အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄) အချိန်ခရီးသွားကားပေါ်မှ ပြန်လည်ဆုံဆည်းခြင်း
နယူးယောက်မြို့ မန်ဟက်တန်ရှိ စားသောက်ဆိုင်ကောင်း တစ်ဆိုင်တွင်။
ကယ်ဗင်သည် သူ၏ အမဲသားကင်ကို လှီးဖြတ်ရင်း သူ၏ မျက်နှာချင်းဆိုင်တွင် ဖုန်းကို စူးစိုက်ကြည့်နေသော သူ၏ တရုတ်လူမျိုး ချစ်သူရွှီလီကို မော့ကြည့်လိုက်၏။
"အချစ်... ဘာတွေများ ဒီလောက်တောင် စူးစိုက်ကြည့်နေတာလဲ။ အရသာရှိတဲ့ အစားအစာတွေ စားဖို့တောင် မေ့နေပြီ.."
ရွှီလီက ခေါင်းတောင်မမော့ဘဲ သူမ၏ လက်ချောင်းများက မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။
"အရင်က ကိုယ့်ကို ပြောဖူးတဲ့ အံ့သြစရာကောင်းတဲ့ အချိန်ခရီးသွား ခရီးစဉ်လေ။ လက်မှတ်တွေ မကြာခင် ရောင်းထွက်သွားတော့မှာမို့လို့ ပြင်ဆင်နေရတာ...."
၎င်းကို ကြားသောအခါ ကယ်ဗင်က မတတ်နိုင်သည့်အလား မင်းထပ်စပြန်ပြီဟူသော အပြုံးမျိုး ပြုံးလိုက်ပြီး ဓားနှင့် ခက်ရင်းကို ချလိုက်၏။ "လီလီ... ကိုယ် မင်းကို အကြိမ်ကြိမ် ပြောပြီးပြီလေ။ ဒါက သေချာပေါက် အတုပဲ... အထူးပြုလုပ်ချက်တွေ ဒါမှမဟုတ် ငွေအများကြီးသုံးထားတဲ့ ရီယယ်လတီရှိုး တစ်ခုခုဖြစ်မှာပေါ့။ ဘာလို့ တကယ်ယုံနေရတာလဲ..."
"အကယ်၍ အစစ်ဖြစ်နေရင်ရော..." ရွှီလီက နောက်ဆုံးတွင် ခေါင်းမော့လာပြီး သူမ၏ မျက်လုံးများက တောက်ပနေခဲ့သည်။ "ကျွန်မရဲ့ အတန်းဖော်တွေနဲ့ အိမ်က မိသားစုဝင်တွေ အများကြီးက အဲဒီအကြောင်း ပြောနေကြတာ... သူတို့က တော်တော်လေး အသေးစိတ် ပြောပြကြတယ်။ ဘာပဲဖြစ်ဖြစ် လုရတာ အလကားပဲလေ။ ကျွန်မတို့ တစ်နေရာ ရလိုက်လို့ တကယ်လည်း အစစ်ဖြစ်နေရင် ကျွန်မတို့ ကြီးပွားပြီ မဟုတ်ဘူးလား..."
စကားပြောနေရင်း သူမက ဖုန်းကို ကယ်ဗင်ဘက်သို့ တွန်းပို့လိုက်၏။ "မြန်မြန်... တရုတ်ဗားရှင်း တိုရင်ကို ဝင်... ရှင့်အကောင့်ကို ဝင်ပြီး ကျွန်မကို ကူလုပေး။ အကောင့်များလေ အခွင့်အရေး ပိုများလေပဲ...."
"အိုး... လာပါ...." ကယ်ဗင်သည် တရုတ်ဗားရှင်းတိုရင်အကောင့်တစ်ခု ရှိသော်လည်း သူ့အတွက် ရူးမိုက်သည်ဟု ထင်ရသည့် အရာတစ်ခုကို လုပ်ရန် သိသိသာသာ ဆန္ဒမရှိခေေ။
ရွှီလီက ချက်ချင်း မျက်နှာထား တင်းမာသွားပြီး သူမ၏ လှပသော မျက်ခုံးများ စုကျုံ့သွားကာ သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်၏။
ကယ်ဗင်က ချက်ချင်း လက်မြှောက်ကာ အရှုံးပေးလိုက်ရသည်။ "အိုကေ... အိုကေ... ကိုယ် လုပေးမယ်... လုပေးမယ် ဟုတ်ပြီလား"
(NT-စော်ကြောက်ကောင်.....တစ်ချို့ကတော့ ချစ်တယ်လို့ ပြောကြမှာပေါ့....)
