမ်သော ကျောပြင်ကို ကြည့်ရင်း တိုးတိုးလေး ချောင်းဟန့်လိုက်၏။ "အဟမ်း... ဆရာ..."

​ဆရာသခင်ထိုက်ရွှီက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အနည်းငယ် ဆိုးသွမ်းသော သူ၏ တပည့်လေးကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်ခေသည်။ "ဘာကိစ္စလဲ"

​ရွှမ်ချင်းက အောက်ကျို့သော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး သူ၏ မျက်လုံးများက တောက်ပနေလေသည်။ "ဆရာ... တပည့်တော်က ဆရာ့အတွက် အံ့သြစရာလေးတစ်ခု ပြင်ဆင်ထားတယ်..."

​ဆရာသခင်ထိုက်ရွှီ၏ ဖြူယော်နေသော မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီး နားလည်မှုနှင့် အကူအညီမဲ့မှု ရောထွေးနေသော အမူအရာဖြင့် မေးလိုက်၏။ "အိုး... အခုရော ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ..."

​ဤတပည့်လေးသည် ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး သူ၏ အံ့သြစရာဆိုသည်မှာ များသောအားဖြင့် ထိတ်လန့်စရာသို့ ပြောင်းလဲသွားတတ်ပေသည်။

​"ဒါက တကယ့်ကို အံ့သြစရာပါ။ ကြီးမားတဲ့ အံ့သြစရာကြီးပါ..." ရွှမ်ချင်းက ယုံကြည်ချက်ရှိရှိ အာမခံရင်း လက်ကို အမြန်ဝှေ့ယမ်းပြလိုက်သော်လည်း သူ၏ အပြုံးမှာ ပို၍ လျှို့ဝှက်ဆန်းကြယ်လာချေသည်။ "အခုတော့ ကျွန်တော် ပြောပြလို့ မရသေးဘူး။ ကိုးနာရီကျရင် ဆရာ သိလိမ့်မယ်.."

​ဆရာသခင်ထိုက်ရွှီက သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ အံ့သြစရာကို သိပ်မမျှော်လင့်ထားကြောင်း သိသာလှပြီး ဆက်လက်မေးမြန်းရန်ပင် ပျင်းရိနေပုံရလေသည်။ သူက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်၏။ "ဘာမှမရှိရင်လည်း အိမ်ရှေ့ဝင်းထဲက သစ်ရွက်ကြွေတွေကို သွားလှည်းချေ။ ငါ့ရဲ့ တိတ်ဆိတ်မှုကို လာမနှောင့်ယှက်နဲ့..."

​"အိုး... ဟုတ်ကဲ့ပါ ဆရာ..." ရွှမ်ချင်းက လည်ပင်းကို ပုကာ ပြန်ဖြေလိုက်သော်လည်း သူ၏ ခြေလှမ်းများက ချက်ချင်းထွက်သွားရန် တွေဝေနေခဲ့သည်။ သူ၏ မျက်လုံးများက ခန်းမထဲရှိ နာရီအဟောင်းကြီးဆီသို့ အကြိမ်ကြိမ် ခိုးကြည့်နေပြီး စိတ်ထဲမှ အချိန်ကို တွက်ချက်ကာ တိတ်တဆိတ် မျှော်လင့်နေမိလေသည်။

​ကိုးနာရီဆိုတာ ခဏလေး လိုတော့တာ။

​နာရီက ကိုးနာရီတိတိကို ထိုးလိုက်သည်နှင့် ခန်းမအပြင်ဘက်တွင် ဟိုဟိုဒီဒီ ကြည့်ကာ တံမြက်စည်းလှည်းချင်ယောင်ဆောင်နေသော လူငယ်တာအိုဘုန်းကြီး ရွှမ်ချင်းသည် တံမြက်စည်းကို ချက်ချင်းပစ်ချကာ ပင်မခန်းမအဝင်ဝသို့ အပြေးအလွှား သွားလိုက်ပြီး အထဲသို့ မျက်လုံးပြူးကာ ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေချေသည်။

​ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

​ပင်မခန်းမ ခေါင်မိုးအထက်မှ သတိပေးချက်မရှိဘဲ လေထုထဲမှ စင်ကြယ်ဖြူဖွေးပြီး မျက်စိမကျိန်းစေသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာ၏။ ၎င်းက အုတ်ကြွပ်များနှင့် ဒိုင်းများကို ထိုးဖောက်သွားသကဲ့သို့ တိကျစွာ ကျဆင်းလာပြီး ဖျာကြမ်းပေါ်တွင် တရားထိုင်နေသော ဆရာသခင် ထိုက်ရွှီ ကို ချက်ချင်း ဖုံးလွှမ်းသွားချေသည်။

