အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း (၂၇၃) မင်းဆက်၏ တမန်တော်
ဤလမ်းက ယခုလေးတင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သော စစ်မြေပြင်ကို ဖြတ်သန်းသွားရမည် ဖြစ်၏။
သူတို့၏ ခြေအောက်တွင် သွေးများ စွန်းထင်းနေသော မြေနီရောင်များရှိနေပြီး လေထုထဲတွင် သွေးနံ့နှင့် ယမ်းနံ့များ ပြည့်နှက်နေကာ လမ်းတစ်လျှောက်တွင် ကျိုးပဲ့နေသော လက်နက်များ၊ အလံများနှင့် နှစ်ဖက်စလုံးမှ စစ်သည်များ၏ အလောင်းများ ပြန့်ကျဲနေခဲ့သည်။
ဤအရာအားလုံးက ခရီးသွားများ၏ အာရုံခံစားမှုများကို ပြင်းထန်စွာ ရိုက်ခတ်သွားစေ၏။
လူတိုင်း၏ စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ဘဲ လေးလံသွားကြပြီး မည်သူမျှ စကားမပြောဘဲ တိတ်ဆိတ်စွာ ရှေ့သို့ လျှောက်သွားလိုက်ကြသည်။
ငြိမ်းချမ်းသော ခေတ်ကာလမှ လာကြသည့် ဤလူများက ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးလောက်ကြောင်း ဗိုလ်ချုပ် ကောရှင်း သတိထားမိရာ သူက ရံဖန်ရံခါ လှည့်ကြည့်ပြီး ပေါ့ပါးသော လေသံဖြင့် သူတို့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ “အားလုံးပဲ... မကြောက်ကြပါနဲ့... စစ်မြေပြင်ဆိုတာ ဒီလိုပါပဲ... နောက်တော့လည်း ကျင့်သားရသွားကြမှာပါ...”
“အခု ပုံစံက ရှင်းလင်းပြီးသွားရင် အဆင်ပြေသွားမှာပါ..”
“ပြီးတော့ ငါတို့ မကြာခင် မြို့ထဲ ရောက်တော့မှာဆိုတော့ အဲဒီမှာက ဘေးကင်းပါတယ်...”
ဤစကားများက နှစ်သိမ့်မှုနှင့် စိတ်အေးစေရန် ရည်ရွယ်သော်လည်း ခရီးသွားများအတွက် ပို၍ပင် စိတ်နှလုံးလေးလံသွားစေလေသည်။
သူတို့၏ ရင်ထဲတွင် ဝမ်းနည်းမှု၊ ကြေကွဲမှုနှင့် နက်ရှိုင်းသော လေးစားမှုတို့ ရောနှောကာ ဖြစ်ပေါ်လာကြ၏။
သေမင်းတမန် နှုတ်ခမ်းဝမှ အခုလေးတင် တွားသွား၍ ပြန်လာခဲ့ရသော ဤစစ်သားများက ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာများ ရနေကြသော်လည်း ကောင်းစွာကာကွယ်ပေးထားသည့် ဤဧည့်သည်တော်များကို သူတို့က နှစ်သိမ့်ပေးနေရသေးပေသည်။
ခရီးသွားများက ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး သံချပ်ကာတွင် သွေးများ ပေကျံနေသော်လည်း ကျောကို မတ်မတ်ထားကာ ဤလူသူကင်းမဲ့ကာ အထီးကျန်ဆန်သောနေရာတွင် မည်သည့် ညည်းတွားမှုမျှမရှိဘဲ ကာကွယ်နေခဲ့သည့် ရှေ့ဆုံးမှ စစ်သူကြီးအိုကို ကြည့်လိုက်ကြ၏။
သူတို့၏ ရဲဘော်ရဲဘက်များ၏ အလောင်းများကို တိတ်ဆိတ်စွာ ကောက်ယူပြီး စစ်မြေပြင်ကို ရှင်းလင်းနေသော အန်းရှီးစစ်သည်များကို သူတို့ ဝေ့ကြည့်လိုက်ကြသည်။
သူတို့ထဲမှ အများအပြားမှာ ကောရှင်းကဲ့သို့ပင် ဆံပင်များ ဖြူနေကြပြီ ဖြစ်သော်လည်း သူတို့ဟာ လက်နက်များကို ကိုင်ဆောင်ထားဆဲဖြစ်ကာ ဤမြေနှင့် ထန်မင်းဆက်၏ နောက်ဆုံး ကျန်ရစ်သော ဂုဏ်ကျက်သရေကို ကာကွယ်စောင့်ရှောက်နေခဲ့ကြသည်။
