အခန်း ၂၅၉
Vol. 26 Ch. 259
အခန်း (၂၅၉) ဧည့်လမ်းညွှန်အဖြစ် လုပ်ဆောင်သော ပထမဆုံးဧကရာဇ်
ကျန်းထိုက် နန်းတော်တံခါးအပြင်ဘက်တွင် မိန်းမစိုး ပေက လက်အုပ်ချီလျက် လေးစားစွာ မတ်တပ်ရပ်နေခဲ့သည်။ နောက်ခဏ၌ အဝေးမှနေ၍ လူအုပ်တစ်စုကို ဦးဆောင်လာသော လီစစ်ကို မြင်သောအခါ ကြိုဆိုရန် အမြန် ရှေ့တိုးသွားလိုက်၏။
သူ၏ မျက်နှာတွင် မျက်နှာချိုသွေးသော အပြုံးများ ပြည့်နှက်နေပြီး သူ၏အကြည့်များက ကျန်းယဲ့ထံတွင် စိတ်အားထက်သန်စွာ စူးစိုက်နေခဲ့သည်။
ယခင်က ကျောက်ကောင်း အာဏာရှိစဉ်ကဆိုလျှင် ဤကဲ့သို့သော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နီးကပ်စွာ နေခွင့်ရမည် မဟုတ်သော်လည်း ယခုမူ သူဟာ နောက်ဆုံးတွင် အခွင့်အရေး ရလာပြီဖြစ်၏။
“သခင်လေး... နောက်ဆုံးတော့ ရောက်လာပြီပဲ။ အရှင်မင်းကြီးက ဒီမှာစောင့်ပြီး သခင်လေး ရောက်လာမယ့်အချိန်ကို မျှော်နေဖို့ အထူးညွှန်ကြားထားပါတယ်...” မိန်းမစိုး ပေ၏ အသံမှာ အပြည့်အဝ လေးစားမှုနှင့် ဝမ်းသာမှုတို့ ပြည့်နှက်နေချေသည်။
ကျန်းယဲ့က အနည်းငယ် ခေါင်းညိတ်၍ ပြန်လည်နှုတ်ဆက်လိုက်၏။ “အကူအညီအတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး...”
ထို့နောက် သူက မိန်းမစိုး ပေ၏နောက်မှ ခန်းမထဲသို့ ဝင်သွားလိုက်လေသည်။
ကြီးကျယ်ခမ်းနားလှသော နန်းတော်အတွင်းသို့ ခြေချလိုက်သည်နှင့် ကျန်းယဲ့သည် သူ၏နောက်မှ ခရီးသွားအုပ်စုကို ဦးဆောင်ကာ ယခင်က သူတို့ သင်ယူခဲ့ရသော ကျင့်ဝတ်များအတိုင်း ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ရင်းကျန့် ကို အရိုအသေပေးလိုက်ကြသည်။
လူသုံးဆယ်က တစ်ပြိုင်နက်တည်း အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ရာ သူတို့၏ အသံများက ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ “အနာဂတ်က နောင်လာနောက်သားတွေက ကြီးမြတ်တဲ့ ဧကရာဇ်ကျူးလုံ ကို ဂါရဝပြုပါတယ်..”
ရင်းကျန့်သည် ရှားရှားပါးပါး ရိုးသားသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး အကြိမ်ကြိမ် ပြောလိုက်၏။ “ကောင်းတယ်... ကောင်းတယ်... ထကြ...”
သူသည် ရာဇပလ္လင်ပေါ်မှ အမှန်တကယ် ထလာပြီး လှေကားထစ်များမှ ဖြည်းညင်းစွာ ဆင်းလာကာ ကျန်းယဲ့ထံသို့ ရောက်လာလေသည်။ သူ့ကို သေချာစွာ အကဲခတ်လိုက်ပြီး သူ၏ လေသံတွင် မသိမသာ ခံစားချက်တစ်ခု ပါဝင်နေ၏။ “မိတ်ဆွေလေးကျန်း... ငါတို့ မတွေ့ရတာ နှစ်တွေ အများကြီး ကြာခဲ့ပြီနော်။ ငါ မင်းကို အရမ်း သတိရနေခဲ့တာ။ မကြာသေးခင်က အဆင်ပြေရဲ့လား..”
ကျန်းယဲ့သည် အုပ်ချုပ်သူနှင့် လက်အောက်ခံတို့ကြားရှိ ဆက်ဆံရေးထက် ကျော်လွန်သော စိုးရိမ်ပူပန်မှုကြောင့် သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး လေးစားစွာ ပြန်ဖြေလိုက်လေသည်။ “အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ အရာအားလုံး အဆင်ပြေပါတယ်... အရှင်မင်းကြီးက နေ့ရောညပါ မမောမပန်း အလုပ်လုပ်နေရတာ ကျန်းမာရေး ကောင်းသေးရဲ့လား..”