​အလင်းတန်းပေါ်လာသည့် အခိုက်အတန့်တွင် ဆရာသခင်ထိုက်ရွှီသည် တစ်ခုခုကို ခံစားမိပုံရပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သော သူ၏ မျက်လုံးများတွင် ရှားရှားပါးပါး အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

​သူ့ကို လွှမ်းခြုံထားသော နွေးထွေးပြီး ထူးဆန်းသည့် အလင်းရောင်ကို အလိုအလျောက် မော့ကြည့်လိုက်ရာ မျက်မှောင် အနည်းငယ်ကြုတ်သွားပြီး ဤရုတ်တရက်ဖြစ်စဉ်၏ အကြောင်းရင်းကို ရှာဖွေရန် ကြိုးစားသည့်အလား ညာဘက်လက်ချောင်းများကို မသိမသာ မြှောက်လိုက်မိ၏။

​သူ၏ လက်ချောင်းထိပ်များ လှုပ်ရှားတော့မည့် အချိန်မှာပင် သူ့နောက်ဘက် ခန်းမအဝင်ဝမှ တပည့်လေး၏ ရှင်းလင်းပြတ်သားပြီး အနည်းငယ် ဆိုးသွမ်းသော အသံ ထွက်ပေါ်လာလေသည်။

​"ဆရာ... ပျော်ပျော်ပါးပါး ခရီးသွားခဲ့ပါ..."

​ထိုအသံကို ကြားသည်နှင့် ဆရာသခင် ထိုက်ရွှီက ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ တံခါးဝမှ ချောင်းကြည့်ကာ ပြုံးဖြီးဖြီးလုပ်နေသော ငယ်ထိပ်တက်နင်းသည့် တပည့်ဆီသို့ သူ၏ အကြည့်များက လျှပ်စီးကဲ့သို့ စူးစိုက်သွားခဲါသည်။ "ရွှမ်ချင်း... မင်း..." ဟု အပြစ်တင်ရန် ပါးစပ်ဟလိုက်လေသည်။

​သို့သော် သူ၏ စကားမဆုံးမီမှာပင် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော အဖြူရောင်အလင်းတန်းက ရုတ်တရက် အလွန် ပြင်းထန်လာပြီး သူ၏ မပြီးပြတ်သေးသော စကားများနှင့် ပုံရိပ်ကို လုံးဝ လွှမ်းခြုံဝါးမျိုသွားလေသည်။

​နောက်တစ်စက္ကန့်တွင် အဖြူရောင် အလင်းတန်းသည် အထဲရှိ တာအိုဆရာသခင်ထိုက်ရွှီ နှင့်အတူ ရေငွေ့ကဲ့သို့ အငွေ့ပျံသွားပြီး အရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့သည်။

​ဟာလာဟင်းလင်းဖြစ်နေသော ခန်းမထဲတွင် အထီးကျန် ဖျာကြမ်းလေးနှင့် လွင့်ပျံနေသော စန္ဒကူး အမွှေးတိုင်ငွေ့များသာ ကျန်ရစ်တော့၏။

​လူငယ်တာအိုဘုန်းကြီးရွှမ်ချင်းက သူ၏ ဆရာ ပျောက်ကွယ်သွားသော နေရာကို ကြည့်ပြီး ရယ်မောလိုက်၏။ "ဆရာ... တပည့်တော်က တကယ့်ကို တော်တာပဲ။ ဒီလို တစ်သက်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးမျိုးကို ပေးတာ။ ဆရာ ပြန်လာရင် ကျွန်တော့်ကို ထပ်ရိုက်လို့ မရတော့ဘူးနော်..."

​ဟန်ကျိုးမြို့ ယွင်ရှန်ရှဲ့ ဗီလာရပ်ကွက်...

​ကျယ်ဝန်းပြီး လင်းထိန်နေသော ဧည့်ခန်းထဲတွင် လေထုက အနည်းငယ် တင်းမာနေလေသည်။

​ကျန်းဟွိုင်မင်သည် သူ၏ ကော်လာကို ဆွဲဆန့်လိုက်ပြီး ဆိုဖာပေါ်တွင် အတင်းအကျပ် တည်ငြိမ်စွာ ထိုင်နေကာ ကိုးနာရီကို မျှော်လင့်ချက်ဖြင့် နံရံကပ်နာရီဆီသို့ တစ်ချက်တစ်ချက် ကြည့်နေခဲ့သည်။

​သို့သော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင် ထင်ရှားသော နာကြည်းမှု အကြည့်သုံးခုက သူ့အပေါ် ကျရောက်နေချေသည်။

​သူ၏ သား ကျန်းလွေ့၊ သမီးအငယ်ဆုံး ကျန်းယာနှင့် နုပျိုလှပသော သူ၏ ဇနီးတို့က သူ၏ မျက်နှာချင်းဆိုင်တွင် ယှဉ်ထိုင်နေကြပြီး သူ့ကို တူညီသော မုန်းတီးမှုများဖြင့် စူးစိုက်ကြည့်နေခဲ့ကြသည်။

