အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅) ကြီးမြတ်တဲ့ ချင်မင်းဆက်... ငါ ပြန်ရောက်လာပြီ
ချောမောပြီး ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက်က ယုံကြည်မှုရှိပြီး သဘာဝကျကျ အရင်ဆုံး စကားပြောလိုက်၏။ "မင်္ဂလာပါ အားလုံးပဲ... ကျွန်မ နာမည်လင်းရှင်းယွီပါ... ကျွန်မက သတင်းထောက်တစ်ယောက်ပါ..."
သူမဘေးတွင် ထိုင်နေသော ကောင်မလေးတစ်ယောက်က အနည်းငယ် ရှက်နေပုံရလေသည်။ "မ... မင်္ဂလာပါ အားလုံးပဲ... ကျွန်မ နာမည် လီကျားကျားပါ... ကျွန်မက တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ..."
"တက္ကသိုလ်ကျောင်းသူလား..." ခရီးသွားအသစ် ကျန်ရွှမ်က လီကျားကျားကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်၏။ "ခရီးသွားစရိတ် ယွမ် ၅၀,၀၀၀ တောင်..... ညီလေး... မင်းမှာ နေထိုင်စရိတ်တွေ အများကြီး ရှိတာပဲ.."
လီကျားကျားက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ရုတ်တရက် ရဲတင်းစွာဖြင့် မျက်လုံးများ တောက်ပကာ ကျန်းယဲ့ ကို ကြည့်လိုက်၏။ "ညွှန်ကြားရေးမှူးကျန်း... ကျွန်မမှာ မေးစရာတစ်ခု ရှိတယ်။ ကျွန်မတို့... ကြီးမြတ်တဲ့ ကျူးလုံရဲ့ လက်ကို ထိခွင့်ရနိုင်မလား..."
ထိုသို့ပြောလိုက်သည်နှင့် ကားပေါ်ရှိ ခရီးသွားကိုးဆယ်ရာခိုင်နှုန်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး သူက မရဘူးဟု ပြောမည်ကို စိုးရိမ်ကာ အသက်အောင့်ပြီး ကျန်းယဲ့ ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
လူအုပ်ကြီး၏ မျှော်လင့်နေသော အကြည့်များကို ရင်ဆိုင်ရင်း ကျန်းယဲ့ က ပြုံးကာ ပြောလိုက်၏။ "အခွင့်အရေး ရှိမရှိဆိုတာကတော့ ချင်မင်းဆက်မှာ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပါတယ်။ အစ်ကိုကျန်းသာ ပျော်နေရင် အဆင်ပြေနိုင်တာပေါ့။ အစ်ကိုကျန်းသာ မပျော်ဘူးဆိုရင်တော့ သေချာပေါက် အခွင့်အရေး မရှိဘူးပေါ့..."
ခရီးသွားအသစ် မေ့ယွီရွှမ်က အလျင်စလို မေးလိုက်၏။ "ညွှန်ကြားရေးမှူးကျန်း... ကျွန်တော်တို့ရဲ့ အစ်ကိုကျန်းက ဘာကြိုက်လဲ။ သူ့အတွက် ဝယ်ပေးကြရအောင်..."
အခြားသူများကလည်း ဝင်ပြောကြပြီး ပထမဆုံး ဧကရာဇ်မင်းမြတ်အတွက် လက်ဆောင်တစ်ခုကို အများစုပေါင်းပြီး ဝယ်ပေးနိုင်ကြောင်း အကြံပြုလိုက်ကြသည်။
တရုတ်စကား နားလည်သော ကယ်ဗင်သည် သူတို့မည်မျှ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်ကို မြင်သောအခါ သတိထားပြီး လက်မြှောက်လိုက်၏။
ကျန်းယဲ့က ၎င်းကို သတိပြုမိပြီး မေးလိုက်လေသည်။ "ပြဿနာတစ်ခုခုရှိလို့လား နိုင်ငံခြားသား မိတ်ဆွေ..."
