အခန်း ၂၈၂
Vol. 29 Ch. 282
အခန်း (၂၈၂) တာတာများ ရှုံးနိမ့်ခြင်း
တစ်ချိန်တည်းမှာပင် မင်စစ်သည်များက စစ်သူကြီးများ ဆက်တိုက်သေဆုံးခြင်း နှင့် အလံတိုင်များ လဲကျသွားတာကြောင့် နှောင်းပိုင်းချင်းစစ်သည်များ ဖရိုဖရဲဖြစ်နေသည်အား မြင်လိုက်ကြရာ နားကွဲမတတ်အော်ဟစ် အောင်ပွဲခဲ့လိုက်ကြ၏။
"တာတာတွေ ရှုံးပြီးဟေ့.... "
"ဟားးဟားးး ... ကောင်းကင်ဘုံက ငါတို့ မင်မင်းဆက်ကို မစနေတာကွ....
"ညီကိုတို့ သတ်...."
ထိုအချိန်၌ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသည့် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့က ကြီးမားသည့် ဝမ်းသာပီတိဖြစ်ခြင်း၊ အောင်ပွဲခံအော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
မြို့စားကျန်းဝေ့ရှင်းက လှုပ်ရှားနေသည့်စိတ်အား ထိန်းချုပ်ကာ စစ်သေနာပတိတစ်ယောက်၏ တည်ငြိမ်မှုအား ထိန်းထားလိုက်၏။
ထို့နောက် ဘေးမှ အခြားစစ်သည်တစ်ယောက်အား လှည့်ကာ အမိန့်ပေးလိုက်လေသည်။ "အရှင်မင်းကြီးကို အခုချက်ချင်း သွားပြီး သတင်းပို့ချေ... ဒါရိုက်တာကျန်းက တာတာခေါင်းဆောင်အများအပြားကို သတ်ပြစ်လိုက်တာကြောင့် နှောင်းပိုင်းချင်းတပ်မတော်က စစ်ရှုံးပြီး ဆုတ်ခွာသွားကြပြီးလို့ လျှောက်တင်လိုက်... ပြီးတော့ မြို့တော်ကို ဝိုင်းရံထားတဲ့ အန္တရာယ်က မရှိတော့တာမို့ အရှင်မင်းကြီး စိတ်အေးချမ်စွာ နေဖို့ကိုလည်း လျှောက်တင်လိုက်အုံး..."
"မှန်လှပါ..."စစ်သည်ကလည်း စစ်ပွဲအောင်မြင်မှုကြောင့် ဝမ်းသာနေပြီး အမိန့်ကို လက်ခံပြီးသည်နှင့် မြို့ရိုးပေါ်မှ အမြန်ဆင်းသွားလိုက်၏။
ထိုအချိန်တွင် ပထမဆုံးသတင်းသွားပို့သည့် စစ်သည်က မည်သည့်အတားဆီးမှမရှိဘဲ နန်းတော်အတွင်းကို တန်းတန်းမတ်မတ် အရှိန်ပြည့်ဖြင့် မြင်းကို စီးနှင်းလာခဲ့သည်။
ထို့နောက် အရေးပေါ်ဆက်သွယ်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက်မှာတော့ သူဟာ ဧကရာဇ်၏စာကြည့်ဆောင်၌ ဧကရာဇ်နှင့် စကားပြောခွင့်ရလိုက်လေသည်။
ထိုအချိန်၌ စာကြည့်ဆောင်အတွင်းရှိ လေထုမှာ လက်ဖြင့်ပင် စမ်းသပ်နိုင်လောက်သည်အထိ လေးလံနေချေသည်။
ချုံကျန်းဧကရာဇ်၏ မျက်ခုံးများက တွန့်ချိုးနေပြီး မျက်နှာပေါ်တွင် စိုးရိမ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
အောက်ဘက်တွင် ကျိုးယိုရန်နှင့် ဝမ်ထီရန်အပါအဝင် အမတ်ကြီးအားလုံးက မှုန်ကုတ်နေသည့် မျက်နှာအမူရာများဖြင့် အဆိုးရွားဆုံးသတင်းအား စောင့်မျှော်နေခဲ့ကြသည်။
သတင်းလာပို့သည့် အစေခံကို ခေါ်ဆောင်လာသည့်အခါ လူတိုင်းရဲ့ နှလုံးသားများက လည်ချောင်းဝသို့ ရောက်မတတ် ဖြစ်နေကြ၏။
"အရှင်မင်းကြီး... မြို့စားကြီးထံက အရေးပေါ် သတင်းလွှာပါ..." အစေခံက ကြမ်းပြင်ပေါ် ဒူးထောက်ချကာ လျှောက်တင်လိုက်လေသည်။
ချုံကျန်းဧကရာဇ်ဟာ မြို့တံခါးက တိုက်ခိုက်ခံရပြီး ကျိုးပေါက်သွားပြီဟူသည့် ဆိုးရွားလှသည့် သတင်းအား လက်ခံနိုင်ရန်အတွက် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်၏။
သို့သော်ငြားလည်း အစေခံက ခေါင်းမော့လိုက်သည့်အခါ သူ့၏မျက်နှာပေါ်တွင် ထိန်းချုပ်ထားရသည့် ဝမ်းသာမှုများ ပြည့်နှက်နေပြီး တုန်ယင်နေသည့်အသံဖြင့်.. " အရှင်မင်းကြီး... မြို့စားကြီးက ကျွန်တော်မျိုးကို သတင်းစကား ပါးခိုင်းလိုက်ပါတယ် ... ဒါရိာက်တာကျန်း... ဒါရိုက်တာကျန်းနဲ့ တစ်ခြားသူတွေ ပြန်ရောက်လာပါပြီ..."
