← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) မြို့သိမ်းတိုက်ပွဲ

​အခြားသော ခရီးသွားများက ကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြ၏။

​ကားပေါ်မတက်မီ လူတိုင်းက ချစ်စရာကောင်းပြီး လေးစားထိုက်သော ဤစစ်သည်များကို အကြိမ်အနည်းငယ်မျှ လှည့်မကြည့်ဘဲ မနေနိုင်ကြချေ။

​ကားပေါ်ရောက်ပြီးနောက် သူတို့အားလုံးက ပြတင်းပေါက်များကိုချကာ ခေါင်းများထုတ်လျက် အပြင်ဘက်ရှိ မြင်ကွင်းကို မျက်စိတစ်ဆုံး လိုက်ကြည့်နေခဲ့ကြသည်။

​ဆောင်းဦးလေက တိုက်ခတ်လာပြီး အဝါရောင်သဲများကို လွင့်စင်သွားစေကာ အန်းရှီးတပ်မတော်မှ စစ်သည်များ၏ စစ်ဝတ်စုံများနှင့် ဆံပင်ဖြူများကို လွင့်ခါသွားစေလေသည်။ သို့သော် သူတို့တစ်ဦးစီတိုင်းက ပေါ့ပလာသစ်ပင်ကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေကြပြီး သူတို့၏အကြည့်များက ဘတ်စ်ကားပေါ်သို့ ပြတ်သားစွာ စူးစိုက်နေကြ၏။

​စစ်သူကြီး ကောရှင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ရင်း ဘတ်စ်ကားဆီသို့ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “အန်းရှီးတပ်မတော်ကနေ အားလုံးကို နှုတ်ဆက်ပါတယ်... ဂရုစိုက်ကြပါ”

​သူ့နောက်တွင် ရာထူးအဆင့်အတန်းနှင့် ဒဏ်ရာရသည်ဖြစ်စေ မရသည်ဖြစ်စေ အန်းရှီးတပ်မတော်မှ စစ်သည်များအားလုံးကလည်း လက်ဆုပ်ကာ တညီတညွတ်တည်း အရိုအသေပေးလိုက်ကြ၏။ သူတို့၏ လှုပ်ရှားမှုများက တညီတညာတည်းဖြစ်နေပြီး သူတို့၏ အသံများက တောင်ကြီးတစ်တောင် ဟိန်းဟောက်နေသကဲ့သို့ ဆူနာမီလှိုင်းလုံးကြီး ရိုက်ခတ်နေသကဲ့သို့ နှုတ်ဆက်ခြင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ချေသည်။

​“သံတမန်ကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်...”

​“ဂရုစိုက်သွားကြပါ”

​ထိုအသံက ကျယ်ပြောလှသော ဂိုဘီသဲကန္တာရတစ်ခွင် ပဲ့တင်ထပ်သွားပြီး စစ်သည်များ၏ ထူးခြားသော ဂုဏ်ယူဝင့်ကြွားမှုနှင့်အတူ လေးနက်သော ခွဲခွာခြင်း ခံစားချက်များလည်း ပါဝင်နေခဲ့သည်။

​ဘတ်စ်ကားပေါ်ရှိ ခရီးသွားများက ပြတင်းပေါက်မှတစ်ဆင့် ထိုမြင်ကွင်းကို ကြည့်လိုက်သောအခါ ဆောင်းဦးလေထဲတွင် ပြီးပြည့်စုံသော စစ်ရေးပြအလေးပြုခြင်းကို လုပ်ဆောင်နေသည့် ဆံပင်ဖြူစစ်မှုထမ်းဟောင်းများကို မြင်တွေ့လိုက်ရသဖြင့် သူတို့ထဲမှ လူအများအပြား၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာကြရသည်။

​ကျန်းယဲ့က ကားရှေ့တွင်ရပ်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော စစ်ရေးပုံစံကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး ခွန်အားကြီးမားသည့် တိုင်လုံးကြီးတစ်လုံးကဲ့သို့ အရှေ့ဆုံးတွင် ရပ်နေသော စစ်သူကြီးကောရှင်းကို ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စက်နှိုးသည့်ခလုတ်ကို နှိပ်လိုက်၏။