ကယ်ဗင်သည် အနည်းငယ် မယုံကြည်နိုင်သေးဘဲ သတိထားပြီး အတည်ပြုမေးလိုက်သည်။ "ကျွန်တော်တို့... ကျွန်တော်တို့ တကယ်ပဲ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာဆီကို အချိန်ခရီးသွားကြမှာလား... ဒါ အစစ်ပဲလား..."
ကျန်းယဲ့ မဖြေမီ ပုံမှန်ဖောက်သည်ဖြစ်သော ကျိုးကျွင်းက ပြုံးကာ ဖြတ်ပြောလိုက်၏။ "ညီလေး... မင်း ဒီ ကားပေါ် ရောက်နေပြီပဲ... ဘာကို မသေချာစရာ ရှိသေးလို့လဲ..."
"ဟုတ်တယ်လေ။ အဲဒါက ပုလဲတွေထက်တောင် ပိုစစ်မှန်သေးတယ်ကွ... " အခြား ပုံမှန်ဖောက်သည်များကလည်း ပြုံးကာ အာမခံကြ၏။
၎င်းကို ကြားသောအခါ ကယ်ဗင်၏ တောက်ပသော အပြာရောင် မျက်လုံးများ ပြူးကျယ်သွားပြီး "ဘုရားရေ" ဟု အကြိမ်ကြိမ် တီးတိုးရေရွတ်နေတော့သည်။
သူ၏ ချစ်သူပြောခဲ့သမျှအရာအားလုံးက အမှန်ဖြစ်နေလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ခဲ့ချေ။
ဒီကမ္ဘာပေါ်မှာ အချိန်ခရီးသွားခြင်းဆိုတာ တကယ် ရှိနေသည်လော။
ကျန်းယဲ့ အပေါ်ထားရှိသော သူ၏ အကြည့်များက ချက်ချင်းပင် မယုံနိုင်လောက်အောင် စိတ်အားထက်သန်လာပြီး သူ အော်ဟစ်လိုက်၏။ "ဒါ ယုံနိုင်စရာမရှိအောင် မိုက်တာပဲ..."
ကျန်းယဲ့က ပြုံးကာ စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ခေါ်လာခေသည်။ "ကောင်းပါပြီ အားလုံးပဲ... ကျွန်တော်တို့ရဲ့ မိတ်ဆက်ခြင်းကို ဆက်လုပ်ကြရအောင်။ ကျွန်တော်တို့ နောက်ခြောက်ရက်ကို အတူတူ ဖြတ်သန်းကြရမှာပါ..."
ထို့နောက် ခရီးသွားအသစ်များက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြသည်။ ကျန်ရွှမ်၊ လီလင်၊ ကောင်းကျွင်း၊ ကျူးဝမ်၊ မေ့ယွီရွှမ်၊ ရှီမော့၊ ကျန်းကျန်လင် နှင့် ကယ်ဗင်တို့ ဖြစ်သည်။
နောက်ဆုံးတွင် ဆရာသခင်ထိုက်ရွှီသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ တည်ငြိမ်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။ "ဒီနှိမ့်ချတဲ့ တာအိုဘုန်းကြီးက ထိုက်ရွှီပါ။"
အဖွဲ့ဝင်အသစ်များ မိတ်ဆက်ပြီးနောက် ပုံမှန် ဖောက်သည်များကလည်း သူတို့ကိုယ်သူတို့ အတိုချုံး မိတ်ဆက်ကြရာ ကားအတွင်းရှိ လေထုမှာ ပိုမို သဟဇာတဖြစ်ပြီး နွေးထွေးလာခဲ့သည်။
ရှန်းယန်နန်းတော်၏ အတွင်းပိုင်းတွင် ရင်းကျန့် သည် အစီရင်ခံစာများကို စစ်ဆေးရန် သူ၏ စားပွဲပေါ်တွင် ကုန်းနေခဲ့သည်။ ယခုအခါ သူ၏ဘေးတွင် စုပုံနေသည်များမှာ လေးလံသော ဝါးရွက်စာလိပ်များ မဟုတ်တော့ဘဲ ပေါ့ပါးပြီး သန့်ရှင်းသော စက္ကူရွက်များ ဖြစ်နေချေသည်။
