အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄) ဆိုးရွားလှသော ခရီးသွားမစ်ရှင်
ကျန်းယဲ့ မထွက်ခွာမီက ဧကရာဇ်နှင့် အမတ်များသာ စည်းလုံးညီညွတ်စွာ လက်တွဲကြမည်ဆိုပါက မင်းဆက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသော်လည်း ၎င်းက သူ့အတွက် မျှော်လင့်ချက်ရောင်ခြည်လေး တစ်ခုသာ ဖြစ်ခဲ့သည်။
သို့သော် နှောင်းပိုင်းချင်းတပ်မတော်က သမိုင်းလမ်းကြောင်းမှ သွေဖည်ကာ မြို့တော်ကို နောက်တစ်ကြိမ် ဝိုင်းရံလာသောအခါ ချုံကျန်းဧကရာဇ်သည် ကြောက်ရွံ့မှုများကြားမှပင် အခြေအနေကို ပို၍ ရှင်းလင်းစွာ သဘောပေါက်လာ၏။
သမိုင်းကြောင်းက တကယ်ပဲ ပြောင်းလဲသွားချေပြီ။ သို့သော် ၎င်းနှင့်အတူ ပြိုလဲလုဆဲဆဲ ဤမင်းဆက်ကြီးအပေါ် မသိရှိနိုင်သော မုန်တိုင်းများနှင့် ပို၍ အန္တရာယ်များသည့် အဖြစ်အပျက်များက ကျရောက်လာနိုင်ချေရှိလေသည်။
ထို့ကြောင့် သူဟာ နေ့ရောညပါ စိုးရိမ်ပူပန်ကာ အိပ်မပျော်နိုင်ဘဲ အလွန်ခက်ခဲလှသော အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ထိုကြီးမားလှသော ဖိအားများက သူ့ကို ချေမွပစ်လုနီးပါး ဖြစ်စေခဲ့သည်။
ယခု၌ ကျန်းယဲ့ ပြန်လည်ရောက်ရှိလာကြောင်း သိလိုက်ရချိန်တွင် ထိုစိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် ဖိအားများအားလုံးက ထွက်ပေါက်တစ်ခုနှင့် မှီခိုရာနေရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွားလေသည်။
ချုံကျန်းဧကရာဇ်သည် အစစ်အမှန် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရပြီး အခြေအနေကို နောက်တစ်ကြိမ် ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးကို တွေ့လိုက်ရခြင်းပင်။
သူ့အတွက်တော့ ကျန်းယဲ့၏ ရောက်ရှိလာမှုက စစ်ကူတစ်ခုသာမကဘဲ အသက်ကယ်ကြိုးတစ်ချောင်း..... မင်မင်းဆက်ကို အခက်အခဲများထဲမှ ကယ်တင်လမ်းပြပေးနိုင်မည့် လမ်းပြအလင်းရောင်တစ်ခုပင်။
ထို့ကြောင့်ပင် သူဟာ မိမိကိုယ်ကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားခဲ့သော်လည်း အလွန်စစ်မှန်သော စိတ်ခံစားချက်များဖြင့် ပြုမူခဲ့ခြင်း ဖြစ်၏။
ကျန်းယဲ့၏ နောက်တွင်ရှိနေသော ခရီးသွားအဖွဲ့ဝင်များအားလုံးက မင်မင်းဆက်၏ ချုံကျန်းဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ နန်းတော်ထဲမှ ထွက်ကာ ကြိုဆိုပြီး ကျန်းယဲ့အပေါ် ဖုံးကွယ်ထားခြင်းမရှိသည့် မှီခိုအားထားမှု၊ ကျေးဇူးတင်မှုနှင့် ကြည်ညိုလေးစားမှုတို့ကို ပြသနေသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားကြရသည်။
ကျန်ရွှမ်က သူ၏ဘေးရှိ အဖော်ဖြစ်သူအား တိုးတိုးလေး မပြောဘဲ မနေနိုင်တော့ချေ။ "ဘုရားရေ... ဒါရိုက်တာကျန်းက အရမ်းမိုက်မှန်းတော့ ငါသိပါတယ်.... ဒါပေမဲ့ ဒီလောက်အထိ အထာကျလိမ့်မယ်လို့ မထင်ထားဘူး.... ချုံကျန်းဧကရာဇ်ရဲ့ အမူအရာကို ကြည့်ရတာ ဘာမှမသိတဲ့သူသာဆို ဒါရိုက်တာကျန်းက သူ့ရဲ့ ကွဲကွာနေတဲ့ အစ်ကိုအရင်းလို့တောင် ထင်သွားနိုင်တယ်....."