​နောက်ခဏ၌ ငွေရောင်ဘတ်စ်ကားကို အဖြူရောင်အလင်းတန်းတစ်ခု လွှမ်းခြုံသွားလေသည်။ မျက်စိကျိန်းလောက်သော အဖြူရောင်အလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားသောအခါ ဘတ်စ်ကားနှင့် ၎င်းပေါ်ရှိလူများက အန်းရှီးစစ်သည်များ၏ အမြင်အာရုံမှ လုံးဝပျောက်ကွယ်သွားပြီး လွတ်လပ်နေသော ဂိုဘီသဲကန္တာရသာ ကျန်ရစ်ခဲ့သည်။

​ဂိုဘီသဲကန္တာရပေါ်တွင် အန်းရှီးတပ်မတော်မှ စစ်သည်များက လက်ဆုပ်ကာ အရိုအသေပေးသည့် ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး အနာဂတ်မှလာသော အချိန်ခရီးသွားဘတ်စ်ကားက သူတို့၏ သူငယ်ချင်းများနှင့် မျှော်လင့်ချက်များကို သယ်ဆောင်ကာ ဂိုဘီသဲကန္တာရထဲသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေကြလေသည်။

​ဆောင်းဦးလေကလည် ဟိန်းဟောက်နေပြီး နှစ်ပေါင်းတစ်ထောင်ကြာ ခွဲခွာခြင်းအတွက် ၎င်းကပါ ဝမ်းနည်းပူဆွေးနေသည့်ပုံပင်။

​အချိန်ဥမင်လိုဏ်ခေါင်းအတွင်း ရင်းနှီးနေသော အမှောင်ထုနှင့် ဟင်းလင်းပြင်က ကားအတွင်းပိုင်းကို တစ်ဖန်ပြန်လည် လွှမ်းခြုံသွား၏။ အတွင်းလေထုက အနည်းငယ် မှိုင်းညို့နေပြီး အများစုမှာ အန်းရှီးတပ်မတော်နှင့် ခွဲခွာရသည့် ဝမ်းနည်းမှုတွင် နစ်မြုပ်နေဆဲပင်။

​ကျန်းယဲ့က မတ်တတ်ရပ်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး သူ၏အသံက ကားအတွင်း ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။ “လူကြီးမင်းတို့ခင်ဗျာ... ချင်မင်းဆက်နဲ့ အန်းရှီးကို ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကတော့ ပြီးဆုံးသွားပါပြီ။ နောက်ထပ် ကျွန်တော်တို့ အချိန်ခရီးသွားခြင်းရဲ့ နောက်ဆုံးမှတ်တိုင်ဖြစ်တဲ့ မင်မင်းဆက်နှောင်းပိုင်း၊ ချုံကျန်းဧကရာဇ် နန်းသက် သုံးနှစ်မြောက်ကို ဆက်သွားပါမယ်...”

​သူပြောသည့်စကားကို မည်သူမှ နားမလည်နိုင်မီမှာပင် အချိန်ဥမင်လိုဏ်ခေါင်းရှေ့တွင် အဖြူရောင်အလင်းစက်လေးတစ်ခုက အရင်ကလိုပင် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ဘတ်စ်ကားတစ်ခုလုံးကို ချက်ချင်းဝါးမျိုသွားသည့် ကြီးမားလှသော လည်ပတ်နေသည့် အလင်းတွင်းပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

​မျက်စိကျိန်းလောက်သော အဖြူရောင်အလင်းတန်းက လူတိုင်း၏ အမြင်အာရုံကို ထပ်မံဖြည့်စွမ်းသွားပြန်သည်။ သို့သော် ယခင်အတွေ့အကြုံနှစ်ခုမှ သင်ခန်းစာရထားသဖြင့် လူတိုင်းက သူတို့၏မျက်လုံးများကို ဗီဇအရ မှိတ်ထားဆဲဖြစ်သော်လည်း သူတို့ ထပ်မံ၍ မထိတ်လန့်ကြတော့ချေ။