“ငါ နေကောင်းပါတယ်...” ရင်းကျန့် က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်များက ကျန်းယဲ့ ၏နောက်ရှိ စိတ်လှုပ်ရှားနေသော်လည်း ချုပ်တည်းထားသော မျက်နှာများအပေါ်သို့ ရောက်သွားခဲ့သည်။
ထို့နောက် ကျန်းယဲ့က သူနှင့်အတူ ပါလာသော အခြားသူများကို ရင်းကျန့် အား မိတ်ဆက်ပေးလိုက်၏။
လင်ရူ နှင့် ကျန်းဟွိုင်မင်တို့က ရှေ့ထွက်လာပြီး ထပ်မံ၍ အရိုအသေပေးလိုက်ကြလေသည်။
ရင်းကျန့်က သူတို့ကို ကြည့်လိုက်ရာ သူ၏ အပြုံးမှာ ပို၍ ရိုးသားလာလေသည်။ “သခင်မလင် နဲ့ သခင်ကျန်း... မင်းတို့ နှစ်ယောက်လုံးက မိတ်ဆွေဟောင်းတွေပဲ။ မင်းတို့ ပြီးခဲ့တဲ့တစ်ခေါက် ပေးခဲ့တဲ့ ပစ္စည်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ငါကိုယ်တော် အမိန့်ပေးထားပြီးသားပါ။ ငါကိုယ်တော်တို့ နောက်တစ်ခါ ပြန်တွေ့ရင် ငါကိုယ်တော်တို့ရဲ့ ကြီးမြတ်တဲ့ ချင်အင်ပါယာက ပြည်သူတွေအတွက် အဲဒီကရတဲ့ အကျိုးကျေးဇူးတွေကို မင်းတို့ တွေ့ရပါလိမ့်မယ်..”
လင်ရူ နှင့် ကျန်းဟွိုင်မင်တို့ အမြန် အရိုအသေပေးလိုက်ကြ၏။ “အရှင်မင်းကြီးရဲ့ ကြိုးစားအားထုတ်မှုက ပြည်သူအားလုံးအတွက် ကောင်းချီးတစ်ခုပါ။ ဒီကြိုးပမ်းအားထုတ်မှုမှာ ကျွန်တော်တို့ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်တာဟာ ကျွန်တော်တို့ရဲ့ ဂုဏ်ကျက်သရေပါ..”
အခြား ခရီးသွားများက ပထမဆုံးဧကရာဇ်နှင့် အလွန် သဘာဝကျပြီး ရင်းနှီးစွာ စကားပြောဆိုနေကြသော သူတို့သုံးဦးကို မနာလိုစွာ ကြည့်နေကြ၏။
ထို့ကြောင့် လူအများအပြားက ပထမဆုံးဧကရာဇ်အား လက်ဆောင်များ ဆက်သသည့်အခါ မျက်စိအဖမ်းစားဆုံး ရတနာများကို ဆက်သရန် တိတ်တဆိတ် စီစဉ်နေကြလေသည်။ ပထမဆုံးဧကရာဇ်က သူတို့၏ အမည်များကို မှတ်မိနေခြင်းက မည်မျှ ဂုဏ်ယူစရာ ကောင်းလိုက်ပါမည်နည်း။
သူတို့ တစ်ယောက်စီတိုင်းက သူတို့၏ ကိုယ်ပိုင် အစီအစဉ်များကို လျင်မြန်စွာ တွက်ချက်နေကြ၏။
ရင်းနှီးသူ နှစ်ဦးနှင့် နှုတ်ဆက်စကား ပြောပြီးနောက် ရင်းကျန့်က သူ၏ အကြည့်များကို ဧည့်သည်အသစ်များထံသို့ ပြောင်းလိုက်ခေသည်။
သူ၏ အကြည့်များက စူးစမ်းလိုစိတ်နှင့် ရိုသေမှုတို့ ပြည့်နှက်နေသော မျက်နှာများကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကယ်ဗင်၏ ထူးခြားသော အသွင်အပြင်များထံတွင် ရပ်တန့်သွားခဲ့သည်။
မြင့်မားသော နှာတံ၊ နက်ရှိုင်းသော မျက်လုံးများ၊ ဖြူဝင်းသော အသားအရေနှင့် ဆံပင်တို့နှင့်အတူ သူသည် ကျန်းယဲ့ ပြောခဲ့သော အနောက်တိုင်းသားအသွင်အပြင် ရှိနေချေသည်။
ရင်းကျန့်က သူ၏ မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သေချာစွာနှင့် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
ကျန်းယဲ့က အချိန်ကိုက် ရှေ့ထွက်လာပြီး ခရီးသွားအသစ် နှစ်ဆယ့်ရှစ်ဦး၏ အမည်များကို ရင်းကျန့် အား တစ်ယောက်ပြီးတစ်ယောက် တင်ပြလိုက်လေသည်။
