အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂) ခရီးသွားများ အခက်အခဲနှင့် ကြုံတွေ့ရခြင်း
သူက ထိုတန်ဖိုးရှိလှသော အခွင့်အရေးမျိုးကို စွန့်လွှတ်လိုက်ခြင်းမှာ အလွန် သဘာဝကျလှသည့် ကိစ္စတစ်ခုကဲ့သို့ ပြောဆိုလိုက်သည်။
ထိုက်ရွှီဆရာသခင်က သူ၏ တပည့်ငယ်လေး၏ ကြည်လင်ပြီး ရိုးသားသော မျက်လုံးများကို စိုက်ကြည့်လိုက်ရာ မည်သည့် တွေဝေမှု သို့မဟုတ် လိမ်ညာမှု အရိပ်အယောင်မျှ မတွေ့ရချေ။
အချိန်အတန်ကြာပြီးနောက် တာအိုဘုန်းကြီးအိုကြီး၏ မျက်လုံးများတွင် သက်သာရာရမှုနှင့် နူးညံ့မှု အရိပ်အယောင်တို့ လျှပ်တစ်ပြက် ပေါ်လာပြီး သူက တိုးတိုးလေး ရေရွတ်လိုက်၏။ “အရူးလေး... မင်း ကြီးပြင်းလာပြီပဲ.... ”
ဆရာဖြစ်သူ၏ ချီးကျူးစကားနှင့် ဆင်တူသော စကားများကို ကြားလိုက်ရသောအခါ ရွှမ်ချင်းမှာ အနည်းငယ် ရှက်ရွံ့သွားပြီး သူ၏ခေါင်းကို ကုတ်ကာ တုံးတုံးအသော အမူအရာဖြင့် ရယ်မောလိုက်၏။
ထိုက်ရွှီဆရာသခင်က သူ၏ တာအိုဝတ်ရုံကို ညင်သာစွာ ခါထုတ်လိုက်ပြီး သူ၏ အမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူက ညွှန်ကြားလိုက်၏။ “ဆရာ ဒီခရီးမှာ နားလည်သဘောပေါက်မှု အချို့ ရခဲ့တယ်... ဒါကြောင့် ခဏလောက် တရားကျင့်ဖို့ ပိတ်လှောင်နေရလိမ့်မယ်။ ဒီအချိန်အတွင်းမှာ ဘုရားကျောင်းက ကိစ္စအားလုံးကို မင်း တာဝန်ယူရမယ်။ စည်းကမ်းကို လိုက်နာရမယ်.... စာပေလေ့လာမှုကို အာရုံစိုက်ရမယ်... ဘာပြဿနာမှ မရှာရဘူး။ နားလည်သလား...”
ယင်းကိုကြားသော် ရွှမ်ချင်းက ရင်ကော့လိုက်ပြီး သူ၏ရင်ဘတ်ကို အနည်းငယ် ပုတ်ကာ လေးနက်စွာ ကတိပေးလိုက်၏။ “ဆရာ... စိတ်အေးချမ်းသာစွာနဲ့ တရားကျင့်တော်မူပါ။ တပည့်တော် ဘုရားကျောင်းက ကိစ္စအားလုံးကို ပြီးပြည့်စုံအောင် စီမံခန့်ခွဲပါ့မယ်။ ဘယ်တော့မှ အပြင်ထွက်ပြီး ပြဿနာ မရှာပါဘူး။ ဆရာ ပြန်ထွက်လာတဲ့အခါ ဘုရားကျောင်းထဲက မြက်တစ်ပင်တောင် မပျောက်စေရဘူးလို့ အာမခံပါတယ်....”
သူ၏ တပည့်ငယ်လေးက ယုံကြည်မှုရှိအောင် ကြိုးစားနေသည့် အမူအရာကို မြင်သောအခါ ထိုက်ရွှီဆရာသခင်၏ မျက်လုံးများတွင် အနည်းငယ်မျှသော အပြုံးတစ်ခု ပေါ်လာချေသည်။ ထို့နောက် သူက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး စကားမဆိုတော့ဘဲ နောက်တောင်ခြေရှိ တိတ်ဆိတ်သော အခန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
........
