အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း (၂၈၇) အမတ်များအား စစ်ဆေးခြင်း
လီလင်၏ အကြည့်က ကျိုးယန်ရူ၏ မျက်နှာပေါ်တွင် စူးစိုက်နေလေသည်။
အမတ်ချုပ်ကြီးက တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူ၏ အနည်းငယ် ကျဉ်းမြောင်းသွားသော မျက်လုံးအိမ်များနှင့် မသိမသာ တောင့်တင်းသွားသော နှုတ်ခမ်းထောင့်များမှတစ်ဆင့် သူ၏ရင်တွင်းရှိ စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုတို့ကို လီလင်က ဖမ်းယူမိနေဆဲ ဖြစ်၏။
သူမက အချိန်ကိုက်ပင် ညင်သာသော လေသံဖြင့် စကားစလိုက်သည်။ "အမတ်ကြီးကျိုး... ကျေးဇူးပြုပြီး အသက်ပြင်းပြင်းရှူကာ စိတ်ကို လျှော့ထားပေးပါ။ တင်းမာနေမှုတွေက ကိရိယာတွေရဲ့ တိကျမှုကို ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ အမတ်ကြီးက အမှန်ကို ပြောနေရင်တောင် လိမ်ပြောတယ်လို့ ပြနေရင် အရမ်းနစ်နာလိမ့်မယ်...."
ယင်းကိုကြားသော် ကျိုးယန်ရူက ညင်သာစွာ ပြုံးလိုက်၏။ "ဟဲဟဲ... နောင်ခေတ်တွေမှာ လူတွေရဲ့ နှလုံးသားထဲက အစစ်အမှန် သဘောသဘာဝကို ခွဲခြားသိမြင်နိုင်တဲ့ ဒီလို နတ်ဘုရားအဆင့် ပစ္စည်းမျိုး ရှိနေတာကို အံ့သြနေမိလို့ပါ။ ဒီလို ပထမဆုံး စမ်းသပ်ခံခွင့် ရတဲ့အတွက် ဂုဏ်ယူစရာပါပဲ"
သူက အနာဂတ်နည်းပညာကို ချီးကျူးသည့်အပြင် သူ၏ ပွင့်လင်းမြင်သာမှုကိုပါ ပြသရန် ကြိုးပမ်းကာ စကားကို ကောင်းမွန်စွာ သုံးနှုန်းသွားလေသည်။
ကျန်းယဲ့က ကျိုးယန်ရူ၏ မျက်နှာပေါ်ရှိ သိမ်မွေ့သော ပြောင်းလဲမှုများကို မမြင်နိုင်သော်လည်း အဘယ်အရာ ဖြစ်ပျက်နေသည်ကို အတိအကျ သိရှိနေချေသည်။
နန်းတော်တွင်းရှိ လူတိုင်းက ကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်များသူများသာ ဖြစ်ကြရာ မည်သူ့ရင်ထဲတွင်များ ထုတ်ပြော၍မရနိုင်သော လျှို့ဝှက်ချက်အချို့ မရှိဘဲ နေမည်နည်း။
လိမ်လည်မှုကို ထောက်လှမ်းနိုင်သည်ဟုဆိုသော ဤအမည်မသိ ကိရိယာရှေ့တွင် လုံးဝ ရိုးသားပြီး ကြည်လင်သော လိပ်ပြာရှိရန်မှာ အလွန် ခဲယဉ်းလှ၏။ အထူးသဖြင့် သူတို့ဘဝ၏ အချိန်အများစုကို နိုင်ငံရေး ရွှံ့နွံတောထဲတွင် ကျင်လည်ဖြတ်သန်းခဲ့ကြသော ဤအရာရှိဟောင်းကြီးများအတွက် ပို၍ပင် မဖြစ်နိုင်ချေ။
ကျန်းယဲ့က ပြုံးကာ ကျိုးယန်ရူကို စိတ်အေးစေရန် ပြောလိုက်၏။ "အမတ်ချုပ်ကြီးကျိုး... စိတ်ချပါ။ အရှင်မင်းကြီးက ဒီနေ့ အားလုံးကို ဆင့်ခေါ်လိုက်တာက နှောင်းပိုင်းချင်းနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ကို ရှင်းလင်းဖို့သက်သက်ပါ။ မေးခွန်းတွေက ဒီကိစ္စကိုပဲ အဓိကထားမှာဖြစ်ပြီး တခြား ဘယ်အရာနဲ့မှ ပတ်သက်မှာ မဟုတ်ပါဘူး..."
