အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) အရှင်မင်းကြီး အလွန်ဝမ်းမြောက်တော်မူခြင်း
လီစစ် ချက်ချင်း အလုပ်လုပ်လိုက်၏။
မကြာမီ ရထားလုံးများ တစ်စီးပြီးတစ်စီး မောင်းနှင်လာကြလေသည်။
လီစစ်ကိုယ်တိုင် ကျန်းယဲ့ကို အကျယ်ဝန်းဆုံးနှင့် အသက်သာဆုံး ပင်မရထားလုံးပေါ်သို့ တက်ရန် လမ်းညွှန်ပေးခဲ့ပြီးနောက် အခြားခရီးသွားများကို နောက်မှ ရထားလုံးများပေါ်သို့ အစီအစဉ်တကျ တက်ရန် စီစဉ်ပေးခဲ့၏။
ထို့နောက် ယာဉ်တန်းက လျင်မြန်စွာ စုရုံးမိသွားပြီး လီစစ်၏ ကိုယ်တိုင်ကြီးကြပ်မှုအောက်တွင် ရှန်းယန်ဆီသို့ အပြေးအလွှား ထွက်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင် သတင်းပို့ရန် အမိန့်ပေးခံရသော မြင်းစီးစစ်သားက လမ်းတစ်လျှောက် လူမပြောင်းဘဲ မြင်းသာပြောင်းကာ သတင်းကို ရှန်းယန်နန်းတော်သို့ အမြန်ဆုံး ပို့ဆောင်ရန် လျှပ်စီးကဲ့သို့ လျင်မြန်သော အမြန်နှုန်းဖြင့် ခရီးနှင်နေချေသည်။
ရှန်းယန်နန်းတော်အတွင်းတွင် ရင်းကျန့်ကအစီရင်ခံစာများကို အာရုံစိုက် စစ်ဆေးနေ၏။
ထိုအချိန်၌ မိန်းမစိုးပေက ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီ စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်သည်။
“အရှင်မင်းကြီး... အရှေ့ဘက်ဆင်ခြေဖုံးက စမ်းသပ်စိုက်ပျိုးခင်းကနေ အရေးပေါ် သတင်းပို့လာပါတယ်။ ဝန်ကြီးချုပ် လီစစ်က သတင်းပို့တဲ့သူ တစ်ယောက် စေလွှတ်လိုက်တာပါ.. သခင်လေးကျန်းယဲ့... သူ... သူ ပြန်ရောက်လာပါပြီ။ သူ့ကို အခုဝန်ကြီးချုပ်က ဧည့်ခံပြီး ခေါ်လာနေပြီး အရှင်မင်းကြီးကို ဂါရဝပြုဖို့ ရှန်းယန် ကို လာနေပါပြီ... ”
ထိုစကားကြောင့် ရင်းကျန့်၏ စုတ်တံကိုင်ထားသော လက်က ရုတ်တရက် ရပ်တန့်သွားပြီး သူက ခေါင်းကို ရုတ်တရက် မော့လိုက်၏။ အမြဲတမ်း ကြီးကျယ်ခမ်းနားပြီး နားလည်ရခက်သော သူ၏ မျက်လုံးများတွင် မယုံနိုင်လောက်အောင် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီးနောက် ဖုံးကွယ်၍မရသော ကြီးမားသည့် ဝမ်းမြောက်မှုများ ပေါ်ထွက်လာခေေသည်။
“တကယ်လား...” ပထမဆုံး ဧကရာဇ်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် ကျယ်လောင်သွားလေသည်။ “ကျန်းယဲ့... သူ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်...”
သူက ကောင်းတယ်ဟု သုံးကြိမ် အော်ဟစ်လိုက်ပြီး အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။ တစ်နှစ်တာကာလအတွင်း စုဆောင်းလာခဲ့သော မျှော်လင့်ချက်များနှင့် တွေဝေမှုများအားလုံး တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ဧကရာဇ်၏ ဝမ်းမြောက်မှုကြောင့် ခန်းမတစ်ခုလုံး အနည်းငယ် ပို၍ လင်းထိန်သွားသကဲ့သို့ပင်။
အရှင်မင်းကြီး ဤမျှ ဝမ်းသာနေသည်ကို မြင်သောအခါ မိန်းမစိုးပေက သက်ပြင်းချလိုက်၏။ သူ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး အမြန် အရိုအသေပေးကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး။ သခင်လေး ပြန်ရောက်လာတာက တကယ့်ကို ဝမ်းသာစရာ ကိစ္စပါပဲ...”