ဤမျှ နက်ရှိုင်းပြီး ခိုင်မာသော မျိုးချစ်စိတ်နှင့် ယုံကြည်ချက်ကြောင့် သူတို့ မည်သို့များ စိတ်လှုပ်ရှားပြီး လေးစားမှုမဖြစ်ဘဲ နေနိုင်မည်နည်း။
ခရီးသွားများ၏ တိတ်ဆိတ်မှုကို အကဲခတ်ကောင်းသော အန်းရှီး စစ်မှုထမ်းဟောင်းအချို့က အထင်လွဲသွားကြ၏။
မိမိ၏ ဒဏ်ရာများကို ပတ်တီးစည်းနေသော စစ်သည်အိုတစ်ဦးက သူတို့၏ လေးနက်နေသော မျက်နှာများကို သတိပြုမိသွားပြီး သူတို့ရှေ့မှ သွေးထွက်သံယို မြင်ကွင်းကို ကြောက်ရွံ့နေကြသည်ဟု ထင်သွားမိသည်။
သူက ကြင်နာသော အပြုံးတစ်ခုကို အားယူပြုံးပြလိုက်ပြီး “မကြောက်ကြပါနဲ့ လူကြီးမင်းတို့ရယ်... သူတို့က ကျိန်စာသင့်နေတဲ့ တိဘက်ခွေးတွေပါ။ မြို့ထဲရောက်ရင် အဆင်ပြေသွားမှာပါ။ မြို့က သန့်ရှင်းတယ်.... ဒီလိုမျိုးတွေ ရှိမှာ မဟုတ်ဘူး...” ဟု နှစ်သိမ့်ပေးလိုက်သည်။
ဤရိုးအသော နှစ်သိမ့်စကားများက စုရှောင်ရှောင် နှင့် လင်းရှင်းယွီအပါအဝင် အမျိုးသမီး ခရီးသွား အချို့၏ နှလုံးသားထဲမှ အနူးညံ့ဆုံးနေရာကို ထိမှန်သွားချေသည်။
ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး ဖုံးကွယ်ရန်အတွက် သူတို့၏ ခေါင်းများကို အလျင်အမြန် ငုံ့ထားလိုက်ကြ၏။
ကျန်ရွှမ်၏ အသံမှာ သိသိသာသာ တုန်ယင်နေခဲ့သည်။ သူက ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီး စစ်သည်အိုနှင့် အခြားသူများအားလုံးကို ပြောလိုက်၏။ “ကျွန်တော်တို့ မကြောက်ပါဘူး.... ကျွန်တော်တို့ တကယ် မကြောက်ပါဘူး......”
သူတို့၏ စိတ်ခံစားမှုများက အစပိုင်းက အကြောက်တရားနှင့် မသက်မသာဖြစ်မှုတို့ကို ကျော်လွန်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ပြင်းထန်သော စိတ်ခံစားမှုက စစ်မြေပြင်၏ သွေးထွက်သံယို မြင်ကွင်းများကြောင့် ဖြစ်ပေါ်လာသည့် အမြင်အာရုံ ရိုက်ခတ်မှုကို ဖုံးလွှမ်းသွားခဲ့သည်မှာ ကြာပြီဖြစ်၏။
ပျက်စီးနေသော စစ်မြေပြင်နှင့် အကူအညီအလွန်လိုအပ်နေသော ဒဏ်ရာရ စစ်သည်များကို မြင်သောအခါ စစ်ဘက်နောက်ခံမှ လာသော ဝမ်ကျန့်ချင်၊ ဝမ်ကန်း နှင့် အခြားခရီးသွား အနည်းငယ်တို့က ဘာမျှမတွေဝေတော့ဘဲ ရှင်းလင်းရေးလုပ်ငန်းများတွင် ဝင်ရောက် ကူညီကြတော့သည်။
သူတို့က အန်းရှီးစစ်သည်များကို အလောင်းများ ကောက်ယူရန်နှင့် ဒဏ်ရာရသူများကို သယ်ဆောင်ရန် လျင်မြန်စွာ ကူညီပေးကြပြီး သူတို့၏ အမူအရာများမှာ လေးနက်ကာ အာရုံစိုက်နေခဲ့ကြသည်။
ရှေးဦးသူနာပြုစုနည်း သင်တန်းတက်ထားဖူးသူများ သို့မဟုတ် ဆေးဘက်ဆိုင်ရာအတွေ့အကြုံ အနည်းငယ်ရှိသော ခရီးသွားအချို့က ဒဏ်ရာရသူများ စုဝေးရာနေရာသို့ အမြန် သွားလိုက်ကြပြီး သူတို့ ယူလာခဲ့သော သို့မဟုတ် ကားပေါ်တွင် သိမ်းထားသော ရှေးဦးသူနာပြုသေတ္တာများကို ထုတ်ယူကာ စစ်ဘက်ဆရာဝန်များအား ဒဏ်ရာရစစ်သားများကို သန့်စင်ခြင်း၊ ပိုးသတ်ခြင်းနှင့် ပတ်တီးစည်းခြင်းတို့တွင် စတင် ကူညီပေးကြ၏။
