← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) ချုံကျန်းဧကရာဇ်အား နှုတ်ဆက်ခြင်း

​ကျန်းယဲ့က ဝင်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်၏။ ထိုအချိန်တွင် ချုံကျန်းဧကရာဇ်အနေဖြင့် အခြားမည်သည့်အရာထက်မဆို နားထောင်ပေးမည့်သူတစ်ဦးကိုသာ အလိုအပ်ဆုံးဖြစ်ကြောင်း သူ သိထားပေသည်။

​အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ချုံကျန်းက ရုတ်တရက် ခေါင်းမော့ကာ ကျန်းယဲ့ကို တိုက်ရိုက် ကြည့်လိုက်လေသည်။ “ဆရာကျန်း... ကိုယ်တော့်ကို ပြောပါဦး။ ကိုယ်တော်က အရမ်းကို အောင်မြင်မှုမရှိတဲ့ ဧကရာဇ်တစ်ပါး ဖြစ်နေတာလား....”

​ကျန်းယဲ့က သူ၏အကြည့်ကို ရင်ဆိုင်လိုက်ပြီး ခဏတာ တွေဝေသွားကာ ဖြည်းညင်းစွာ စကားဆိုလေသည်။ “မင်မင်းဆက်မှာ နက်ရှိုင်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ခြတွေစားလို့ အတွင်းလှိုက်နေတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲ.... တစ်ညတည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက အစွမ်းကုန် ကြိုးစားနေတာပါ.... ဘာမှမလုပ်ဘဲ နေနေတာ မဟုတ်ပါဘူး”

​ကျန်းယဲ့၏ စကားများမှာ သူ့ကို နှစ်သိမ့်ပေးနေခြင်းသာ ဖြစ်ကြောင်း ချုံကျန်း သိချေသည်။

​သူ၏ အကန့်အသတ်များကို သူ ကောင်းစွာ သိသည်မဟုတ်လော။

​သို့သော် ထိုနှစ်သိမ့်မှုအတွက် သူ ကျေးဇူးတင်နေဆဲပင်။ အနည်းဆုံးတော့ သူ၏ ကြိုးစားအားထုတ်မှုများကို တစ်စုံတစ်ယောက်က အသိအမှတ်ပြုပေးရန် လိုလားနေသေးသည် မဟုတ်ပါလော။

​သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး မှောင်မိုက်နေသော ညကောင်းကင်ယံကို ကြည့်ကာ လွမ်းဆွတ်မှုနှင့် ခံစားချက်ပေါင်းစုံ ပြည့်နှက်လျက် ပြောလိုက်၏။ “တစ်ခါတလေကျရင် ဧကရာဇ်ထိုက်ကျူကောင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းရည်နဲ့ ရည်မှန်းချက်မျိုး ဒါမှမဟုတ် ဧကရာဇ်ချန်ကျူဝမ်ရဲ့ ရဲရင့်ပြတ်သားမှုမျိုး ကိုယ်တော့်မှာ ရှိခဲ့ရင်ကောင်းမယ်လို့ တကယ် ဆန္ဒပြုမိတယ်။ သူတို့သာ ဒီနေ့အခြေအနေကို ရင်ဆိုင်ရမယ်ဆိုရင် သေချာပေါက်.... သေချာပေါက်ကို ကိုယ်တော့်ထက် ပိုပြီး ကောင်းကောင်း လုပ်နိုင်ကြမှာပဲမဟုတ်လား... ”

​ကျန်းယဲ့မှာ တိတ်ဆိတ်သွားရသည်။

​သမိုင်းတွင် အကယ်၍ဆိုသည်မှာ မရှိသလို လူတိုင်းကလည်း ကျူးယွမ်ကျန်းနှင့် ကျူးတီတို့၏ ထူးခြားလှသော စွမ်းရည်များနှင့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို ပိုင်ဆိုင်နိုင်ခြင်း သို့မဟုတ် ခံနိုင်ရည်ရှိခြင်း မဟုတ်ချေ။

( NT- ပထမနာမည်က သူတို့သေဆုံးပြီးနောက် ဘွဲ့နာမည်ပါ.... ဒုတိယက မူလနာမည်ပါ... လူသိများတာကတော့ ကျူးယွမ်ကျန်းကို ဟုန်ဝူဧကရာဇ်... ကျူးတီကို ယုံလဲ့ဧကရာဇ်ဟု သိကြပါတယ်...ကျူးယွမ်ကျန်းက မင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ပထမဆုံး ဧကရာဇ်ပါ....ကျူးတီက တတိယမြောက် ဧကရာဇ်ပါ..)