"ဒါရိုက်တာကျန်းလား..." အစေခံ၏ စကားမဆုံးသေးမီ ချုံကျန်းဧကရာဇ်က ရုတ်တရက် ဖြတ်ပြောလိုက်၏။
ထို့နောက် ချုံကျန်းဧကရာဇ်ဟာ သူ့၏ နဂါးပုလ္လင်ထက်မှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်မိသည်။ သူ့၏ မှိုင်းညှို့နေသည့် မျက်ဝန်းများက ထိုသတင်းကြောင့် ပျော်ရွှင်မှုများဖြင့် ချက်ချင်းအစားထိုးသွားပြီး သူ၏ အသံကလည်း ရုတ်တရက် ကျယ်လောင်လာလေသည်။
"နောက်တစ်ခေါက် ပြန်ပြောစမ်း... ဒါရိုက်တာကျန်းယဲ့လား..."
"အတိကျပါပဲ... အရှင်မင်းကြီး"
"ဟားးဟားးးဟားးးး.... ကောင်းကင်ဘုံက မင်မင်းဆက်ကို ကောင်းချီးပေးတာပဲ....ကောင်းကင်ဘုံက မင်မင်းဆက်ကို ကောင်းချီးပေးတာပဲကွ... " ချုံကျန်းဧကရာဇ်ဟာ အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် ဝမ်းသာအားရ ကခုန်မိမတတ်ဖြစ်သွားရ၏။
ယခုအချိန်၌ လွန်ခဲ့သည့်ရက်အနည်းငယ်က ခံစားခဲ့ရသည့် စိုးရိမ်မှုတို့က နှင်းပွင့်များကဲ့သို့ လွှင့်စင်ပျောက်ကွယ်သွားရလေသည်။ "ဒါရိုက်တာကျန်းက အချိန်ကိုက် ရောက်လာတာပဲ... အချိန်ကိုက်ပဲ..."
ယင်းကိုကြားသော် စာကြည့်တိုက်ဆောင်အတွင်းရှိ အမတ်ကြီးများက အစပိုင်းတွင် မှင်တက်သွားကြသော်လည်း နောက်ပိုင်းတွင် အားလုံးရဲ့ မျက်နှာများက ကြီးမားသည့် ဝမ်းသာသည့်အမူရာများ ပေါ်လာကြကာ အချင်းချင်း စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့က ဒါရိုက်တာကျန်း၏ ထူးခြားကာ ဆန်းကြယ်သည့် အရာများကို ကိုယ်တိုင်တွေ့ဖူးတာကြောင့်ပင်။
ချုံးကျန်းဧကရာဇ်က အလောတကြီးဖြင့်..."မြန်မြန်ပြောစမ်း... အခု ဒါရိုက်တာကျန်းတို့ ဘယ်မှာလဲ..."
အစေခံက ပြန်ဖြေလိုက်၏။ " အရှင်မင်းကြီး... ဒါရိုက်တာကျန်းတို့က သူ့လူတွေနဲ့ ကျွန်တော်တို့ အရင်က တစ်ခါမှမမြင်ဖူးတဲ့ တောက်ပတဲ့ သံရထားကြီးတစ်စီးနဲ့ ကောင်းကင်ကနေပေါ်လာပြီး တာတာတွေရဲ့ စစ်သည်တွေကြား ဆင်းသက်သွားပါတယ်..."
"ဘာ..."