သူ၏ သားစဉ်မြေးဆက်များ ထွက်ခွာသွားပြီးကတည်းက နန်းတော်လက်မှုပညာရှင်များကို စက္ကူထုတ်လုပ်ခြင်းပညာရပ်အား နေ့ရောညပါ လေ့လာရန် သူ အမိန့်ပေးခဲ့၏။ ယခုအခါ ၎င်းက သိသာထင်ရှားသော အတိုင်းအတာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းကြောင့် နန်းတော်၏ အုပ်ချုပ်ရေးကိစ္စများမှာ များစွာ ပိုမို မြန်ဆန်ထိရောက်လာခဲ့သည်။
ရင်းကျန့်သည် သူ၏ အနီရောင် စုတ်တံကို ချကာ ခေါင်းမော့ပြီး ဘေးတွင် ရပ်နေသော မိန်းမစိုးပေကို ကြည့်လိုက်၏။
(ကျောက်ကောင်းသည်တော့ အကြောင်းတစ်ခုခုကြောင့် အာဏာဆုံးရှုံးသွားပြီး ပို၍ အသေးစိတ်ကျကာ သတိထားတတ်သော မိန်းမစိုးပေဖြင့် အစားထိုးခံလိုက်ရလေသည်။)
ဒါက မကြာသေးမီက သူ၏ အကျင့်ပါနေသော လုပ်ရပ်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။
"မကြာသေးခင်က လျှို့ဝှက်ဆန်းကြယ်သံပြားနဲ့ ငါ့ကို လာတွေ့တဲ့သူ ရှိလား.." ရင်းကျန့်၏ အသံမှာ တည်ငြိမ်ပြီး နက်ရှိုင်းကာ စိတ်ခံစားမှုအနည်းငယ်မျှသာ ဖော်ပြနေပြီး သာမန်ကာလျှံကာ မေးလိုက်သကဲ့သို့ပင်။
မိန်းမစိုး ပေက ချက်ချင်း အရိုအသေပေးကာ လေးစားစွာ ဖြေလိုက်၏။ "အရှင်မင်းကြီး... မရှိပါဘူး..."
သူ တိတ်တဆိတ် သက်ပြင်းချလိုက်၏။
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း နေပူပူ မိုးရွာရွာ အရှင်မင်းကြီးက ဤမေးခွန်းကို ရက်အနည်းငယ်ကြာတိုင်း မပျက်မကွက် မေးလေ့ရှိပေသည်။
သူ၏ သားစဉ်မြေးဆက်ဖြစ်သော ကျန်းယဲ့ထံ ပေးသနားထားသည့် အနက်ရောင်သံပြားက ပင်လယ်ထဲ နစ်မြုပ်သွားသကဲ့သို့ အရိပ်အယောင်မရှိ ပျောက်ကွယ်သွားခဲ့ရသည်။
မြေကြီးပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ မရေမတွက်နိုင်သော အံ့ဖွယ်များနှင့် ဖြစ်နိုင်ခြေများကို ယူဆောင်လာပေးခဲ့သော ထိုလူငယ်လေးသည် ထိုခွဲခွာမှုအပြီးတွင် သမိုင်းရေစီးကြောင်းထဲ၌ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ဘယ်သောအခါမှ မတည်ရှိခဲ့သကဲ့သို့ပင်။
မိန်းမစိုး ပေသည် ခိုး၍ မော့ကြည့်ကာ အရှင်မင်းကြီး၏ အမူအရာကို တစ်ချက်ကြည့်လိုက်၏။
ဧကရာဇ်မင်းမြတ်၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး ဧကရာဇ်တစ်ပါး၏ ခမ်းနားထည်ဝါမှုကို ပြသနေဆဲဖြစ်ကာ စိတ်ပျက်မှု သို့မဟုတ် စိုးရိမ်ပူပန်မှု အရိပ်အယောင်မျှ မပြချေ။