နယူးယောက်မြို့၊ မန်ဟက်တန်။ မူလက သက်တောင့်သက်သာရှိပြီး သပ်ရပ်လှပသော စားသောက်ဆိုင်တစ်ဆိုင်မှာ ယခုအခါ မကြုံစဖူး တင်းမာမှုများနှင့် ကြောက်ရွံ့မှုများဖြင့် လွှမ်းခြုံထားခြင်း ခံလိုက်ရသည်။
စားသောက်ဆိုင်ကို ရဲကားများဖြင့် ဝိုင်းရံထားပြီး သူတို့၏ တောက်ပသော မီးများမှာ အဆက်မပြတ် လင်းလက်နေကာ အဝါရောင်တားမြစ်ကြိုးများက စပ်စုချင်သူ လူအုပ်ကြီးကို ဝေးရာသို့ ဆွဲထုတ်ထားခဲ့သည်။
စားသောက်ဆိုင်အတွင်း၌ ဖောက်သည်များနှင့် ဝန်ထမ်းများအားလုံးမှာ လက်များကို ခေါင်းပေါ်တင်ကာ ကြမ်းပြင်ပေါ်တွင် ဝပ်နေကြရပြီး သို့မဟုတ် ထိုင်ခုံများပေါ်တွင် ထိုင်နေကြရကာ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင် ရှိနေကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေချေသည်။
သူတို့ဟာ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ရဖူးချေ။ အလွန်အန္တရာယ်များသော နိုင်ငံတကာ ရာဇဝတ်ကောင်တစ်ဦးကို ဖမ်းဆီးနေရသည့်အလား ဖြစ်နေခဲ့သည်။
ရှူလီသည် လူအုပ်ကြားတွင် ဝပ်နေရင်း သူ၏နှလုံးသားမှာ ဒိတ်ဒိတ်ခုန်နေပြီး သူ၏လက်ဝါးများမှာ အေးစက်နေ၏။
သူမ၌ ပြင်းထန်သော၊ ဆိုးရွားသော နိမိတ်တစ်ခု ရနေလေသည်။
ဤလူများမှာ သူမ၏ချစ်သူ ကယ်ဗင်ကို ရှာဖွေနေခြင်း ဖြစ်နိုင်ချေ အများဆုံးပင်။
ထိုအချိန်မှာပင် လူအများ သတိမပြုမိသော အနက်ရောင် ဆီဒင်ကားတစ်စီး လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းလာပြီး ရုတ်တရက် ရပ်တန့်သွား၏။
ဝတ်စုံဝတ်ထားသော လူအချို့မှာ အေးစက်သော အမူအရာများဖြင့် ကားပေါ်မှ အလျင်အမြန် ဆင်းလာကြပြီး ခေါင်းဆောင်ဖြစ်သူမှာ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများရှိလေသည်။
သူတို့က ပတ်ဝန်းကျင်ရှိ ရဲတပ်ဖွဲ့ဝင်များကို လျစ်လျူရှုကာ သူတို့၏ သက်သေခံလက်မှတ်များကို ပြသပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားလိုက်ကြသည်။
စီအိုင်အေ ခေါင်းဆောင်၏ စူးရှသောအကြည့်မှာ အခန်းတစ်ခုလုံးကို ဖြတ်ကျော်သွားပြီး သူ၏အသံမှာ မည်သည့် ခံစားချက်မျှ မပါဝင်ချေ။ “ပစ်မှတ်က ဘယ်နေရာမှာ ပျောက်သွားတာလဲ...”
နေရာတွင် တာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက စားသောက်ဆိုင်အတွင်းရှိ ပြတင်းပေါက်ဘေးမှ ထိုင်ခုံနေရာကို ချက်ချင်း လက်ညှိုးထိုးပြလိုက်၏။ “အဲဒီနေရာပါပဲ ဆရာ...”
အေးဂျင့် စမစ်၏ မျက်လုံးများက လွတ်နေသော ထိုင်ခုံပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
သူက နာရီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်အောက်ငယ်သားကို လေးနက်သော အသံဖြင့် မေးလိုက်၏။ “သူ ပျောက်သွားတာ ဘယ်လောက် ကြာပြီလဲ...”
“၁၁ မိနစ် ရှိပါပြီ ဆရာ” လက်အောက်ငယ်သားက အမြန် ပြန်ဖြေလေသည်။
အေးဂျင့် စမစ်၏ မျက်လုံးများတွင် အရောင်တစ်ခု လျှပ်တစ်ပြက် လက်သွားခဲ့သည်။
သူတို့ လက်ရှိရရှိထားသော သဲလွန်စများအရ အခြားကမ္ဘာတွင် အချိန်စီးဆင်းမှုမှာ ကမ္ဘာမြေနှင့် မတူညီချေ။ အကြမ်းဖျင်းအားဖြင့် အဲဒီမှာ တစ်ရက်ဆိုတာ ဒီမှာ နှစ်မိနစ် ဖြစ်၏။
ဤအချိုးအစားအရ ကယ်ဗင်မိုင်လာဟုခေါ်သော ကောင်လေးမှာ မကြာမီ ပြန်ရောက်လာချေလိမ့်မည်။
နာရီလက်တံက ၁၂ မိနစ်သို့ ရောက်ရှိချိန်တွင်။
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကယ်ဗင် ပျောက်ကွယ်သွားခဲ့သည့် ထိုင်ခုံနေရာတွင် နူးညံ့သော်လည်း ငြင်းပယ်၍မရနိုင်သော အဖြူရောင် အလင်းတန်းတစ်ခုမှာ သတိပေးခြင်းမရှိဘဲ ရုတ်တရက် တောက်ပလာ၏။
“အို... ဘုရားသခင်”
“ဘာဖြစ်တာလဲ...”
