အခန်း ၂၈၅
Vol. 29 Ch. 285
အခန်း (၂၈၅) ကောင်းကင်အကျဉ်းထောင်သို့ သွားရောက်လည်ပတ်ခြင်း
အမတ်ကြီးများအားလုံးက ဉာဏ်နီဉာဏ်နက်များသူများဖြစ်ကြရာ အရှင်မင်းကြီးက ကျန်းယဲ့နှင့် နှစ်ကိုယ်ကြား စကားပြောလိုပြီး သူတို့က အနှောင့်အယှက်ဖြစ်နေကြောင်းကို အလွယ်တကူ ရိပ်မိလိုက်ကြသည်။
ထို့ကြောင့် အားလုံးက တစ်သံတည်း ညီညာစွာ တုံ့ပြန်လိုက်ကြပြီး သဘောတူညီကြောင်း အရိုအသေပေးလိုက်ကြ၏။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး...”
“အရှင်မင်းကြီး... ဆရာကျန်းနှင့် ဆက်လက်စကားပြောဆိုတော်မူပါ။ ကျွန်တော်မျိုးတို့ ခွင့်ပြုပါဦး”
(NT- တစ်ချို့နေရာတွေကျ Mr.jiangလို့ သုံးထားပြီ တစ်ချို့နေရာတွေကျ Director jiang လို့ရေးထားတာမို့ ဒါရိုက်တာကျန်းနဲ့ ဆရာကျန်းဆိုပြီး ပြောင်းပြောင်းပြီးရေးထားတာပါ တော်ကြာနေ ဟိုတစ်မျိုးဒီတစ်မျိုးဖြစ်နေတယ် ထင်နေမှာဆိုးလို့ပါ...)
မကြာမီတွင် နန်းတွင်းအရာရှိများနှင့် စစ်ဘက်အရာရှိများက အပြင်သို့ ထွက်သွားကြရာ ဧရာမနန်းတော်ကြီးမှာ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ရှိသွားပြီး ကျန်းယဲ့ခေါ်ဆောင်လာသော ခရီးသွားအဖွဲ့၊ ချုံကျန်းဧကရာဇ်နှင့် ကိုယ်ရံတော် မိန်းမစိုး အနည်းငယ်သာ ကျန်ရစ်ခဲ့တော့လေသည်။
ထို့နောက် ချုံကျန်းဧကရာဇ်က ကျန်းယဲ့၏ အနောက်ဘက်ရှိ ပုံစံအမျိုးမျိုးဖြင့် ဝတ်ဆင်ထားကြသော နောင်ခေတ်အဆက်ဆက်မှ ဧည့်သည်များဆီသို့ အကြည့်လွှဲလိုက်ရာ သူ၏မျက်ဝန်းများတွင် စပ်စုချင်စိတ်နှင့် ရင်းနှီးဖော်ရွေမှုတို့ ပြည့်နှက်နေခဲ့သည်။
ကျန်းယဲ့က သူတို့ကို ချုံကျန်းအား တစ်ယောက်ချင်းစီ စတင်မိတ်ဆက်ပေးလိုက်၏။ “အရှင်မင်းကြီး... သူတို့က ကျွန်တော်နဲ့အတူ လိုက်ပါလာကြတဲ့ အဖော်တွေပါ။ ဒီလူက မစ္စတာကျန်းဟွိုင်မင်... ဒါက မစ္စလင်ရူ.... ပြီးတော့ သူက...”
သူက တစ်ယောက်ပြီးတစ်ယောက် ဆက်လက် မိတ်ဆက်ပေးလေသည်။
တင်းကောင်းအလှည့်သို့ ရောက်သောအခါ တင်းကောင်းက ပြုံးပြကာ ချုံကျန်းကို လက်ဝှေ့ယမ်းပြပြီး ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။ “ဟီး... အရှင်မင်းကြီး.... ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်...”
ချုံကျန်းဧကရာဇ်က တင်းကောင်းကို ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်လာချေသည်။
မရင်းနှီးသော မျက်နှာများကြားတွင် အသိဟောင်းတစ်ယောက်ကို တွေ့လိုက်ရခြင်းက သူ့ကို များစွာ နွေးထွေးသွားစေခဲ့သည်။ “တင်း... မင်း နေကောင်းရဲ့လား။ မင်းကို မြင်ရတာ ကိုယ်တော် အရမ်းဝမ်းသာတယ်....”