ထင်သည့်အတိုင်းပင် မေးခွန်းများမှာ နှောင်းပိုင်းချင်းနှင့် ပတ်သက်သည့် ကိစ္စများသာ ကန့်သတ်ထားကြောင်း ကြားလိုက်ရသောအခါ ကျိုးယန်ရူ၏ တင်းမာနေသော အာရုံကြောများက သိသိသာသာ ပြေလျော့သွားပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ချေသည်။
'တခြားကိစ္စတွေနဲ့ မပတ်သက်သရွေ့ အဆင်ပြေပါတယ်လေ...'
သူ၏ ခဏတာ စိတ်သက်သာရာရသွားမှုက အလွန်သိမ်မွေ့သော်ငြားလည်း လီလင်၏ အမြင်အာရုံမှ လွတ်မြောက်မသွားခဲ့ချေ။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တွင် တပ်ဆင်ထားသော လိမ်လည်မှု ထောက်လှမ်းသည့်စက်၏ အာရုံခံကိရိယာများက သူ၏ ဇီဝကမ္မပြောင်းလဲမှု အညွှန်းကိန်းများကို သစ္စာရှိရှိ မှတ်တမ်းတင်ပြီး ဖြစ်နေချေပြီ။
အမှန်တကယ်တွင်မူ ကျိုးယန်ရူ အာရုံခံကိရိယာကို တပ်ဆင်လိုက်သည့် အချိန်ကတည်းက စမ်းသပ်မှုမှာ စတင်နေခဲ့ပြီ ဖြစ်သည်။ လီလင်၏ ယခင်စကားပြောဆိုမှုများ အားလုံးက အခြေခံအချက်အလက်များကို တည်ဆောက်ရန်နှင့် သူ၏ ဖိအားတုံ့ပြန်မှုကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
ထို့နောက် ကျန်းယဲ့ ဦးဆောင်၍ တရားဝင် မေးခွန်းထုတ်ခြင်းကို စတင်လိုက်၏။
"အမတ်ချုပ်ကြီးကျိုး... မဟာတံတိုင်းအပြင်ဘက်က နှောင်းပိုင်းချင်းတပ်ဖွဲ့တွေနဲ့ တိတ်တဆိတ် ဆက်သွယ်တာ ဒါမှမဟုတ် ပူးပေါင်းကြံစည်တာမျိုး လုပ်ခဲ့ဖူးပါသလား...." ကျန်းယဲ့က တိုက်ရိုက်ပင် မေးလိုက်သည်။
ကျိုးယန်ရူသည် ချက်ချင်းပင် သူ၏ကျောကို မတ်လိုက်ပြီး မှန်ကန်ဖြောင့်မတ်သော လေသံဖြင့် ပြန်ဖြေလိုက်၏။ "လုံးဝ မလုပ်ခဲ့ပါဘူး။ ငါက အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကို ခံစားခဲ့ရပြီး အမတ်ချုပ်ကြီး ရာထူးကို ရယူထားသူပါ။ ရန်သူနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တဲ့ ဒီလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ။ အရှင်မင်းကြီးနဲ့ မင်မင်းဆက်အပေါ်ထားတဲ့ ငါ့ရဲ့ သစ္စာစောင့်သိမှုက နေ့လယ်ခင်းနေရောင်လို လင်းလက်ရှင်းလင်းနေပါတယ်.."
သူ၏ လေသံမှာ စိတ်လှုပ်ရှားနေပြီး ခံစားချက်များ ပြင်းထန်နေခဲ့သည်။
လိမ်လည်မှု ထောက်လှမ်းသည့်စက်၏ မျဉ်းကွေးများက အတက်အကျ ဖြစ်သွားသော်လည်း ၎င်းမှာ မေးခွန်းမေးခံရချိန်တွင် ဖြစ်ပေါ်တတ်သော သာမန် စိတ်လှုပ်ရှားမှု အတိုင်းအတာအတွင်း၌သာ ရှိနေပြီး လိမ်လည်ခြင်း၏ ထင်ရှားသော လက္ခဏာရပ်များကို မတွေ့ရချေ။
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ဒုတိယမေးခွန်းကို ဆက်မေးလိုက်၏။ "အမတ်ချုပ်ကြီးကျိုး... အရှင်မင်းကြီးကို အစွမ်းကုန် ကူညီဖို့ အကျင့်ပျက်ခြစားမှုတွေကို ဖယ်ရှားဖို့နဲ့ ကျွန်တော်တို့ရဲ့ မင်မင်းဆက်ကို ပြန်လည်နိုးထလာတဲ့ ခေတ်ကာလတစ်ခုဆီ ပူးပေါင်းဦးဆောင်သွားဖို့ အမှန်တကယ် လိုလားပါသလား..."
