အခန်း ၂၇၄
Vol. 28 Ch. 274
အခန်း (၂၇၄)
မေးခွန်းမေးခဲ့သော ကုန်သည်ဟာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာပေါ်ရှိ ချောမွေ့သော အပြုံးမှာလည်း လုံးဝအံ့အားသင့်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူသည် ကျန်းယဲ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် ပြန်လည်အကဲခတ်မှုနှင့် နက်ရှိုင်းသော ရိုသေကြောက်ရွံ့မှုတို့ ပြည့်နှက်နေလေသည်။
“ကောင်းကင်ဘုံအင်ပါယာက တမန်တော်...” သူက တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်ပြီး အလိုအလျောက် နောက်သို့ ခြေတစ်ဝက် ဆုတ်ကာ ခါးကို ပို၍ ညွှတ်လိုက်၏။
ဤသူဌေးကုန်သည်ကြီးများက တိဘက်စစ်တပ် အော်ဟစ်ကာ ကမောက်ကမ ထွက်ပြေးသွားခဲ့သည့် မြို့ပြင်မှ ရုတ်ရုတ်သဲသဲဖြစ်မှုများကို မတွေးဘဲ မနေနိုင်တော့ချေ။ သူတို့၏ စိတ်ထဲတွင် အကျိုးသင့်အကြောင်းသင့်ရှိသော ယူဆချက်တစ်ခု ချက်ချင်း ပေါ်လာတော့သည်။
‘ဒီအဆင့်မြင့်တမန်တော်တွေက ချန်အန်းကနေ အင်အားကြီးတဲ့ စစ်တပ်တစ်ခုကို စေလွှတ်လိုက်လို့ ရက်စက်တဲ့ တိဘက်တွေကို တစ်ဟုန်ထိုး အနိုင်ယူနိုင်ခဲ့တာများလား...’
‘တစ်ချိန်က ငြိမ်သက်နေခဲ့တဲ့ ကောင်းကင်ဘုံအင်ပါယာကြီးက နောက်ဆုံးတော့ သူ့ရဲ့ အင်အားကို သုံးပြီး ဒီသောင်းကျန်းနေတဲ့ တိဘက်တွေကို လုံးဝ မောင်းထုတ်ပစ်တော့မှာလား...’
ဤအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက ကုန်သည်များအားလုံး၏ စိတ်ထဲတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့လေသည်။
သူတို့သည် အချင်းချင်း ဇဝေဇဝါဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ထပ်မံကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးထဲရှိ စူးစမ်းလိုစိတ်မှာ ရိုသေမှု၊ ကြောက်ရွံ့မှုနှင့် မျက်နှာချိုသွေးမှုတို့ ရောနှောနေသော စိတ်ခံစားမှုတစ်ခုဖြင့် လုံးဝ အစားထိုးခံလိုက်ရ၏။
ကြီးမြတ်သော ထန်မင်းဆက်။
အရှေ့ဘက်ဒေသကို လွှမ်းမိုးထားပြီး နှစ်ပေါင်းရာနှင့်ချီ၍ ကမ္ဘာကြီးအပေါ် ကြီးစိုးခဲ့သော ကောင်းကင်ဘုံ အင်ပါယာကြီးပင်။
အန်းရှီးသည် တဖြည်းဖြည်း ကျဆင်းလာပြီး အလယ်ပိုင်းလွင်ပြင်မှာလည်း ကမောက်ကမ ဖြစ်နေပုံရသော်လည်းနှစ်ကာလကြာရှည် စုဆောင်းလာခဲ့သော ကြီးမားလှသည့် အင်အားက ဤအနောက်ဘက်ဒေသ ကုန်သည်များ၏ အရိုးထဲအထိ နက်ရှိုင်းစွာ စွဲထင်နေပြီး အလိုအလျောက်ဖြစ်ပေါ်လာသော အကြောက်တရားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤတမန်တော်များက အဘယ်ကြောင့် ဤမျှ ထူးဆန်းပြီး ပုံမှန်မဟုတ်သော ပုံစံများဖြင့် ဝတ်စားဆင်ယင်ထားသနည်း ဆိုသည်နှင့် ပတ်သက်၍မူ...