ချုံးကျန်းဧကရာဇ်၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွားရလေသည်။
စာကြည့်ဆောင်အတွင်းမှ ယခုလေးတင် ဖြစ်ပေါ်နေသည့် ဝမ်းသာပျော်ရွှင်နေသည့် လေထုမှာလည်း ချက်ချင်းပင် အေးခဲသွားပြီး အမတ်ကြီးများ၏ မျက်နှာများကလည်း ပျက်ယွင်းသွားကြသည်။
ရန်သူတပ်မတော်ထဲသို့ ဆင်းသက်သွားခြင်းလော....
၎င်းက ထောက်ချောက်ထဲသို့ တည့်တည့်လျောက်သွားခြင်း မဟုတ်လော....
အကယ်၍ ဒါရိုက်တာကျန်းသာ တစ်ခုခုဖြစ်သွားပါက....
အမတ်ချုပ်ကြီး ကျိုးယန်ရူက ဧကရာဇ်အား နှစ်သိမ့်ရန် အလျင်အမြန် ရှေ့ထွက်လာသော်လည်း သူ့၏ အသံတို့ကလဲ တုန်ယင်နေချေသည်။ "အရှင်မင်းကြီး... အရမ်းကြီး စိုးရိမ်မနေပါနဲ့... ဒါရိုက်တာကျန်းက သာမန်လူ မဟုတ်တာကြောင့် ထူးခြားတဲ့ နည်းလမ်းတွေ ရှိလောက်မှာပါ... သူက ကောင်းကင်ကနေ ဆင်းသက်လာနိုင်မှာတော့ သူ့ကိုယ်သူကာကွယ်ဖို့ အစီစဥ်တစ်ခုရှိလောက်မှာပါ... မဟုတ်ဘူး... သူအဆင်ပြေမှာ သေချာပါတယ်..."
ထိုစကားများက ဧကရာဇ်အား နှစ်သိမ့်ရန်လော သို့မဟုတ် သူ့ကိုယ်သူ နှစ်သိမ့်ရန်အတွက်လားဆိုသည်ကတော့.....
ပတ်ဝန်းကျင်ရှိ အမတ်ကြီးများကလည်း သူ့၏ စကားများကို ထောက်ခံပြောဆိုနေကြသော်လည်း သူတို့၏ လေသံများကလည်း မသေချာမှုနှင့် စိုးရိမ်ပှုပန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ဧကရာဇ်နှင့် အမတ်ကြီးများ ထိတ်လန့်ကာ မျက်နှာများ ဖြူရော်နေသည်ကို မြင်သည့်အခါ အစေခံက မြို့ရိုးအောက်မှ သူမြင်တွေ့ခဲ့ရသည်များကို အလျင်မြန်လျှောက်တင်လိုက်၏။
"အရှင်မင်းကြီးနဲ့ အမတ်ကြီးတို့ .... ကျွန်တော်မျိုး မြို့ထဲက ထွက်လာခဲ့တုန်းက သေချာမြင်လိုက်ရတာတစ်ခုရှိပါသေးတယ်... အဲ့တာက တာတာစစ်သည်တစ်ယောက်က သံရထားကို ဓားနဲ့ ခုတ်ပိုင်းလိုက်ပေမဲ့ ခုတ်မရတဲ့အပြင် အဲ့ဒီတာတာစစ်သည်ရဲ့ ဓားက ကျိုးသွားပြီး သူကလည်း လွှင့်စင်သွားပြီး သေလုမြောပါးအခြေနေကို ရောက်ရှိသွားပါတယ်...သံရထားကတော့ ဘာမှမဖြစ်တဲ့အတိုင်း ရှိနေခဲ့ပါတယ်..."
"တကယ်လား...."
ယင်းကို ကြားလိုက်သည်နှင့် ချုံကျန်းဧကရာဇ်နှင့် အမတ်ကြီးများဟာ ခံစားချက်များ အတက်အကျဖြစ်သွားကာ သူတို့၏ စိတ်ခံစားချက်များက စိတ်ပျက်အားငယ်မှုမှသည် နောက်တစ်ကြိမ် ရုတ်တရက် မြင့်တက်လာကြပြန်၏။
"ကောင်းတယ်.. ကောင်းတယ်... ကောင်းတယ်.." ချုံကျန်းဧကရာဇ်ဟာ ရင်ဘတ်ကိုပုတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာခဲ့သည်။ "ငါသိသားပဲ.... ဒါရိုက်တာကျန်းဆိုတာ သာမန်လူတွေ ဒုက္ခပေးနိုင်တဲ့ သူမှ မဟုတ်တာ..."
