အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း (၂၆၉) လူအများ တုန်လှုပ်သွားကြခြင်း
ပို၍ ဝေးကွာသော နေရာများမှဆိုလျှင် ရှန်းယန် ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် အိမ်နီးချင်း ခရိုင်များမှ လူအမြောက်အမြားပင် ရောက်ရှိလာခဲ့ကြသည်။
သူတို့ထဲမှ အများအပြားက သတင်းကြားပြီးနောက် ယမန်နေ့က အလွန်စိတ်လှုပ်ရှားနေသဖြင့် အိပ်မပျော်နိုင်ခဲ့ကြချေ။
အရုဏ်မတက်မီ မှိန်ပျပျလရောင်အောက်တွင် သူတို့ဟာ မိတ်ဆွေအပေါင်းအသင်းများကို ခေါ်ယူကာ သက်ကြီးရွယ်အိုများကို ကူညီပြီး ကလေးငယ်များကို ပွေ့ချီလျက် ဤကွင်းပြင်ကျယ်တွင် နေရာတစ်နေရာ ရရှိရန်နှင့် ကောင်းကင်ဘုံမှလူများ၏ အစစ်အမှန် မျက်နှာကို မျက်မြင်တွေ့ရှိကာ ဒဏ္ဍာရီလာပုံပြင်များကို အတည်ပြုရန်အတွက်သာ ခြေလျင်ခရီးကြမ်းကို လျှောက်လှမ်းရန် ကြီးမားသော လူအုပ်ကြီးကို ဖွဲ့စည်းခဲ့ကြသည်။
မရေမတွက်နိုင်သော မျက်လုံးများက မြို့ပြင်ရှိ ဧရိယာအပေါ်သို့ စူးစိုက်နေကြပြီး တိတ်ဆိတ်သော မျှော်လင့်ချက်တစ်ခုက လေထုထဲတွင် ပျံ့နှံ့နေချေသည်။
တစ်ချိန်တည်းမှာပင် ကျန်းယဲ့ နှင့် သူ၏အဖွဲ့က နံနက်စာ စားပြီးနောက် ချင်ရှီဟွမ်ကိုယ်တိုင် ဦးဆောင်ကာ အစောင့်အမြောက်အမြား ဝန်းရံလျက် ရှန်းယန် နန်းတော်မှ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာလာကြ၏။
နန်းတော်တံခါးများ ပွင့်သွားသည့် အခိုက်အတန့်တွင် မြင်လိုက်ရသော မြင်ကွင်းက အသက်ရှူမှားလောက်အောင်ပင်။
နန်းတော်တံခါးမှသည် အဝေးရှိ လမ်း၏ နှစ်ဖက်စလုံးအထိ၊ လမ်းများပေါ်တွင် လူများပြည့်ကျပ်နေပြီဖြစ်ကာ သူတို့က ခြေဖျားထောက်လျက်၊ လည်ပင်းကို ဆန့်ကာ နန်းတော်တံခါးဆီသို့ စူးစိုက်ကြည့်နေကြလေသည်။
ကျန်းယဲ့ နှင့် သူ၏အဖွဲ့ ပေါ်လာသောအခါ မျက်လုံးအားလုံးက သူတို့ထံသို့ ချက်ချင်း စူးစိုက်သွားပြီး နတ်ဘုရားများ၏ အံ့ဖွယ်အမှုတစ်ခုကို မျက်မြင်တွေ့နေရသကဲ့သို့ သူတို့၏ အကြည့်များတွင် အပြည့်အဝ ရိုသေကိုင်းရှိုင်းမှုနှင့် အံ့အားသင့်မှုတို့ ပြည့်နှက်နေ၏။
ယာဉ်တန်းက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်နှင့်အမျှ ပြည်သူများက အသက်အောင့်ထားကာ စူးစိုက်စွာ နားထောင်နေကြပြီး အချို့က သူတို့၏ မိသားစုများကို ငြိမ်းချမ်းရေးနှင့် ကျန်းမာရေးအတွက် ကောင်းချီးပေးနိုင်ရန် ကောင်းကင်ဘုံမှ လူများထံမှ ထွက်ပေါ်လာသော ကောင်းကင်ဘုံစွမ်းအင် ကို ပိုမို စုပ်ယူနိုင်သည့်အလား အလိုအလျောက် အသက်ပြင်းပြင်း ရှူနေကြလေသည်။
တိတ်ဆိတ်သော စိတ်အားထက်သန်မှုနှင့် လေးနက်မှုတို့က လေထုထဲတွင် ပျံ့နှံ့နေခဲ့သည်။