သူတို့သည် အလိုအလျောက် အကြောင်းပြချက် ပေးလိုက်ကြပြီး ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို မေ့လျော့သွားကြချေပြီ။
‘ဒါက ချန်အန်းမှာ ခေတ်စားနေတဲ့ နောက်ဆုံးပေါ် အင်ပါယာ တမန်တော်ဝတ်စုံများလား...’
‘ဒါမှမဟုတ် ငါတို့ နားမလည်နိုင်တဲ့ အရမ်းမြင့်မားတဲ့ အဆင့်အတန်းကို ကိုယ်စားပြုတဲ့ အခမ်းအနား ဝတ်စုံ တစ်မျိုးများလား...’
ကောင်းကင်ဘုံ အင်ပါယာဆိုသည်မှာ ကျယ်ဝန်းပြီး သယံဇာတကြွယ်ဝကာ ထူးခြားသော လူများနှင့် ပါရမီရှင်များ ပြည့်နှက်နေသည့် နယ်မြေဖြစ်၏။ သူတို့ မလုပ်နိုင်သော သို့မဟုတ် စိတ်ကူးနှင့်ပင် ပုံမဖော်နိုင်သော အရာဟူ၍ ဘာရှိနိုင်မည်နည်း။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က သူတို့ကိုကြည့်နေသည့် ပုံစံမျ သိသိသာသာပြောင်းလဲသွားသည်ကို သဘာဝကျကျနှင့် ရှင်းလင်းစွာ ခံစားလိုက်ရသည်။
၎င်းသည် ယခင်က ခံစားခဲ့ရသော ရိုးရှင်းသည့် စူးစမ်းလိုစိတ်နှင့် လုံးဝ ကွဲပြားကာ ကိုးကွယ်မှုအဆင့်နီးပါးရှိသော ရိုသေကြောက်ရွံ့မှုမျိုးပင်။
သူတို့ အံ့အားသင့်သွားပြီး တလွဲနားလည်သွားကြပြီဖြစ်ကြောင်း သိသော်လည်း လူတိုင်းက တိတ်တဆိတ် နှုတ်ဆိတ်နေလိုက်ကြ၏။ မည်သူကမျှ ဝင်ရောက် ရှင်းပြခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ နက်နဲပြီး နားလည်ရခက်သော တည်ငြိမ်မှုကိုသာ ထိန်းသိမ်းထားလိုက်ကြသည်။
လုံးဝ ဇဝေဇဝါဖြစ်ပြီး အခြေအနေကို နားမလည်နိုင်ဖြစ်နေသော ကယ်ဗင်ပင်လျှင် ရုတ်တရက် ပြောင်းလဲသွားသည့် လေးနက်သော လေထု၏ ရိုက်ခတ်မှုကို ခံလိုက်ရ၏။ ဤအချိန်တွင် ဘာမှမပြောခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သဖြင့် ပါးနပ်စွာ ပါးစပ်ပိတ်ထားလိုက်ပြီး အခြားသူများလုပ်သကဲ့သို့ အမူအရာကို ခပ်တည်တည်ထားကာ ဘေးသို့ မကြည့်ဘဲ နေလိုက်လေသည်။
တိတ်ဆိတ်ပြီး ရိုသေကြောက်ရွံ့မှုများ ပြည့်နှက်နေသော အကြည့်များကြားတွင် ကျန်းယဲ့နှင့် ကောရှင်း တို့က အဖွဲ့ကို ဦးဆောင်ကာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေသော လမ်းမကြီးကို ဖြတ်သန်းသွားလိုက်ကြသည်။
နောက်ခဏ၌ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း ခမ်းနားထည်ဝါမှုအရိပ်အယောင်များ ထုတ်လွှင့်နေဆဲဖြစ်သည့် စောင့်ရှောက်ရေးနယ်မြေ အဆောက်အအုံသို့ အဖွဲ့ ရောက်ရှိလာကြသည်။
ကျန်းယဲ့က ရပ်လိုက်ပြီး သူ့နောက်မှ စူးစမ်းလိုစိတ်ဖြင့် ဟိုဟိုဒီဒီ ကြည့်နေကြသော ခရီးသွားအုပ်စုဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ကဲ... ရောက်ပါပြီ.... ခင်ဗျားတို့ မြို့ထဲကို လွတ်လွတ်လပ်လပ် လျှောက်ကြည့်ပြီး ထန်မင်းဆက်အနောက်ဘက်ဒေသတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို လေ့လာလို့ ရပါပြီ။ ဒါပေမဲ့...”