ယင်းကိုကြားသော် ကောရွှိုက်က ရယ်မောလိုက်ပြီး ပို၍တိုးညင်းသော အသံဖြင့် ပြန်ပြောလိုက်၏။ "ဒါက ပုံမှန်ပါပဲကွာ။ စဉ်းစားကြည့်လေ... မူလသမိုင်းမှာဆိုရင် ဒီလူက နောက်ဆယ့်လေးနှစ်ကြာရင် တိုင်းပြည်အတွက် ကြိုးဆွဲချသေရမယ့်သူလေ.... အခု ဒါရိုက်တာကျန်း ပေါ်လာတော့ သူ့အတွက်တော့ အသက်ကယ်ကြိုးပဲ.... သူ့ရဲ့ ကံကြမ္မာနဲ့ မင်မင်းဆက်ရဲ့ ကံကြမ္မာကို အလုံးစုံပြန်လည်ရေးဆွဲပေးနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်လေ။ ပြောစမ်းပါဦး... သူက ဒါရိုက်တာကျန်းကို ဘယ်လိုလုပ် အလေးမထားဘဲ နေနိုင်မှာလဲ....."
သူတို့၏ ဆွေးနွေးမှုများကို နားထောင်ရင်း လီလင်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ "မင်းတို့ပြောမှပဲ မှန်တယ်လို့ ခံစားရတယ်... စဉ်းစားကြည့်ရင် ဒီမှာရှိတဲ့ ငါတို့အထဲက တော်တော်များများက ချုံကျန်းဧကရာဇ်ထက် အသက်ပိုကြီးနေပုံရတယ်မလား..."
အဖွဲ့ထဲတွင် အငယ်ဆုံးဖြစ်သော တက္ကသိုလ်ကျောင်းသူ လီကျားကျားက ရှက်ရွံ့စွာဖြင့် တိုးတိုးလေး ဝင်ပြောလိုက်၏။ "ဟုတ်တယ်... သမိုင်းမှတ်တမ်းတွေအရ ချုံကျန်းဧကရာဇ်က ၁၆၁၁ ခုနှစ်မှာ မွေးတာတဲ့။ ဒီနှစ်က ချုံကျန်းမင်းဆက်ရဲ့ သုံးနှစ်မြောက်ဖြစ်တဲ့ ၁၆၃၀ ခုနှစ်လေ။ သူက အသက် ၁၉ နှစ်ပဲ ရှိသေးတာ။ ငါ့ထက်တောင် နှစ်နှစ်ငယ်သေးတယ်..."