မိတ်ဆက်ပြီးနောက် ချုံကျန်းဧကရာဇ်က စာနာနားလည်စွာဖြင့် မေးလိုက်၏။ “မင်းတို့အားလုံး အဝေးကြီးကနေ လာခဲ့ကြတာဆိုတော့ ကိုယ်တော့်ရဲ့ နန်းတော်ကို စပ်စုချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ မင်းတို့ သဘောမကျဘူးဆိုရင်တောင် ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်ချင်ကြသလား။ နောင်ခေတ်တွေရဲ့ ကြီးပွားတိုးတက်မှုနဲ့ မယှဉ်နိုင်ပေမယ့် ကြည့်စရာ ရှုခင်းတချို့တော့ ရှိပါသေးတယ်...”
ဤစကားများက ခရီးသွားများ၏ ရင်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွား၏။
သူတို့အားလုံး ပေကျင်းရှိ နန်းတော်ပြတိုက်သို့ သွားရောက်လည်ပတ်ဖူးကြသော်လည်း ပြည်သူများအတွက် ဖွင့်လှစ်ထားသော ခေတ်သစ်နန်းတော်ပြတိုက်မှာ မင်နှင့် ချင်းတားမြစ်နန်းတော်၏ အစိတ်အပိုင်းငယ်လေးသာ ဖြစ်ပြီး နန်းတော်ဧရိယာများစွာကို ပြည်သူများအတွက် ဖွင့်လှစ်ထားခြင်း မရှိချေ။
ယနေ့တွင် ချုံကျန်းခေတ်ကာလအတွင်း လည်ပတ်နေဆဲဖြစ်ပြီး အသက်ဝင်နေသော ဤပြီးပြည့်စုံသည့် ဧကရာဇ်နန်းတော်ကြီးသို့ ကိုယ်တိုင်ကိုယ်ကျ လည်ပတ်ခွင့်ရခြင်းမှာ တစ်သက်တွင် တစ်ခါသာ ကြုံတွေ့နိုင်မည့် အတွေ့အကြုံပင်။
“ဟုတ်ကဲ့... သွားချင်တာပေါ့”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
“အရှင်မင်းကြီး ပင်ပန်းသွားပါပြီ... ကျေးဇူးတင်ပါတယ်”
ခရီးသွားများ၏ မျက်လုံးများ အရောင်လက်သွားကြပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြရာ သူတို့၏ စိတ်လှုပ်ရှားမှုမှာ အထင်းသား ပေါ်လွင်နေချေသည်။
ယင်းကိုမြင်သော် ချုံကျန်းက ပြုံးလိုက်ပြီး ဘေးတွင်ရပ်နေသော ဝမ်ချန်အန်းဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်၏။ “ဝမ်ချန်အန်း... ဒီဂုဏ်သရေရှိ ဧည့်သည်တော်တွေကို နန်းတော်အနှံ့ သေချာလိုက်ပြဖို့ စွမ်းဆောင်ရည်ရှိပြီး ယုံကြည်ရတဲ့ လူတချို့ကို စီစဉ်လိုက်ပါ။ သူတို့ကို သေချာ ဂရုစိုက်ဖို့နဲ့ နည်းနည်းလေးမှ လစ်ဟင်းမှုမရှိစေဖို့ သေချာလုပ်ပါ...”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဝမ်ချန်အန်းက အရိုအသေပေးကာ အမိန့်ကို လက်ခံလိုက်သည်။
ထို့နောက် ချုံကျန်းက ကျန်းဟွိုင်မင်နှင့် အခြားသူများကို ညင်သာစွာ ပြောလိုက်၏။ “မင်းတို့ အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး။ နန်းတော်မှာ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားပါ။ တစ်ခုခု လိုအပ်ရင် အစေခံတွေကိုသာ လုပ်ခိုင်းလိုက်ပါ....”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...” လူအုပ်ကြီးက ထပ်ခါတလဲလဲ ပြောလိုက်ကြသည်။
ဝမ်ချန်အန်းက စိတ်အားထက်သန်နေသော ခရီးသွားများအား ပင်မခန်းမဆောင်မှ ခေါ်ဆောင်ကာ နန်းတော်အနှံ့လိုက်ပြရန် ပြင်နေစဉ် ကျန်းယဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် သူတို့ကို လှမ်းခေါ်လိုက်၏။
“ဟေး... ခဏလေးစောင့်ဦး...”