သို့သော်လည်း သူ့ကို အချိန်ကြာမြင့်စွာ အလုပ်အကျွေးပြုခဲ့သော မိန်းမစိုး ပေသည် ကြီးကျယ်ခမ်းနားလှသော ဧကရာဇ်၏ ကိုယ်ထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အလွန်သိမ်မွေ့ပြီး ပုံမှန်ထက် ပိုမိုရှည်လျားသော တိတ်ဆိတ်မှုမှတစ်ဆင့် သိမ်မွေ့သော ဟာလာဟင်းလင်းဖြစ်မှုကို ခံစားမိနေခဲ့သည်။
အရှင်မင်းကြီး စောင့်နေပေသည်။
ဒါပေမဲ့ အခုအချိန်အထိ ဒီစောင့်ဆိုင်းမှုအတွက် တုံ့ပြန်မှု မရှိသေးချေ။
အချိန်ခရီးသွားကားပေါ်တွင် လင်ရူက ကျန်းယဲ့ကို ကြည့်ပြီး မေးလိုက်၏။ "ရှောင်ယဲ့... ဒီတစ်ခါ ကျွန်မတို့ ဘယ်အချိန်ကို သွားမှာလဲ။ ပြီးခဲ့တဲ့တစ်ခေါက် သွားခဲ့တဲ့အချိန်မတိုင်ခင် အချိန်တစ်ခုခုကို ရောက်သွားတာမျိုးတော့ မဟုတ်ဘူးမလား။ အဲဒါဆိုရင် နည်းနည်း ပြဿနာရှိမယ်..."
သူတို့ နောက်ဆုံးရောက်ခဲ့သည်မှာ ဘီစီ ၂၁၈ ခုနှစ်တွင် ဖြစ်သည်။ အကယ်၍ ယခုတစ်ကြိမ် ဘီစီ ၂၁၈ မတိုင်မီသို့ အချိန်ခရီးသွားခဲ့ပါက သူတို့ ပြဿနာကြီး တွေ့ပေလိမ့်မည်။
ဤမေးခွန်းက ကျန်းယဲ့ ကို အမှန်တကယ်ပင် ခက်ခဲစေလေသည်။
အစ်ကိုစနစ်က တကယ်ပဲ အသေးစိတ် မပြောပြခဲ့ချေ။
သို့သော် ကိစ္စမရှိပေ။ သူက စိတ်ထဲမှ စနစ်ကို ချက်ချင်း မေးလိုက်၏။
'အကိုစနစ်... တူညီတဲ့ကမ္ဘာရဲ့ အချိန်ဇယားမှာ နောက်ပိုင်း ခရီးစဉ်တွေက ပိုစောသွားနိုင်လား။ ဒီတစ်ခါ ကျွန်တော်တို့ အတိအကျ ဘယ်အချိန်ကို သွားမှာလဲ...'
[ဒင်... လက်ခံသူ... ကျေးဇူးပြုပြီး စိတ်ချပါ။ တူညီပြီး တည်ငြိမ်သောအတိုင်းအတာ ကမ္ဘာတစ်ခုအတွင်း နောက်ဆက်တွဲ အချိန်ခရီးသွားမည့် အမှတ်များက ယခင်က ဝင်ရောက်စွက်ဖက်ခဲ့သော မည်သည့်အမှတ်ထက်မျှ ပိုစောမည် မဟုတ်ပါ။ ဤသည်မှာ ကြိုတင်ခန့်မှန်း၍မရသော အချိန်နှင့် ဟင်းလင်းပြင် ရှုပ်ထွေးမှုများ မဖြစ်ပေါ်စေရန် ရှောင်ရှားခြင်း ဖြစ်ပါတယ်။]
[ဒီခရီးစဉ်အတွက် ပစ်မှတ်အချိန်မှာ ဘီစီ ၂၁၇ ဖြစ်ပါတယ်.... ]
ကျန်းယဲ့ နားလည်သွားပြီး စနစ်၏ စကားများကို လူတိုင်းအား ပြန်လည်ပြောပြလိုက်၏။ "တူညီတဲ့ ကမ္ဘာပါ။ နောက်ပိုင်းခရီးစဉ်တွေက အနာဂတ်ကိုပဲ ပိုသွားမှာပါ... ပိုစောသွားမှာ မဟုတ်ပါဘူး။ ဒီတစ်ခါ ကျွန်တော်တို့ သွားမယ့် အချိန်က ဘီစီ ၂၁၇ ပါ။"
ခရီးသွားအသစ်ကျန်ရွှမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။ "ညွှန်ကြားရေးမှူးကျန်း... ဘယ်တော့ ရောက်မှာလဲ.."
