← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း (၂၅၇) လီစစ် နှင့် တွေ့ဆုံခြင်း

​ယာယီအစိုးရရုံးခန်းအတွင်းတွင် လီစစ်သည် မတ်မတ်ထိုင်ကာ စိုက်ပျိုးရေးတွင် ကျွမ်းကျင်သော လက်အောက်ခံအရာရှိတစ်ဦးထံမှ မျိုးစေ့သစ် စမ်းသပ်စိုက်ပျိုးခြင်း အခြေအနေ အသေးစိတ် အစီရင်ခံစာကို နားထောင်နေ၏။

​“အရှင်... မျိုးစေ့သစ်က ယခင်နှစ်တွေထက် အများကြီး သာလွန်ပြီး စပါးနှံတွေ ကြီးမားကာ စပါးစေ့တွေ ပြည့်ဖြိုးပြီး အလွန်ကောင်းမွန်စွာ ကြီးထွားနေပါတယ်။ မထင်မှတ်ထားတဲ့ အခြေအနေတွေသာ မရှိဘူးဆိုရင် ဒီနှစ်မှာ အထွက်နှုန်းကောင်းမယ်လို့ မျှော်လင့်ရပါတယ်...” စိုက်ပျိုးရေးအရာရှိက သူ၏ မျက်နှာတွင် ဝမ်းသာမှု အရိပ်အယောင်ဖြင့် လေးစားစွာ အစီရင်ခံလိုက်လေသည်။

​လီစစ်က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျေနပ်သည့် အမူအရာကို ပြသလိုက်သော်လည်း သူ၏ လေသံမှာ လေးနက်နေဆဲပင်။ “အရမ်းကောင်းတယ်။ ဒါပေမဲ့ ဒီကိစ္စက နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်နဲ့ သက်ဆိုင်ပြီး အရှင်မင်းကြီးက အထူးစိုးရိမ်ပူပန်နေတဲ့ ကိစ္စဖြစ်တယ်။ မင်းတို့အားလုံး အစွမ်းကုန် ကြိုးစားပြီး နည်းနည်းလေးမှ မပေါ့ဆဘဲ သေချာ ဂရုစိုက်ရမယ်။ အကယ်၍ အမှားအယွင်းတစ်ခုခုဖြစ်လို့ အရှင်မင်းကြီးက အပြစ်တင်ရင် ငါတို့နှစ်ယောက်လုံး အကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး....”

​“ကျွန်တော်မျိုး နားလည်ပါပြီ။ အရှင်မင်းကြီးနဲ့ ဝန်ကြီးချုပ်တို့ရဲ့ ယုံကြည်မှုကို မပျက်ကွက်စေဘဲ အစွမ်းကုန် ကြိုးစားသွားပါမယ်....” စိုက်ပျိုးရေးအရာရှိက အမြန် အရိုအသေပေးကာ ကတိပေးလိုက်၏။

​ထိုအချိန်တွင် စစ်သားတစ်ဦးက အပြေးအလွှား ရောက်လာပြီး တံခါးစောင့်အား စကားအနည်းငယ် တီးတိုးပြောလိုက်ရာ တံခါးစောင့်က သူ့ကို ချက်ချင်း ဝင်ခွင့်ပေးလိုက်လေသည်။

​စစ်သားက အစိုးရရုံးခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာကာ လီစစ် နှင့် ထိုနေရာရှိ အရာရှိများကို အရိုအသေပေးပြီးနောက် အသက်ပင် ဝအောင် မရှူနိုင်သေးမီ အရေးတကြီး ပြောလိုက်၏။ “ဝန်ကြီးချုပ်ကို အစီရင်ခံပါတယ်။ ကင်းလှည့်နေတဲ့ စစ်သားတွေက အနက်ရောင်သံပြားကို ကိုင်ဆောင်ထားတဲ့ လူတစ်ယောက် ပေါ်လာတယ်လို့ အခုလေးတင် သတင်းပို့လာပါတယ်။ သူက အခု အရှေ့ဘက်က စမ်းသပ်စိုက်ပျိုးခင်း အနီးမှာ ရှိနေပါတယ်...”

​“ဘာ....” လီစစ်သည် သူ၏ ထိုင်ခုံမှ ခုန်ထလိုက်ပြီး သူ၏ တည်ငြိမ်မှုက ကြီးမားသော အံ့အားသင့်မှုဖြင့် ချက်ချင်း အစားထိုးခံလိုက်ရကာ သူ၏ မျက်လုံးများက ပြင်းထန်သော အလင်းရောင်ဖြင့် တောက်ပလာဆလသည်။ “ဒါ အမှန်ပဲလား... သခင်လေးကျန်းယဲ့ ရောက်နေတာလား...”