အရှင်မင်းကြီး စိတ်အခြေအနေ ကောင်းနေသဖြင့် သူ့ကို အနီးကပ် အလုပ်အကျွေးပြုနေရသူများမှာလည်း သဘာဝကျကျ ပို၍ အဆင်ပြေကြလေသည်။
ဒီတစ်ခါ သခင်လေးကျန်းယဲ့ ပိုကြာကြာ နေပါစေဟု သူ တိတ်တဆိတ် ဆုတောင်းလိုက်မိ၏။
ယာဉ်တန်းသည် ရှန်းယန်မြို့သို့ ပြန်လာပြီး အစိုးရလမ်းမကြီးပေါ်တွင် ချောမွေ့စွာ ခရီးနှင်နေခဲ့သည်။ ရထားလုံးအတွင်းတွင် ကျန်းယဲ့ နှင့် လီစစ်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
ကျန်းယဲ့သည် ပြတင်းပေါက်အပြင်ဘက်မှ ဖြတ်သွားသော ချင်မင်းဆက် ရှုခင်းများကို ကြည့်ပြီးနောက် လီစစ်ကို စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်ပြန်သည်။
“အမတ်ကြီးလီ... ကျွန်တော်တို့ မတွေ့ရတာ တစ်နှစ်ရှိပြီနော်။ အရာအားလုံး အဆင်ပြေရဲ့လား။ အရှင်မင်းကြီးကော ကျန်းမာရဲ့လား” ကျန်းယဲ့က သတိထားပြီး မေးလိုက်၏။ ဤသည်မှာ သူ၏ အစိုးရိမ်ဆုံး ကိစ္စများထဲမှ တစ်ခုပင်။
၎င်းကို ကြားသောအခါ လီစစ်က စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး ကျန်းယဲ့၏ စိုးရိမ်ပူပန်မှုအတွက် သိသိသာသာ ကျေနပ်နေခဲ့သည်။ “သခင်လေးရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးက ကျန်းမာပြီး ခွန်အားတွေ ပြည့်ဝနေပါတယ်။ အခုထိ နိုင်ငံတော်ရေးရာတွေကို ဖြေရှင်းဖို့ နေ့ရောညပါ မမောမပန်း အလုပ်လုပ်နေဆဲဖြစ်ပြီး သူ့ရဲ့ ခွန်အားတွေက သာမန်လူတွေထက် အများကြီး သာလွန်ပါတယ်...”
ထို့နောက် သူက အသံကို အနည်းငယ် နှိမ့်လိုက်၏။ “သခင်လေးနဲ့ တခြားသူတွေ ထွက်ခွာသွားပြီးကတည်းက အရှင်မင်းကြီးက ရွှီဖူ နဲ့ တခြား ဓာတုဗေဒပညာရှင်တွေကို ယုံကြည်မှု ကင်းမဲ့သွားပြီး သူတို့ကို ဖယ်ရှားပစ်ခဲ့တယ်...”
ကျန်းယဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ ဤသည်မှာ သေချာပေါက် သတင်းကောင်းပင်။
ထို့နောက် သူက မေးလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့ ထားခဲ့တဲ့ကိစ္စတွေကို အကောင်အထည်ဖော်တာ ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား..”
၎င်းကို ကြားသောအခါ လီစစ်၏ အမူအရာမှာ လေးနက်ပြီး စိတ်လှုပ်ရှားလာခဲ့သည်။ “သခင်လေး မေးတာက ကျွန်တော် မကြာသေးခင်က အလုပ်များနေတဲ့ ကိစ္စတွေပါပဲ။ အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ ကံကြမ္မာနဲ့ သခင်လေးတို့ ယူဆောင်လာပေးတဲ့ ထူးခြားတဲ့ ကျွမ်းကျင်မှုတွေကြောင့် အများစုက တော်တော်လေး ခက်ခဲပေမယ့်လည်း အားလုံးက တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်နေပါတယ်...”