တိကျသော အသက်ကွာဟချက်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ခဏတာ တိတ်ဆိတ်သွားကြ၏။
တက္ကသိုလ်နယ်မြေထဲတွင် လူငယ်ဘဝနှင့် ပူပင်သောကကင်းသော ဘဝကို ဖြတ်သန်းပျော်မွေ့နေရမည့် အသက် ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်က ပြိုလဲလုဆဲဆဲဖြစ်နေသော ဧရာမအင်ပါယာကြီး၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရပြီး တိုင်းပြည်ပျက်သုဉ်းစေသည့် ဘုရင်တစ်ပါး၏ ကြီးမားလှသော ဖိအားများနှင့် နာမည်ဆိုးများကို ခံစားနေရခြင်းပင်။
ဤအခိုက်အတန့်တွင် သူတို့အားလုံးက ချုံကျန်းဧကရာဇ်က အဘယ်ကြောင့် သူတို့အတွက် မျှော်လင့်ချက်များ ယူဆောင်လာပေးသည့် ကျန်းယဲ့အပေါ် ဤမျှ စိတ်အားထက်သန်ကာ အလေးထားနေရသနည်းဆိုသည်ကို ပို၍ နားလည်သွားကြရသည်။
လူအုပ်ကြီး၏ အစွန်တွင် ရပ်နေသော ထိုက်ရွှီဆရာသခင်ကမူ နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် ချုံကျန်း၏ ငယ်ရွယ်သော မျက်နှာလေးကိုသာ စူးစိုက်ကြည့်နေလေသည်။
သူက သူ၏ ကျဲပါးနေသော မုတ်ဆိတ်ဖြူများကို သပ်ရင်း သူ၏ ကျယ်ဝန်းသော သင်္ကန်းအောက်တွင် လက်ချောင်းများဖြင့် တိတ်တဆိတ် တွက်ချက်နေကာ သူ၏ မျက်ခုံးများမှာ တစ်ခါတစ်ရံ တွန့်ချိုးသွားလိုက် တစ်ခါတစ်ရံ ဖြေလျှော့သွားလိုက် ဖြစ်နေ၏။
ခဏအကြာတွင် သူက တစ်စုံတစ်ခုကို ခံစားမိလိုက်သည့်အလား ပေကျင်းမြို့ပေါ်ရှိ မီးခိုးရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာ၏။
ခရီးသွားများ အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောနေကြချိန် သို့မဟုတ် ခိုးကြောင်ခိုးဝှက် ညည်းညူနေကြချိန်တွင် ချုံကျန်းက ကျန်းယဲ့၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ထားပြီး ထပ်ခါတလဲလဲ ပြောနေခဲ့သည်။ "ဒါရိုက်တာကျန်း... ဒီနေရာက စကားပြောဖို့ မကောင်းပါဘူး။ ကျေးဇူးပြုပြီး နန်းတော်ထဲကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ။ ဒါရိုက်တာကျန်းနဲ့ ဒီက ရဲရင့်တဲ့သူရဲကောင်းတွေ အားလုံးကို ကြိုဆိုဖို့ အကျွေးအမွေးလေးတွေ ပြင်ဆင်ထားဖို့ အမိန့်ပေးထားတယ်။ ပြီးတော့ ကျွန်တော်ကို ဒီအကျပ်အတည်းထဲကနေ ကယ်တင်ပေးခဲ့တဲ့ ဒါရိုက်တာကျန်းရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကိုလည်း ကျေးဇူးတင်ချင်ပါတယ်...."
ထိုသို့ပြောပြီးနောက် သူက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို နန်းတွင်းအရာရှိများနှင့် စစ်ဘက်အရာရှိများ ခြံရံလျက် နန်းတော်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခေါ်သွားလေသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးက မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို သဘာဝကျစွာပင် ဆွဲဆောင်သွားခဲ့သည်။
ရဲတင်းသော မြို့ခံအများအပြားက တံခါးနှင့် ပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့်၊ လမ်းထောင့်များနှင့် လမ်းကြားများမှတစ်ဆင့် ဤထူးဆန်းသော ယာဉ်တန်းကြီးကို စပ်စုချင်စိတ်ပြင်းပြစွာဖြင့် ချောင်းကြည့်နေကြ၏။
ဧကရာဇ်နှင့် အမတ်ကြီးများ၏ ဤမျှလောက် အရိုအသေပေးခြင်းကို ခံနေရသည့် ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသူများမှာ အတိအကျဆိုရလျှင် မည်သူများ ဖြစ်ကြသည်နည်း။
"ဟိုလူတွေကို မြင်လား.... သူတို့ ဝတ်ထားတာတွေက အရမ်းထူးဆန်းတာပဲ"
"အရှင်မင်းကြီး ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုရတဲ့အထိပဲ။ ပြီးတော့ အဆင့်မြင့်အမတ်ကြီးတွေလည်း အများကြီး ပါလာသေးတယ်"
"ဒီလူတွေက အတိအကျဆိုရင် ဘယ်သူတွေလဲ..."