​“တကယ် အမှန်ပါပဲ။ ကင်းလှည့်စစ်သားတွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်ပြုပြီးပါပြီ။ သခင်လေးကျန်းယဲ့ နဲ့ သူရဲ့ အဖော်တွေ အမှန်တကယ် ဖြစ်ပါတယ်....”

​“မြန်မြန်... လမ်းပြစမ်း...”

​ထိုအချိန်တွင် လီစစ်၌ စပါးမျိုးစေ့အစီရင်ခံစာအတွက် စိုးရိမ်နေရန် အချိန်မရှိတော့ချေ။ ဇဝေဇဝါဖြစ်နေသော စိုက်ပျိုးရေးအရာရှိကို လုံးဝ မေ့သွားပြီး စစ်သားများကို ရှေ့ဆက်သွားရန် စိတ်မရှည်စွာ တိုက်တွန်းလိုက်၏။

​စစ်သားက မနှောင့်နှေးရဲဘဲ လီစစ်ကို ချက်ချင်း အမြန် ဦးဆောင်သွားလိုက်လေသည်။

​လီစစ်သည် တောက်လျှောက် ပြေးလုနီးပါး သွားနေပြီး သူ၏ တရားဝင် ဝတ်ရုံစွန်းများတွင် လယ်ကန်သင်းမှ ရွှံ့များ ပေကျံနေသည်ကို လုံးဝ သတိမထားမိချေ။

​နောက်ခဏ၌ အဝေးမှနေ၍ လယ်ကန်သင်းရိုးတစ်လျှောက် လျှောက်လာနေသော ထူးဆန်းစွာ ဝတ်စားဆင်ယင်ထားသည့် လူအုပ်ကြီးကို မြင်လိုက်ရ၏။

​လီစစ်၏ အကြည့်များက ရှေ့ဆုံးမှ လျှောက်လာနေပြီး ထင်ရှားသော အသွင်အပြင်ရှိသည့် ကျန်းယဲ့ ထံသို့ ချက်ချင်း ရောက်သွားခဲ့သည်။

​သူ ခြေလှမ်းသွက်လိုက်ပြီး ကျန်းယဲ့၏ အနီးသို့ ပြေးလုနီးပါး သွားကာ သူ၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး မျက်ရည်များ ဝဲနေသည်ဟု ထင်ရလောက်အောင် ချဲ့ကားထားသော အပြုံးတစ်ခုက သူ၏ မျက်နှာတွင် တောက်ပနေကာ လက်အုပ်ချီ၍ နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။

​“သခင်လေးကျန်းယဲ့... ကျွန်တော်တို့ မတွေ့ရတာ နှစ်တွေ အများကြီး ကြာခဲ့ပြီနော်... နောက်ဆုံးတော့ သခင်လေးကို ပြန်တွေ့ရလို့ အရမ်း ဝမ်းသာပါတယ်... ကျွန်တော်က သခင်လေးကို နေ့ရောညပါ သတိရနေခဲ့တာ... အရှင်မင်းကြီးကလည်း သခင်လေးကို ပြန်တွေ့ချင်တယ်လို့ ခဏခဏ ပြောနေတာဗျ... ”

​ဤစကားများကို အလွန်ရိုးသားစွာ ပြောဆိုလိုက်သဖြင့် ကျန်းယဲ့က အချိန်အတော်ကြာ ပျောက်ဆုံးနေသော ဆွေမျိုးတစ်ဦးကဲ့သို့ပင်။

​ကျန်းယဲ့က စိတ်လှုပ်ရှားနေသော လီစစ်ကို ကြည့်ကာ တိတ်တဆိတ် ရယ်မောလိုက်မိ၏။

​ဒီမြေခွေးအိုကြီးရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ပိုပိုပြီး အံ့မခန်း ဖြစ်လာတယ်။ အစ်ကိုကျန်းရဲ့ လက်အောက်မှာ သူ တော်တော်လေး အဆင်ပြေနေသေးတဲ့ပုံပဲ။ သူက သေချာပေါက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်တစ်ကောင်ပဲ...

​သူက ညင်သာစွာ ပြုံးပြီး လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်လိုက်၏။ “အမတ်ကြီးလီ... မတွေ့တာ ကြာပြီနော်။ ကျွန်တော်လည်း အရှင်မင်းကြီးနဲ့ တခြားသူတွေ အားလုံးကို အရမ်း သတိရနေတာ...”