သူက အသံကို မြှင့်ကာ အလေးအနက် ပြောလိုက်၏။ “မှတ်ထားပါ... ခင်ဗျားတို့ မြို့ထဲမှာပဲ သွားလာလို့ ရပါမယ်.... မြို့ပြင်ကိုတော့ လုံးဝ..... လုံးဝ ထွက်ခွင့်မရှိပါဘူး။ ဒါက ငြိမ်းချမ်းတဲ့ ခရီးသွားဒေသ မဟုတ်ပါဘူး။ မြို့ပြင်မှာ ဘယ်အချိန်မဆို တိဘက်မြင်းတပ်တွေ ရှိနေနိုင်ပါတယ်။ ဘေးကင်းရေးက ပထမပဲ...”
၎င်းကို ကြားသောအခါ ကျန်ရွှမ်၊ မေ့ယွီရွှမ် နှင့် အခြားသူများက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့အားလုံးက မည်သည့်အရာက အရေးကြီးပြီး မည်သည့်အရာက အရေးပေါ်ဖြစ်ကြောင်း သိထားကြရာ သဘာဝကျကျပင် သူတို့၏ အသက်ကို အန္တရာယ်ဖြစ်စေမည် မဟုတ်ချေ။
ထို့နောက် ကျန်းယဲ့က ကောရွှိုက်ထံသို့ အကြည့်လွှဲလိုက်ပြီး သီးသန့် ခေါ်လိုက်၏။ “ကောရွှိုက်... ခင်ဗျားက မိတ်ဆွေဟောင်းဆိုတော့ ဒီနေရာကို တော်တော်လေးသိပါတယ်။ ဒီ နိုင်ငံတကာက မိတ်ဆွေကိုတော့...”
သူက စူးစမ်းလိုစိတ် ပြည့်နှက်နေသည့် ကလေးတစ်ယောက်နှင့် တူနေသော ကယ်ဗင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “သူ့ကို ခင်ဗျားဆီပဲ အပ်လိုက်မယ်။ သူ့ကို ခေါ်သွားပြီး ငါတို့ ထန်မင်းဆက်နယ်စပ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ခံစားခွင့်ပေးလိုက်ပါ...”
ကောရွှိုက် ချက်ချင်း သဘောပေါက်သွားရသည်။ ဤသည်မှာ ဘာမှမသိသော နိုင်ငံခြားသား ပြဿနာ တစ်ခုခု မရှာမိစေရန် သို့မဟုတ် မသင့်လျော်သည့် စကားတစ်ခွန်းမျှ မပြောမိစေရန် ကယ်ဗင်ကို စောင့်ကြည့်ထားသင့်ကြောင်း ဆိုလိုခြင်းပင်။
သူက ကျန်းယဲ့ကို မျက်စိတစ်ဖက် မှိတ်ပြကာ နားလည်ကြောင်း ညွှန်ပြလိုက်၏။ “စိတ်မပူပါနဲ့ ညွှန်ကြားရေးမှူးကျန်း... ကျွန်တော် တာဝန်ယူပါတယ်...”
ကယ်ဗင်မှာမူ ဤကိစ္စကို လုံးဝ မသိရှိချေ။ ကျန်းယဲ့ က သူ့ကို ပတ်ပြရန် မိတ်ဆွေဟောင်းတစ်ယောက်အား အထူး စီစဉ်ပေးခဲ့သည်ကို ကြားရသဖြင့် သူ တော်တော်လေး ဝမ်းသာသွားရသည်။
ညွှန်ကြားရေးမှူးကျန်းက တကယ်ကို စာနာနားလည်ပေးတတ်သူဟု သူ ထင်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သော အပြုံးတစ်ခု ပေါ်လာလေသည်။ သို့သော် သူ့ကို အနီးကပ် စောင့်ကြည့်ရန် လိုအပ်သူအဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သူ လုံးဝ မသိရှိခဲ့ချေ။
အခြား ခရီးသွားများနှင့် ပတ်သက်၍မူ ကျန်းယဲ့က ပြုံးကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အနည်းငယ် နောက်ပြောင်သော်လည်း အဓိပ္ပာယ်ပါသော လေသံဖြင့် ပြောလိုက်၏။ “ငါတို့ ကိုယ့်လူတွေ အတွက်ကတော့... အင်း... ငါတို့အားလုံးက တရုတ်နိုင်ငံကပဲလေ။ ဘာပြောသင့်တယ်.... ဘာမပြောသင့်ဘူးဆိုတာကို ငါတို့အားလုံး သိသင့်တယ် မဟုတ်လား...”