တည်ငြိမ်သော အမူအရာဖြင့် ရင်းကျန့်က တင်းမာသော်လည်း စိတ်လှုပ်ရှားနေသော သူ၏ သားစဉ်မြေးဆက်များ တစ်ယောက်စီတိုင်းကို ခေါင်းညိတ်ပြလိုက်ရာ သူ၏ ဧကရာဇ်၏ ခမ်းနားထည်ဝါမှုကြားတွင် ရှားရှားပါးပါး နူးညံ့မှု အနည်းငယ် ပါဝင်နေခဲ့သည်။
ရင်းကျန့်သည် စိတ်အခြေအနေ ကောင်းမွန်နေပြီး သူ၏ဘေးတွင် ရပ်နေသော မိန်းမစိုးပေဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်၏။ “မဟာအခမ်းအနားမှူးကို စားပွဲတစ်ခု ပြင်ဆင်ဖို့ သွားပြောချေ။ အဝေးက ရောက်လာတဲ့ ဒီသားစဉ်မြေးဆက်တွေကို ငါ ကြိုဆိုချင်တယ်...”
“မှန်လှပါ” မိန်းမစိုးက အရိုအသေပေးကာ အမိန့်ကို လက်ခံပြီးနောက် အစီအစဉ်များ လုပ်ဆောင်ရန် အမြန် ထွက်သွားလိုက်၏။
ထိုအချိန်တွင် လူအုပ်ထဲ၌ ရပ်နေသော လီကျားကျား မှာ သူမ၏ စိတ်လှုပ်ရှားမှုကို ဆက်လက် မချုပ်တည်းထားနိုင်တော့ပေ။ သူမက သတ္တိမွေးကာ ရှက်ရွံ့စွာဖြင့် မေးလိုက်၏။ “အဘိုး... အဘိုးကျူးလုံ... ဘာ... ဘာတွေ လိုအပ်လဲ။ ကျွန်မတို့... ကျွန်မတို့ အဘိုးကို ပေးလို့ ရမလား...”
ဤစကားများက ခလုတ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး အခြားခရီးသွားများကလည်း သဘောတူကြောင်း ချက်ချင်း ဝင်ပြောလိုက်ကြသည်။
“ဟုတ်တယ်... ဟုတ်တယ် အရှင်မင်းကြီး။ အရှင်မင်းကြီး ဘာလိုအပ်လဲဆိုတာ ပြောပြပေးပါ။”
“ကျွန်တော်တို့ ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိပါတယ်...”
“ဟုတ်တယ် အရှင်မင်းကြီး... ကြီးမြတ်တဲ့ ချင်မင်းဆက်မှာ ဘာတွေ လိုအပ်နေသေးလဲ။ ကျွန်တော်တို့ အခုချက်ချင်း ဝယ်ပေးမယ်...”
သူတို့၏ နှလုံးသားကို ဖွင့်ပြနေသကဲ့သို့ အလွန် စိတ်အားထက်သန်နေသော နောင်လာနောက်သား တစ်စုကို ရင်ဆိုင်ရချိန်တွင် ရင်းကျန့်သည် တော်တော်လေး ကျေနပ်မှုကို ခံစားလိုက်ရပြီး သူ၏ အပြုံးမှာ ပိုမို နက်ရှိုင်းလာရသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ လေသံမှာ သဘောထားကြီးကာ စာနာမှုအပြည့် ပါဝင်နေခဲ့သည်။ “မင်းတို့ရဲ့ စေတနာကို ငါ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ မင်းတို့အားလုံးက အသစ်ရောက်လာတဲ့သူတွေ ဖြစ်ပြီး ရှန်းယန်ရဲ့ ရှုခင်းတွေကို မခံစားရသေးဘူးလေ။ ရောက်ရောက်ချင်း လက်ဆောင်တွေ ဘယ်လိုလုပ် တောင်းလို့ရမလဲ။ အရင်ဆုံး အေးအေးဆေးဆေး မြို့ကို လှည့်လည်ကြည့်ရှုတာ ပိုမကောင်းဘူးလား... ပြီးမှ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့။”
ပထမဆုံးဧကရာဇ်မင်းမြတ်က ဘာမှ မတောင်းဆိုရုံသာမက သူတို့အတွက်ပါ ဤမျှ တွေးပေးသည်ကို မြင်သောအခါ ခရီးသွားများ အလွန် ဝမ်းသာပီတိ ဖြစ်သွားကြ၏။
၎င်းကို မြင်သောအခါ လီစစ်က ရှေ့သို့ထွက်ကာ တာဝန်ယူရန် ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော်မျိုး...”