​ကျန်းယဲ့က သူ့ကို အမတ်ကြီးဟု ခေါ်နေဆဲဖြစ်သည်ကို လီစစ်ကြားသောအခါ မည်သည့် အံ့အားသင့်မှုမျှ မပြသခဲ့ချေ။

​“တာရန်” ဟူသော ဂုဏ်ပုဒ်သည် နောက်ပိုင်း မင်းဆက်များတွင် အရာရှိများအတွက် ဂုဏ်ပြုသည့်အနေဖြင့် အသုံးပြုကြောင်းနှင့် ၎င်း၏ အဓိပ္ပာယ်မှာ ချင်မင်းဆက်ရှိ မိဘများ၊ လူကြီးမိဘများ သို့မဟုတ် ကိုယ်ကျင့်တရား မြင့်မားသူများနှင့် အလွန် ကွာခြားကြောင်းကို သူတို့ သိရှိထားပြီး ဖြစ်သည်။

(NT- တာရန်ကို ကျွန်တော်က မြန်မာသံနဲ့ အမတ်ကြီးလို့ပြန်ထားပါတယ်.... ချင်မင်းဆက်နောက်ပိုင်းမှာ ပြောင်းလဲလာပြီး တာရန်ဆိုတဲ့ အသုံးနှုန်းက မှူးမတ်၊ အရာရှိတွေကို လေးစားသမှုနဲ့ခေါ်တာပါ.. အဲ့တာမို့ ကျန်းယဲ့က အမတ်ကြီးလီ၊ တာရန်လီလို့ ခေါ်လိုက်တာပါ.. ဒါပေမဲ့ လီစစ်တို့ခေတ်မှာကျတော့ တာရန်ဆိုတာက မပြောင်းလဲသေးပါဘူး...သူတို့ခေတ်ကျ တာရန်ဆိုတဲ့ အသုံးနှုန်းက မိဘ၊အသက်ရွယ်ကြီးရင့်သူနဲ့ ကိုယ်ကျင့်တရားကောင်းမွန်သူလို့ အဓိပ္ပာယ်ရပါတယ်... ဒါကြောင့် တစ်ခြားလူတွေတာ တာရန်လီလို့ ခေါ်ရင် အဖေ၊အဘိုးဆိုပြီး ခေါ်နေသလို ဖြစ်နေမှာပါ... ဒါပေမဲ့ လီစစ်က ကျန်းယဲ့တို့က အနာဂတ်ကလာတဲ့သူတွေမှန်းသိပြီး နောင်ပိုင်းမှာ တာရန်ဆိုတဲ့ စကားလုံးက ပြောင်းလဲသွား​ကြောင်းသိပါတယ်...)

​ကျန်းယဲ့ နှင့် နောင်လာနောက်သား ဧည့်သည်များက သူ့ကို ထိုသို့ခေါ်ရန် အကျင့်ပါနေပြီဖြစ်ကြောင်း သူ သိသောကြောင့် ပြင်ဆင်ရန် မတွေးတော့ဘဲ သဘာဝအတိုင်းသာ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။

​မည်သို့ပင်ဆိုစေကာမူ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းခရီးသွားနိုင်သော ဤနောင်လာနောက်သားများက အရှင်မင်းကြီး၏ အလွန်တန်ဖိုးထားရသော ဧည့်သည်များဖြစ်ပြီး အခေါ်အဝေါ် အနည်းငယ် ကွဲပြားခြင်းက အရေးမကြီးချေ။

​ကျန်းယဲ့သည် ဘေးသို့ လှည့်ကာ သူ၏နောက်တွင် စူးစမ်းလိုစိတ်၊ အကဲခတ်လိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသော ခရီးသွားများကို မိတ်ဆက်ပေးလိုက်၏။ “လူကြီးမင်းတို့... သူကတော့ ကြီးမြတ်တဲ့ ချင်မင်းဆက်ရဲ့ ဝန်ကြီးချုပ်.... အမတ်ကြီးလီစစ် ပါ...”