သူတို့၏ နည်းစနစ်များက စစ်ဆရာဝန်များလောက် မကျွမ်းကျင်သော်လည်း သူတို့၏ စိတ်အားထက်သန်မှုနှင့် ကူညီလိုစိတ်များကတော့ ယုံနိုင်စရာမရှိလောက်အောင်ပင် ရိုးသားလှချေသည်။
ကျန်းယဲ့က ဤမြင်ကွင်းကို ကြည့်နေသော်လည်း သူတို့ကို မတားဆီးခဲ့ချေ။ သို့သော် အသံနိမ့်နိမ့်ဖြင့် “သတိထားကြ.... ကိုယ်လုပ်နိုင်တာကိုပဲလုပ်... စစ်ဆရာဝန်အတွက် ပြဿနာ မဖြစ်စေနဲ့” ဟုသာ ပြောလိုက်သည်။
၎င်းကို မြင်သောအခါ အန်းရှီးစစ်သည်များမှာ အလွန် အားနာသွားကြပြီး အလျင်စလို တားဆီးလိုက်ကြသည်။ “မလုပ်ပါနဲ့... မလုပ်ပါနဲ့။ ဂုဏ်သရေရှိ ဧည့်သည်တော်တွေက အဝေးကြီးက လာရတာလေ... ဒီလို ကြမ်းတမ်းပြီး ညစ်ပတ်တဲ့ အလုပ်တွေကို ဘယ်လိုလုပ် လုပ်လို့ရမလဲ။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်... ကျွန်တော်တို့ လုပ်နိုင်ပါတယ်...”
ကျန်းယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်နေခဲ့သည်။ “သူတို့ကို လုပ်ခွင့်ပေးလိုက်ပါ....”
အခြား ခရီးသွားများကလည်း သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြ၏။
သွေးထွက်သံယို မြင်ကွင်းများကြောင့် အမှန်တကယ် နေမထိထိုင်မသာ ဖြစ်နေသူများ သို့မဟုတ် လိုအပ်သော ကျွမ်းကျင်မှုများ မရှိကြောင်း သိထားသည့် ခရီးသွားများမှာမူ အတင်း ဝင်မပါကြချေ။ ပြဿနာ မဖြစ်စေခြင်းက သူတို့ ပေးနိုင်သည့် အကြီးမားဆုံး အကူအညီဖြစ်ကြောင်းကို သူတို့ ကောင်းစွာ သိထားကြ၏။
အစီအစဉ်များ ချမှတ်ပြီးနောက် ကျန်းယဲ့ နှင့် ဗိုလ်ချုပ် ကောရှင်းတို့ ခူချာမြို့ထဲသို့ အရင် ဝင်သွားလိုက်ကြသည်။
မြို့ထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် လေထုမှာ သူ နောက်ဆုံး လာရောက်လည်ပတ်စဉ်ကနှင့် မတူညီကြောင်း ကျန်းယဲ့ အကဲခတ်မိလိုက်လေသည်။
နယ်ခြားမြို့၏ လူသူကင်းမဲ့မှုနှင့် ခြောက်ကပ်မှုတို့ကို ခံစားနေရဆဲ ဖြစ်သော်လည်း လမ်းများပေါ်တွင် ယခင်ကထက် ပိုမို စည်ကားနေလေသည်။
ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုလားအုတ်များနှင့်အတူ အလွန်ထူးခြားသည့် တိုင်းတစ်ပါး ပုံစံရှိသော ကုန်သည်ယာဉ်တန်းအချို့ကိုပင် သူ မြင်တွေ့လိုက်ရ၏။
ကောရှင်းသည် သူ၏ အကြည့်ကို လိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်ဖွယ် အပြုံးတစ်ခု ပေါ်လာကာ ရှင်းပြလိုက်သည်။ “မင်း ပြီးခဲ့တဲ့တစ်ခေါက် ယူလာခဲ့တဲ့ ဖန်ထည်တွေနဲ့ ရှားပါးပစ္စည်းတွေကြောင့် အာရပ်ကုန်သည်တွေနဲ့ ငါတို့ အကြိမ်ရေအတော်များများ ကုန်သွယ်ခဲ့ကြတယ်။ အဲဒါတွေကို တကယ် လိုအပ်နေတဲ့ ဆေးဝါးတွေ၊ အစားအစာတွေနဲ့ အများကြီး လဲလှယ်နိုင်ခဲ့တယ်...”