ယင်းကိုကြားသော် ကျိုးယန်ရူ၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုနှင့် ပြင်းပြသော ဆန္ဒများ ချက်ချင်း လင်းလက်သွားရသည်။ "ဒါက ငါ့ရဲ့ တစ်သက်တာ ဆန္ဒပါပဲ။ ပြီးခဲ့တဲ့တစ်ကြိမ်က ဆရာကျန်းရဲ့ သွန်သင်မှုတွေကို ခံယူရပြီး အနာဂတ်ပြောင်းလဲမှုတွေအကြောင်း သိလိုက်ရကတည်းက တိုင်းပြည်ကို ဘယ်လိုချမ်းသာကြွယ်ဝအောင် လုပ်ရမလဲ... တပ်မတော်ကို ဘယ်လိုအင်အားတောင့်တင်းအောင် လုပ်ရမလဲဆိုတာကို တွေးပြီး နေ့ရောညပါ အနားမရနိုင်အောင် ဖြစ်နေခဲ့တာပါ...."
"ငါက အရှင်မင်းကြီးကို အစွမ်းကုန် မကူညီဘဲ ဘယ်လိုနေရဲမှာလဲ။ စုဆောင်းလာခဲ့တဲ့ အဆိုးအညစ်တွေကို ချက်ချင်း တံမြက်လှည်းထုတ်ပစ်ပြီး နန်းတွင်းကို ပြန်လည် အသက်ဝင်လာအောင် လုပ်ချင်တာပါ။ ငါတို့ရဲ့ မင်မင်းဆက်ကြီးကို ငြိမ်းချမ်းပြီး သာယာဝပြောလာအောင် လုပ်ဆောင်ပြီး နောင်လာမယ့် မျိုးဆက်တွေ စစ်ပွဲရဲ့ နာကျင်မှုတွေကို ထပ်ပြီး မခံစားရအောင် လုပ်ပေးချင်တာပါ...."
သူသည် မျက်ရည်ကျမတတ် အလွန်ရိုးသားလှသော စကားများဖြင့် ပြောဆိုနေခဲ့သည်။
သို့သော် သူ၏ စိတ်အားထက်သန်သော စကားများရှိသော်ငြားလည်း လိမ်လည်မှုထောက်လှမ်းသည့်စက်ပေါ်ရှိ အညွှန်းကိန်းအချို့က သိမ်မွေ့သော်လည်း ဆက်တိုက်ဆိုသလို ပုံမှန်မဟုတ်သော အတက်အကျများကို ပြသနေခဲ့သည်။
လီလင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
မေးခွန်းမေးပြီးနောက် ကျန်းယဲ့နှင့် ချုံကျန်းတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထိုနေရာတွင် မည်သည့် ကောက်ချက်ချမှုကိုမျှ မပေးခဲ့ကြချေ။ ကျန်းယဲ့က ကျိုးယန်ရူအား ယဉ်ကျေးစွာသာ ပြောလိုက်၏။ "အမတ်ချုပ်ကြီးကျိုး... ပင်ပန်းသွားပါပြီ။ အရှင်မင်းကြီးရဲ့ မေးခွန်းမေးမြန်းမှုက ပြီးဆုံးပါပြီ။ အမတ်ကြီးအနေနဲ့ ဘေးဘက်ခန်းမဆောင်ကို ပြန်ပြီး အနားယူစောင့်ဆိုင်းနိုင်ပါပြီ..."
ကျိုးယန်ရူသည် စိတ်မသက်မသာ ဖြစ်နေသော်လည်း ထပ်မံ၍ မေးခွန်းမမေးဝံ့တော့ချေ။ အရိုအသေပေးပြီးနောက် သူက ဧကရာဇ်၏ စာကြည့်ဆောင်မှ ထွက်ခွာသွားလိုက်သည်။
သူတို့ ထွက်သွားသည်နှင့်တပြိုင်နက် ချုံကျန်းက လီလင်အား အနည်းငယ် အလောတကြီး အမူအရာဖြင့် ကြည့်လိုက်၏။ "မစ်လီ... ရလဒ်က ဘယ်လိုနေလဲ..."
