← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁) အရေးပေါ် ကာကွယ်ရေး

​၄င်းက တိတ်ဆိတ်စွာ ရပ်တန့်နေပြီး ချောမွေ့သော မျက်နှာပြင်မှ အေးစက်သော အလင်းရောင်များ ရောင်ပြန်ဟပ်နေကာ သွေးထွက်သံယိုဖြစ်နေပြီး ခေတ်ဟောင်းလက်နက်များ အသုံးပြုနေသည့် စစ်မြေပြင်ပတ်ဝန်းကျင်နှင့် လုံးဝကို ကွဲပြားခြားနားနေ၏။

​ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် အန်းရှီးစစ်သည်များထံမှ ရူးသွပ်မတတ် အောင်ပွဲခံသံများ ထွက်ပေါ်လာလေသည်။

​“ကားပဲ... ဒါရိုက်တာကျန်းရဲ့ ကားပဲဟ”

​“ဒါရိုက်တာကျန်း ငါတို့ကို လာကူညီပြန်ပြီဟေ့... ”

​“ညီအစ်ကိုတို့... စစ်ကူတွေ ရောက်လာပြီကွ... ငါတို့ရဲ့ ကောင်းကင်ဘုံစစ်တပ်ကြီး ရောက်လာပြီ....”

​အန်းရှီးတပ်မတော်မှ စစ်မှုထမ်းဟောင်းများဟာ ဒါရိုက်တာကျန်း၏ မှန်းဆရခက်သော နည်းဗျူဟာများနှင့် သိပ်စိမ်းလှသည်မဟုတ်ချေ။

​သူတို့ရှေ့ရှိ ဧရာမယာဉ်ကြီးက ယခင်ကအရာနှင့် ကွဲပြားနေသော်လည်း ရင်းနှီးနေသော အသွင်အပြင်ရှိပြီး ပေါ်လာပုံချင်းလည်း တူညီနေခဲ့သည်။

​ဒါက ဒါရိုက်တာကျန်းမဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။

​ကြာရှည်စွာ တိုက်ပွဲဝင်ထားရသဖြင့် အနည်းငယ် နွမ်းနယ်နေသော သူတို့၏ ခန္ဓာကိုယ်များက ချက်ချင်းပင် ခွန်အားသစ်များ ဝင်ရောက်လာသကဲ့သို့ ဖြစ်သွားပြီး သူတို့၏ စိတ်ဓာတ်များလည်း မြင့်တက်သွားကြသည်။

​စစ်သူကြီးအို၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူဖွေးနေပြီဖြစ်သော်လည်း သူ၏မျက်လုံးများက အံ့မခန်းအလင်းရောင်များ တောက်ပနေချေသည်။ သူက ဓားဖြင့် ဘတ်စ်ကားဆီသို့ ညွှန်ပြကာ ဘေးနားရှိ စစ်သည်များကို အစွမ်းကုန် အော်ဟစ်လိုက်၏။ “ညီအစ်ကိုတို့... ဒါကို မြင်လား.... နတ်ဘုရားတွေက ငါတို့ကို စွန့်ပစ်မသွားဘူး.... ကောင်းကင်ဘုံက ထန်မင်းဆက်ကို ကောင်းချီးပေးနေပြီကွ... တိဘက်ခွေးတွေကို သတ်ကြ....”

​အန်းရှီးတပ်မတော်၏ ဝမ်းသာအားရဖြစ်နေမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် တိဘက်တပ်မတော်မှာမူ စိတ်ရှုပ်ထွေးမှုနှင့် ထိတ်လန့်မှုထဲသို့ ကျဆင်းသွားရသည်။

​တိဘက်စစ်သည်များစွာက ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိသော သံတုံးကြီးကို မှင်သက်စွာ စိုက်ကြည့်နေကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ကြသည်။

​လွန်ခဲ့သောလအနည်းငယ်က ထန်တပ်မတော်တွင် နတ်ဘုရားများက ပေးသနားထားသည်ဟု ဆိုကြသော မိုးကြိုးပေါက်ကွဲမှုဟူသည့် ကြောက်မက်ဖွယ် လက်နက်တစ်ခုရှိကြောင်း သူတို့ ကြားခဲ့ရ၏။