နောက်ဆုံးတွင် ယာဉ်တန်းက လူများ ပြည့်ကျပ်နေပြီဖြစ်သော မြို့ပြင်ရှိ ကွင်းပြင်ကျယ်သို့ ရောက်ရှိလာသောအခါ သူတို့နောက်မှ လိုက်ပါလာသော လူအုပ်ကြီးမှာ အလွန် ရှည်လျားသော အကွာအဝေးအထိ ဆန့်တန်းနေပြီး ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးထားချေသည်။
ဧကရာဇ်၏ အခမ်းအနားယာဉ်တန်း မြို့ပြင်တွင် ရှင်းလင်းစွာ ပေါ်လာသောအခါ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော ပြည်သူများက ချက်ချင်း စိတ်လှုပ်ရှားသွားကြရသည်။ မရေမတွက်နိုင်သော မျက်လုံးများက မီးမောင်းထိုးစက်များကဲ့သို့ အလယ်ဗဟိုရှိ အစောင့်များနှင့် အရာရှိများ ဝန်းရံထားသော ကျန်းယဲ့ နှင့် သူ၏အဖွဲ့အပေါ်သို့ ပြင်းပြစွာ စူးစိုက်သွားကြသည်။
လူအုပ်ထဲတွင် ရောနှောနေကြသော ရှန်လျန် နှင့် ရှန်ယွီအပါအဝင် နိုင်ငံခြောက်ခုမှ မှူးမတ်ဟောင်းများက ဤအခိုက်အတန့်တွင် လုံးဝကွဲပြားခြားနားသော ခံစားချက်များ ရှိနေကြခေသည်။
ရင်းကျန့်ကို ကြည့်နေသော သူတို့၏ အကြည့်များထဲတွင် ထိန်းချုပ်၍မရသော၊ အရိုးစွဲနေသည့် အမုန်းတရားနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်၊ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲချင်သော ဆန္ဒတို့ နက်ရှိုင်းစွာ ပါဝင်နေ၏။
သူတို့၏ အကြည့်များက ကျန်းယဲ့ နှင့် အခြားသူများထံသို့ ပြောင်းလဲသွားသောအခါ ၎င်းက အလွန် တည်ငြိမ်သော အကဲခတ်မှု၊ သံသယဝင်မှုနှင့် စုံစမ်းစစ်ဆေးမှုတို့အဖြစ် ပြောင်းလဲသွားပြီး သူတို့က ဤ ကောင်းကင်ဘုံမှ လူများ၏ အပြုအမူနှင့် ဝတ်စားဆင်ယင်မှုတို့မှတစ်ဆင့် အားနည်းချက်တစ်ခုခုကို ရှာဖွေရန် ကြိုးစားနေခဲ့ကြသည်။
ရှန်ယွီက အထူးသဖြင့် ထိုသို့ဖြစ်နေလေသည်။ သူက အလွှာပေါင်းများစွာသော အစောင့်များ ဝန်းရံထားပြီး တည်ငြိမ်အေးဆေးနေပုံရသော ရင်းကျန့်ကို စူးစိုက်ကြည့်နေခဲ့သည်။ အမျိုးသားရေးနှင့် ကိုယ်ရေးကိုယ်တာ ကလဲ့စားချေမှုအတွေးများက သူ၏ ရင်ဘတ်ထဲတွင် ဒေါသများ ဆူပွက်လာစေပြီး အလိုအလျောက် ရှေ့သို့ တိုးသွားချင်စိတ် ပေါက်လာရသည်။
သို့သော် သူ၏ ဘေးတွင် ရပ်နေသော ရှန်လျန်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
ရှန်လျန်က ခေါင်းလှည့်လိုက်ပြီး သူ၏ မျက်လုံးများက ဓားများကဲ့သို့ အေးစက်ကာ စူးရှနေပြီး ငြင်းဆန်၍မရသော သတိပေးချက်တစ်ခုဖြင့် သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
ရှန်ယွီက သွားကို ကြိတ်လိုက်ရာ သူ၏ နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာပြီး သူတို့ နှစ်ဦးသာ ကြားရလောက်အောင် တိုးညင်းသော အသံဖြင့် ရှန်လျန်က သူ့ကို ပြတ်သားစွာ သတိပေးလိုက်သည်ကို ကြားလိုက်ရလေသည်။ “ငြိမ်ငြိမ်နေစမ်း။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး.... အားလုံးက သူ့လူတွေချည်းပဲ”