လီလင်က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ "အရှင်မင်းကြီး... နှောင်းပိုင်းချင်းနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမတ်ကြီးကျိုးရဲ့ ဇီဝကမ္မတုံ့ပြန်မှုက ပုံမှန်အတိုင်းအတာ အတွင်းမှာပဲ ရှိပါတယ်။ ဒီကိစ္စမှာ သူက အပြစ်ကင်းတဲ့သူ ဖြစ်ဖို့များပါတယ်..."
ယင်းကိုကြားသော် ချုံကျန်းဧကရာဇ်၏ အမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း ချက်ချင်းပင် မေးလိုက်ပြန်သည်။ "ဒါဆို... ဒုတိယမေးခွန်းကရော"
လီလင်က ခဏတာ ရပ်တန့်လိုက်ပြီး သူမ၏လေသံမှာ တည်ငြိမ်သော်လည်း သေချာနေခဲ့သည်။ "ဒုတိယမေးခွန်းဖြစ်တဲ့ တိုင်းပြည်ပြန်လည်နိုးထလာဖို့ အစွမ်းကုန် ကူညီပြီး လက်တွဲလုပ်ဆောင်မလားဆိုတဲ့အပေါ်မှာတော့ သူ့ရဲ့တုံ့ပြန်မှုက သိပ်ပြီး မစစ်မှန်ပါဘူး။ သူ့ရဲ့စကားတွေက ရိုးသားပုံရပေမယ့် သူ့ရဲ့ ဇီဝကမ္မအညွှန်းကိန်းတွေအရ သူ့ရဲ့ အတွင်းစိတ်က ကတိကဝတ်နဲ့ ဆုံးဖြတ်ချက်ဟာ သူ့စကားတွေထဲမှာ ဖော်ပြထားသလောက် မခိုင်မာသလို မဖြူစင်ပါဘူး။ အဲဒီမှာ ဖုံးကွယ်မှုနဲ့ ပိုမိုချဲ့ကားပြောဆိုမှု အစိတ်အပိုင်းတွေက အတော်လေး ထင်ရှားနေပါတယ်...."
ချုံကျန်းဧကရာဇ်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း အလျင်အမြန်ပင် ပြေလျော့သွားပြန်သည်။
ဤရလဒ်မှာ မျှော်လင့်မထားသောအရာ မဟုတ်ချေ။
ကျိုးယန်ရူ၏ စရိုက်လက္ခဏာအကြောင်းကို သူ အနည်းငယ် သိထားပြီး ဖြစ်၏။
ကျန်းယဲ့က ဝင်ပြောလေသည်။ "အရှင်မင်းကြီး... လူတွေရဲ့ နှလုံးသားက ရှုပ်ထွေးပါတယ်။ အရာရှိတွေက ပိုတောင် ဆိုးပါသေးတယ်။ သူတို့အားလုံး လုံးဝ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက်ပဲ အလုပ်လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တာက လက်တွေ့မဆန်ပါဘူး။ အဓိက ကိစ္စရပ်တွေမှာ ဖြောင့်မတ်မှန်ကန်ပြီး အရေးကြီးတဲ့ ကိစ္စတွေမှာ တည်ငြိမ်မှုရှိကာ အနည်းငယ်သော စစ်မှန်တဲ့ စိတ်အားထက်သန်မှု ရှိနေသရွေ့ သူတို့ကို လောလောဆယ် အသုံးပြုလို့ ရနိုင်ပါသေးတယ်။ အလွန်ကြည်လင်လွန်းတဲ့ ရေမှာ ငါးမရှိနိုင်ပါဘူး...."
ချုံကျန်းဧကရာဇ်သည် ဤသဘောတရားကို သဘာဝကျစွာပင် နားလည်ထားပြီး ခေါင်းညိတ်လိုက်၏။ "ဆရာပြောတာ လုံးဝ မှန်ကန်ပါတယ်...."
အခြားတစ်ဖက်တွင် ကျိုးယန်ရူက ဘေးဘက်ခန်းမဆောင်သို့ ပြန်ရောက်လာရာ အမတ်များအားလုံး၏ စူးစမ်းနေသော အကြည့်များနှင့် ချက်ချင်း ကြုံတွေ့လိုက်ရသည်။
လူအချို့က မေးခွန်းများ မေးချင်နေကြသော်လည်း တံခါးစောင့်တစ်ဦးကဲ့သို့ ဘေးတွင်ရပ်နေသော ဝမ်ချန်အန်းကို မြင်သောအခါ သူတို့၏ စကားများကို ပြန်မျိုချလိုက်ကြ၏။
ဝမ်ချန်အန်းက ခံစားချက်ကင်းမဲ့နေလျက် စာရင်းကို ထပ်မံထုတ်ယူကာ စူးရှသောအသံဖြင့် ပြောလိုက်ပြန်သည်။ "အရှင်မင်းကြီးရဲ့ အမိန့်တော်... ဒုတိယ အမတ်ချုပ်ကြီး ဝမ်ထီရန်ကို ဧကရာဇ်ရဲ့ စာကြည့်ဆောင်ဆီ ဝင်ရောက်ခစားဖို့ ဆင့်ခေါ်လိုက်ပါတယ်...."