​သို့သော် စစ်သူကြီးများက ထိုအရာက ထန်လူမျိုးများ၏ လှည့်ကွက်တစ်ခုသာဖြစ်ပြီး ဟန်ဆောင်မှုတစ်ခုသာဖြစ်ကာ နတ်ဘုရားများ၏ ဝင်ရောက်စွက်ဖက်မှု လုံးဝမဟုတ်ကြောင်း သူတို့ကို အမြဲပြောခဲ့လေသည်။

​သို့သော် ဤလုံးဝနားလည်နိုင်စွမ်းမရှိဘဲ အသိပညာထက်ကျော်လွန်နေသော မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ တိဘက်စစ်သည်များစွာ၏ ရင်ထဲရှိ သံသယများက စတင်ယိမ်းယိုင်လာပြီး ကြောက်ရွံ့မှုများက ပေါင်းပင်များကဲ့သို့ ကြီးထွားလာကြသည်။

​မသိနားမလည်သောအရာကို ရိုသေလေးစားမှုနှင့် နတ်ဘုရားများ၏ အပြစ်ပေးမှုကို ကြောက်ရွံ့မှုတို့ကြောင့် ဓားကိုကိုင်ထားသော သူတို့၏လက်များပင် တုန်ယင်လာရသည်။

​တိဘက်စစ်သူကြီးက သူ၏တပ်များကြားရှိ ယိမ်းယိုင်နေသော စိတ်ဓာတ်နှင့် ထိတ်လန့်မှုကို လျင်မြန်စွာ ခံစားသိရှိလိုက်၏။ သူကိုယ်တိုင်လည်း ထိတ်လန့်နေသော်လည်း ပြင်းထန်သော စိတ်ပိုင်းဖြတ်မှုကို ပို၍ခံစားရလေသည်။

​ထို့ကြောင့် တပ်မတော်၏ စိတ်ဓာတ် ပြိုကျသွားခြင်းကို သူ လုံးဝ ခွင့်ပြုမည်မဟုတ်ချေ။

​“ဘာကို ထိတ်လန့်နေတာလဲကွ... ” တပ်မှူးက တပ်များကို ငြိမ်သက်စေရန် ကြိုးစားရင်း ပြင်းထန်စွာ အော်ဟစ်လိုက်၏။ “အဲဒါ ထန်တွေရဲ့ မှော်ပညာ... သံရထား အတုကြီးပဲ.... ဘာနတ်ဘုရားမှ မဟုတ်ဘူး.... မြားပစ်သမားတွေ.... ပစ်.... အဲဒီသတ္တဝါကြီးကို ထိုးဖောက်သွားအောင် ပစ်....”

​သူက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး သူ၏ ကိုယ်ရံတော်များကို ချက်ချင်း အမိန့်ပေးလိုက်လေသည်။

​တိဘက်မြားပစ်သမားအဖွဲ့သည်လည်း စိုးရိမ်ထိတ်လန့်နေသော်လည်း စစ်မိန့်က အရေးကြီးဆုံးဖြစ်သောကြောင့် အံကြိတ်ကာ လေးကို ဆွဲလိုက်ကြ၏။

​“ရွှစ် ရွှစ်...”

​စူးရှသော လေခွင်းသံများနှင့်အတူ သိပ်သည်းသော မြားမိုးများက ရပ်တန့်နေသော ငွေဖြူရောင် ဘတ်စ်ကားဆီသို့ ထိုးခွင်းလာကြသည်။

​တစ်ချိန်တည်းမှာပင် တိဘက်တပ်မှူးက သူ၏ဓားဖြင့် ဘတ်စ်ကားကို ညွှန်ပြကာ တုံ့ဆိုင်းနေသော ဘေးနားရှိ စစ်သည်များကို ဟိန်းဟောက်လိုက်၏။ “အဲဒါ ထန်လူမျိုးတွေ ရုပ်ဖျက်ထားတာ... တိုက်ခိုက်... အဲဒါကို ဖျက်ဆီးပစ်.... အထဲကလူတိုင်းကို သတ်.... သတ္တိကြောင်တဲ့သူတွေကို ခေါင်းဖြတ်ပစ်....”