ဤစကားများက ရုတ်တရက် ထွက်လာခြင်းဖြစ်သော်လည်း ထိုနေရာရှိ တရုတ်ခရီးသွားများအားလုံးက ချက်ချင်း သဘောပေါက်သွားကြသည်။
၎င်းက သူတို့၏ စကားနှင့် အပြုအမူများကို သတိထားရန်နှင့် ကောင်းကင်ဘုံအင်ပါယာ၏ တမန်တော်များ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်အတွက် စိတ်လှုပ်ရှားနေချိန်တွင် မဖော်ပြသင့်သော အချက်အလက်များကို မပြောမိစေရန် သတိပေးချက်တစ်ခု ဖြစ်၏။
“ရှင်းပါတယ်...”
“စိတ်မပူပါနဲ့ ညွှန်ကြားရေးမှူးကျန်း.... ကျွန်တော် မှားပြီး ဘာမှ မပြောဘူးလို့ ကတိပေးပါတယ်...”
“ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့ သိပါတယ်...”
လူတိုင်းက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြပြီး အချို့က သူတို့၏ ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်သည့် ဟန်အမူအရာကိုပင် နောက်ပြောင်၍ ပြုလုပ်ပြကြလေသည်။
ချက်ချင်း နားလည်သဘောပေါက်သွားကြသော ခရီးသွားအုပ်စုကို ကြည့်ရင်း ကျန်းယဲ့ ကျေနပ်မှုကို ခံစားလိုက်ရ၏။
‘တွေ့လား... ခရီးသွား ဧည့်လမ်းညွှန်လုပ်ရတာ ပင်ပန်းပြီး စိတ်လှုပ်ရှားဖို့ ကောင်းပေမယ့် အခုအချိန်အထိ ငါတွေ့ခဲ့ရတဲ့ ခရီးသွားတွေက တော်တော်လေး စိတ်အေးရတယ်။ အနည်းဆုံးတော့ သူတို့က အခြေအနေအရပ်ရပ်ကို ကောင်းကောင်း နားလည်ပြီး သင့်တင့်လျောက်ပတ်တဲ့ အသိတရား ရှိကြတယ်...’
အတိတ်က သာမန်ခရီးသွားအုပ်စုများကို ဦးဆောင်စဉ်က သူကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် ကိစ္စရပ်များကို သူ ပြန်မတွေးဘဲ မနေနိုင်တော့ချေ။
ထမင်းစားပြီး ပါးစပ်ကို သုတ်ကာ သူတို့၏ ဗလာဖြစ်နေသည့် ပန်းကန်များကို လက်ညှိုးထိုးပြပြီး “အရမ်းဆိုးတာပဲ၊ ငါ တစ်လုပ်မှတောင် မစားရသေးဘူး”ဟုဆိုကာ အလကား စားခွင့်တောင်းသူများ ရှိ၏။ ပြတိုက်များရှိ ရှေးဟောင်းပစ္စည်းများကို “ကိုင်ရုံနဲ့ မကျိုးသွားပါဘူး” ဟုဆိုကာ အတင်းကိုင်တွယ်ချင်သူများ ရှိလေသည်။ ထို့အပြင် အခြားသူများလည်း...
‘ချီး.... မတွေးနဲ့တော့.. အဲဒီအကြောင်း မတွေးနဲ့တော့...’
ကျန်းယဲ့ တုန်ယင်သွားပြီး ဤစိတ်မချမ်းသာစရာ အမှတ်တရများကို သူ၏ စိတ်ထဲမှ အမြန် ဖယ်ရှားပစ်လိုက်၏။
‘ငါ ဆက်တွေးနေရင် ဒီည အိပ်မက်ဆိုးတွေ မက်လိမ့်မယ်...’