"သူတို့က သာမန်မဟုတ်တဲ့သူတွေ ဖြစ်ရမယ်...."
"သူတို့က မြို့ပြင်မှာ တာတာတွေရဲ့ ဝိုင်းရံတာကို ခံထားရတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဝင်လာကြတာလဲ..."
ကျန်းယဲ့နှင့် သူ၏အဖွဲ့ တဖြည်းဖြည်း ဝေးကွာသွားသောအခါ သူတို့၏ နောက်ကွယ်ရှိ လူအုပ်ကြီးက ချက်ချင်းပင် ပူညံပူညံနှင့် ဆွေးနွေးပြောဆိုလာကြပြီး ခန့်မှန်းချက်အမျိုးမျိုး ထွက်ပေါ်လာကာ လူတိုင်းက ဤလျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်များ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အဆုံးမဲ့ စပ်စုချင်စိတ်များ ပြည့်နှက်နေခဲ့ကြသည်။
နန်းတော်သို့ ပြန်ရာလမ်းတစ်လျှောက်တွင် အလံများနှင့် အခမ်းအနားသုံး ကိုယ်ရံတော်များက လမ်းပြလာကြပြီး ချုံကျန်းဧကရာဇ်နှင့် ကျန်းယဲ့တို့က ယှဉ်တွဲလျှောက်လှမ်းကာ ပျော်ရွှင်စွာ စကားပြောဆိုလာကြ၏။ နန်းတွင်းအရာရှိများ၊ စစ်ဘက်အရာရှိများနှင့် ခရီးသွားများကမူ သူတို့၏နောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
စီတန်းလှည့်လည်လာသည့် လူအုပ်ကြီးမှာ အလွန်ကြီးမားလှသဖြင့် လမ်းဖယ်ပေးနေရသော ကြည့်ရှုသူ လူအုပ်ကြီးကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ထိုအချိန်မှာပင် ကျန်းယဲ့၏ စိတ်ထဲတွင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော မစ်ရှင်အသိပေးသံက ရုတ်တရက် သတိပေးခြင်းမရှိဘဲ ထွက်ပေါ်လာ၏။
'ဒင်... အရေးပေါ် ခရီးသွားမစ်ရှင် ထွက်ပေါ်လာပါပြီ...'
'မစ်ရှင် အကြောင်းအရာ - ကျေးဇူးပြု၍ လက်ရှိ ခရီးသွားအဖွဲ့ကို ဦးဆောင်ကာ မြို့တော်ရှိ ဧကရာဇ်အကျဉ်းထောင်သို့ သွားရောက်လည်ပတ်ပြီး ရှေးခေတ် ရာဇဝတ်မှုဥပဒေစနစ်နှင့် ဥပဒေများ၏ အမှန်တကယ် အကောင်အထည်ဖော်မှုများကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန် (ရှေးခေတ် တရားစီရင်ရေး အတွေ့အကြုံ) ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ....'
'မစ်ရှင် ဆုလာဘ် - ကျွမ်းကျင်မှု - အခြေခံ စိတ်ဖတ်စွမ်းရည်... '
ကျန်းယဲ့... "...... "
ခရီးသွားမစ်ရှင်၏ ရုတ်တရက် အသိပေးချက်ကြောင့် ကျန်းယဲ့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။
သူ ခရီးသွားမစ်ရှင်တစ်ခုကို လက်မခံရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သောကြောင့် ယခုမစ်ရှင်က ရုတ်တရက် ပေါ်လာသဖြင့် သူ အနည်းငယ် အသားမကျသလို ဖြစ်သွားရသည်။
သို့သော် မစ်ရှင်၏ အသေးစိတ်ကို ကြားလိုက်ရသောအခါ သူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားပြီး စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်မိ၏။
'အကိုစနစ်... မင်းရဲ့ ခရီးသွားမစ်ရှင်တွေက ပိုပိုပြီး တောင်းဆိုမှုများလာပြီး ထူးဆန်းလာပါလား... '
လူတွေက ခရီးသွားတယ်ဆိုတာ ရှုခင်းလှလှလေးတွေ ကြည့်ဖို့၊ ဒေသစာကောင်းကောင်းလေးတွေ စားဖို့နဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးစံတွေကို လေ့လာခံစားဖို့လေ...