ခဏတာ စဉ်းစားပြီးနောက် သူက စတင် ပြောပြလိုက်သည်။ “ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကျောက်မီးသွေးမိုင်းတွင်းကိစ္စပါ။ မစ္စတာ ကျန်းယီကျွင်း ပေးခဲ့တဲ့ မြေပုံအရ ပေ့တိခရိုင်မှာ သတ္တုသိုက်ကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး တူးဖော်တာတွေ စတင်နေပါပြီ..”
“မြေအောက် အထောက်အကူပြုမှု.... လေဝင်လေထွက်နဲ့ အန္တရာယ် ယ်ရှားရေးက တော်တော်လေး ခက်ခဲပေမယ့် လက်မှုပညာရှင်တွေက ဆက်လက် ရှာဖွေပြီး တိုးတက်အောင် လုပ်နေကြပါတယ်။ ဒါပေမဲ့ ထွက်လာတဲ့ ကျောက်မီးသွေးတွေက ကနဦး ရလဒ်တွေကို ပြသနေပါပြီ.... သူ့ရဲ့ လောင်ကျွမ်းမှု ပြင်းအားနဲ့ ကြာချိန်က ထင်းတွေထက် အများကြီး သာလွန်ပါတယ်။ သတ္တုလုပ်ငန်းခွင်မှာ အသုံးပြုတဲ့အခါ လက်နက်တွေနဲ့ သံချပ်ကာတွေရဲ့ အရည်အသွေးက တိုးတက်လာတယ်။ အရှင်မင်းကြီးက ဒီကိစ္စကို အရမ်း အလေးထားပါတယ်...”
“အရမ်းကောင်းတယ်...” ကျန်းယဲ့ ခေါင်းညိတ်လိုက်၏။ စွမ်းအင်နဲ့ သတ္တုပုံသွင်းမှု ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်းက ကြီးမားတဲ့ အဓိပ္ပာယ် ရှိပေသည်။
“ဒုတိယအချက်ကတော့ ဝါဂွမ်းပါ...” လီစစ်က ဆက်ပြောလေသည်။ “မနှစ်က သခင်မလင် ပေးခဲ့တဲ့ မျိုးစေ့တွေနဲ့ နည်းလမ်းတွေကို သုံးပြီး နန်းတော်ပိုင် ခြံမြေမှာ စမ်းသပ်စိုက်ပျိုးခဲ့တာ ရလဒ်တွေက တော်တော်လေး ကောင်းပါတယ်..”
“ဒီနွေဦးရာသီမှာ စိုက်ပျိုးဧရိယာကို တိုးချဲ့ပြီး ရာသီဥတု သင့်တော်တဲ့ ခရိုင်တချို့ကို ရွေးချယ်ပြီး မြှင့်တင်နေပါတယ်...”
“ယက်ကန်းသမားတွေက သခင်မလင် ထားခဲ့တဲ့ ဗိုင်းငင်တာနဲ့ ရက်ကန်းရက်တဲ့ နည်းလမ်းတွေကို လေ့လာနေကြတယ်။ သူတို့က မကျွမ်းကျင်သေးပေမယ့် သူတို့ ထုတ်လုပ်တဲ့ ဝါဂွမ်းတွေက နူးညံ့ပြီး နွေးထွေးမှုကို ပြသနေပါပြီ..”
“ဆောင်းဦးရာသီမှာ အထွက်နှုန်းကောင်းရင် ဝါဂွမ်း အဝတ်အစားတွေနဲ့ စောင်တွေ လုပ်လို့ရပြီ။ ဒါဆို နယ်ခြားက စစ်သားတွေနဲ့ မြောက်ပိုင်းက ပြည်သူတွေ ဒီဆောင်းရာသီမှာ အအေးဒဏ်နဲ့ ငတ်မွတ်မှုဒဏ်ကို သက်သာစေနိုင်မှာပါ”
“အကယ်၍ ကျွန်တော်တို့ အဲဒီလို လုပ်နိုင်ရင် ဒါက မတိုင်းတာနိုင်တဲ့ ကုသိုလ်ပြုမှုတစ်ခု ဖြစ်မှာပါ” ကျန်းယဲ့က ရိုးသားစွာ ပြောလိုက်၏။
“ပြီးတော့ သခင်ကြီးကျိုးရှင်းဖူ ပေးခဲ့တဲ့ စပါးမျိုးစေ့သစ်တွေ၊ အာလူးတွေ၊ ကန်စွန်းဥတွေနဲ့ တခြား ပစ္စည်းတွေလည်း ရှိသေးတယ်။” လီစစ်၏ မျက်လုံးများ တောက်ပလာ၏။ “ဒီဟာတွေ အားလုံးကို လီရှန် ဥယျာဉ်တော်အတွင်းက အထူးစိုက်ခင်းတွေမှာ စိုက်ပျိုးထားပါတယ်။ အဲဒါ သခင်လေးတို့ ဒီနေ့ သွားလည်မယ့် နေရာလည်း ဖြစ်ပါတယ်...”