“ဒါကြောင့် ဒီမှာ အမြတ်အစွန်း ရနိုင်သေးတယ်လို့ သူတို့ ထင်လို့လားတော့ မသိဘူး.... ဒါမှမဟုတ် ငါတို့ရဲ့ အထီးကျန်နေတဲ့မြို့လေးက မကြာခင် ပြိုလဲသွားမှာ မဟုတ်ဘူးလို့ သူတို့ ထင်လို့လာပဲ.... တဖြည်းဖြည်းနဲ့ အမြတ်ကို မက်မောတဲ့ ဒီကုန်သည်ယာဉ်တန်းတွေက ဒီကို ပြန်လာရဲလာကြတယ်လေ... ”
စစ်သူကြီးကောသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ကျန်းယဲ့က အခြေခံ အဓိပ္ပာယ်ကို နားလည်လိုက်၏။
ဤကုန်သွယ်ရေးဖလှယ်မှုများက ကုန်ပစ္စည်းများကို ယူဆောင်လာရုံသာမကဘဲ အတိုင်းအတာတစ်ခုအထိ အန်းရှီးစောင့်ရှောက်ရေးနယ်မြေက ဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး အလယ်ပိုင်းလွင်ပြင် နန်းတော်နှင့် အဆက်အသွယ် ရှိနေဆဲဖြစ်ကြောင်း ပြင်ပကမ္ဘာသို့ သတင်းစကား ပါးလိုက်ခြင်းလည်း ဖြစ်၏။
၎င်းက ရှုပ်ထွေးလှသော အနောက်ဘက်ဒေသများ၏ အခင်းအကျင်းတွင် ခူချာ၏ ရှင်သန်နိုင်စွမ်းနှင့် အဆင့်အတန်းကို သေချာပေါက် တိုးတက်စေခဲ့လေသည်။
သူတို့ နှစ်ဦးက ထိုအကြောင်းကို ဆက်မပြောရန် အလိုအလျောက် သဘောတူလိုက်ကြပြီး မြို့လယ်ရှိ စောင့်ရှောက်ရေးနယ်မြေ အဆောက်အအုံဆီသို့ ဆက်လက် လျှောက်သွားလိုက်ကြသည်။
လမ်းတစ်လျှောက်တွင် အဘက်ဆစ် ကယ်လီဖိတ်မှ ကုန်သည်များက ကျန်းယဲ့ နှင့် သူ၏ထူးဆန်းစွာ ဝတ်စားဆင်ယင်ထားသော အဖွဲ့ကို သံသယနှင့် မသေချာမှုများဖြင့် ကြည့်ရှုနေကြလေသည်။
သူတို့၏ အကြည့်များက ကယ်ဗင်ထံတွင် အချိန်အတော်ကြာ ရပ်တန့်သွားကြပြီး ဤထန်မှူးမတ်များ အဖွဲ့ထဲတွင် သူတို့နှင့် ရုပ်ရည်တူသော လူတစ်ယောက် ပါဝင်နေသည်ကို အံ့အားသင့်နေပုံရသည်။
ကယ်ဗင်သည်လည်း အာရပ်ကုန်သည်များကို သတိပြုမိသွား၏။ သူတို့၏ နှာတံမြင့်မြင့်နှင့် မျက်လုံးနက်နက်များကို မြင်သောအခါ သူ စိတ်လှုပ်ရှားသွားပြီး ဥရောပ သို့မဟုတ် မြေထဲပင်လယ်ကမ်းရိုးတန်းမှ လာကြသူများလားဟု တွေးတောမိလိုက်သည်။
ဤခေတ်ကာလ ဤနေရာတွင် တစ်နိုင်ငံတည်းသားများကို မြင်တွေ့ရသဖြင့် သူ အလွန် စူးစမ်းလိုစိတ် ဖြစ်သွားရသည်။
သို့သော် စစ်သူကြီးကောရှင်း နှင့် ရင်ဆိုင်ရချိန်တွင် ကုန်သည်များ၏ မျက်နှာချိုသွေးပြီး အနည်းငယ် ရိုသေကြောက်ရွံ့ကာ အောက်ကျို့သော အမူအရာကို သတိပြုမိသွားသောအခါ သူ၏ မျက်မှောင်များ အနည်းငယ် စုကျုံ့သွားပြီး ရှုပ်ထွေးကာ ဖော်ပြ၍မရသော စိတ်ခံစားမှုတစ်ခုက သူ၏ ရင်ထဲတွင် ပေါ်လာလေသည်။