​မျက်စိကျိန်းလောက်သော အဖြူရောင်အလင်းတန်းက ဒီရေလို ဆုတ်ခွာသွားသည်နှင့်အမျှ မျက်စိရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွား၏။

​သို့သော်လည်း သူတို့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်မီမှာပင် နားကွဲမတတ် စစ်ပွဲအော်သံများ၊ ပေါက်ကွဲသံများနှင့် လေထုကိုဖောက်ထွင်းသွားသော မြားများ၏ လေခွင်းသံများက သူတို့အပေါ် ကျဆင်းလာ၏။

​ဘတ်စ်ကားအတွင်းရှိ ခရီးသွားများက ပြတင်းပေါက်မှ အလျင်စလို ကြည့်လိုက်ရာ သူတို့မြင်လိုက်ရသည့်အရာက သူတို့ကို ချက်ချင်းပင် အံ့သြမှင်သက်သွားစေပြီး ယခင်က သူတို့၏ ဝမ်းနည်းမှုနှင့် ခွဲခွာခြင်းခံစားချက်များကို အက်ကွဲသွားစေလေသည်။

​သူတို့၏ ဘတ်စ်ကားက ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တော်၏ အပြင်ဘက် မနီးမဝေးတွင် ရပ်တန့်သွားခဲ့သည်။

​ယခုအချိန်တွင် မြို့တော်၏ ကြီးမားသော တံခါးကြီးများကို တင်းကျပ်စွာ ပိတ်ထားပြီး မြို့ရိုးများမှ မီးခိုးများ လွင့်ပျံနေကာ မင်တပ်မတော်၏ အလံများက စစ်မီးတောက်များကြားတွင် လွင့်ဝဲနေလေသည်။

​ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ မြို့အပြင်ဘက်ရှိ တောင်များနှင့် လယ်ကွင်းများတစ်လျှောက် ဖြန့်ကျက်နေသော ကြီးမားသည့် စစ်တပ်ကြီးများပင်။

​ကျစ်ဆံမြီးများကျစ်ထားပြီး ရင်းနှီးနေသော နှောင်းပိုင်းချင်းစစ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် စစ်သားများက မြို့ရိုးများကို ဒီရေလှိုင်းများကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြသည်။

​မြို့သိမ်းလှေကားများ၊ ဒိုင်းကာလှည်းများ၊ မြားများ၊ အမြောက်များ...

​အေးစက်သော လက်နက်များခေတ်မှ ရက်စက်ကြမ်းကြုတ်သော မြို့သိမ်းစစ်ပွဲက သူတို့မျက်စိရှေ့တွင် ပေါ်လာ၏။

​“ဘာတွေဖြစ်နေတာလဲ...”

​“နောက်ထပ် စစ်ပွဲတစ်ခုလား...”

​“ငါတို့က ရှေးဟောင်းစစ်ပွဲတစ်ခုကို လှုံ့ဆော်လိုက်တာလား....”

​“ဘုရားရေ။ ဒါက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။ ငါတို့ကို မြို့သိမ်းစစ်မြေပြင်ထဲကို တိုက်ရိုက်ပစ်ထည့်လိုက်တာလားဟ... ”

​ကားထဲတွင် အာမေဍိတ်သံများနှင့် ညည်းညူသံများ ပြည့်နှက်နေပြီး ဖရိုဖရဲဖြစ်သွားရသည်။

​ကျန်ရွှမ်၊ မေ့ယွီရွှမ်နှင့် အခြားသူများက ပြတင်းပေါက်အပြင်ဘက်ရှိ မြို့သိမ်းမြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်လိုက်ကြသည်။ အန်းရှီးတပ်မတော်၏ စစ်မြေပြင်ထက် အဆပေါင်းများစွာ ပိုကြီးမားပြီး ပိုမိုရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို ကြည့်ကာ လုံးဝ အံ့သြမှင်သက်သွားကြ၏။