“သူတို့အားလုံးကို ကျွမ်းကျင်တဲ့ စိုက်ပျိုးရေး လက်မှုပညာရှင်တွေက သေချာ ဂရုစိုက်ပေးနေပါတယ်။ မနှစ်က စိုက်ခဲ့တဲ့ စပါးတွေက တကယ်ပဲ စပါးနှံ ပိုပြည့်ပြီး ဒီနှစ်မှာ အတိုင်းအတာကို ပိုချဲ့ထားပါတယ်..”
“အာလူးနဲ့ ကန်စွန်းဥတွေလည်း ကောင်းကောင်း ကြီးထွားနေပါတယ်။ သူတို့ရဲ့ အထွက်နှုန်းက သခင်ကြီးကျိုး ပြောသလို တကယ်ပဲ အံ့သြစရာကောင်းလားဆိုတာ သိရဖို့ ဆောင်းဦးရာသီ ရိတ်သိမ်းချိန်ကို စောင့်ရမှာပါ။ တကယ်လို့ ဧကဝက်မှာ တင်းဆယ်ချီ ထွက်တယ်ဆိုရင်...”
လီစစ်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေချေသည်။ “ဒါက မျိုးဆက်တိုင်းအတွက် အကျိုးရှိစေမယ့် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပါ”
ကျန်းယဲ့သည် လီစစ်၏ စကားများမှ စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်များကို ခံစားနိုင်ပေသည်။
ဤသီးနှံများကို မြှင့်တင်ခြင်းက အငတ်ဘေးကို ဖြေရှင်းရန်နှင့် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို တည်ငြိမ်စေရန်အတွက် အရေးကြီးသော အုတ်မြစ်ဖြစ်သည်မှာ သေချာလေသည်။
လီစစ်က ဆက်ပြောလေသည်။ “ဒါ့အပြင် သခင်ကြီးကျန်းဟွိုင်မင် ထားခဲ့တဲ့ စက္ကူထုတ်လုပ်ရေး နည်းပညာ နဲ့ ရွှေ့ပြောင်းနိုင်တဲ့ စာလုံးပုံနှိပ် နည်းပညာတွေကိုလည်း တိတ်တဆိတ် ဖော်ဆောင်နေပါတယ်...”
“စက္ကူထုတ်လုပ်တဲ့ လုပ်ငန်းစဉ်က တိုးတက်မှု တချို့ ရှိနေပါပြီ။ သူ့ရဲ့ ဖြူစင်မှုနဲ့ ချောမွေ့မှုက သခင်လေး ဖန်ယီမင်က နောင်လာနောက်သားတွေဆီ ပေးအပ်ခဲ့တဲ့ စက္ကူဖြူထက် အများကြီး နိမ့်ကျပေမယ့်... စာရေးဖို့အတွက်တော့ အသုံးပြုလို့ ရနေပါပြီ..”
“ရွှေ့ပြောင်းနိုင်တဲ့ စာလုံးပုံသွင်းတာကတော့ တော်တော်လေး ခက်ခဲပါတယ်။ လက်မှုပညာရှင်တွေက သတ္တုစပ်အချိုးအစားနဲ့ ထွင်းထုမှု တိကျမှုကို ထပ်ခါတလဲလဲ စမ်းသပ်နေကြတုန်းပါပဲ..”
“ချင်မင်းဆက်ရဲ့ ဥပဒေတွေကို အမြန်ဆုံး ပုံနှိပ်ပြီး ကမ္ဘာအနှံ့ ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ချက်နဲ့ အရှင်မင်းကြီးက ဒီကိစ္စကို မကြာခဏ မေးမြန်းနေပါတယ်..”