​ကျန်းဟွိုင်မင်သည် သူတို့၏ အကြည့်အောက်တွင် အနေရခက်လာလေသည်။ သူက ချောင်းဟန့်လိုက်ပြီး ရှင်းပြရန် ကြိုးစားလိုက်၏။ "အမ်း... နောက်တစ်ခါ... နောက်တစ်ခါ အခွင့်အရေးရှိရင် မင်းတို့အားလုံးအတွက် နေရာတစ်နေရာ ရအောင် သေချာပေါက် ရှာပေးမယ်... သေချာပေါက်ပါပဲ"

​"နောက်တစ်ခါနဲ့ နောက်တစ်ခါ ထပ်ပြီးတော့လား..."

​ကျန်းလွေ့က အရင်ဆုံး စတင်တိုက်ခိုက်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ သူ၏ ရှင်းလင်းသော အသံတွင် နာကြည်းမှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။

​"အဖေက ကျွန်တော့်ကို အပြင်ထွက်ပြီး ကမ္ဘာကြီးကို ကြည့်ဖို့... မျက်စိဖွင့် နားဖွင့်ထားဖို့ အမြဲပြောနေတာလေ။ အခု တကယ့်ကမ္ဘာကြီးကို ကြည့်ဖို့ တစ်သက်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးလည်း ရရော.... အဖေက အဖေ့အတွက်ပဲ တိတ်တဆိတ် နေရာယူလိုက်ပြီး ကျွန်တော့်ကို မပေးဘူး.."

​ကျန်းဟွိုင်မင်၏ မျက်နှာတွင် တောင်းပန်မှု အရိပ်အယောင် ပေါ်လာပြီး သူ၏ အကြည့်များက ခဏတာလှုပ်ရှားသွားကာ နောက်ဆုံးတွင် သူ၏ သမီးငယ်လေးအပေါ် အပြစ်ပုံချလိုက်ပြီး သူ၏ လေသံမှာ ချစ်ခင်မှုနှင့် အပြစ်ရှိမှုတို့ ရောထွေးနေလေသည်။

​"ရှောင်လွေ့... အဖေက မင်းကို မပေးချင်လို့ မဟုတ်ပါဘူး။ ကြည့်လေ... နေရာက တစ်နေရာတည်း ရှိတာ။ မင်းကို ပေးလိုက်ရင် မင်းညီမလေးက ဘယ်လိုလုပ်မလဲ။ သူ သေချာပေါက် စိတ်ဆိုးမှာပေါ့။ အဖေက မင်းနဲ့ မင်းညီမလေးကြားက သဟဇာတဖြစ်မှုကို ထိန်းသိမ်းချင်လို့သာ ဒီလိုလုပ်ရတာပါ... အဖေ့မှာလည်း တခြား ရွေးချယ်စရာ မရှိလို့ပါ။"

​စကားပြောနေရင်း သူက အဖေသမီးကို အချစ်ဆုံးပါဟူသော အကြည့်မျိုးဖြင့် သမီးဖြစ်သူကို ကြည့်ရန်ပင် ကြိုးစားလိုက်လေသည်။

​ကံမကောင်းစွာဖြင့် သမီးအငယ်ဆုံး ကျန်းယာက လုံးဝ လက်မခံဘဲ နှုတ်ခမ်းဆူလိုက်၏။ "ဟွန့်... အဖေ လိမ်နေတာ။ အဖေ ကိုယ်တိုင်သွားချင်လို့ လုပ်တာ သိသာကြီးကို..."

​ကျန်းဟွိုင်မင်၏ ဇနီးသည်ကလည်း သူ၏ ဆင်ခြေကို ရက်စက်စွာ ဖော်ထုတ်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် အပြစ်တင်မှုများ ပြည့်နှက်နေလေသည်။ "ကျွန်မကရော... ကျန်းဟွိုင်မင်... ကျွန်မကို နေရာပေးဖို့ကျတော့ ရှင် ဘာလို့ မတွေးတာလဲ။ ကျွန်မကိုလည်း အချိန်ခရီးသွားတာ ဘယ်လိုမျိုးလဲဆိုတာ ခံစားခွင့်ပေးလေ..."

​"ရှင် ချင်မင်းဆက်ကို တစ်ခေါက် ရောက်ဖူးနေပြီပဲ.... ဘာလို့ မတင်းတိမ်သေးတာလဲ။ ဒီတစ်ခါ ကျွန်မတို့ သုံးယောက်ကို ဘာလို့ အခွင့်အရေး မပေးနိုင်ရတာလဲ...."