ရှန်ယွီ၏ အကြည့်များက သာမန်အရပ်သားများနှင့် တူသော်လည်း လက်တွေ့တွင် စူးရှသော မျက်လုံးများ၊ ဖြတ်လတ်မှုများနှင့် အဆက်မပြတ် ကင်းလှည့်နေသော အရပ်ဝတ်အစောင့်များအပြင် ပုဆိန်ရှည်များကို ကိုင်ဆောင်ထားကာ တောက်ပစွာ စီတန်းနေသော နန်းတွင်းအစောင့်များ၏ ဖွဲ့စည်းပုံအပေါ်သို့ ဝေ့ကြည့်လိုက်လေသည်။ ထို့ကြောင့် ရင်ဘတ်ထဲမှ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော အမုန်းတရားများကို သူဟာ အတင်းအကျပ် ဖိနှိပ်ထားလိုက်ရ၏။
ဤအခိုက်အတန့်တွင် မည်သည့် လုပ်ရပ်မဆို ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် တူညီမည်ကို သူ သိပေသည်။
အဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေသော ကျန်ရွှမ်၊ ရှီမော့ နှင့် အခြားသူများက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူတို့ကို စိုက်ကြည့်နေသော ထိတွေ့နိုင်လုမတတ် ပြင်းထန်လှသည့် ထောင်ပေါင်းများစွာသော အကြည့်များကြောင့် သူတို့၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
ရှီမော့က ကျန်းယဲ့အနီးသို့ တိုးသွားပြီး သူ၏ တံတောင်ဆစ်ဖြင့် ညင်သာစွာ တွတ်လိုက်ကာ နောက်ပြောင်သည့် လေသံ အနည်းငယ်ဖြင့် တိုးတိုးလေး ပြောလိုက်၏။ “ညွှန်ကြားရေးမှူးကျန်း... ဒီမြင်ကွင်းက တော်တော်လေး ကြီးကျယ်တာပဲ။ စကား နည်းနည်းလောက် ပြောချင်လား..”
ကျန်းယဲ့သည် သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသော အပြုံးတစ်ခုကို ထိန်းသိမ်းထားပြီး ပတ်ဝန်းကျင်ရှိ လူများကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ မျက်လုံးလန်မကြည့်ဘဲ မနေနိုင်တော့ချေ။
‘ချီးကို စကားနည်းနည်းလောက် ဟုတ်လား...’
‘ဘာတွေ အရမ်း ရှုပ်နေတာလဲ။ ကြီးကျယ်ခမ်းနားတဲ့ ဖွင့်ပွဲ အခမ်းအနားကြီးမှ မဟုတ်တာ...’
ရင်းကျန့် နှင့် ကျန်းယဲ့တို့သည် မျက်နှာချင်းဆိုင် ရပ်ကာ တစ်ဦးကိုတစ်ဦး နောက်ဆုံး နှုတ်ဆက်စကား ဆိုလိုက်ကြသည်။
လေးနက်သော အမူအရာဖြင့် ရင်းကျန့်သည် ကျန်းယဲ့ နှင့် သူ၏နောက်ရှိ ခရီးသွားသုံးဆယ်ကို လေးစားစွာ အရိုအသေပေးလိုက်၏။
၎င်းကို မြင်သောအခါ ကျန်းယဲ့ နှင့် ခရီးသွားများ အားလုံး ချက်ချင်း တည်ငြိမ်သွားကြပြီး တစ်ပြိုင်နက်တည်း ခေါင်းညွှတ်ကာ လေးနက်စွာ ပြန်လည် နှုတ်ဆက်လိုက်ကြသည်။
ရင်းကျန့်သည် ကျန်းယဲ့ကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏ အသံမှာ တည်ငြိမ်ပြီး ရှင်းလင်းနေကာ မသိမသာ ခံစားချက် အနည်းငယ် ပါဝင်နေချေသည်။ “ဂုဏ်သရေရှိ လူကြီးမင်းတို့ အားလုံးကို လေးစားစွာ လိုက်ပို့ နှုတ်ဆက်ပါတယ်...”