​ခဏအကြာတွင် ချုံကျန်းက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျန်းယဲ့ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် နီရဲနေသော သူ၏မျက်လုံးများတွင် ယခုအခါ နက်ရှိုင်းသော ခွဲခွာရခက်မှုများ ပြည့်နှက်နေချေသည်။

​သုံးနာရီ ကြာပြီးနောက်တွင် မိုးလင်းတော့မည်ဖြစ်ပြီး ကျန်းယဲ့နှင့် အခြားသူများလည်း ထွက်ခွာသွားကြတော့မည် ဖြစ်၏။

​ချုံကျန်းဟာ ကျန်းယဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အလျင်အမြန် ခေါင်းလွှဲသွားကာ ပြတင်းပေါက်အပြင်ဘက်ရှိ ဆုတ်ယုတ်နေသော လမင်းကို ကြည့်နေဟန်ဆောင်လိုက်လေသည်။ သူ၏အသံမှာ မိမိကိုယ်ကိုယ် စကားပြောနေသကဲ့သို့ အလွန်တိုးညင်းလွန်းလှပြီး ဖုံးကွယ်ထားခြင်းမရှိသော ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေခဲ့သည်။ “ကျန်းယဲ့... မင်းသာ နေခဲ့လို့ရရင် သိပ်ကောင်းမှာပဲ....”

​ထိုတိုးညင်းသော စကားသံလေးမှာ တိတ်ဆိတ်နေသော ညအချိန်တွင် ထူးထူးခြားခြား ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

​ကျန်းယဲ့ ကြားလိုက်၏။

​သူ ခဏတာ ရပ်တန့်သွားပြီးနောက် တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်။ “အရှင်မင်းကြီး... ကျွန်တော် ပြန်လာခဲ့ပါ့မယ်...”

​ကျန်းယဲ့က ဆက်ပြောလိုက်သည်။ “နောက်တစ်ခေါက် ကျွန်တော် ပြန်လာတဲ့အခါ ကွဲပြားခြားနားတဲ့ မင်မင်းဆက်ကြီးကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ပိုပြီး တက်ကြွလှုပ်ရှားနေတဲ့ မျှော်လင့်ချက်တွေ ပိုပြည့်နှက်နေတဲ့ မင်မင်းဆက်ကြီးမျိုးပေါ့....”

​ချုံကျန်းဧကရာဇ်က ကတိသစ္စာပြုသကဲ့သို့ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်၏။

​“ကောင်းပြီ... ကိုယ်တော် ကတိပေးတယ်.... သေချာပေါက်ကို ဖြစ်စေရမယ်”

​ဤ ကောင်းပြီဟူသော စကားတစ်ခွန်းတည်းကပင် အကျပ်အတည်းများကြားရှိ ဧကရာဇ်တစ်ပါး၏ အလေးနက်ဆုံးသော ကတိကဝတ်ကို သယ်ဆောင်ထားချေသည်။

​နောက်တစ်နေ့တွင် နံနက်ခင်းနေရောင်ခြည်က တားမြစ်မြို့တော်၏ ကြီးကျယ်ခမ်းနားလှသော နန်းဆောင်များအပေါ် ကျရောက်လာသော်လည်း ထိုက်ဟယ်နန်းဆောင်ရှေ့ရှိ ရင်ပြင်တွင် ပျံ့နှံ့နေသော ခွဲခွာခြင်း ဝမ်းနည်းမှုကိုတော့ ဖယ်ရှားမပေးနိုင်ခဲ့ချေ။

​နံနက်ကိုးနာရီတိတိတွင် ချုံကျန်းဧကရာဇ်ဟာ နန်းတွင်းအရာရှိများနှင့် စစ်ဘက်အရာရှိများ အားလုံးကို ဦးဆောင်ကာ ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို လိုက်လံနှုတ်ဆက်ရန် နန်းဆောင်ရှေ့၌ လေးနက်စွာ ရပ်နေခဲ့ကြသည်။