၎င်းသည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်နေသော အာဏာနှင့် အဆင့်အတန်း ကွာခြားမှု၏ တိုက်ရိုက် ခံစားချက်ပင်။
ကောရှင်း နှင့် ရင်းနှီးပြီး ခူချာသို့ မကြာခဏ လာရောက်လေ့ရှိသော အာရပ်ကုန်သည်တစ်ဦးက သတ္တိမွေးကာ ချဉ်းကပ်လာ၏။
သူက ကောရှင်းကို အရင်ဆုံး လေးစားစွာ အရိုအသေပေးလိုက်ပြီးနောက် ဂုဏ်သရေရှိသော ကျန်းယဲ့ နှင့် သူ့နောက်မှ ကွဲပြားစုံလင်သော လူအုပ်ကြီးကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်လိုက်ပြန်သည်။
ထို့နောက် ကုန်သည်တစ်ဦး၏ ထုံးစံအတိုင်း လိမ္မာပါးနပ်သော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာပြီး လေယူလေသိမ်း မပီမသဖြစ်နေသော မန်ဒရင်းဘာသာစကားဖြင့် သတိထား၍ မေးလိုက်၏။ “အရှင်စစ်သူကြီး... ရန်သူတွေကို နောက်တစ်ကြိမ် တွန်းလှန်နိုင်ခဲ့တဲ့အတွက် ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျွန်တော်မျိုး ဝင်ပါမိတာကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဒီလူကြီးမင်းတွေက ဘယ်သူတွေလဲ ဆိုတာများ မေးလို့ရမလား...”
သူ၏ အကြည့်က ကျန်းယဲ့ နှင့် သူ၏အဖွဲ့ပေါ်သို့ ကျရောက်သွားခဲ့သည်။
‘အခုလေးတင် မြို့ပြင်မှာ တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး နတ်ဘုရားတွေနဲ့ အပြစ်ပေးခြင်းတွေအကြောင်း တိဘက်တွေ အထိတ်တလန့် အော်ဟစ်နေကြတာကို မသဲမကွဲ ကြားလိုက်ရတယ်...’
စစ်သူကြီးကိုယ်တိုင် ထူးဆန်းစွာ ဝတ်စားဆင်ယင်ထားသည့် ဤဂုဏ်သရေရှိ ဧည့်သည်တော်များနှင့်အတူ လိုက်ပါလာတာကို မြင်ရသည်မှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှ၏။
၎င်းကို ကြားသောအခါ ကောရှင်းက ရပ်လိုက်ပြီး အာရပ်ကုန်သည်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်ပြီး နားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာချေသည်။
သူက အများကြီး မရှင်းပြတော့ဘဲ တည်ငြိမ်သော လေသံဖြင့် တိုတိုနှင့် ရှင်းရှင်းသာ ပြောလိုက်၏။ “ဒါက ငါတို့ မင်းဆက်ရဲ့ တမန်တော်ပဲ...”
ဤစကားလုံးတိုတိုလေးက ပတ်ဝန်းကျင်ရှိ ကုန်သည်များ၏ နှလုံးသားကို လေးလံသော တူကြီးတစ်ချောင်းကဲ့သို့ ထုနှက်သွားလေတော့သည်။
အခန်း ၂၇၃ပြီး၏။