ရထားလုံး အနည်းငယ် ယိမ်းထိုးသွားရာ လီစစ်က အထိန်းအကွပ်ယူလိုက်ပြီး ပြုံးကာ နိဂုံးချုပ်လိုက်၏။ “အတိုချုပ်ပြောရရင် သခင်လေး... စိတ်ချပါ။ အရှင်မင်းကြီးက နိုင်ငံကို အုပ်ချုပ်ဖို့ ကြိုးကြိုးစားစား လုပ်ဆောင်နေပြီး ကျွန်တော်တို့ လက်အောက်ခံတွေကလည်း ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မလျှော့ရဲပါဘူး....”
“သခင်လေးနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ပေးသနားခဲ့တဲ့ မြင့်မြတ်တဲ့လက်မှုပညာတွေက မျိုးစေ့ချထားပြီးပါပြီ။ ကြီးမြတ်တဲ့ ချင်မင်းဆက်မှာ အမြစ်တွယ်၊ အညှောက်ပေါက်၊ ပွင့်လန်းပြီး အသီးအပွင့်တွေ သီးလာဖို့ အချိန်တစ်ခုပဲ လိုပါတော့တယ်...”
“ပြီးတော့ အကောင်အထည်ဖော်မယ့် အစီအစဉ်ကြီးကို ဆွေးနွေးဖို့ သခင်လေးနဲ့ မကြာခင် ပြန်မတွေ့ရဘူးဆိုပြီး အရှင်မင်းကြီးက ခဏခဏ ညည်းတွားနေတတ်တယ်...”
ကျန်းယဲ့သည် ၎င်းကို ကြားပြီးနောက် စိတ်ခံစားမှုများ ပြည့်နှက်သွားရသည်။
သူတို့ နောက်ဆုံး လာရောက်လည်ပတ်မှုက ရေကန်ထဲသို့ ပစ်ချလိုက်သော ကျောက်ခဲလေးတစ်လုံးကဲ့သို့ပင် ဖြစ်ပြီး ဆက်တိုက်လှိုင်းဂယက်များ ဖြစ်ပေါ်စေကာ ဤရှေးဟောင်း အင်ပါယာကို တဖြည်းဖြည်း ပြောင်းလဲစေနေပုံရလေသည်။
သူက လီစစ်၏ မျက်လုံးများရှိ တောက်ပမှုကို ကြည့်ကာ ပြုံးပြီး ခေါင်းညိတ်လိုက်၏။ “အမတ်ကြီးလီနဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ဒီလောက် ကြိုးစားနေကြမှတော့ ကြီးမားတဲ့ အရာတွေကို ပြီးမြောက်ဖို့ ဘာစိုးရိမ်စရာ ရှိသေးလို့လဲ။ အမတ်ကြီးလီရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်..”
“ဒါ ကျွန်တော့် တာဝန်ပါ” လီစစ်က ပြုံးလျက် ပြန်ဖြေလိုက်၏။
တစ်နာရီအကြာတွင် ယာဉ်တန်းက ရှန်းယန် မြို့တော်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာလေသည်။
ချင်မြို့တော်၏ ရှုခင်းများကို မြင်ဖူးပြီး တည်ငြိမ်စွာ နေနိုင်သော ကျန်းဟွိုင်မင် နှင့် လင်ရူတို့မှလွဲ၍ ကျန် ခရီးသွား ၂၈ ဦးမှာ...