သူ့နောက်မှ ချက်ချင်းပင် မင်းသား ဖူဆု၊ ဝန်ကြီးချုပ် လီစစ်၊ အမတ်ကြီး မုန့်ရီ၊ အမတ်ကြီးဖန်ကျဲ့ နှင့် ထိုနေရာရှိ အခြားအရေးကြီးသော အရာရှိများ အားလုံးက ကျန်းယဲ့ နှင့် သူ၏အဖွဲ့ကို နက်ရှိုင်းစွာ ခေါင်းညွှတ် အရိုအသေပေးလိုက်ကြပြီး လေးနက်ပြီး ကျယ်လောင်သော အသံများဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးကို လေးစားစွာ လိုက်ပို့ နှုတ်ဆက်ပါတယ်...”
ပတ်ဝန်းကျင်ရှိ ပြည်သူများသည်လည်း အစပိုင်းတွင် တိတ်ဆိတ်သွားသော်လည်း လေးနက်သော လေထုကြောင့် စိတ်လှုပ်ရှားသွားကြပြီး အဆင့်မြင့် အရာရှိများ၏ လုပ်ရပ်များကို အလိုအလျောက် အတုယူကာ ကျန်းယဲ့ နှင့် သူ၏အဖွဲ့ကို လေးစားစွာ ခေါင်းညွှတ် အရိုအသေပေးလိုက်ကြလေသည်။
အစပိုင်းတွင် အသံများမှာ အနည်းငယ် ရှုပ်ထွေးပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော်လည်း ထောင်ပေါင်းများစွာသော လူများက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သဖြင့် တညီတညွတ်တည်းဖြစ်ကာ အံ့မခန်းဖွယ်ကောင်းသော အသံလှိုင်းကြီး တစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးကို လေးစားစွာ လိုက်ပို့ နှုတ်ဆက်ပါတယ်.....”
“ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးကို လေးစားစွာ လိုက်ပို့ နှုတ်ဆက်ပါတယ်...”
အသံမှာ ကြည်လင်နေသော ကောင်းကင်မှ မိုးခြိမ်းသံကဲ့သို့ မယုံနိုင်လောက်အောင် ကျယ်လောင်နေပြီး ရှန်းယန်မြို့ပြင်ရှိ တောရိုင်းများတစ်ခွင် ပဲ့တင်ထပ်သွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကွမ်ကျုံး လွင်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားမည့်အလား လေနှင့်အတူ အလွန်ဝေးကွာသော နေရာများသို့ သယ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။
ကျန်းယဲ့ နှင့် သူ၏အဖွဲ့က မြေကြီးကို တုန်ဟည်းသွားစေသော နှုတ်ဆက်သံများထဲတွင် ရေချိုးနေရသကဲ့သို့ ထိုနေရာတွင် ရပ်နေခဲ့ကြသည်။ လူတိုင်း၏ ရင်ထဲတွင် ပူပြင်းသော အပူရှိန်တစ်ခုကို ခံစားလိုက်ရပြီး ဖော်ပြ၍မရသော စိတ်ခံစားမှုတစ်ခုက သူတို့၏ ရင်ဘတ်ထဲတွင် လှိုင်းထန်နေချေသည်။
လူတိုင်း၏ နှလုံးခုန်သံများက မြန်ဆန်နေပြီး သူတို့၏ သွေးများက မီးလောင်နေသကဲ့သို့ ခံစားနေကြရသည်။
အံ့အားသင့်မှုအပြင် သူတို့၏ ရိုးသားသော လေးစားမှုကို အချည်းနှီး မဖြစ်စေရန်အတွက် ဤရိုသေကိုင်းရှိုင်းပြီး စိတ်အားထက်သန်သော ပြည်သူများအတွက် တစ်ခုခု လုပ်ပေးချင်သည့် ဖော်ပြမရသော ဆန္ဒတစ်ခုကိုလည်း ခံစားလိုက်ရပြန်သည်။
အော်ဟစ်သံများက ပို၍ ပို၍ မြင့်တက်လာပြီး အချိန်အတော်ကြာ တည်တံ့နေခဲ့လေသည်။
ကျန်းယဲ့သည်လည်း ဤမကြုံစဖူးသော ကြီးကျယ်ခမ်းနားပြီး ရိုသေကိုင်းရှိုင်းသော မြင်ကွင်းကြောင့် အလွန် စိတ်လှုပ်ရှားသွားရသည်။