​ငွေရောင်ဘတ်စ်ကားကြီးမှာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အနီရောင်နံရံများ၊ အဝါရောင်အမိုးကြွေပြားများနှင့် ပတ်ဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံများနှင့် သိသာထင်ရှားသော ဆန့်ကျင်ဘက် မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်နေစေခဲ့သည်။

​ကျန်းယဲ့နှင့် ခရီးသွားသုံးဆယ်တို့က ကားပေါ်တက်ရန် အသင့်ပြင်ကာ ကားတံခါးရှေ့တွင် ရပ်နေကြသည်။

​ကျန်းယဲ့က ရှေ့သို့ထွက်လာပြီး အရာရှိများ၏ ရှေ့ဆုံးတွင် နဂါးဝတ်ရုံကို ဝတ်ဆင်ကာ ရပ်နေသော ချုံကျန်းဧကရာဇ်အား လက်နှစ်ဖက်ယှက်ကာ လေးနက်စွာ ဂါရဝပြု နှုတ်ဆက်လိုက်၏။ “အရှင်မင်းကြီး... ဂရုစိုက်ပါ”

​ချုံကျန်း၏ မျက်လုံးများတွင် ခွဲခွာရခက်မှုများ ပြည့်နှက်နေလေသည်။ “ကျန်းယဲ့... ငါတို့ရဲ့ ကတိကို... မမေ့ပါနဲ့...”

​ကျန်းယဲ့က သူ၏အကြည့်ကို ရင်ဆိုင်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်၏။ “ကျွန်တော် မမေ့ပါဘူး”

​ထိုသို့ပြောပြီးနောက် သူ ဆက်မပြောတော့ဘဲ လှည့်ကာ ဘတ်စ်ကားပေါ်သို့ နောက်ဆုံးလူအဖြစ် တက်သွားလိုက်သည်။

​ထို့နောက် ကားတံခါးများ ဖြည်းညင်းစွာ ပိတ်သွားပြီး အတွင်းနှင့် အပြင်ကို ပိုင်းခြားသွားစေခဲ့သည်။

​နောက်တစ်စက္ကန့်တွင် နူးညံ့သော်လည်း စူးရှတောက်ပသော အလင်းတန်းဖြူတစ်ခုက ကောင်းကင်မှ သတိပေးခြင်းမရှိဘဲ ကျဆင်းလာကာ ဘတ်စ်ကားတစ်စီးလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။

​အလင်းရောင်က ခဏတာမျှသာ ကြာမြင့်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားပြီး အလင်းရောင်နှင့်အတူ ငွေရောင် ဘတ်စ်ကားကြီးလည်း ပျောက်ကွယ်သွားလေတော့သည်။

​ကားရပ်ထားသော နေရာမှာ ယခုအခါ ဟာလာဟင်းလင်းဖြစ်သွားပြီး မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလားပင်။

​ချုံကျန်း၏အကြည့်က ထို လွတ်လပ်နေသော နေရာ၌သာ စူးစိုက်နေပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေကာ သူ၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် ရှုပ်ထွေးသော စိတ်ခံစားချက်များ လှိုင်းထနေခဲ့သည်။

​သူ၏နောက်ရှိ နန်းတွင်းအရာရှိများနှင့် စစ်ဘက်အရာရှိများအားလုံးမှာ အသက်အောင့်ထားကြပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။ ဧရာမ ရင်ပြင်ကြီးမှာ လုံးဝတိတ်ဆိတ်နေပြီး ဤအချိန်တွင် မည်သူကမျှ အသံမထွက်ဝံ့ကြချေ။

​...

​မှောင်မိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော အချိန်ဖြတ်သန်းရာ ဥမင်လှိုဏ်ခေါင်းထဲတွင် ငွေရောင် ဘတ်စ်ကားကြီးက ချောမွေ့စွာ မောင်းနှင်နေလေသည်။

​ကျန်းယဲ့သည် ဘတ်စ်ကားပေါ်ရှိ ခရီးသွားများကို ကျေနပ်သော အပြုံးများဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်က ကယ်ဗင်ထံသို့ ရောက်ရှိသွားခဲ့သည်။ “ကယ်ဗင်... မင်း ပြန်ရောက်တဲ့အခါ တစ်ခုခု အခက်အခဲကြုံရင် ငါ့ဆီ ဖုန်းဆက်ဖို့ မမေ့နဲ့နော်...”