ကျန်းယဲ့သည် ကြည့်ရသည်မှာ ဖော်ရွေပုံရသော်လည်း အမှန်တကယ်တွင်မူ အကြံပိုင်သော အပြုံးတစ်ခုကို ဆင်မြန်းကာ လူအုပ်ကြီးကို အထူးသဖြင့် ဝမ်ချန်အန်းကို ရည်ရွယ်၍ ပြောလိုက်၏။ “နန်းတော်ဥယျာဉ်တွေထဲ လမ်းလျှောက်ပြီး နန်းဆောင်တွေကို လိုက်ကြည့်ရုံနဲ့က သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းသလို မင်မင်းဆက်ရဲ့ နက်ရှိုင်းတဲ့ အမွေအနှစ်တွေကိုလည်း မပြသနိုင်ဘူး။ ဝမ်ချန်အန်း... သူတို့ကို နန်းတော်ဥယျာဉ်တွေ လိုက်ပြပြီးရင် ကောင်းကင်အကျဉ်းထောင်ကို သွားလည်ဖို့ ဘာလို့ မခေါ်သွားတာလဲ။ သူတို့ရဲ့ အမြင်အာရုံတွေ ကျယ်ပြန့်သွားအောင်နဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရအောင် လုပ်ပေးလိုက်လေ...”
“ကောင်းကင်အကျဉ်းထောင်လား...”
ယင်းကိုကြားသော် ကျန်ရွှမ်၊ မေ့ယွီရွှမ်၊ ကောင်းကျွင်းနှင့် အခြားလူငယ်များ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြ၏။ သူတို့က ကြောက်လန့်ရန် နေနေသာသာ ပို၍ပင် စိတ်လှုပ်ရှားလာကြပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
“အရမ်းကောင်းတယ်... ကောင်းကင်အကျဉ်းထောင်တဲ့။ ငါတို့ အဲဒီကို သေချာပေါက် သွားရမယ်...”
“ဒါရိုက်တာကျန်းက အရမ်းမိုက်တာပဲ... ဒီအစီအစဉ်က တကယ့်ကို အကြမ်းစားပဲ”
“သမိုင်းဝင် ဇာတ်လမ်းတွဲတွေထဲက ဧကရာဇ်အကျဉ်းထောင်က နောက်ဆုံးတော့ လက်တွေ့ဖြစ်လာပြီပေါ့။ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတာပဲ...”
သူတို့အတွက်တော့ ဤသည်မှာ နန်းတော်ကို လည်ပတ်ရသည်ထက်ပင် ပို၍ ဆွဲဆောင်မှုရှိသော အလွန်ဝမ်းသာဖွယ် အံ့အားသင့်စရာတစ်ခု ဖြစ်ပေသည်။
ဒါက ဒဏ္ဍာရီလာ ကောင်းကင်အကျဉ်းထောင်ကြီးလေ။
ဒါက ရုပ်မြင်သံကြားထဲမှာသာ မြင်ဖူးတဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခွင့်ရမယ့် တစ်သက်မှာ တစ်ခါသာရနိုင်တဲ့ အခွင့်အရေးပဲ။
ယင်းကိုကြားသော် ဝမ်ချန်အန်းမှာ အစပိုင်းတွင် မှင်တက်သွားသော်လည်း နားလည်သဘောပေါက်သည့် အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူက ကျန်းယဲ့ကို အရိုအသေပေးကာ အာမခံလိုက်၏။ “ဆရာကျန်း... စိတ်ချလိုက်ပါ။ ဒီအစေခံက အားလုံးကို သေချာစီစဉ်ပေးပါ့မယ်။ ဂုဏ်သရေရှိ ဧည့်သည်တော်တွေအားလုံး ကောင်းကင်အကျဉ်းထောင်ကို ကောင်းကောင်းလေ့လာနိုင်ပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရဖို့ ကျွန်တော်မျိုး သေချာစီစဉ်ပေးပါ့မယ်....”
ဝမ်ချန်အန်း နားလည်သွားသည်ကို မြင်သော် ကျန်းယဲ့က စဉ်းစားချင့်ချိန်စွာဖြင့် ထပ်ဖြည့်ပြောလိုက်၏။ “အထူးသဖြင့် ငါတို့ မင်မင်းဆက်ရဲ့... အင်း.... သူ့ရဲ့ ထူးခြားတဲ့ ပြစ်ဒဏ်ပေးနည်းတွေကို အားလုံး ပိုလေ့လာခွင့်ရအောင် လုပ်ပေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေက ငါတို့ သမိုင်းနဲ့ ယဉ်ကျေးမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပဲ မဟုတ်လား...”