စောင့်ရှောက်ရေးနယ်မြေ အဆောက်အအုံအတွင်းရှိ ရိုးရှင်းသော်လည်း သပ်ရပ်သော အခန်းတစ်ခုတွင် ကျန်းယဲ့ နှင့် စစ်သူကြီးကောရှင်းတို့ဟာ မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။
လေထုထဲတွင်တော့ သွေးနှင့် ဆေးဘက်ဝင်အပင်များ၏ အနံ့သင်းသင်းလေးတစ်ခုက ပျံ့နှံ့နေလေသည်။
ကျန်းယဲ့သည် ကောရှင်း၏ စစ်ဝတ်ရုံပေါ်ရှိ စိုစွတ်နေဆဲဖြစ်သော သွေးကွက်များနှင့် သူ၏ မျက်ခုံးများကြားရှိ ပင်ပန်းနွမ်းနယ်မှုကို ကြည့်ကာ ပြောလိုက်၏။ “စစ်သူကြီး... အရင်ဆုံး ရေချိုးပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေး လုပ်လိုက်ပါလား... အဝတ်အစား သန့်သန့်လေး လဲပြီးမှ ကျွန်တော်တို့ အသေးစိတ် စကားပြောကြတာပေါ့...”
ကောရှင်းက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ အသံမှာ ရွှင်လန်းနေချေသည်။ “ဘာမှမဖြစ်ပါဘူး။ ဒီသွေးနည်းနည်းလောက်က ဘာမှမဟုတ်ပါဘူး... ငါ ကျင့်သားရနေပါပြီကွ။ ညွှန်ကြားရေးမှူးကျန်းတို့ကသာ အဝေးကြီးကနေ လာရတာ.... ပြီးတော့ ငါက သေချာဧည့်ဝတ်မကျေပွန်နိုင်ခဲ့တာက တော်တော်လေး ရိုင်းရာကျနေပါပြီ...”
သူက အခြားကိစ္စတစ်ခုကို ပို၍ စိုးရိမ်နေလေသည်။ “မိတ်ဆွေလေးကျန်း... ဒီတစ်ခေါက် ခူချာမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲ...”
ကျန်းယဲ့က ပြန်ဖြေလေသည်။ “နှစ်ရက်ပါ။ သန်ဘက်ခါ ဒီအချိန်လောက်ဆိုရင် ကျွန်တော်တို့ ထွက်သွားရပါမယ်...”
၎င်းကို ကြားသောအခါ ကောရှင်း၏ မျက်လုံးများတွင် စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာပြီး သူက ခေါင်းညိတ်လိုက်၏။ “နှစ်ရက်... အရမ်းကောင်းပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကထက် အများကြီး ပိုပါတယ်...”
ထို့နောက် သူ တစ်ခုခုကို သတိရသွားပုံရပြီး နောင်တရသည့် လေသံဖြင့် ပြောလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက်က အားလုံးကို နှုတ်ဆက်ခွင့် မရလိုက်တာ နောင်တရမိတယ်...”
“စည်းမျဉ်းတွေအရ အချိန်စေ့တာနဲ့ ကျွန်တော်တို့ ပြန်ရမှာပါ။ ကျွန်တော်တို့ သဘောအတိုင်း လုပ်လို့ မရပါဘူး” ကျန်းယဲ့က စိုးရိမ်တကြီး ဆက်မေးလေသည်။ “ကျွန်တော်တို့ ထွက်သွားပြီးနောက်မှာ တိဘက်တွေ ထပ်တိုက်ခိုက်သေးလားဆိုတာကို စစ်သားတွေ ဆွေးနွေးနေကြတာ ကြားလိုက်တယ်။ အခြေအနေက ဘယ်လိုရှိလဲ...”
ကောရှင်း ပြုံးလိုက်ပြီး သူ၏လေသံမှာ ပေါ့ပါးနေကာ အသေးအဖွဲကိစ္စတစ်ခုအကြောင်း ပြောနေသကဲ့သို့ပင်။ “မိတ်ဆွေလေးကျန်းရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ အဲဒါက အသေးစား ဝင်ရောက်တိုက်ခိုက်မှုလေး တစ်ခုပါပဲ... တိဘက်ခွေးတွေ ဘာအသာစီးမှ မရသွားပါဘူး။ ခူချာမြို့က လုံးဝ ဘေးကင်းပါတယ်...”
အခန်း ၂၇၄ပြီး၏။