​ယင်းကိုကြားသော် ကယ်ဗင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူ နားလည်ကြောင်း ပြသသည့်အနေဖြင့် အိုကေဟူသော လက်ဟန်ခြေဟန်ကို ပြုလုပ်လိုက်၏။

​ရွှီး...

​နောက်ခဏ၌ နူးညံ့ပြီး သန့်စင်သော အဖြူရောင် အလင်းတန်းသုံးဆယ်က သတိပေးခြင်းမရှိဘဲ ကားခန်းတွင်းရှိ ထိုင်ခုံအသီးသီးကို ရုတ်တရက် လင်းထိန်သွားစေပြီး ခရီးသည်တစ်ဦးစီတိုင်းကို လွှမ်းခြုံသွားခဲ့သည်။

​လူတိုင်းမှာ ကျန်းယဲ့အား သေချာနှုတ်ဆက်ချိန်ပင် မရလိုက်ဘဲ ထိုနူးညံ့သော အလင်းတန်းဖြူများနှင့်အတူ ကားခန်းတွင်းမှ ပျောက်ကွယ်သွားကြသည်။

​သူက လွတ်နေသော ထိုင်ခုံများကို ကြည့်ကာ အကြောဆန့်လိုက်ပြီး ရေရွတ်လိုက်၏။ “ကဲ... ငါ တစ်ယောက်တည်း ပြန်ဖြစ်သွားပြီပဲ။ အိမ်ပြန်ရမယ့်အချိန် ရောက်ပြီ...”

​သူ စကားပြောပြီးသည်နှင့် စူးရှတောက်ပပြီး နွေးထွေးသော ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ ခြေအောက်မှနေ၍ လှိုင်းဂယက်များကဲ့သို့ ထွက်ပေါ်လာကာ အပေါ်ဘက်သို့ အလျင်အမြန် ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာစွာ လွှမ်းခြုံသွား၏။

​နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းတန်းက ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျန်းယဲ့ဟာလည်း ဟာလာဟင်းလင်းဖြစ်နေသော ကားခန်းတွင်းမှ လုံးဝ ပျောက်ကွယ်သွားလေသည်။

​...

​ရင်းနှီးနေသော ရွှေရောင်အလင်းတန်းက ဒီရေကဲ့သို့ ဆုတ်ခွာသွားချိန်တွင် မျက်စိရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။

​ကျန်းယဲ့သည် သူ၏ ဧည့်ခန်းအလယ်သို့ ပြန်လည်ရောက်ရှိလာပြီး ပြတင်းပေါက်မှတစ်ဆင့် ဟန်ကျိုးမြို့၏ ရင်းနှီးနေသော လမ်းမမြင်ကွင်းကို မြင်တွေ့နေရကာ နေရောင်ခြည်မှာလည်း အနေတော်လေးပင် ဖြစ်သည်။

​သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အနောက်သို့ မှီကာ နူးညံ့ပြီး သက်တောင့်သက်သာရှိသော ဆိုဖာပေါ်သို့ လေးလံစွာ လဲချလိုက်ရင်း ကျေနပ်သော သက်ပြင်းတစ်ခုကို ချလိုက်၏။

​“ဟူး... နောက်ဆုံးတော့ ပြန်ရောက်ပြီပဲ....”

.......

​တောင်တန်းများကြား နက်ရှိုင်းသော နေရာရှိ ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းနေသော တာအိုဘုရားကျောင်း တစ်ခုအတွင်း၌။

​၉ နာရီ ၁၂ မိနစ်တိတိတွင် နူးညံ့ပြီး သန့်စင်သော အဖြူရောင်အလင်းတန်းတစ်ခုက ပင်မခန်းမဆောင် အလယ်မှနေ၍ သတိပေးခြင်းမရှိဘဲ ထွက်ပေါ်လာကာ မှိန်ပျပျ ခန်းမဆောင်ကို ခဏတာ လင်းထိန်သွားစေသည်။

​အလင်းရောင်က အလျင်အမြန် ဆုတ်ခွာကာ မှေးမှိန်သွားပြီးနောက် လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရရာ အခြားသူမဟုတ်ဘဲ ဆံပင်ဖြူများနှင့် အနည်းငယ် တွန့်ချိုးနေသော မျက်နှာရှိသည့် တာအိုဘုန်းကြီး ထိုက်ရွှီဆရာသခင်ပင်။