​ခရီးသွားအသစ်များက လီစစ်ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။

​“အား... လီစစ်ပဲ... သမိုင်းထဲက လီစစ်ပဲ..” လင်းရှင်းယွီက သူမ၏ ပါးစပ်ကို အုပ်ကာ တိုးတိုးလေး မအော်ဘဲ မနေနိုင်တော့ချေ။

​“အသက်ရှင်နေတဲ့ လီစစ်... သူ့ကို အသက်ရှင်လျက် တွေ့လိုက်ရပြီကွ...” လီလင်က သူ၏ မျက်လုံးများကို ပြူးကျယ်ကာ ဘေးရှိ ကျူးဝမ်ကို စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောလိုက်၏။

​မေ့ယွီရွှမ်၊ ကောင်းကျွင်း နှင့် အခြားသူများမှာလည်း ထိန်းမနိုင်သိမ်းမရဖြစ်လောက်အောင် စိတ်လှုပ်ရှားနေကြချေသည်။

​သူတို့က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူတို့၏ တောက်ပနေသော အကြည့်များနှင့် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများက သူတို့၏ အစစ်အမှန် ခံစားချက်များကို ဖော်ပြနေပြီဖြစ်သည်။

​နောင်လာနောက်သားများက သူ့အပေါ် ပြသနေသော ပြင်းထန်သည့် စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုများကို မြင်သောအခါ လီစစ်သည် တိတ်တဆိတ် ကျေနပ်မှုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။

​‘ငါက သမိုင်းမှာ သိသိသာသာ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့တာ သေချာတယ်။ မဟုတ်ရင် နှစ်တစ်ထောင်ကြာပြီးနောက်ပိုင်းက မျိုးဆက်တွေဆီမှာ ဒီလောက်တောင် စိတ်ခံစားမှုတွေ ဖြစ်လာအောင် ငါ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ...’

​ထိုသို့တွေးရင်း သူက ခါးကို ပို၍ မတ်လိုက်ပြီး သူ၏ အပြုံးမှာ ပို၍ ကြင်နာပြီး ရင်းနှီးဖွယ်ဖြစ်လာလေသည်။

​ထို့နောက် လီစစ်က ပြုံးကာ ပြောလိုက်၏။ “ဒါက ကျေးလက်ဒေသဖြစ်ပြီး စကားပြောဖို့ သင့်တော်တဲ့ နေရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအတွက် အလွန် ရိုင်းပျရာ ကျပါလိမ့်မယ်။ သခင်လေးနဲ့ လူကြီးမင်းတို့... ကျေးဇူးပြုပြီး အရှင်မင်းကြီးကို ဂါရဝပြုဖို့ ရှန်းယန် နန်းတော်ကို ကျွန်တော်နဲ့ လိုက်ခဲ့ကြပါ။ အရှင်မင်းကြီးက သခင်လေးတို့ ပြန်ရောက်လာတာကို သိရင် ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ မသိဘူး။ အရှင်မင်းကြီးက သခင်လေးကို ပြန်တွေ့ဖို့ အရမ်း မျှော်လင့်နေတာပါ...”

​၎င်းကို ကြားသောအခါ ကျန်းယဲ့က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်လေသည်။ “အမတ်ကြီးလီ ပြောတာ မှန်ပါတယ်။ ကျွန်တော်လည်း အရှင်မင်းကြီးကို အရမ်း သတိရနေပြီး ဂါရဝပြုဖို့ သွားမလို့ပဲ..”

​သူတို့၏ စကားပြောဆိုမှုများကို သူတို့နောက်ရှိ ခရီးသွားတိုင်းက ရှင်းလင်းစွာ ကြားနိုင်ကြလေသည်။

​သူတို့သည် ရှန်းယန်သို့ ထွက်ခွာတော့မည်ဖြစ်ပြီး ဒဏ္ဍာရီလာ ပထမဆုံး ဧကရာဇ် ရင်းကျန့်ကို မကြာမီ တွေ့ရတော့မည်ဟု ကြားလိုက်ရချိန်တွင် သူတို့ဟာ ချက်ချင်း စိတ်လှုပ်ရှားသွားကြရသည်။

​ခရီးသွားအသစ်များ အားလုံးနှင့်အတူ အခြားခေတ်ကာလများကို ရောက်ဖူးသော်လည်း ချင်မင်းဆက်သို့ ပထမဆုံး လာရောက်ဖူးသော ဝါရင့် ခရီးသွားအချို့က ချက်ချင်းပင် စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲထွက်သွားကြသည်။

​“ရှန်းယန်ကို သွားမယ်။ ပထမဆုံး ဧကရာဇ်ကို သွားတွေ့မယ်...” မေ့ယွီရွှမ်က ကျန်းကျန်လင်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်၏။

​“ဘုရားရေ... အသက်ရှင်နေတဲ့ချင်ရှီဟွမ်... အသက်ရှင်နေတဲ့ ပထမဆုံးဧကရာဇ်... ငါ အိပ်မက်မက်နေတာလား....” လင်းရှင်းယွီက သူမ၏ မျက်နှာကို အုပ်လိုက်ပြီး သူမ၏ နှလုံးခုန်သံမှာ လည်ချောင်းထဲမှ ထွက်ကျလာမတတ် ပြင်းထန်နေသည်ကို ခံစားလိုက်ရလေသည်။

​လီကျားကျားမှာ စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေပြီး သူမဘေးရှိ ကျန်ရွှမ်ကို တိုးတိုးလေး မေးလိုက်လေသည်။ “အစ်ကိုကျန်... ကျွန်မတို့ ကျူးလုံ နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အခွင့်အရေး ရနိုင်မလား...”