ဤ သဘာဝလွန်မြင်ကွင်းက ဝိုင်းရံထားသော ရဲတပ်ဖွဲ့ဝင်များကို မှင်တက်သွားစေသည်။ သူတို့ထဲမှ လူအများစုမှာ အလိုလိုပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိကြပြီး အချို့ဆိုလျှင် အံ့အားသင့်စွာဖြင့် အော်ဟစ်မိကြလေသည်။
အဖြူရောင် အလင်းတန်းမှာ လျင်မြန်စွာ ကွယ်ပျောက်သွားပြီး ကယ်ဗင်မိုင်လာ၏ ပုံရိပ်မှာ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။ သူက အချိန်ခရီးသွားလာမှုကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပြီး သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု အရိပ်အယောင်များ ကျန်ရှိနေသေးချေသည်။
သို့သော် ကယ်ဗင်၏အပြုံးမှာ အနီးပတ်ဝန်းကျင်ရှိ သေနတ်ပြောင်းဝများစွာနှင့် အံ့အားသင့်ကာ စိုးရိမ်နေကြသော အကြည့်အများအပြားကို မြင်လိုက်ရချိန်တွင် ချက်ချင်း အေးခဲသွားပြီး လုံးဝ ပျောက်ကွယ်သွားရသည်။
သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး စကားလုံးနှစ်လုံးသာ ကျန်ရစ်တော့၏။
‘ပြီးပြီ.....’
အေးဂျင့်စမစ်က အပြင်ထွက်ကာ လမ်းလျှောက်ပြီး ပြန်ရောက်လာသည့် ကယ်ဗင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် သေချာမှု အရိပ်အယောင်များ တောက်ပနေခဲ့သည်။
စီအိုင်အေသည် နေရာတစ်ခုကို ရရှိရန် အလွန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဤကဲ့သို့ သာမန်ဆန်ကာ ထူးခြားမှုမရှိသော ပရိုဂရမ်မာတစ်ယောက်ကသာ ကံကောင်းသွားခဲ့ရလေသည်။
သူက သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး ပုံသေကားကျ အပြုံးတစ်ခုကို ဆင်မြန်းကာ ရှေ့သို့ တိုးလာလိုက်သည်။ “မစ္စတာ ကယ်ဗင်မိုင်လာ... မင်္ဂလာပါ။ ကျွန်တော်တို့က စီအိုင်အေကပါ။ ခုနလေးက မစ္စတာကြုံတွေ့ခဲ့ရတဲ့ ထူးခြားတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့ပေးဖို့ လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ...”
ကယ်ဗင်မှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး နောက်သို့ ဆုတ်လိုက်ကာ သူ၏အသံမှာ တုန်ယင်လျက် အော်ဟစ်လိုက်၏။ “မဟုတ်ဘူး... ကျွန်တော် ဘာပြစ်မှုမှ မလုပ်ခဲ့ဘူး... ကျွန်တော် ဘယ်မှ မလိုက်ဘူး”
အေးဂျင့်စမစ်၏ အပြုံးမှာ မပြောင်းလဲသေးသော်လည်း သူ၏လေသံမှာ ငြင်းဆန်၍မရနိုင်သော အာဏာပိုင် လေသံ ပါဝင်နေခဲ့သည်။ “မစ္စတာမိုင်လာ... ကျွန်တော်တို့ကို အခက်အခဲ ဖြစ်အောင်မလုပ်ပါနဲ့... ”
ကယ်ဗင်၏ နှလုံးသားမှာ ဒိတ်ဒိတ်ခုန်နေချေသည်။ သူတို့က သူ့ကို ခေါ်သွားလျှင် ဖြစ်လာမည့် ရလဒ်များမှာ စိတ်ကူးယဉ်၍မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းမည်ဖြစ်ပြီး သူ တစ်သက်လုံး ပြန်မလွတ်လာနိုင်တော့မည်ကို သူ သိထားပေသည်။
ထိုအချိန်တွင် သူဟာ ကျန်းယဲ့က သူ ထွက်ခွာခါနီးတွင် မှာကြားခဲ့သည့် စကားများကို ရုတ်တရက် သတိရသွား၏။
“စောင့်ဦး... ” ကယ်ဗင်က အလောတကြီး ပြောလိုက်သည်။ “ကျွန်တော် လိုက်ခဲ့ပါ့မယ်... ဒါပေမဲ့ ဖုန်းတစ်ခါလောက် ဆက်ပါရစေ။ ဖုန်းတစ်ခါ ဆက်ပြီးရင် ကျွန်တော် လိုက်ခဲ့ပါ့မယ်..”