ဒီလို ကိစ္စသေးသေးလေးအတွက် သူ၏ ချစ်သူကို စိတ်မခုစေချင်ချေ။
သူက ဖုန်းထဲမှ တိုရင်အက်ပလီကေးရှင်းကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ရွှီလီ၏ လမ်းညွှန်မှုအောက်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ ပင်မစာမျက်နှာကို ရှာတွေ့ကာ လျှပ်တစ်ပြက် အရောင်းအတွက် အချိန်ရေတွက်နေသော စာမျက်နှာကို နှိပ်လိုက်၏။
"ဆယ်စက္ကန့်ပဲ လိုတော့တယ်။ အသင့်ပြင်ထား..." ရွှီလီက သူမ၏ ဖုန်းမျက်နှာပြင်ကို စိုးရိမ်တကြီး စိုက်ကြည့်ရင်း ရေရွတ်နေခဲ့သည်။ "ကိုး... ရှစ်... ခုနစ်..."
ကယ်ဗင်သည် မျက်နှာပြင်ပေါ်ရှိ ချဲ့ကားထားသော စကားလုံးများဖြစ်သည့် အချိန်ခရီးသွားခြင်း နှင့် ရှေးဟောင်း ယဉ်ကျေးမှု ခြောက်ရက်တာ ခရီးစဉ်အပြင် ယွမ် ၅၀,၀၀၀ အထိရှိသော လက်မှတ်ဈေးနှုန်းတို့ကို ကြည့်လိုက်၏။ သူသည် သံသယများ ပြည့်နှက်နေဆဲဖြစ်သော်လည်း အခုဝယ်မည် ခလုတ်ပေါ်တွင် သူ၏ လက်ချောင်းကို ရွယ်ထားကာ ပူးပေါင်းပါဝင်နေဆဲပင်။
"သုံး... နှစ်... တစ်... နှိပ်"
ရွှီလီ၏ အမိန့်နှင့်အတူ သူတို့နှစ်ဦးဟာ မျက်နှာပြင်ကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ကြ၏။
ကယ်ဗင်သည် သူ၏ ဖုန်းမျက်နှာပြင် ခဏတာ ရပ်တန့်သွားသည်ကို ခံစားလိုက်ရပြီးနောက် ဧရာမ ရွှေရောင် အသိပေးချက်တစ်ခု ထွက်ပေါ်လာခေေသည်။
[ဂုဏ်ယူပါတယ်။ လူကြီးမင်း၏ ဝယ်ယူမှု အောင်မြင်ပါသည်]
"ဘာတွေ..." ကယ်ဗင် ကြက်သေသေသွားပြီး သူ၏ ချစ်သူကို အလိုအလျောက် မော့ကြည့်လိုက်၏။ "အချစ်... ကိုယ်... ကိုယ် ရလိုက်ပြီလား..."
ရွှီလီ ရုတ်တရက် ခေါင်းမော့လာပြီး သူမ စကားပင် မပြောနိုင်သေးမီ မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုအချိန်၌ စင်ကြယ်ဖြူဖွေးပြီး မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခုက မျက်နှာကြက်ကို ဖောက်ထွင်းကာ သတိပေးချက်မရှိဘဲ ရုတ်တရက် ကျဆင်းလာပြီး ကယ်ဗင်ကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။
"ဘုရားရေ..." ဟု ကယ်ဗင် အော်ဟစ်ချိန်သာ ရလိုက်ပြီး ရွှီလီနှင့် ပတ်ဝန်းကျင်ရှိ စားသောက်နေသူများ၏ ထိတ်လန့်တကြား အကြည့်များရှေ့တွင် သူဟာ ဝေဝါးကာ ပွင့်လင်းမြင်သာဖြစ်သွားခဲ့သည်။
စားသောက်ဆိုင်အတွင်းရှိ အခြား စားသောက်နေသူများက ရုတ်တရက် ထွက်ပေါ်လာသော တောက်ပသည့် အလင်းရောင်ကြောင့် အာရုံစိုက်မိသွားပြီး အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြ၏။
နောက်တစ်စက္ကန့်တွင် သူတို့ ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်သည့် မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့လိုက်ရလေသည်။
ပြတင်းပေါက်ဘေးတွင် ထိုင်နေသော လူငယ်လေးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် အလင်းတန်းထဲတွင် ခဲဖျက်နှင့် ဖျက်ခံလိုက်ရသည့်အလား လေထဲတွင် အရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့သည်။
သူထိုင်ခဲ့သော ကုလားထိုင်မှာ ယခုအခါ ဟာလာဟင်းလင်း ဖြစ်နေ၏။
စားသောက်ဆိုင်တစ်ခုလုံး ခဏတာ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်သွားပြီးနောက် အသက်ရှူမှားသံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
"ဘုရားရေ..."