​သူက ခန်းမဆောင်အတွင်းရှိ ရင်းနှီးနေသော အလင်းရောင်နှင့် အသားကျစေရန် မျက်တောင်ခတ်လိုက်ပြီး သူ၏အကြည့်က တိတ်ဆိတ်ပြီး လေးနက်သော ဂိုဏ်းတည်ထောင်သူ၏ ရုပ်တုအပေါ်သို့ ဦးစွာ ကျရောက်သွားကာ သူ၏မျက်လုံးများတွင် ပုံမှန်ထက် ပိုမိုနက်ရှိုင်းပြီး ဖော်ပြ၍မရနိုင်သော နက်နဲမှုများ ပေါ်လွင်နေချေသည်။

​ချက်ချင်းပင် သူက တစ်ခုခုကို ခံစားမိလိုက်သည့်အလား ခေါင်းကို အနည်းငယ်လှည့်လိုက်ပြီး ကျောင်းဝင်းတံခါးရှိရာဘက်သို့ အတိအကျ စူးစိုက်ကြည့်လိုက်လေသည်။

​တံခါးပေါက်မှနေ၍ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသော ခေါင်းသေးသေးလေးတစ်လုံးရှိနေရာ အခြားသူမဟုတ်ဘဲ သူ၏ အဆော့မက်သော တပည့်ငယ်လေး ရွှမ်ချင်းပင်။

​“ရွှမ်ချင်း....” ထိုက်ရွှီဆရာသခင်၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာပြီး မည်သည့် စိတ်ခံစားချက်မှ မပေါ်လွင်ချေ။

​ရွှမ်ချင်းဟာ သူ၏ဆရာက သူ့ကို တွေ့သွားပြီဖြစ်ကြောင်း သိသောအခါ ဆက်မပုန်းတော့ဘဲ ရယ်မောလျက် ခန်းမဆောင်ထဲသို့ ခုန်ဆွခုန်ဆွဖြင့် ဝင်လာလိုက်သည်။ သူက ထိုက်ရွှီဆရာသခင်ထံသို့ သွားလိုက်ရာ သူ၏မျက်လုံးများတွင် စပ်စုချင်စိတ်များ တောက်ပနေချေသည်။

​“ဆရာ... ပြန်ရောက်လာပြီပဲ။ ဘယ်လိုနေလဲ... ချင်မင်းဆက်၊ ထန်မင်းဆက်၊ မင်မင်းဆက်... ပျော်စရာမကောင်းဘူးလား။ ဆရာ မပျော်ဘူးလား...”

​ပုံမှန်အားဖြင့်ဆိုလျှင် ထိုက်ရွှီဆရာသခင်က သူ့ကို ပေါ့သွမ်းပြီး စိတ်မြန်တယ်.... စိတ်မတည်ငြိမ်ဘူး စသည်ဖြင့် ဆူပူကြိမ်းမောင်းပေလိမ့်မည်။

​သို့သော် ယနေ့တွင် တာအိုဘုန်းကြီးအိုကြီးက သူ၏ တပည့်ငယ်လေး၏ တက်ကြွနေသော အပြုံးမျက်နှာကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက် ဖြည်းညင်းစွာ မေးလိုက်၏။ “တစ်သက်မှာ တစ်ခါရခဲတဲ့ ဒီလို အခွင့်အရေးမျိုးကို မင်းက ဆရာ့ကို ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်တာ... မင်း နောင်တမရဘူးလား....”

​ယင်းကိုကြားသော် ရွှမ်ချင်းသည် နောက်ပြောင်နေခြင်းကို ရပ်တန့်လိုက်ပြီး လေးနက်သွားရသည်။

​သူက ခေါင်းခါလိုက်ပြီး သူ၏လေသံမှာ ပြတ်သားနေချေသည်။ “နောင်တမရပါဘူး။ လုံးဝပဲ.... ဆရာသွားတာက ကျွန်တော်သွားတာထက် အများကြီး ပိုသင့်တော်ပါတယ် ဆရာ။ ပြီးတော့ ကျွန်တော်က ငယ်ပါသေးတယ်.... အနာဂတ်မှာ နောက်ထပ် အခွင့်အရေး ရကောင်း ရလာနိုင်တာပဲလေ....”

အခန်း ၂၉၁ပြီး၏။

All Chapters