​သေဆုံးရမည့် ခြိမ်းခြောက်မှုနှင့် တပ်မှူးများ၏ တွန်းအားပေးမှုအောက်တွင် ပို၍ရဲရင့်သော တိဘက်စစ်သည်အချို့က သားရဲများကဲ့သို့ အော်ဟစ်ကာ အံကြိတ်ပြီး မြားမိုးများ၏နောက်မှ ဘတ်စ်ကားဆီသို့ ပြေးဝင်သွားလိုက်ကြသည်။

​သို့သော် တိဘက်စစ်သည်များစွာက တုံ့ဆိုင်းနေကြပြီး သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ အလိုအလျောက်ပင် နောက်သို့ ခြေတစ်ဝက် ဆုတ်လိုက်ကြလေသည်။

​ယခင်တိုက်ပွဲတွင် အန်းရှီးတပ်မတော်ပ သူတို့၏ သာလွန်သော လက်နက်ကိရိယာများနှင့် ယမ်းမှုန့်များကြောင့် အရေးနိမ့်ခဲ့ခြင်းမရှိသည့်အပြင် အနည်းငယ်ပင် အသာစီးရခဲ့လေသည်။ ထို့ကြောင့် ယခုကဲ့သို့ ထူးဆန်းသောအရာ ပေါ်လာသောအခါ လူများအနေဖြင့် အံ့ဖွယ်အရာတစ်ခု ဖန်တီးရန် သတ္တိမွေးဖို့ တကယ်ကို ခက်ခဲလှချေသည်။

​အချိန်ခရီးသွားခြင်းကို ပြီးစီးကာ ဤနေရာသို့ ရောက်ရှိလာခါစဖြစ်သော ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ထိုင်ခုံများပေါ်မှပင် သတိမပြန်လည်နိုင်သေးချေ။ ငါတို့ ထန်မင်းဆက်ကို ရောက်လာပြီဟု အော်ဟစ်ရန်မဆိုထားနှင့် ကားအပြင်ဘက်ရှိ နားကွဲမတတ် တိုက်ပွဲဝင် အော်ဟစ်သံများ၊ သတ္တုချင်းရိုက်ခတ်သံများနှင့် လွှမ်းမိုးနေသော ရှေးကျပြီး သွေးထွက်သံယိုဖြစ်နေသော စစ်ပွဲလေထုကြီးထဲတွင် လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့ရသည်။

​ကားပြတင်းပေါက်မှတစ်ဆင့် မြင်လိုက်ရသည်မှာ ပြင်းထန်စွာ တိုက်ခိုက်နေကြသော ရှေးဟောင်းဝတ်စုံဝတ် တပ်မတော်များ၏ အဆုံးမရှိသော မြင်ကွင်းကျယ်ကြီး၊ သွေးစွန်းနေသော ဓားရှည်များ၊ လွင့်စင်နေသော ပြတ်တောက်နေသည့် ခြေလက်အင်္ဂါများ၊ အဝါရောင်သဲပြင်ကြားရှိ ရက်စက်ကြမ်းကြုတ်သော မျက်နှာများနှင့် သူတို့၏ အသေခံ ထိုးစစ်ဆင်မှုများပင်။

​ဤသည်က မည်သည့်ရုပ်ရှင် အထူးပြုလုပ်ချက်များထက်မဆို ပို၍ လက်တွေ့ကျကာ ပို၍ ရက်စက်ပြီး ပို၍ ခမ်းနားလှသည်။

​“သောက်ကျိုးနည်း...”

​“ဘုရားရေ... ”

​“ဒါ...ဒါက တကယ့် ရှေးဟောင်းစစ်မြေပြင်ကြီးလား.... ”

​“ငါတို့...ငါတို့ စစ်မြေပြင်အလယ်ကို ကျလာတာလား.....”