ခရီးသွားအသစ်များဖြစ်စေ၊ အခြားအချိန်များသို့ ခရီးသွားခဲ့ဖူးသော ဝါရင့်ဖောက်သည်များဖြစ်စေ၊ သူတို့က ကားပြတင်းပေါက်မှ တစ်ပြိုင်နက်တည်း အပြင်သို့ ထွက်ကာ မျက်လုံးများ ပြူးကျယ်လျက်၊ ဒဏ္ဍာရီလာ ရှန်းယန် မြို့တော်ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်နေခဲ့ကြသည်။
“ဝိုး... ဒါ ရှန်းယန်ပဲ” မေ့ယွီရွှမ်က သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ကို အပြင်သို့ ထုတ်လိုက်ရာ သူ၏ဘေးရှိ အစောင့်များမှာ တင်းမာသွားကြရသည်။
“ကြည့်ပါဦး... အဲဒီလူတွေ ဝတ်ထားတဲ့ အဝတ်အစားတွေ... အဲဒါ အစစ်အမှန် ချွီကျွီရှန်းယိတွေပဲ...” လီကျားကျားက လမ်းပေါ်တွင် လမ်းလျှောက်နေသော ချင်လူမျိုးများကို လက်ညှိုးထိုးပြပြီး သူမဘေးရှိ ကျူးဝမ်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ လှုပ်ခါလိုက်၏။
(NT- ချွီကျွီရှန်းယိဆိုတာ အဲ့ခေတ်က ခေတ်စားတဲ့ ရှေးဟောင်းအဝတ်စားပါ)
ကောင်းကျွင်း နှင့် ကျန်ရွှမ်တို့သည်လည်း လမ်း၏ နှစ်ဖက်စလုံးရှိ ဆိုင်များနှင့် ထိုနေရာတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များကို အလွန် စိတ်ဝင်စားလာကြပြီး ရှေးဟောင်းတံဆိပ်တုံးစာလုံးများကို ခွဲခြားသိမြင်ရန်နှင့် အတွင်းတွင် မည်သည့် ကုန်ပစ္စည်းများ ရောင်းချနေသည်ကို ခန့်မှန်းရန် အစွမ်းကုန် ကြိုးစားနေကြလေသည်။
ကယ်ဗင်မှာ စကားမပြောနိုင်လောက်အောင် ဖြစ်နေပြီး “ဘုရားရေ”၊ “မယုံနိုင်စရာပဲ” ဟု အကြိမ်ကြိမ် ပြောရုံသာ တတ်နိုင်တော့သည်။ သူ မြင်သမျှ အရာအားလုံးကို မှတ်တမ်းတင်ချင်သည့်အလား သူ၏ ဖုန်းမှ ဗီဒီယိုရိုက်ကူးသည့် လုပ်ဆောင်ချက်ကို ဖွင့်ထားလိုက်သည်။
လမ်းပေါ်တွင် ရိုးရာနည်းလမ်းများ အသုံးပြု၍ မြေအိုးမြေခွက်များ ပြုလုပ်နေသော လက်မှုပညာရှင်များကို မြင်သောအခါ သူ မျက်လုံးများ ပြူးကျယ်သွားရသည်။
အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်သော ဆရာသခင်ထိုက်ရွှီပင်လျှင် ဤအခိုက်အတန့်တွင် လောကီရေးရာများနှင့် ကင်းလွတ်နေခြင်း မရှိတော့ချေ။
သူသည် သူ၏ မုတ်ဆိတ်မွေးရှည်ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ အခြားလက်တစ်ဖက်ဖြင့် ရထားလုံး ပြတင်းပေါက်၏ လိုက်ကာကို မတင်လိုက်၏။ သူ၏ တည်ငြိမ်သော မျက်လုံးများက လမ်းများ၊ အိမ်များနှင့် လမ်းသွားလမ်းလာများ၏ မျက်နှာများနှင့် အဝတ်အစားများကို သေချာစွာ အကဲခတ်နေခဲ့သည်။
သူသည် မြို့တော်အတွင်းရှိ လူနေမှုဘဝ အသွင်အပြင်အမျိုးမျိုးကို လေ့လာပြီး နောက်ပိုင်းသမိုင်းစာအုပ်များနှင့် ရှေးဟောင်းတာအိုကျမ်းများတွင် မှတ်တမ်းတင်ထားသည်များနှင့် လုံးဝကွဲပြားသော ချင်မင်းဆက်၏ တက်ကြွပြီး ကြမ်းတမ်းသည့် ဓလေ့ထုံးစံများကို ခံစားနေခဲ့သည်။
သက်ကြီးရွယ်အိုများက အိမ်အမိုးအောက်တွင် အေးအေးဆေးဆေး နေစာလှုံနေကြ၏။
ကလေးများ ပြေးလွှားကစားနေကြ၏။
ဈေးသည်များက သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသည်ကို သူ မြင်လိုက်ရလေသည်။ ဤအရာအားလုံးက သူ့ကို ချင်မင်းဆက် နှင့် ပတ်သက်၍ ပိုမို ခိုင်မာပြီး တက်ကြွသော နားလည်မှုတစ်ခုကို ပေးစွမ်းနေလေသည်။
“ဟိုဘက်က ဈေးကို ကြည့်ပါဦး။ တော်တော် စည်ကားတာပဲ...” လင်းရှင်းယွီက မလှမ်းမကမ်းရှိ လူစည်ကားသော နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်ရာ ထိုနေရာတွင် အရောင်းအဝယ်တစ်ခုခု လုပ်နေပုံရပြီး ဈေးဆစ်သံများကို တိုးညင်းစွာ ကြားနေရ၏။
ကျန်းကျန်လင် နှင့် ရှီမော့တို့က ရှန်းယန်မြို့တော်၏ အပြင်အဆင်နှင့် ဗိသုကာလက်ရာများကို အံ့သြနေခဲ့ကြသည်။
“ဒီလမ်းတွေက တော်တော် ကျယ်တာပဲ။ ပြီးတော့ သေချာ စီစဉ်ထားတာပဲ..”