​ယခု မြင်ကွင်းက သူတို့၏ မိခင်နိုင်ငံကို ကာကွယ်ရန်နှင့် ရန်သူကို တိုက်ခိုက်ရန် တာဝန်ပေးအပ်ခံရသော ထိုအချိန်က အန်းရှီးတပ်မတော်နှင့် မတူချေ။

​သူတို့ရှေ့ရှိ မြင်ကွင်းမှာ မင်မင်းဆက်၏ မြို့တော်ကို အိမ်တံခါးဝတွင် ဝိုင်းရံပိတ်ဆို့ခံရပြီး ရူးသွပ်စွာ တိုက်ခိုက်ခံနေရသည်မှာ ရှင်းလင်းလှလေသည်။

​ဒီအစက... ငရဲကျလွန်းတာ မဟုတ်ဘူးလား...

​ကျန်းယဲ့သည် သမိုင်းမှတ်တမ်းများနှင့် လုံးဝကွဲပြားခြားနားသော မြို့သိမ်းမြင်ကွင်းကို ကားပြတင်းပေါက်မှ ငေးမောကြည့်နေမိသည်။

​သမိုင်းကြောင်းအရ ဟွမ်ထိုက်ကျိက ဒီအချိန်ဆို လုယက်ပြီး ဆုတ်ခွာသွားလောက်ချေပြီ။

​ယခု ရန်သူက မြို့တံခါးဝတွင် ရောက်နေပြီဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုတည်းသာရှိ၏။ သူတို့၏ နောက်ဆုံးအလည်အပတ်က သမိုင်းကို ပြောင်းလဲသွားစေခဲ့ပြီဖြစ်၏။

​နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အရာများက မူလသမိုင်းကြောင်းနှင့် လုံးဝကွဲပြားသွားမည်ဖြစ်သည်။

​ခရီးသည်တင်ဘတ်စ်ကား ရုတ်တရက် ပေါ်လာမှုက ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်နေသည့် နှစ်ဖက်စလုံးကို ချက်ချင်း သတိပေးလိုက်ဆလသည်။

​တိုက်ခိုက်နေသော ချင်းတပ်မတော်က သူတို့အနောက်တွင် ရုတ်တရက် ပေါ်လာသည့် တောက်ပနေသော ငွေရောင်အရာဝတ္ထုကြီးကို ပထမဆုံး မြင်တွေ့လိုက်ရ၏။

​သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဤအရာက မူလက ကြမ်းကြုတ်သော နှောင်းပိုင်းချင်းစစ်သား အများအပြားကို အကြောက်တရား သွင်းပေးသည့် ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်နေပြီး သူတို့ကို ဗီဇအရ ဆုတ်ခွာသွားစေကာ လွယ်လွယ်ကူကူ မချဉ်းကပ်ရဲအောင် ဖြစ်စေခဲ့ပြီး သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်သွားစေချေသည်။

​အနောက်ဘက်မှ စစ်ဆင်ရေးများကို ညွှန်ကြားနေသော ချငစစ်သူကြီးတစ်ဦးက သူ၏မျက်လုံးများကို မှေးကာ ဘတ်စ်ကားကို စူးစိုက်ကြည့်နေ၏။

​သူက အံ့သြပြီး သံသယဖြစ်နေသော်လည်း ပို၍ပင် ရက်စက်ကြမ်းကြုတ်နေခဲ့သည်။

​“မင်းတို့က ဘာကိုကြောက်နေတာလဲ....” စစ်သူကြီးက တင်းမာစွာ အော်ပြောလိုက်၏။ “ဒါက သံသေတ္တာတစ်လုံးပဲ။ အလံဖြူတွေနဲ့ ရဲရင့်တဲ့ စစ်သည်တွေ... ရှေ့ကို ချီတက်ကြ။ အဲဒါကို ရိုက်ခွဲလိုက်... အထဲမှာ ဘယ်လိုသတ္တဝါမျိုးရှိလဲဆိုတာ သွားကြည့်...”