ဤသတင်းစကားက စစ်ကူတစ်သိန်းရောက်လာသည်ဟူသော သတင်းထက်ပင် သူတို့အား ပို၍ စိတ်အေးသွားစေလေသည်။
ချုံကျန်းဧကရာဇ်မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။ သူက ချက်ချင်းရပ်ကာ စာကြည့်ဆောင်အတွင်းရှိ အမတ်ကြီးများအား ပြောလိုက်၏ ..." အမတ်ကြီးတို့... ဒါရိုက်တာကျန်းကို ကြိုဆိုဖို့ ငါကိုယ်တော်နဲ့အတူ နန်းတော်အပြင်ကို လိုက်ခဲ့ကြ..."
အမတ်ကြီများက သဘာဝကျစွာပင် မငြင်းပယ်ကြပဲ အမိန့်ကို လက်ခံလိုက်ကြပြီး ဧကရာဇ်ကို ခြံရံကာ အပြင်သို့ ထွက်ခွာလိုက်ကြသည်။
သို့သော် သူတို့ စာကြည့်ဆောင်မှအထွက်တွင် မြို့စားကြီးထံမှ ဒုတိယမြောက် စေလွှတ်ခံရသည့် အစေခံကို တွေ့လိုက်ကြရသည်။
အစေခံက ဧကရာဇ်ကို မြင်သည့်အခါ ချက်ချင်းဒူးထောက်ကာ အရိုသေပေးလိုက်၏။
ဤအချိန်၌ ချုံကျန်းဧကရာဇ်ဟာ ကျန်းယဲ့၏ လုံခြုံရေးနှင့် စစ်ပွဲအခြေနေကို အလွန်စိုးရိမ်နေမိသည်။ ထို့ကြောင့် အလောတကြီး ရောက်လာသည့် အစေခံအား မြင်လိုက်ရရာ သူ့၏ စိတ်နှလုံးက တစ်ဖန်ပြန်လည် တင်းကျပ်သွားရပြန်၏။ "မြို့ပြင်မှာ ဘာအပြောင်းလဲတွေ ဖြစ်သွားပြန်ပြီးလဲ... အမြန်ပြောစမ်း.."
အစေခံက အမောဖြေလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပီတိဖြစ်မှုတို့ ပြည့်နှက်နေကာ ကျယ်လောင်စွာ လျှောက်တင်လိုက်ချေသည်။ " အရှင်မင်းကြီး... သတင်းကောင်းပါ...မြို့စားကြီးက ကျွန်တော်မျိုးကို အရေးပေါ်လျှောက်တင်ဖို့ အမိန့်ပေးလိုက်ပါတယ်... ဒါရိုက်တာကျန်းက ရန်သူတပ်ဖွဲ့ဝင်တစ်သောင်းကြားထဲကနေ ခြေလှမ်းတစ်ထောင်အကွာအဝေးက စစ်သူကြီးတွေနဲ့ ခေါင်းဆောင်းပိုင်းအရာရှိတွေကို ဆက်တိုက် လုပ်ကြံလိုက်ပါတယ်... တာတာတို့ရဲ့အလံကလဲ ပြုတ်ကျသွားပါပြီ..... အခု ခေါင်းဆောင်မရှိတော့တာကြောင့် ရန်သူ့တပ်အားလုံးက ဖရိုဖရဲဖြစ်သွားပြီး အလန့်တကြား ဆုတ်ခွာနေကြပါပြီ.... မြို့တော်ကို ဝိုင်းရံထားတာတွေလည်း မရှိတော့ပါဘူး... မြို့စားကြီးက အခုရှုပ်ထွေးနေတဲ့ စစ်မြေပြင်ကို ရှင်းလင်းနေပြီး ကျွန်တော်မျိုးကို အရှင်မင်းကြီးထံ ချက်ချင်းလာရောက်သတင်းပို့ဖို့ အမိန့်ပေးလိုက်တာပါ..."