“ဒီမြေစိုက် အဆောက်အအုံတွေက ခိုင်ခံ့ပုံရတယ်...”
လူတိုင်းက အလွန် စိတ်လှုပ်ရှားနေကြပြီး အရာအားလုံးက သူတို့အတွက် ထူးဆန်းကာ ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေလေသည်။
ဖြည်းညင်းစွာ ဖြတ်သန်းသွားသော နွားလှည်းများ၏ တကျီကျီ မြည်သံများ၊ လေထုထဲတွင် တိရစ္ဆာန်များ၊ မြေကြီး၊ အစားအစာများနှင့် မရင်းနှီးသော ဟင်းခတ်အမွှေးအကြိုင် ရနံ့များ ရောနှောနေမှု၊ လမ်းသွားလမ်းလာများ သူတို့၏ ဆံပင်များကို စည်းထားသည့် မတူညီသော ပုံစံများ...
ဤအရာအားလုံးက သူတို့အတွက် မယုံနိုင်လောက်အောင် ဆန်းသစ်နေ၏။
သူတို့ဟာ ဖြည်းညင်းစွာ ဖြန့်ကျက်ထားပြီး ယုံနိုင်လောက်အောင် တက်ကြွလှသော ချင်မင်ပွဲတော်ကာလ မြစ်ကမ်းဘေး ပန်းချီကားလိပ်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ဖြစ်နေပြီး ဤပန်းချီကားလိပ်ကို ချင်မင်းဆက် ရှန်းယန်ဟု ခေါ်ဆိုခြင်းသာ ကွာခြားလေသည်။
ရထားလုံးက အံ့သြမှုများနှင့် စူးစမ်းလိုစိတ်များကို သယ်ဆောင်ကာ ထိုခေတ်၏ အမြင့်ဆုံးအာဏာကို ကိုယ်စားပြုသည့် ကြီးကျယ်ခမ်းနားသော ဗိသုကာ အဆောက်အအုံဖြစ်သည့် မိုးပျံလုမတတ် ရှန်းယန် နန်းတော်ဆီသို့ ဦးတည်၍ ကျောက်ပြားခင်းလမ်းပေါ်တွင် တဂျုံးဂျုံး မြည်ကာ သွားနေခဲ့သည်။
မကြာမီတွင် ရထားလုံးက ကြီးကျယ်ခမ်းနားလှသော ရှန်းယန်နန်းတော်ရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်သွားချေသည်။
လီစစ်က သူ၏ ရထားလုံးပေါ်မှ အရင်ဆုံး ဆင်းလာခဲ့သည်။ နန်းတော်တံခါးပြင်ပတွင် စောင့်ဆိုင်းနေသော အစောင့်က သူတို့၏ အမူအရာများ မပြောင်းလဲဘဲ သင့်လျော်သော ကျင့်ဝတ်များဖြင့် ဝန်ကြီးချုပ်ကို နှုတ်ဆက်ကြ၏။
သို့သော်လည်း ကျန်းယဲ့က သူ့နောက်မှ ချက်ချင်း ကားပေါ်မှ ဆင်းလာသောအခါ သတိအနေအထားဖြင့် ရပ်နေသော အစောင့်များ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကြသည်။ သူတို့၏ လေးနက်သော မျက်နှာများကလည်း အံ့အားသင့်မှုနှင့် ရိုသေမှုတို့ကို အလိုအလျောက် ဖော်ပြနေပြီး သူတို့၏ မျက်လုံးများက သူ့ကို စိတ်အားထက်သန်စွာ လိုက်ကြည့်နေခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် အနောက်ဘက်ရှိ ရထားလုံးများထဲမှ ခရီးသွားများလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြသည်။
တီရှပ်များ၊ အားကစားဝတ်စုံများနှင့် လေကာအင်္ကျီများ စသည့် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော ဤခေတ်သစ်လူများ နန်းတော်တံခါးရှေ့တွင် ပေါ်လာသောအခါ အစောင့်များ အံ့အားသင့်သွားကြရသည်။