​သူတို့၏ အရာရှိများက တိုက်တွန်းခြိမ်းခြောက်လာသဖြင့် နှောင်းပိုင်းချင်းစစ်သားတစ်စုက သူတို့၏ ဓားများကိုဝှေ့ယမ်းကာ ဘတ်စ်ကားဆီသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ချဉ်းကပ်လိုက်ကြသည်။

​ကားအတွင်းတွင် ဝမ်ကျန့်ချင်၊ ဝမ်ကန်း၊ ကျန်းမင်ဟွေ့နှင့် အခြားသော အတွေ့အကြုံရင့် တိုက်ခိုက်ရေးဝန်ထမ်းများက အခြေအနေရှိ အကျပ်အတည်းကို လျင်မြန်စွာ အကဲဖြတ်လိုက်ကြ၏။

​ဝမ်ကျန့်ချင်က ကျန်းယဲ့ဘက်သို့ လှည့်လိုက်လေသည်။ “ဒါရိုက်တာကျန်း... ကျွန်တော်တို့ ဒီအကျပ်အတည်းကို ချိုးဖျက်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်။ ကျွန်တော်တို့အတွက် တိကျမှုမြင့်မားတဲ့ စနိုက်ပါရိုင်ဖယ် သုံးလက်လောက် လဲလှယ်ပေးပါ။ အဲဒါတွေက အသံတိတ်ဖို့လိုသလို ကိုက်ညီတဲ့ စောင့်ကြည့်ရေး မှန်ပြောင်းတွေလည်း ပါရမယ်....”

​ဘတ်စ်ကားပေါ်ရှိ အခြားသူများက သူတို့၏ ရည်ရွယ်ချက်များကို ချက်ချင်း နားလည်သွားကြ၏။

​ဒါက ခေါင်းဖြတ်စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ဖို့ပဲ။

​အနောက်ဘက်မှ အမိန့်ပေးနေသော ရန်သူစစ်သူကြီးကို လျင်မြန်စွာ ဖယ်ရှားခြင်းဖြင့်သာ အမြင့်ဆုံး ကမောက်ကမဖြစ်မှုကို ဖန်တီးနိုင်ပြီး မြို့သိမ်းပိုက်မှုကို ယာယီဖျက်သိမ်းကာ မြို့တော်ထဲသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေရှိစေမည်ဖြစ်၏။

​“ဟုတ်တယ်.... အဲဒီလိုလုပ်ကြရအောင်”

​မျက်လုံးအားလုံးက သူ့ဆီသို့ လှည့်လာကြသည်။

​စကားအပိုပြောမနေဘဲ ကျန်းယဲ့က စနစ်ဆိုင်မှ အဆင့်မြင့် စနိုက်ပါရိုင်ဖယ်သုံးလက်နှင့် ၎င်းတို့၏ တွဲဖက်ပစ္စည်းများကို လျင်မြန်စွာ ရွေးယူလိုက်လေသည်။

​ထို့နောက် ဝမ်ကျန့်ချင်နှင့် အခြားနှစ်ဦးက သေနတ်များကိုယူကာ သူတို့၏ ပစ္စည်းများကို လျင်မြန်စွာ စစ်ဆေးလိုက်ကြသည်။

​သူတို့က အကောင်းဆုံး ပစ်ခတ်မည့်နေရာကို သွားရန်လိုအပ်ပြီး ဘတ်စ်ကားခေါင်မိုးက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

​“ခေါင်မိုးပေါ်မှာ အရေးပေါ်ထွက်ပေါက်တစ်ခုရှိတယ်....” ကျန်းယဲ့က ကားအလယ်ရှိ ရှင်းလင်းစွာ မှတ်သားထားသော အဖုံးတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ “အဲဒါကို ဖွင့်လိုက်ရင် ခေါင်မိုးပေါ်ကို တက်လို့ရပြီ။ ဒါပေမဲ့ ကားထဲကနေ လုံးဝမထွက်သွားဖို့ သတိရပါ...”

အခန်း ၂၈၀ပြီး၏။

All Chapters