ထို့နောက် သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ဘေးဘက်တွင် ချန်လှပ်ထားခဲ့သော လွတ်နေသည့် နေရာဆီသို့ သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
တစ်ခဏအတွင်းမှာပင် ချောမွေ့သေသပ်သော ငွေရောင် ဘတ်စ်ကားတစ်စီးသည် လူတိုင်းရှေ့တွင် ရုတ်တရက်နှင့် မှော်ဆန်စွာ ပေါ်ထွက်လာချေသည်။
ငွေရောင် ခရီးသွားဘတ်စ်ကား လေထဲမှ ပေါ်လာသည့် အခိုက်အတန့်တွင် ရှန်းယန်မြို့ပြင် ဧရိယာ တစ်ခွင်၌ ခဏတာမျှ သေလုမတတ် တိတ်ဆိတ်မှုကြီးတစ်ခု ကျရောက်သွားခဲ့သည်။
ရှေ့တန်းမှဖြစ်စေ၊ နောက်တန်းမှဖြစ်စေ ပြည်သူအားလုံးဟာ ကွင်းပြင်ကျယ်ပေါ်တွင် ရုတ်တရက် ပေါ်လာသော သတ္တုနှင့် တူပြီး ချောမွေ့သေသပ်သည့် ကြီးမားလှသော ဖွဲ့စည်းပုံကြီးကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် စိုက်ကြည့်နေကြ၏။
နေရောင်ခြည်က ချောမွေ့သော ကားကိုယ်ထည်ပေါ်သို့ ကျရောက်နေပြီး မျက်စိကျိန်းမတတ် အလင်းရောင်ကို ရောင်ပြန်ဟပ်နေကာ ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ထူးခြားသော သဘာဝကို ပိုမို တိုးပွားစေလေသည်။
ဤကဲ့သို့ ထူးဆန်းပြီး ကြိုတင်ခန့်မှန်း၍ မရသော မြင်ကွင်းက သူတို့၏ စိတ်ကူးဉာဏ်ထက် များစွာ သာလွန်နေခဲ့သည်။
လူအုပ်ထဲတွင် ရောနှောနေသော ရှန်ယွီပင်လျှင် ဤအခိုက်အတန့်၌ လုံးဝ ကြက်သေသေသွားရသည်။
သူက အလိုအလျောက် သူ၏မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ပြီး မျက်လှည့်တစ်ခုကို ခံလိုက်ရသလား သို့မဟုတ် စိတ်ချောက်ချားနေသလားဟုပင် တွေးတောမိသွားခဲ့သည်။
အေးစက်ကာ ကြီးမားပြီး ထူးဆန်းစွာ ဖွဲ့စည်းထားသော ဤသံသေတ္တာကြီးက သူ၏ နားလည်မှုကို လုံးဝ မှောက်လှန်ပစ်လိုက်ပြီး သူ၏ ပုံမှန်ရဲစွမ်းသတ္တိနှင့် မာနထောင်လွှားမှုများကို အံ့အားသင့်မှုဖြင့် ယာယီ အစားထိုးလိုက်ချေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အံ့သြတုန်လှုပ်သံများနှင့် ထိန်းချုပ်၍မရသော အော်ဟစ်သံများသည် ဒီရေလှိုင်းကြီးကဲ့သို့ ထွက်ပေါ်လာပြန်သည်။
“ဝိုး... ”
“ဘုရားရေ....”
“ကြည့်စမ်း... ငါ မြင်လိုက်တယ်။ ငါ မြင်လိုက်တယ်ကွ... တကယ်ကြီး လေထဲကနေ ပေါ်လာတာပဲ... ”
“အို ဘုရားရေ။ ဒီသံတုံးကြီးက အကြီးကြီးပဲ။ ဒါ တကယ်ကို ကောင်းကင်ဘုံက ဝင်ရောက်စွက်ဖက်တာပဲ...”
“သူ့ဆိုင်က ပိုက်ဆံတွေ လေထဲကနေ ပေါ်လာတာလို့ ဝမ်လောင်ဝူ ပြောတုန်းက ငါ မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ငါ မယုံလို့ မရတော့ဘူး...”
“ဒါ... ဒါက နတ်ဘုရားရဲ့ စီးတော်ယာလား။ အရမ်း... အရမ်းကို ထူးခြားတာပဲ...”
“ယုံနိုင်စရာ မရှိဘူး။ လုံးဝကို ယုံနိုင်စရာ မရှိဘူးကွာ... ”
အံ့သြတုန်လှုပ်သံများနှင့် တီးတိုးပြောဆိုသံများက လူအုပ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာပြီး တစ်လှိုင်းထက် တစ်လှိုင်း ပိုမို မြင့်မားလာလေသည်။
အခန်း ၂၆၉ပြီး၏။