​သူတို့သုံးဦးသည် တစ်ကိုယ်ကောင်းဆန်သော အဖိုးကြီးကို ဒေါသတကြီး စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှ နာကြည်းမှုများ လျှံကျလုမတတ်ပင်။

​ကျန်းဟွိုင်မင်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာခဲ့သည်။ သူက ထပ်တလဲလဲ အာမခံရုံသာ တတ်နိုင်တော့၏။ "နောက်တစ်ခါ နောက်တစ်ခါ သေချာပေါက် ပေးမယ်။ အဓိကက ညွှန်ကြားရေးမှူးကျန်းက အရမ်း တင်းကျပ်လို့ပါ။ နေရာတွေ သတ်မှတ်ပြီးတာနဲ့ ပြောင်းလို့ မရတော့ဘူး။ တကယ်ပြောတာပါ... ပြောင်းလို့ရရင် မင်းတို့ကို သေချာပေါက် ပေးမှာပေါ့.... ငါ ကျိန်ရဲတယ်။"

​သူက ငါလည်း မတတ်နိုင်ဘူးဆိုသည့် အမူအရာမျိုး လုပ်ပြလိုက်၏။

​သို့သော်လည်း သူ၏ အကျင့်စရိုက်ကို ကောင်းစွာ သိနေကြသော ဇနီးနှင့် သားသမီးသုံးဦးက ထိုစကားများကို တစ်ခွန်းမှ မယုံကြည်ကြချေ။

​ဤမိသားစု ဝေဖန်ရေး အစည်းအဝေးကျင်းပနေစဉ် နံရံကပ်နာရီက နောက်ဆုံးတွင် တိုးညင်းစွာ မြည်လာပြီး လက်တံများက ကိုးနာရီတိတိကို ညွှန်ပြနေခဲ့သည်။

​တစ်ချိန်တည်းလိုလိုမှာပင် မျက်နှာကြက်ပေါ်မှ သတိပေးချက်မရှိဘဲ နူးညံ့ပြီး စင်ကြယ်သော အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းလာကာ ကျန်းဟွိုင်မင်ကို တိကျစွာ ဖုံးလွှမ်းသွား၏။

​"အိုး... အချိန်ပြည့်ပြီပဲ..." ကျန်းဟွိုင်မင်က လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်း မတ်တပ်ရပ်လိုက်၏။

​ရှင်က ကိုယ့်ဘာသာ ပျော်ဖို့အတွက် ကျွန်မတို့ကို ပစ်ထားခဲ့တာပဲဟု ပြောနေသည့်အလား ပိုမို နာကြည်းပြီး စွပ်စွဲနေသော ဇနီးနှင့် သားသမီးများ၏ အကြည့်များကြားတွင် အဖြူရောင်အလင်းတန်းက ပိုမို ပြင်းထန်လာပြီး ကျန်းဟွိုင်မင်၏ ပုံရိပ်က စတင် ဝေဝါးကာ ပွင့်လင်းမြင်သာလာလေသည်။

​သူ လုံးဝပျောက်ကွယ်မသွားမီ နောက်ဆုံးစက္ကန့်တွင် ကျန်းဟွိုင်မင်သည် ထူးဆန်းသော ပို့ဆောင်မှု လုပ်ငန်းစဉ်ကို ခံစားလိုက်ရပြီး စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

​ဝိုး... လေထဲမှာ ပျောက်ကွယ်သွားတဲ့ အဲဒီမိုက်တဲ့ ခံစားချက်ကို နောက်ဆုံးတော့ ငါ ခံစားလိုက်ရပြီ။

​ဟားဟား... တန်သွားပြီဟေ့။

​ထိုအတွေး သူ၏ စိတ်ထဲသို့ ဝင်လာသည့် အခိုက်အတန့်တွင် သူသည် ဧည့်ခန်းထဲမှ လုံးဝ ပျောက်ကွယ်သွားပြီး မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် အချင်းချင်း နားမလည်နိုင်စွာ ကြည့်နေကြသော မိသားစုဝင်သုံးဦးသာ ကျန်ရစ်ခဲ့ကာ နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်ကြတော့သည်။

​"ဟွန့်..." ကျန်းလွေ့က လက်ပိုက်ကာ ဒေါသတကြီး ခေါင်းလှည့်သွား၏။

​"အဖေဆိုးကြီး..." ကျန်းယာကလည်း ခြေဆောင့်လိုက်လေသည်။

​ဇနီးသည်က ခေါင်းခါပြီး ဖုန်းကို ကောက်ကိုင်လိုက်၏။ "ထားလိုက်တော့... မျက်စိနောက် သက်သာတာပေါ့။ သမီးတို့ရေ... ဒီနေ့ အားကြလား။ သူ့ကတ်ကို ယူပြီး ဈေးဝယ်ထွက်ကြရအောင်လေ..."

အခန်း ၂၅၃ပြီး၏။

All Chapters