ကျန်းယဲ့က လက်ကိုမြှောက်ကာ အချိန်ဥမင်လိုဏ်ခေါင်းထဲ ရှေ့သို့ ညွှန်ပြလိုက်လေသည်။
မှေးမှိန်နေသော အဝေးတစ်နေရာတွင် သေးငယ်သော အဖြူရောင်အလင်းစက်လေးတစ်ခု တိတ်တဆိတ် ပေါ်လာခဲ့သည်။
"အဲဒီ အဖြူရောင်အစက်လေးကို မြင်လား..." ကျန်းယဲ့က ပြောလိုက်၏။ "အဲဒီ အလင်းစက်လေးဆီ ရောက်ရင် ကျွန်တော်တို့ရဲ့ ခရီးဆုံးပဲ..."
ထိုစကားကြောင့် လူတိုင်း၏ အာရုံစိုက်မှုက ကားရှေ့သို့ ချက်ချင်း ရောက်သွားကြသည်။
မူလက ဆန်စေ့အရွယ်အစားခန့်သာ ရှိသော သေးငယ်သည့် အလင်းစက်လေးက ယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာပြီး ၎င်းရှေ့ရှိ အမှောင်ထုအားလုံးကို မျိုချသွားသည့် ဧရာမလည်ပတ်နေသော အဖြူရောင် အလင်းပေါက်ကြီးတစ်ခု ဖြစ်လာလေသည်။
နောက်ခဏ၌ မျက်စိကျိန်းမတတ် အဖြူရောင်အလင်းတန်းတစ်ခုက ကားအတွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး လူတိုင်း အလိုအလျောက် မျက်လုံးမှိတ်လိုက်မိကြ၏။
ပြင်းထန်သော အဖြူရောင်အလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားချိန်တွင် မျက်လုံးထဲရှိ အရိပ်များ မပျောက်ကွယ်မီ လုံးဝ ကွဲပြားသောအသံတစ်ခု နားထဲသို့ ရောက်လာလေသည်။
စပါးပင်များကြားမှ တိုက်ခတ်သွားသော လေတိုက်သံများ.... အဝေးမှ တိုးညင်းသော ခွေးဟောင်သံများနှင့် လတ်ဆတ်သော မြေကြီးနှင့် အပင်များ၏ ရနံ့တို့ နှာခေါင်းထဲသို့ ဝင်ရောက်လာ၏။
လူတိုင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ကြပြီး ပြတင်းပေါက်အပြင်ဘက်သို့ အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။
ခရီးသွားကားလေးက စိမ်းလန်းစိုပြေနေသော စပါးခင်းတစ်ခုထဲတွင် တည်ငြိမ်စွာ ရပ်နားနေခဲ့သည်။
စပါးပင်များ ကောင်းစွာကြီးထွားနေပြီး လေးလံသော စပါးနှံများ ထွက်ပေါ်နေကာ လေပြေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေကြ၏။
အဝေးမှ တောင်တန်းများက နက်မှောင်သော မျက်ခုံးများကဲ့သို့ ဖြစ်နေပြီး လယ်ကွင်းများမှာ ကန့်လန့်ဖြတ် တည်ရှိနေကာ ရိုးရှင်းပြီး ငြိမ်းချမ်းသော စိုက်ပျိုးရေး ရှုခင်းတစ်ခုကို ဖန်တီးပေးနေချေသည်။
အခန်း ၂၅၅ပြီး၏။