​ဘတ်စ်ကားအတွင်း ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ခရီးသွားအသစ်များက ထိတ်လန့်မှုကြောင့် မျက်နှာများ ဖြူဖျော့သွားကာ မျက်လုံးများ ပြူးကျယ်နေပြီး အံ့သြတုန်လှုပ်သံများ လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။

​ကျန်ရွှမ်၏ အသံမှာ တုန်ယင်နေနေသည်။ “ဒါရိုက်တာကျန်း.... ဒီဓားတွေက မျက်စိမပါဘူးနော် ကျွန်တော်တို့ အခုဆင်းသွားရင် အပေါက်တွေ ဖြစ်မသွားနိုင်ဘူးလား... ကျွန်တော်တို့တော့ သေပြီထင်တယ်ဗျ.... ”

​ကျန်ရွှမ် မေးခွန်းမေးရန် ပါးစပ်ဟလိုက်သည်နှင့် ကျန်းယဲ့သည် ဟင်းလင်းပြင်ခရီးသွားစနစ်၏ အေးစက်ပြီး အချိန်ကိုက်ဖြစ်သော အသိပေးချက်ကို ကြားလိုက်ရလေသည်။

​【ဒင်... ပတ်ဝန်းကျင်တွင် အလွန်မြင့်မားသော အန္တရာယ်ကို တွေ့ရှိရပါတယ်.... ခရီးသွားဘတ်စ်ကားအတွက် အရေးပေါ်ကာကွယ်ရေးလုပ်ဆောင်ချက်ကို အလိုအလျောက် စတင်လိုက်ပါပြီ.... ယာဉ်ကို ဤနေရာတွင် သော့ခတ်ထားမည်ဖြစ်ပြီး ပြင်ပအန္တရာယ်ကို ဖယ်ရှားခြင်း မရှိမချင်း ပြန်လည်သိမ်းဆည်းနိုင်မည် မဟုတ်ပါ။ ကားအတွင်းရှိ ခရီးသည်များက အမြင့်မားဆုံးသော လုံခြုံရေးအကာအကွယ်ကို ရရှိမည်ဖြစ်ပါတယ်】

​ယင်းကို ကြားပြီးနောက် ကျန်းယဲ့ သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။

​အရေးကြီးသော အချိန်များတွင် စနစ်က အတော်လေး ယုံကြည်စိတ်ချရပြီး အသုံးပြုရလွယ်ကူကြောင်း သက်သေပြခဲ့ခေသည်။

​သူက လှည့်ပြီး ထိတ်လန့်နေသော ခရီးသွားအသစ်များ၊ ကျန်ရွှမ်နှင့် အခြားသူများကို နှစ်သိမ့်ရန် ပြင်လိုက်စဉ်မှာပင် အင်မော်တယ်ရာချီမြို့တော်၏ စည်းမျဉ်းအခြေခံ လူသတ်မှုများနှင့် ကမ္ဘာပျက် ဇွန်ဘီ အကျပ်အတည်းတို့ကို ကြုံတွေ့ခဲ့ဖူးသော ဖောက်သည်ဟောင်းများဖြစ်သည့် ဝမ်ကန်း၊ လင်းယီရှင်းနှင့် အခြားသူများက အရင်စကားပြောလာပြီး သူတို့၏ လေသံတွင် လောကကြီးကို နားလည်သဘောပေါက်ထားသည့် တည်ငြိမ်မှုအရိပ်အယောင်များပင် ပါဝင်နေချေသည်။

​“ဘာကို ထိတ်လန့်နေတာလဲ... အေးအေးဆေးဆေးနေ...” ဝမ်ကန်းက တည်ငြိမ်စွာ ပြောလိုက်၏။ “အပြင်က ဒီခေတ်ဟောင်းလက်နက်တွေက ငါတို့ကားရဲ့ အမွှေးတစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...”