"အခုလေးတင် ဘာဖြစ်သွားတာလဲ...."
"ခင်ဗျားတို့ မြင်လိုက်လား။ သူ ပျောက်သွားပြီ.... ဒီလိုပဲ ပျောက်ကွယ်သွားတာ"
ရွှီလီသည် သူမ၏ မျက်နှာချင်းဆိုင်ရှိ လွတ်နေသော ခုံကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး သူမ၏ ဖုန်းက စားပွဲပေါ်သို့ ဘုတ် ခနဲ ပြုတ်ကျသွား၏။
ထိုအခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ အတွေးတစ်ချက်တည်းသာ ရူးသွပ်စွာ ပဲ့တင်ထပ်နေချေသည်။
'ဒါ တကယ်ကြီးပဲ...'
'ဒါပေမဲ့... ကျစ်... ငါ မရလိုက်ဘူး...'
တစ်ချိန်တည်းမှာပင် ကျန်းယဲ့သည် သူ၏ အိမ်မှ ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ရင်းနှီးနေသော ငွေဖြူရောင် အချိန်ခရီးသွားကားအတွင်း၌ တည်ငြိမ်စွာ ပေါ်လာခဲ့သည်။
ကားအတွင်းရှိ လင်းထိန်နေသော မီးရောင်များက အပြင်ဘက် အချိန်ဥမင်လိုဏ်ခေါင်း၏ ထာဝရ ဟာလာဟင်းလင်း အမှောင်ထုနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သူ့ကို လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်း မှေးမှိန်သွားသည်နှင့် တစ်ပြိုင်နက် ကားအတွင်းရှိ ကွဲပြားသော ခုံများပေါ်တွင် နူးညံ့သော အဖြူရောင် အလင်းတန်း သုံးဆယ်က တစ်ချိန်တည်းလိုလို လင်းလက်လာကြသည်။
အလင်းရောင်များ မှေးမှိန်သွားချိန်တွင် ရင်းနှီးသော မျက်နှာများနှင့် မရင်းနှီးသော မျက်နှာများ မြင်ကွင်းထဲသို့ ရောက်လာ၏။
"ဘုရားရေ... ဘုရားရေ... ဘာတွေလဲဟ..."
ကယ်ဗင် ပေါ်လာပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ သူ၏ အပြာရောင် မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေခဲ့သည်။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အရှေ့အာရှနွယ်ဖွား အများစုပါဝင်သော စိတ်လှုပ်ရှားနေသည့် မျက်နှာများကို မြင်လိုက်ရ၏။ သူ၏ "ဘုရားရေ" ဆိုသည့် အသံက တဖြည်းဖြည်း တီးတိုးရေရွတ်သံအဖြစ် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးတွင် သူ၏ အကြည့်များက ကားရှေ့ခန်း၌ တည်ငြိမ်အေးဆေးစွာ ရပ်နေသော ကျန်းယဲ့ ထံတွင် ရပ်တန့်သွား၏။
ကျန်းယဲ့သည် ဤအထူးခရီးသွားကို သဘာဝကျကျ သတိပြုမိသွားပြီး သူ့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ကာ သူ၏ အာရုံကို ဖမ်းစားထားသော ဒုတိယမြောက် လူဆီသို့ အကြည့်လွှဲလိုက်ခေသည်။
ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုဘုန်းကြီးထိုက်ရွှီသည် လောကီနှင့် ကင်းကွာနေသော ကျက်သရေရှိသည့် အငွေ့အသက်ကို ဖြာထွက်နေခဲ့သည်။
ကျန်းယဲ့သည် သူ့ထံမှ သာမန်လူများနှင့် ကွဲပြားသော တည်ငြိမ်မှုနှင့် သံသရာမှ လွတ်မြောက်နေသည့် အစစ်အမှန် ရသေ့တစ်ပါးကဲ့သို့သော အငွေ့အသက်ကို ခံစားမိလိုက်၏။
ထိုအချိန်တွင် ဆရာသခင်ထိုက်ရွှီသည် လုံးဝ စိမ်းသက်နေသော ဤပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်နေချေသည်။