ဤသတင်းက အချိန်ကိုက် ရွာချလာသည့် မိုးရေကဲ့သို့ ချုံကျန်းဧကရာဇ်၏ နှလုံးသားထဲရှိ နောက်ဆုံးကျန်ရစ်သည့် စိုးရိမ်ပူပန်မှုတို့အား လုံးဝငြိမ်းသက်ပေးလိုက်ပြီး ကြီးမားလှသည့် ဝမ်းသာပီတီဖြစ်မှုတို့ဖြင့် လွှမ်းခြုံသွားစေလေသည်။
"ဟားးးဟားးး.... ကောင်းတယ်... ကောင်းတယ် ...အရမ်းကောင်းတယ်... " ချုံကျန်းဧကရာဇ်ဟာ ကောင်းတယ်ဆိုသည့်စကားအား သုံးကြိမ်တိုင်တိုင်ပြောလိုက်ပြီး ဝမ်းသာအားရ ရယ်မောလိုက်၏။ "ဒါရိုက်တာကျန်းက တကယ်ကို နတ်ဘုရားတစ်ပါးပဲ... သူ့ရဲ့ ရောက်ရှိလာမှုက မြို့တော်ရဲ့ အကျပ်အတည်းကို ချက်ချင်း ဖယ်ရှားပေးလိုက်တာပဲ... ဒါက ကောင်းကင်ဘုံက မင်မင်းဆက်ကို ကောင်းချီးပေးတာပဲ... ကောင်းကင်ဘုံက ငါကိုယ်တော်ကို ကောင်းချီးပေးတာပဲ..."
ဘေးနားရှိ အမတ်ကြီးများကလည်း အလွန်ဝမ်းသာသွားကြပြီး အရိုသေပေးကာ ဂုဏ်ပြုစကား ဆိုလိုက်ကြ၏။ "ဂုဏ်ယူပါတယ် အရှင်မင်းကြီး... မြို့တော်ရဲ့ အခြေနေကို ပြောင်းလဲလိုက်နိုင်တာက တိုင်းပြည်အတွက် တကယ့် ကောင်းချီးပါပဲ..."
အမတ်ချုပ်ကြီး ကျန်းယန်ရူသည်လည်း အပြုံးတစ်ခုဖြင့် ရှေ့သို့ ထွက်လာကာ ကောင်းမြတ်သည့်စကားများဖြင့်... "အရှင်မင်းကြီးက အတိုင်းအဆမရှိတဲ့ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားတွေအားလုံးရဲ့ ကာကွယ်မှုကို ရထားပါတယ်... ဒါရိုက်တာကျန်းရဲ့ ရောက်ရှိလာမှုက နတ်ဘုရားတစ်ပါးရောက်ရှိလာတာနဲ့ တူပြီး သူက ကျွန်တော်တို့ မင်မင်းဆက်ရဲ့ တကယ့်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေး တစ်ပွင့်ပါပဲ... "
"ကံကောင်းစေတဲ့ ကြယ်တစ်ပွင့်.. ဟုတ်လား...အင်း အမတ်ကြီးကျိုးပြောတာမှန်တယ်.. ဒါရိုက်တာကျန်းက မင်မင်းဆက်အတွက် တကယ့်ကို ကံကောင်းစေတဲ့ ကြယ်တစ်ပွင့်ပဲ... "ချုံကျန်းဧကရာဇ်ဟာ ထိုစကားအား အလွန်သဘောကျသွားပြီး ခေါင်းကို တဆတ်ဆတ်ညိတ်ကာ သူ၏ မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ချေ။
လွန်ခဲ့သည့်ရက်အနည်းငယ်က စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့က ယခုအချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်ပြီး အသည်းအသန်အခြေနေမှ လာမြောက်လာခြင်း၏ အတိုင်းမသိ ဝမ်းသာမှုတို့နှင့် ကျန်းယဲ့အပေါ် အဆုံးမဲ့ ကျေးဇူးတင်မှုတို့ဖြင့် အစားထိုးသွားခဲ့သည်။
"သွားမယ်... မြန်မြန်သွားကြမယ်... " ချုံကျန်းဧကရာဇ်ဟာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ ဧကရာဇ်တစ်ပါး၏ သိက္ခာအားလုံးကို လျစ်လျူရှုထားလိုက်၏။ သူဟာ သူ့၏ ကံကောင်းစေသည့် ကြယ်ပွင့်လေးအား ကိုယ်တိုင်ကြိုဆိုရန် မစောင့်နိုင်တော့ချေ။
ယင်းကို မြင်လိုက်သည်နှင့် အမတ်ကြီးများကလည်း အလွန်ပျော်ရွှင်နေသည့် ဧကရာဇ်အား ခြံရံကာ နန်းတော်အပြင်ဘက်သို့ ထွက်ခွာသွားလိုက်ကြသည်။
နန်းတော်တစ်ခုလုံးရှိ လေထုက ဤရုတ်တရက်ဆန်လှသည့် အောင်ပွဲကြောင့် သက်တောင့်သက်သာဖြစ်ခြင်းနှင့် ပျော်ရွှင်ဖွယ်ကောင်းသော အခြေနေသို့ ပြောင်းလဲသွားချေသည်။
အခန်း ၂၈၂ပြီး၏။