​“ဒါပေါ့... စောင့်သာ ကြည့်နေလိုက်” လင်းယီရှင်းက ဝင်ပြောလိုက်ပြီး လူသစ်များ၏ မျက်နှာပေါ်ရှိ အံ့သြမှင်သက်နေသော အမူအရာများကို မြင်တွေ့ရရန်ပင် အနည်းငယ် မျှော်လင့်နေလေသည်။

​နောက်ခဏ၌ သူတို့၏ စကားများကို သက်သေပြသည့်အလား ထိုအချိန်မှာပင် သိပ်သည်းလှသော တိဘက်မြားမိုးများ ဝင်ရောက်လာခေသည်။

​ထက်မြက်သော မြားများက ကားပြတင်းပေါက်ကို ဖောက်ထွင်းပြီး ယာဉ်အတွင်းသို့ စိုက်ဝင်လုနီးပါး ဖြစ်လာသောအခါ ခရီးသွားအသစ်များအားလုံး ကြောက်လန့်တကြား ဖြစ်သွားကြရသည်။

​သို့သော် မျှော်လင့်ထားသော ရိုက်ခတ်သံနှင့် ကွဲကြေသွားသံများ ထွက်ပေါ်မလာခဲ့ချေ။

​ဘတ်စ်ကားနှင့် တစ်မီတာခန့်အကွာရှိ မြားများက မမြင်ရသော်လည်း ဖျက်ဆီး၍မရနိုင်သော နံရံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားကာ ရုတ်တရက် ရွေ့လျားမှုစွမ်းအင်အားလုံး ဆုံးရှုံးသွားပြီး လေထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ ရပ်တန့့သွာကြသည်။

​တစ်ချိန်တည်းမှာပင် နူးညံ့သော်လည်း ခံနိုင်ရည်ရှိသော ရွှေရောင်အလင်းဝန်းတစ်ခုက ဘတ်စ်ကားတစ်စီးလုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး လုံးဝ အကာအကွယ်ပေးထားခဲ့သည်။

​“ဘုရားရေ....” ရှီမော့က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်၏။

​လူသစ်များက ဤအံ့ဖွယ်မြင်ကွင်းကို မြင်တွေ့ရရန် မယုံကြည်နိုင်လောက်အောင် မျက်လုံးများကို ဖွင့်ထားကြလေသည်။

​ရေခဲနေသော မိုးပေါက်များကဲ့သို့ မရေမတွက်နိုင်သော မြားများက ရွှေရောင်အလင်းတန်း အတားအဆီးအပြင်ဘက်တွင် သိပ်သည်းစွာ ရပ်တန့်နေပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။

​ယခုအခါ ယာဉ်အတွင်းရှိ ခရီးသွားအသစ်များသာမက အပြင်ဘက်ရှိ တိဘက်စစ်သည်များကပါ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်လေသည်။

​သူတို့ ပစ်ခတ်လိုက်တဲ့ မြားတွေကို သံတုံးပတ်လည်မှ ရုတ်တရက် ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းက တားဆီးထားသည်လော။

​‘လေထဲမှာ ရပ်တန့်နေတုန်းပဲလား....’

​“အင်မော်တယ်... အင်မော်တယ် မှော်ပညာ... သူက တကယ်ပဲ အင်မော်တယ်တစ်ပါးပဲ...”

​“နတ်ဘုရား... ဒါ နတ်ဘုရားရဲ့ စွမ်းအားပဲ...”

​“စစ်သူကြီးက ငါတို့ကို လိမ်နေတာ.... အဲဒါ ထန်တွေရဲ့ လှည့်ကွက် မဟုတ်ဘူး... ”

​တစ်ဝက်ယုံ တစ်ဝက်သံသယဖြစ်နေပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော တိဘက်စစ်သည်များဟာ ယခုအခါ သူတို့၏ ယုံကြည်မှုများ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

​ဤသည်က လူသားတို့၏ စွမ်းဆောင်နိုင်ရည်ထက် သာလွန်လွန်းနေချေသည်။

​စစ်သူကြီးများ၏ ယခင်က လှည့်စားမှုနှင့် လှုံ့ဆော်မှုများက ထိုကဲ့သို့သော အံ့ဖွယ်အရာ၏ ရှေ့မှောက်တွင် ဖြူဖျော့ကာ အားနည်းနေပြီး ရယ်စရာကောင်းလှလေသည်။

အခန်း ၂၇၁ပြီး၏။

All Chapters