​ကယ်ဗင်ပင်လျှင် အဓိက စကားလုံးများကို နားလည်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ အကြိမ်ကြိမ် ရေရွတ်နေခဲ့သည်။ “ချင်ရှီဟွမ်... ပထမဆုံးဧကရာဇ်။ အသက်ရှင်လျက်.... ဒါ အရူးပဲ...”

​လေထုထဲတွင် ရူးသွပ်လုမတတ် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး လူတိုင်းက ဧကရာဇ်ကို တွေ့ရတော့မည်ဖြစ်၍ ထိန်းမနိုင်သိမ်းမရလောက်အောင် စိတ်လှုပ်ရှားနေခဲ့ကြသည်။

​ထိုအခိုက်အတန့်တွင် သူတို့၏ စိတ်ထဲ၌ အတွေးတစ်ချက်သာ ရှိတော့၏။

​မြန်မြန်... မြန်မြန်... ရှန်းယန်ကို သွားပြီး ကမ္ဘာကြီးကို လွှမ်းမိုးထားတဲ့ ပထမဆုံး ဧကရာဇ်ကို တွေ့ရမယ်။

​နောင်လာနောက်သားများထဲမှ ဂုဏ်သရေရှိ ဧည့်သည်များ၏ မျက်နှာပေါ်ရှိ အမူအရာများကို မြင်သောအခါ လီစစ်သည် အနည်းငယ်မျှပင် ပေါ့ဆရန် မရဲတော့ချေ။ သူသည် ချက်ချင်းပင် သူနှင့်အတူ ပါလာသော အရာရှိများနှင့် စစ်သားများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။ “မြန်မြန်... ရထားလုံးတွေနဲ့ မြင်းတွေကို ချက်ချင်း ပြင်ဆင်။ အလုံခြုံဆုံး ရထားလုံးတွေကိုသုံး.... ပိုများလေ ပိုကောင်းလေပဲ။ သခင်လေးနဲ့ ဂုဏ်သရေရှိဧည့်သည်တော်တွေအားလုံးကို ရှန်းယန်ဆီ အမြန်ဆုံး လုံခြုံစွာ ပို့ဆောင်ပေးဖို့ သေချာစေရမယ်...”

​ထို့နောက် သူက လျင်မြန်ဖြတ်လတ်သော မြင်းစီးစစ်သားတစ်ဦးကို လက်ညှိုးထိုးပြကာ သူ၏ လေသံမှာ အရေးတကြီးဖြစ်ပြီး လေးနက်နေချေသည်။ “မင်း... အမြန်ဆုံးမြင်းကို ချက်ချင်းစီးပြီး ရှန်းယန်နန်းတော်ကို အပြေးသွား။ သခင်လေးကျန်းယဲ့ ရောက်နေပြီဖြစ်ပြီး လက်အောက်ခံလီစစ်က ရှန်းယန်ဆီကို ဧည့်ခံဖို့ ခေါ်လာနေတယ်ဆိုတဲ့ သတင်းကို အရှင်မင်းကြီးဆီ ကိုယ်တိုင် သွားရောက် အစီရင်ခံဖို့ သေချာစေရမယ်...”

​သူက အလေးအနက် ပြောလိုက်၏။ “အရှင်မင်းကြီးက ဒါကို နေ့ရောညပါ စောင့်မျှော်နေခဲ့တာ။ ဒါက အရမ်းကောင်းတဲ့ သတင်းဖြစ်လို့ နည်းနည်းမှ နောက်ကျလို့ မဖြစ်ဘူး...”

​မြင်းစီးစစ်သားက အမိန့်ကို လက်ခံသည့်အနေဖြင့် လက်အုပ်ချီလိုက်ပြီး မြင်းပေါ်တက်ကာ မြင်းဇက်ကြိုးကို ရိုက်လိုက်ရာ မြင်းက ဟီကာ မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး သူ၏ နောက်တွင် ဖုန်လုံးကြီးတစ်ခု ကျန်ရစ်ခဲ့လေသည်။

အခန်း ၂၅၇ပြီး၏။

All Chapters