အေးဂျင့်စမစ်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
‘ဖုန်းဆက်ခွင့် ပေးရမလား..’
အရာအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် အခြေအနေမျိုးတွင် ဖုန်းတစ်ခေါက် ဆက်လိုက်ရုံဖြင့် ဘာတွေ များ ပြောင်းလဲသွားနိုင်ပးမည်နည်း...
ရှေ့နေရှာတာ သို့မဟုတ် မိသားစုကို အကူအညီတောင်းတာမျိုးထက် ပိုမဖြစ်နိုင်ချေ။ ပြဿနာ မရှိနိုင်ပေ။
သူက ခေါင်းညိတ်ကာ သဘောတူလိုက်သည့်အလား ဟန်ဆောင်ပြီး ပြောလိုက်လေသည်။ “ကောင်းပြီ။ စတင်လိုက်ပါ...”
ကယ်ဗင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် တုန်ယင်နေသော လက်များဖြင့် သူ၏ဖုန်းကို အလျင်အမြန် ထုတ်လိုက်ပြီး အရှေ့ဘက်မှ သိမ်းဆည်းထားသော နံပါတ်ကို ရှာကာ ခေါ်ဆိုခလုတ်ကို နှိပ်လိုက်လေသည်။
သူသည် ယခုအခါ ဖုန်း၏တစ်ဖက်စွန်းမှ ဒါရိုက်တာကျန်းအပေါ်တွင်သာ သူ၏ မျှော်လင့်ချက် အားလုံးကို ပုံအပ်ထားလိုက်၏။
ဖုန်းမှာ နှစ်ခါသာ မြည်လိုက်ပြီးနောက် အလျင်အမြန်ပင် အဖြေပေးလာခဲ့သည်။
“ဒါရိုက်တာကျန်း... ကျွန်တော်ပါ..ကယ်ဗင်ပါ” ကယ်ဗင်က ရင်းနှီးသော အသံကို ကြားလိုက်ရချိန်တွင် အလောတကြီး အော်ဟစ်လိုက်၏။ “စီအိုင်အေ... စီအိုင်အေတွေ ရောက်နေပြီ... သူတို့က စားသောက်ဆိုင်ကို ဝိုင်းထားပြီး ကျွန်တော့်ကို ခေါ်သွားတော့မလို့... ဒါရိုက်တာကျန်း... ကျွန်တော့်ကို ကယ်ပါဦး...”
ဘေးတွင် ရပ်နေသော အေးဂျင့်စမစ်ဟာ ကယ်ဗင်က ဒါရိုက်တာကျန်းဟု ပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောအခါ သူ၏ မျက်ခုံးများမှာ ချက်ချင်း မြင့်တက်သွားပြီး အလွန် အံ့အားသင့်သည့် အမူအရာနှင့် ဖုံးကွယ်၍မရနိုင်သော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများထဲတွင် ပေါ်လာရသည်။
တစ်ဖက်လူမှာ သူတို့၏ တပ်ဖွဲ့များအားလုံး ခေါင်းစားစေခဲ့သော်လည်း မည်သို့မျှ ချဉ်းကပ်၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အဓိကပုဂ္ဂိုလ် ကျန်းယဲ့ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ဖုန်း၏တစ်ဖက်စွန်းတွင်ရှိသော ကျန်းယဲ့မှာ သူ၏ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်နေလေသည်။
သူက အမေရိကန်၏ စရိုက်နှင့် ထောက်လှမ်းရေး စွမ်းဆောင်ရည်များကို ကြည့်လျှင် ဤပုံမှန်မဟုတ်သော အခြေအနေများကို သတိပြုမိပြီး အရေးယူလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း သူတို့၏ တုံ့ပြန်မှုမှာ ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ကျန်းယဲ့သည် ဤလူများကို မဆင်မခြင် ပြုမူခွင့် ပေးမည်မဟုတ်ချေ။ သူတို့သာ သူ၏ ဖောက်သည်များကို ကြောက်ရွံ့သွားစေလျှင် သို့မဟုတ် ပိုဆိုးလျှင် ဤကမ္ဘာတွင် သူ၏ ဂုဏ်သတင်းကို တည်ဆောက်ရန် ရေရှည်စီမံကိန်းကို ဖျက်ဆီးပစ်လျှင် ဘယ်လိုလုပ်မလဲ။ ၎င်းမှာ မဖြစ်သင့်ပေ။
သူသည် ကယ်ဗင်၏ အသံထဲတွင် ရှိနေသော အလွန်အမင်း ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကို ကြားလိုက်ရပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ကယ်ဗင်... ဖုန်းကို အဲဒီမှာ တာဝန်ရှိသူကို ပေးလိုက်....”
အခန်း ၂၉၂ပြီး၏။