ဝမ်ထီရန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဝမ်ချန်အန်းနောက်မှ လိုက်သွားလိုက်သည်။
သူ ထွက်သွားသည်နှင့်တပြိုင်နက် ကျိုးယန်ရူနှင့် ရင်းနှီးသော အရာရှိတစ်ဦးက မနေနိုင်တော့ဘဲ သူ့ထံသို့ ချဉ်းကပ်လာကာ အသံကို နှိမ့်၍ သွယ်ဝိုက်သောနည်းဖြင့် စူးစမ်းလိုက်၏။ "အမတ်ချုပ်ကြီး... အရှင်မင်းကြီးက ရုတ်တရက် ဆင့်ခေါ်တာဆိုတော့ ဒီတစ်ခေါက် ဆရာကျန်းက အသစ်အဆန်း တစ်ခုခုများ ယူလာပြန်လို့လား ..."
ကျိုးယန်ရူက မျက်နှာအမူရာလေးနက်စွာဖြင့် ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စကားတစ်ခွန်းမျှ မပြောရန် ငြင်းဆန်လိုက်လေသည်။
သူ၏ နက်နဲလှသော အမူအရာနှင့် နဖူးတွင် တွယ်ကပ်နေဆဲဖြစ်သော ချွေးစေးများကို မြင်သောအခါ လူတိုင်းက သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
မည်သည့် အဖြေမျှ ရလိမ့်မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် မည်သူကမျှ ရှေ့သို့တိုးကာ မမေးမြန်းဝံ့ကြတော့ချေ။
တိတ်ဆိတ်ပြီး အသက်ရှူကျပ်မတတ် တင်းမာမှုနှင့် စိုးရိမ်ပူပန်မှုတို့က ဘေးဘက်ခန်းမဆောင်ရှိ အမတ်များအားလုံးအကြား ပျံ့နှံ့သွား၏။
နန်းတွင်းရှိ အရေးကြီးသော အရာရှိများကို ဤအထူးစစ်ဆေးမေးမြန်းခြင်းက နေဝင်ချိန်အထိ ကြာမြင့်ခဲ့ပြီး တစ်နေ့တာလုံး အချိန်ယူခဲ့ရသည်။
နောက်ဆုံးအမတ်ကြီး ဧကရာဇ်၏ စာကြည့်ဆောင်ထဲမှ ထွက်လာချိန်တွင် မေးခွန်းထုတ်ရန် တာဝန်ယူရသော ကျန်းယဲ့၊ စောင့်ကြည့်လေ့လာကာ ခွဲခြမ်းစိတ်ဖြာရန် တာဝန်ယူရသော လီလင်နှင့် အချိန်ပြည့် စိုးရိမ်တကြီး စောင့်ကြည့်နေရသော ချုံကျန်းဧကရာဇ်တို့ အားလုံးက အလွန်ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်၏။
သို့သော် ရလဒ်များကလည်း သိသာထင်ရှားလှချေသည်။
ဝမ်ချန်အန်းသည် ဘေးဘက်ခန်းမဆောင်သို့ လျှောက်သွားပြီး တစ်နေကုန် စောင့်ဆိုင်းနေရသဖြင့် အလွန်ပင်ပန်းနေကြပြီဖြစ်သော အမတ်ကြီးများကို ရင်ဆိုင်ကာ ပုံသေကားကျ အပြုံးတစ်ခုဖြင့် စူးရှသောအသံဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးရဲ့ အမိန့်တော်... ဒီနေ့အတွက် စစ်ဆေးမေးမြန်းမှု ပြီးဆုံးပါပြီ။ အားလုံး ပင်ပန်းသွားကြပါပြီ။ ကျေးဇူးပြုပြီး ကိုယ့်အိမ်ကိုယ်ပြန်ပြီး အနားယူလို့ ရပါပြီ..."
အခန်း ၂၈၇ပြီး၏။