သူတို့က အဝတ်အစားများ၊ ဆံပင်ပုံစံများနှင့် အပြုအမူများပင်လျှင် ချင်လူမျိုးများနှင့် လုံးဝ မကိုက်ညီသော ဤပြင်ပလူများအုပ်စုကို မျက်လုံးပြူးကာ စိုက်ကြည့်နေကြလေသည်။ သူတို့၏ အံ့သြမှုများမှာ လျှံကျလုမတတ်ဖြစ်နေပြီး အချင်းချင်း တီးတိုးပြောဆိုသံများကို ကြားနေခဲ့ရသည်။
လီစစ်သည် ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်၏။ သူက နန်းတော်အစောင့်များ၏ တပ်မှူးဖြစ်သော အစောင့်တပ်မှူးထံသို့ လျှောက်သွားကာ ပြုံးပြီး ပြောလိုက်သည်။ "အစောင့်တပ်မှူး... ဒီလူတွေက အရှင်မင်းကြီးရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေပါ။ သူတို့ကို ထပ်ပြီး ရှာဖွေစစ်ဆေးဖို့ မလိုလောက်ဘူး မဟုတ်လား..."
ဧကရာဇ်၏ အမိန့်တော်ကို ရရှိထားပြီးဖြစ်သော အစောင့်တပ်မှူးက မျက်နှာအပြည့် အပြုံးများဖြင့် အမြန် လက်အုပ်ချီကာ ပြောလိုက်၏။ "ဝန်ကြီးချုပ်လီက သဘောထားကြီးလွန်းပါတယ်။ အရှင်မင်းကြီးက သခင်လေးကျန်း နဲ့ သူ့ရဲ့အဖော်တွေကို ဘယ်လို အတားအဆီး... ဘယ်လို လျစ်လျူရှုမှုမှ မရှိဘဲ ဖြတ်သန်းခွင့်ပြုဖို့ ညွှန်ကြားထားပြီးသားပါ။ ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ကျေးဇူးပြုပြီး နန်းတော်ထဲကို တိုက်ရိုက် ကြွလှမ်းကြပါ..."
ဤစကားများကို ကြားသောအခါ နောက်မှ လိုက်ပါလာသော ကျိုးကျွင်း၊ ကောရွှိုက် နှင့် အခြား ခရီးသွားများဟာ စိတ်လှုပ်ရှားသွားကြရသည်။
ကောရွှိုက်က ရှေ့သို့ မတိုးဘဲ မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ မေးလိုက်၏။ "ဗိုလ်ချုပ်... အရှင်မင်းကြီးက ကျွန်တော်တို့ကို စောင့်နေတာလား..."
အစောင့်တပ်မှူးက လေးစားစွာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။ "မှန်ပါတယ်... အရှင်မင်းကြီးက နန်းတော်ထဲမှာ စောင့်နေတာ ကြာပါပြီ... ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ကြိုဆိုဖို့ ကျွန်တော့်ကို ဒီနေရာမှာ ရှိနေဖို့ အထူးအမိန့်ပေးထားပါတယ်..."
"အရမ်းကောင်းတာပဲ.."
၎င်းကို ကြားသောအခါ ကောရွှိုက် နှင့် အခြားသူများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး အချင်းချင်း စိတ်လှုပ်ရှားစွာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
တရုတ်သမိုင်းမှာ အကြီးကျယ်ဆုံး ဧကရာဇ်ဖြစ်တဲ့ ချင်ရှီဟွမ်က နန်းတော်ထဲမှာ သူတို့ကို စောင့်နေတာတဲ့...
ဤဂုဏ်ကျက်သရေနှင့် မျှော်လင့်ချက် ခံစားချက်က လူတိုင်း၏ နှလုံးခုန်သံကို အလိုအလျောက် မြန်ဆန်သွားစေလေသည်။
အခန်း ၂၅၈ပြီး၏။