သူ၏ အကြည့်များက ကားပြတင်းပေါက် အပြင်ဘက်ရှိ အဆုံးအစမရှိ နက်ရှိုင်းလှသော အမှောင်ထုဆီသို့ ကျရောက်သွားပြီး သူ၏ အိုမင်းနေသော မျက်လုံးများတွင် မသိမသာ တုန်လှုပ်မှုတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
သူသည် ကားအတွင်းကို ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်ရာ သူ၏ ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားနေပြီး ရင်းနှီးနေပုံရသော မျက်နှာများကို မြင်တွေ့လိုက်ရ၏။ သူနှင့် ထိတ်လန့်နေသော နိုင်ငံခြားသားမှလွဲ၍ ကျန်သူများမှာ ဇဝေဇဝါ ဖြစ်မနေကြောင်း သူ သဘောပေါက်လိုက်လေသည်။
နောက်ဆုံးတွင် သူသည် သူ၏ ရှေ့တည့်တည့်ရှိ တည်ငြိမ်နေသော လူငယ်လေးထံသို့ စူးစမ်းလိုသော အကြည့်ဖြင့် လှည့်ကြည့်လိုက်ပြန်သည်။
"ဟားဟား... ရှောင်ယဲ့.... နောက်ဆုံးတော့ မင်းနဲ့ အတူတူ ပြန်ပြီး ခရီးသွားခွင့် ရပြီဟေ့..." ကားအတွင်းကို စိတ်လှုပ်ရှားစွာ ဝေ့ကြည့်ရင်း ကျန်းဟွိုင်မင်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာခဲ့သည်။ "ငါ နောက်ဆုံးတော့ ဒီဒဏ္ဍာရီလာအချိန်ခရီးသွားကားကို စီးရပြီပေါ့... "
ခရီးသွားအသစ်ကျန်ရွှမ်သည် ဆယ်ယောက်ထက် သိသိသာသာ ပိုများနေသော လူအုပ်ကြီးကို စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်သို့ ဝေ့ကြည့်ကာ မမေးဘဲ မနေနိုင်တော့ချေ။ "ဟင်... နေရာဆယ်ခုတည်း မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် လူတွေ အများကြီး ဖြစ်နေတာလဲ..."
ဘေးတွင် ရပ်နေသော ကောရွှိုက်က ပြုံးကာ ရှင်းပြလိုက်၏။ "ဒါက သစ္စာရှိဖောက်သည်ဟောင်းတွေအတွက် အကျိုးခံစားခွင့်လေ။ ကျန်တဲ့ နေရာနှစ်ဆယ်ကို ညွှန်ကြားရေးမှူးကျန်းက ကျွန်တော်တို့အတွက် သီးသန့် ချန်ထားပေးတာ။ ဒီခရီးစဉ်ပြီးသွားရင် ခင်ဗျားတို့လည်း ပုံမှန်ဖောက်သည်တွေ ဖြစ်သွားပြီဆိုတော့ နောင်မှာ အလားတူအတွင်းပိုင်း အကျိုးခံစားခွင့် အခွင့်အရေးတွေ ရနိုင်ပါတယ်..."
၎င်းကို ကြားသောအခါ ခရီးသွားအသစ်များအားလုံး ဝမ်းသာအံ့သြသွားကြပြီး အံ့သြစရာက ရုတ်တရက် ရောက်လာကြောင်း အော်ဟစ်လိုက်ကြ၏။
ထိုအချိန်တွင် ကျန်းယဲ့က လူတိုင်း၏ အာရုံကို ဆွဲဆောင်ရန် လက်ခုပ်တီးလိုက်လေသည်။
"မင်္ဂလာပါ အားလုံးပဲ... ကျွန်တော်ကတော့ ဒီ ရှေးဟောင်း ယဉ်ကျေးမှုအချိန်ခရီးသွားခြင်း - ခြောက်ရက်တာ အထင်ကရနေရာများ ခရီးစဉ်အတွက် ခင်ဗျားတို့ရဲ့ ဧည့်လမ်းညွှန်ကျန်းယဲ့ ဖြစ်ပါတယ်..."
သူက အပြုံးဖျော့ဖျော့လေး ပြုံးထားခဲ့သည်။ "နောက်လာမယ့် ခြောက်ရက်အတွင်းမှာ ကျွန်တော်တို့ အတူတကွ မတူညီတဲ့ ခေတ်ကာလသုံးခုကို ဖြတ်သန်းသွားလာကြပါမယ်။ ထုံးစံအတိုင်းပဲ... ခရီးမစခင် အချင်းချင်း မိတ်ဆက်ကြတာပေါ့။ အဖွဲ့ဝင်အသစ်ကနေ စလိုက်ကြရအောင်...."
အခန်း ၂၅၄ပြီး၏။