'မင်းက ခရီးသွားအဖွဲ့ကို ဧကရာဇ်အကျဉ်းထောင်ကို သွားလည်ဖို့ လုပ်ခိုင်းတယ်ပေါ့လေ။ အဲ့ဒါကို ရှေးခေတ် တရားစီရင်ရေး အတွေ့အကြုံလို့ ခေါ်တယ်ပေါ့...'
'ဒါက သရဲကားတစ်ကားရဲ့ အစပိုင်းနဲ့တောင် တူနေသေးတယ်ဟ....'
'ဘယ်ခရီးသွားအေဂျင်စီကများ ဧကရာဇ်အကျဉ်းထောင်ကို သူတို့ရဲ့ ခရီးစဉ်ဇယားထဲမှာ ထည့်ထားလို့လဲ...'
စိတ်လှုပ်ရှားနေကြတဲ့ ခရီးသွားအဖွဲ့ကို ညှဉ်းပန်းနှိပ်စက်တဲ့ ကိရိယာတွေ အပြည့်ရှိနေတဲ့ မှောင်မိုက်ပြီး ရှေးကျတဲ့ အကျဉ်းထောင်ထဲ လိုက်ပြရမှာကို စဉ်းစားကြည့်... ပြီးတော့ ရက်စက်တဲ့ ပြစ်ဒဏ်ပေးနည်း အမျိုးမျိုးကို ရှင်းပြရမယ်တဲ့...
ထိုမြင်ကွင်းကြီးက သာယာလွန်းလှသဖြင့် သူ စိတ်ကူးတောင် မယဉ်ဝံ့တော့ချေ။
စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲနေသော်လည်း ကျန်းယဲ့၏ အကြည့်များက မစ်ရှင်ဆုလာဘ်ဖြစ်သည့် အခြေခံ စိတ်ဖတ်စွမ်းရည် အပေါ်သို့ နောက်ဆုံးတွင် ကျရောက်သွားခဲ့သည်။
'ဒီဆုလာဘ်က... တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ...'
အန္တရာယ်များသည့် အခြားကမ္ဘာတစ်ခုတွင် ဖြစ်စေ၊ နေ့စဉ် အပြန်အလှန် ဆက်သွယ်မှုများတွင် ဖြစ်စေ၊ အခြားသူများ၏ အစစ်အမှန် အတွေးများကို ခဏတာ ဖတ်နိုင်သည့် စွမ်းရည်မှာ သံသယဖြစ်ဖွယ်မရှိ အလွန်အစွမ်းထက်ပြီး လက်တွေ့အသုံးဝင်လှသော အရန်စွမ်းရည်တစ်ခုပင်။
'ဒါကြောင့်... ချစ်လှစွာသော ငါ့ရဲ့ ခရီးသွားလေးတို့... မင်းတို့ကိုယ်မင်းတို့ နည်းနည်းလောက်တော့ စတေးခံလိုက်ကြတော့...'
'ဟီးဟီး...'
နောက်ခဏ၌ အဖွဲ့က တားမြစ်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့ ခန်းမထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အမတ်ကြီးအချို့က ဤအခွင့်အရေးကို အသုံးချကာ ကျန်းယဲ့နှင့် သေချာစကားပြောသင့်သည်ဟု တွေးလိုက်ကြ၏။
သို့သော် သူတို့ စကားမပြောရသေးမီ ချုံကျန်းဧကရာဇ်က အရင်စကားစပြောလိုက်လေသည်။
"ချစ်လှစွာသော အမတ်ကြီးတို့.... မင်းတို့တွေ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့တော်ကို ကာကွယ်ဖို့အတွက် မမောမပန်းဘဲ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ အခု အကျပ်အတည်းလည်း ပြေလည်သွားပြီဆိုတော့ မင်းတို့အားလုံး ကိုယ့်အိမ်ကိုကိုယ်ပြန်ပြီး အနားယူသင့်ပြီ...."
အခန်း ၂၈၄ပြီး၏။