ဝမ်ချန်အန်းမှာ နန်းတော်ထဲတွင် အဆင့်မြင့်မြင့် နေထိုင်တတ်အောင် မိမိကိုယ်ကို ပြုစုပျိုးထောင်ထားသူတစ်ဦး ဖြစ်ရာ ချက်ချင်းပင် နားလည်သွားချေသည်။
သူက ချက်ချင်းပင် ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်ပြီး သူ၏အပြုံးတွင် နောက်ပိုင်း၌ ကျန်ရွှမ်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေမည့် အရိပ်အယောင်တစ်ခုပင် ပါဝင်နေခဲ့သည်။ “ဆရာကျန်းပြောတာ လုံးဝမှန်ပါတယ်။ ဒီအစေခံက ဧည့်သည်တော်တွေအားလုံး... နက်ရှိုင်းပြီး ပြည့်စုံတဲ့ နားလည်မှုကို ရရှိစေဖို့ သေချာပေါက် လုပ်ဆောင်ပေးပါ့မယ်။ ခင်ဗျားတို့အားလုံး နက်နက်ရှိုင်းရှိုင်း မှတ်မိနေစေရမယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်...”
ဝမ်ချန်အန်း၏ ကျွန်တော် နားလည်ပါပြီဆိုသော အမူအရာကို မြင်သောအခါမှ ကျန်းယဲ့ စိတ်သက်သာရာ ရသွားချေသည်။
ထို့နောက်တွင်မှ သူ အနည်းငယ် ပေါ့ဆသွားမိကြောင်း ကျန်းယဲ့ သတိပြုမိလိုက်၏။
သူက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် ထပ်ပြောလိုက်ပြန်သည်။ “ဝမ်အဆွေတော်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး သတိထားပါ....”
“ကျွန်တော်မျိုး နားလည်ပါပြီ....”
ဝမ်ချန်အန်းက ပြုံးကာ သဘောတူလိုက်ပြီး မစ်ရှင်အကြောင်းကို လုံးဝ မသိရှာသေးသည့် သိုးသူငယ်လေးများကို ပင်မခန်းမဆောင်မှ ခေါ်ဆောင်သွားလိုက်သည်။
လူအုပ်ကြီး၏ ခြေသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ နန်းတော်တံခါးများက ဖြည်းညင်းစွာ ပိတ်သွားပြီး ဧရာမနန်းတော်ကြီးထဲတွင် ကျန်းယဲ့နှင့် ချုံကျန်းဧကရာဇ်တို့သာ ကျန်ရစ်ခဲ့တော့သည်။
ခန်းမဆောင်အတွင်း နံ့သာပေါင်းရနံ့များ သင်းပျံ့နေ၏။ ချုံကျန်းဧကရာဇ်နှင့် ကျန်းယဲ့တို့က နှင်းဆီသစ်သား လက်ဖက်ရည်စားပွဲလေး ခြားကာ နူးညံ့သော ထိုင်ခုံတစ်ခုပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။
ချုံကျန်းဧကရာဇ်က ကျန်းယဲ့ကို ရေနွေးကြမ်းတစ်ခွက် ကိုယ်တိုင် ငဲ့ပေးလိုက်ရာ သူ၏ လှုပ်ရှားမှုများတွင် မသိမသာ မြင်တွေ့နိုင်သော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေချေသည်။
ကျန်းယဲ့က လက်ဖက်ရည်ခွက်ကို ချက်ချင်း မကိုင်သေးဘဲ သူ၏ရှေ့ရှိ ငယ်ရွယ်သော ဧကရာဇ်ကိုသာ ကြည့်နေလိုက်၏။
လအနည်းငယ်သာ ကြာသေးသော်လည်း ချုံကျန်း၏ မျက်နှာမှာ ပို၍ပင် ပင်ပန်းနွမ်းနယ်နေပုံရပြီး သူ၏မျက်လုံးအောက်တွင် ညိုမည်းနေသော အကွင်းများက ထင်ရှားနေကာ မျက်ခုံးနှစ်ခုကြားတွင် ဖယ်ရှား၍မရနိုင်သော စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ကျန်းယဲ့ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ရိုးရှင်းသော စိုးရိမ်မှု မေးခွန်းတစ်ခုကို မေးလိုက်၏။ “အရှင်မင်းကြီး... မကြာသေးခင်က အရမ်း ပင်ပန်းနေခဲ့တာလား...”