သူ စကားမဆုံးမီမှာပင် ရင်းကျန့်က သူ့ကို ကြားဖြတ်ရန် လက်မြှောက်လိုက်လေသည်။ “မလိုဘူး။ ဒီနေ့ ငါ လုပ်စရာ ဘာမှမရှိဘူးဆိုတော့ ကိုယ်တိုင်ပဲ သူတို့ကို လမ်းလျှောက်ခေါ်သွားပြီး ပတ်ပြပေးလိုက်မယ်...”
၎င်းကို ကြားသောအခါ ခရီးသွားများ အားလုံး အံ့အားသင့်သွားကြပြီးနောက် ကြီးမားသော အံ့သြမှုနှင့် စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာကြသည်။
ချင်မင်းဆက်၏ ပထမဆုံးဧကရာဇ်.... ချင်ရှီဟွမ်က သူတို့၏ ဧည့်လမ်းညွှန်အဖြစ် ကိုယ်တိုင် လုပ်ဆောင်ပြီး ရှန်းယန်နန်းတော်ကို လှည့်လည်ကြည့်ရှုရန် သူတို့ကို ဦးဆောင်မည်တဲ့လား။
ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်သည်နည်း။
သမိုင်းတစ်လျှောက်နှင့် ကမ္ဘာတစ်ဝှမ်းတွင် ဤကဲ့သို့သော ဆက်ဆံမှုကို ရရှိခဲ့သူ အလွန်နည်းပါးလောက်ချေသည်။
လူတိုင်း၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူမှုများ တောက်ပနေပြီး သူတို့ အလွန် စိတ်လှုပ်ရှားနေသဖြင့် ကချင်လုမတတ်ပင် ဖြစ်နေခဲ့သည်။
သူ ပြောသည့်အတိုင်းပင်.... ရင်းကျန့်သည် ခရီးသွားအုပ်စုကို ရှန်းယန် နန်းတော်သို့ လှည့်လည်ကြည့်ရှုရန် ဦးဆောင်ခဲ့၏။
တည်ငြိမ်သော ခြေလှမ်းများနှင့် ကျယ်လောင်သော အသံဖြင့် နန်းတော်တစ်ခုစီ၏ အမည်များ၊ လုပ်ဆောင်ချက်များနှင့် သမိုင်းနှင့် အဖွဲ့အစည်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို လူအုပ်အား မိတ်ဆက်ပေးခဲ့သည်။
ကြီးကျယ်ခမ်းနားလှသော မျက်နှာစာခန်းမမှသည် သေသပ်လှပသော အိမ်တော်များအထိ၊ နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးသည့် ဧကရာဇ်၏ နန်းတော်မှသည် စာကြည့်တိုက်အထိ၊ ရင်းကျန့်က သူ၏ လက်ခုံကဲ့သို့ အားလုံးကို သိကျွမ်းထားလေသည်။
ခရီးသွားများက သေချာစွာ နားထောင်ကြပြီး ရံဖန်ရံခါတွင် ပို၍ ရဲတင်းသော တစ်ယောက် သို့မဟုတ် နှစ်ယောက်က မေးခွန်းတစ်ခု မေးတတ်ကြရာ ရင်းကျန့် က စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။
ကျန်းယဲ့သည် ရင်းကျန့်၏ ဘေးတွင် လျှောက်ရင်း သေချာစွာ နားထောင်နေလေသည်။ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်သော်လည်း ပထမဆုံးဧကရာဇ် ကိုယ်တိုင် ရှင်းပြခြင်းဖြစ်သောကြောင့် အတွေ့အကြုံမှာ ကွဲပြားခြားနားနေ၏။
သူတို့ မဏ္ဍပ်တစ်ခုသို့ ရောက်ရှိပြီး မိဖုရားဆောင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ လင်းရှင်းယွီက သူမ၏ လက်ကို စူးစမ်းလိုစိတ်ဖြင့် မမြှောက်ဘဲ မနေနိုင်တော့ဘဲ မေးလိုက်၏။ “ကြီးမြတ်တဲ့ဧကရာဇ် ကျူးလုံ... ကျွန်မတို့... ဟိုဘက်က မိဖုရားဆောင်ကို သွားကြည့်လို့ ရမလား..”