ယင်းကိုကြားသော် ချုံကျန်းဟာ လက်ဖက်ရည်အိုး ကိုင်ထားသော လက်ကို အနည်းငယ် ရပ်တန့်လိုက်ပြီး ကျန်းယဲ့က ဤမေးခွန်းကို အရင်မေးလိမ့်မည်ဟု မျှော်လင့်မထားပုံရလေသည်။
ဖော်ပြ၍မရနိုင်သော ခါးသီးမှုနှင့် နာကျင်မှုတို့က သူ၏ရင်ထဲသို့ လှိုင်းလုံးကြီးတစ်ခုပမာ ရိုက်ခတ်လာပြီး အချိန်ကြာမြင့်စွာ တစ်ယောက်တည်း ဒုက္ခခံစားနေရသော ကလေးငယ်တစ်ဦးကို သူ၏အခက်အခဲများအကြောင်း ရုတ်တရက် အမေးခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။
သို့သော် သူက အကြည့်လွှဲလိုက်ကာ ဤမသင့်လျော်သော စိတ်ခံစားချက်ကို အလျင်အမြန် ဖိနှိပ်လိုက်၏။ ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာက သူ့ကို အားနည်းချက် ပြသခွင့် မပေးချေ။
သူက ခေါင်းညိတ်ကာ လက်ဖက်ရည်အိုးကို ချလိုက်ပြီး အနည်းငယ် အက်ကွဲနေသော အသံဖြင့် ပြောလိုက်၏။ “ပင်ပန်းတာပေါ့... ဘယ်လိုလုပ် မပင်ပန်းဘဲ နေမှာလဲ...”
သူက မျက်လုံးများကိုပင့်ကာ ကျန်းယဲ့ကို လေးလံသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ “ဆရာ ထွက်သွားပြီးကတည်းက အရာများစွာက လမ်းလွဲကုန်တယ်။ နှောင်းပိုင်းချင်းက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လိုသတင်းရသွားလဲမသိဘူး... ကြိုတင်ပြီး စတင်တိုက်ခိုက်လာတယ်။ သူတို့က လုယက်ပြီးတဲ့နောက်မှာ ပုံမှန်လိုမျိုး ပြန်မဆုတ်သွားဘဲ တပ်မကြီးတစ်ခု ဖွဲ့စည်းပြီး မြို့တော်ကို ဒုတိယအကြိမ် ဝိုင်းရံလာခဲ့တယ်။ ဒါတွေအားလုံးက သတင်းပေါက်ကြားမှုကြောင့် ဖြစ်ရတာပဲ...”
ထိုစကားကြောင့် ကျန်းယဲ့ မျက်မှောင်ကြုတ်သွားရသည်။ “သတင်းက ဘယ်ကနေ ပေါက်ကြားသွားတာလဲ။ အရှင်မင်းကြီးမှာ သဲလွန်စလေးဘာလေး ရှိလား...”
အမှန်တကယ်တွင်မူ နန်းတော်တွင်းရှိ အရာရှိများနှင့် အရပ်ဘက်အရာရှိများအားလုံးထဲတွင် အဓိက လျှို့ဝှက်ချက်များကို သိရှိခွင့်ရပြီး သတင်းများကို အပြင်သို့ ပေးပို့နိုင်သူဆိုလျှင် သံသယဖြစ်စရာ လူစာရင်းမှာ သိပ်မများကြောင်း သူတို့နှစ်ဦးစလုံး ကောင်းကောင်း သိထားကြအေသည်။
ချုံကျန်းဧကရာဇ်က ထိုးကိုက်နေသော နားထင်များကို လက်ဖြင့်ဖိပွတ်လိုက်ပြီး သူ၏လေသံတွင် ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်မှုတို့ ပြည့်နှက်နေခဲ့သည်။ “ကိုယ်တော် လျှို့ဝှက်စုံစမ်းနေခဲ့တာပါ။ ဒါပေမဲ့ ဒီလူက အရမ်းသိုသိုသိပ်သိပ် နေတတ်လွန်းတော့ အခုအချိန်အထိ သူ့ကို လက်ညှိုးထိုးပြနိုင်မယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးဘူး”
အခန်း ၂၈၅ပြီး၏။