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ အနည်းငယ် ရုတ်တရက် ဆန်သွားသည်ကို သတိထားမိပုံရပြီး သူမ၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားရသည်။
ရင်းကျန့်သည် မိဖုရားဆောင်ဟူသော အသုံးအနှုန်းနှင့် အနည်းငယ် စိမ်းနေသော်လည်း သူမ လက်ညှိုးထိုးပြသည့် ဦးတည်ချက်နှင့် စကားလုံးများ၏ တိုက်ရိုက် အဓိပ္ပာယ်အရ သူမက နန်းတွင်းထဲသို့ သွားရောက်လည်ပတ်လိုကြောင်း ချက်ချင်း နားလည်လိုက်၏။
သူ မဖြေမီ ကောရွှိုက်က အခြေအနေကို ဖြေလျှော့ရန် အမြန် ကြားဖြတ်ပြောလိုက်ရသည်။ “အဲဒါက အရှင်မင်းကြီးရဲ့ နန်းတွင်းမိသားစုတွေ နေထိုင်တဲ့ နေရာလေ။ ကျွန်တော်တို့ ယောကျ်ားတွေ ဝင်ဖို့ မသင့်တော်ပါဘူး။ သွားမနှောင့်ယှက်တာ အကောင်းဆုံးပါပဲ...”
၎င်းကို ကြားသောအခါ ရင်းကျန့်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး ဂရုစိုက်ပုံ မပေါ်ချေ။ “ရပါတယ်။ မင်းတို့ ရောက်နေမှတော့ တစ်ချက် သွားကြည့်ကြတာပေါ့။ ငါကိုယ်တော် မင်းတို့ကို ပတ်ပြေမယ်..”
သူ၏ အမြင်တွင် ဤနောင်လာနောက်သားများက ဖြူစင်သော နှလုံးသား ရှိကြ၏။ ထို့ကြောင့် သူတို့က ရိုးရိုးရှင်းရှင်း စူးစမ်းလိုစိတ်ရှိနေမှတော့ သူတို့ကိုယ်တိုင် ကြည့်ခွင့်ပေးလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။
ထိုသို့ပြောပြီးနောက် သူက လူတိုင်းကို နန်းတွင်းဘက်သို့ ဦးဆောင်သွားလိုက်လေသည်။
လင်းရှင်းယွီ မေးခွန်းမမေးမီကတည်းကပင် ဉာဏ်ရည်ထက်မြက်သော မိန်းမစိုးပေသည် သူ၏ လက်အောက်ခံများကို တိတ်တဆိတ် အချက်ပြထားပြီးဖြစ်ကာ အမိန့်ရရှိသော မိန်းမစိုးများက မိဖုရားဆောင်သို့ အသိပေးရန် အမြန် ပြေးသွားလိုက်ကြသည်။
ထို့ကြောင့် ရင်းကျန့် နှင့် သူ၏အဖွဲ့ မရောက်လာမီကတည်းကပင် အရှင်မင်းကြီး ကိုယ်တိုင် ပြင်ပကမ္ဘာမှ လူများကို နန်းတွင်းသို့ လှည့်လည်ကြည့်ရှုရန် ဦးဆောင်လာမည်ဟူသော သတင်းက နန်းတော်တစ်ခွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
ခဏတာအတွင်းမှာပင် မိဖုရားများ၊ အလှမယ်များနှင့် နန်းတွင်းမှ အပျိုတော်များက အံ့အားသင့်ကာ စိတ်လှုပ်ရှားပြီး အနည်းငယ်လည်း မသက်မသာ ဖြစ်နေကြရသည်။
“မြန်မြန်... ငါ့ရဲ့ မိတ်ကပ်က သင့်တော်ရဲ့လားဆိုတာ မြန်မြန်စစ်ကြည့်စမ်း” လှပသော အမျိုးသမီးတစ်ဦးက မှန်ထဲသို့ အလျင်စလို ကြည့်ကာ သူမ၏ အဝတ်အစားများကို ပြင်ဆင်ရန် အစေခံအား ညွှန်ကြားလိုက်၏။
အခြား အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီး မေးလိုက်လေသည်။ “အရှင်မင်းကြီးက ဘာလို့ နန်းတော်ပြင်ပက ဧည့်သည်တွေကို ရုတ်တရက် ခေါ်လာရတာလဲ။ ပြီးတော့ သူတို့က ပြင်ပကမ္ဘာကတဲ့။ ငါတို့... ငါတို့ ဘယ်လိုလုပ်ကြမလဲ...”
အခန်း ၂၅၉ပြီး၏။