အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃) ဒါရိုက်တာကျန်းထံ တိုင်တန်းခြင်း
"ရပြီ... ရပြီ ဒါရိုက်တာကျန်း..." ကယ်ဗင်က အသက်ကယ်ကြိုးတစ်ချောင်းကို ဆွဲကိုင်ထားသကဲ့သို့ ဖုန်းကိုကိုင်ကာ အေးဂျင့်စမစ်ထံ အမြန်ကမ်းပေးလိုက်သည်။ "ဒါရိုက်တာကျန်းက ခင်ဗျားနဲ့ စကားပြောချင်လို့တဲ့...."
အေးဂျင့်စမစ်က သူ၏ စိတ်လှုပ်ရှားမှုနှင့် ရှင်းပြမရသော အနည်းငယ် စိုးရိမ်ထိတ်လန့်မှုတို့ကို ဖိနှိပ်ထားကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖုန်းကို လှမ်းယူလိုက်၏။
သူတို့သည် ထိုဒါရိုက်တာကျန်းဆိုသူနှင့် အဆက်အသွယ်ရရန် နည်းလမ်းပေါင်းစုံနှင့် လမ်းကြောင်းပေါင်းစုံကို အသုံးပြုခဲ့သော်လည်း ကျရှုံးခဲ့ရသည်ကို သိထားရမည်ဖြစ်သည်။ သူတို့၏ ပထမဆုံး စကားပြောဆိုမှုက ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖြစ်လာလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ကြချေ။
သူက သူ၏လေသံကို ချက်ချင်း ပြင်ဆင်လိုက်ပြီး မိုက်ခရိုဖုန်းထဲသို့ ပြောလိုက်သည်။ "မင်္ဂလာပါ မစ္စတာကျန်း... ကျွန်တော်က ဝီလ်စမစ်ပါ...."
ရှင်းလင်းပြတ်သားပြီး ပီသသော တရုတ်စကားသံက ဖုန်းထဲမှတစ်ဆင့် ထွက်ပေါ်လာခဲ့၏။
ကျွမ်းကျင်ပိုင်နိုင်လှသော တရုတ်စကားသံကို ကြားလိုက်ရသဖြင့် ကျန်းယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်လေသည်။ တရုတ်စကားပြောနိုင်ခြင်းက အကောင်းဆုံးပင်။
"မိတ်ဆွေ... ခင်ဗျားနဲ့ ခင်ဗျားနောက်ကွယ်က အဖွဲ့အစည်းကို အဲ့ဒီလို မိုက်မဲတဲ့လုပ်ရပ်မျိုး မလုပ်ဖို့ ကျွန်တော် အကြံပေးချင်တယ်...."
ဝီလ်စမစ်က တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။ "မစ္စတာကျန်း... ခင်ဗျား အထင်လွဲနေပါပြီ။ ကျွန်တော်တို့က မစ္စတာမိုင်လာကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားချင်ရုံ သက်သက်ပါ။ သူ့ကို ဘာမှလုပ်မှာ မဟုတ်ပါဘူး..."
"အဲ့ဒါဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ တကယ်လို့ သူတစ်ခုခုဖြစ်သွားခဲ့ရင် ခင်ဗျားရော... ခင်ဗျားတို့ နိုင်ငံက လူတွေအားလုံးပါ ပါဝင်ခွင့် အရည်အချင်း ပြည့်မီတော့မှာ မဟုတ်ဘူး။ သေချာတာပေါ့လေ... ခင်ဗျားတို့အနေနဲ့ တခြားသူတွေကို လာဘ်ထိုးဖို့ ကြိုးစားလို့ ရပါသေးတယ်... ဒါပေမဲ့ ခင်ဗျားတို့ အောင်မြင်နိုင်မလား ဆိုတာကိုတော့ စမ်းကြည့်လိုက်လို့ ရပါတယ်..."
ထိုစကားတစ်ခွန်းက ဝီလ်စမစ်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။
အရင်တစ်ခေါက်က သူတို့ လိမ်လည်လှည့်ဖြားရန် ကြိုးစားခဲ့သော်လည်း ရက်စက်သော သတိပေးချက်တစ်ခုသာ ရရှိခဲ့ပြီး ပြဿနာ၏ မြစ်ဖျားခံရာကို ယခုအချိန်အထိ ရှာဖွေနိုင်ခြင်း မရှိသေးသည်ကို သူ မနေနိုင်ဘဲ ပြန်တွေးမိလိုက်၏။
ဝီလ်စမစ်က ဖုန်းထဲမှတစ်ဆင့် အာမခံလိုက်လေသည်။ "မစ္စတာကျန်း... စိတ်ချပါ။ ကျွန်တော်တို့က အခြေအနေကို နားလည်ဖို့အတွက် ခင်မင်ရင်းနှီးစွာ စစ်ဆေးမေးမြန်းမှု တချို့ကိုပဲ လုံးဝ လုပ်ဆောင်မှာပါ။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ဂုဏ်သိက္ခာနဲ့ အာမခံပါတယ်။ မစ္စတာ ကယ်ဗင်မိုင်လာအပေါ် ပုံမှန်စစ်ဆေးမေးမြန်းမှုထက် ကျော်လွန်တဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး.. သူ့ကို ထိခိုက်နစ်နာအောင် လုပ်ဖို့ဆိုတာကတော့ ဝေလာဝေးပေါ့..."
ဖုန်း၏ တစ်ဖက်စွန်းရှိ ကျန်းယဲ့က သူ၏ အာမခံချက်အပေါ် သဘောတူခြင်း ရှိမရှိ မသေချာသည့်ဟန်ဖြင့် "ဖုန်းကို ကယ်ဗင်ဆီ ပြန်ပေးလိုက်ပါ" ဟုသာ တိုတုတ်စွာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့..." အေးဂျင့်စမစ်က စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ကယ်ဗင်ထံသို့ ဖုန်းကို အမြန်ပြန်ပေးလိုက်၏။
ကယ်ဗင်က ဖုန်းကို ယူလိုက်သည်။ "ဒါရိုက်တာကျန်း..."
"ကယ်ဗင်..." ကျန်းယဲ့၏ အသံက ပုံမှန် ညင်သာသည့် လေသံသို့ ပြန်ပြောင်းသွားခဲ့သည်။ "စိတ်ချလက်ချနဲ့ သူတို့နဲ့ လိုက်သွားလိုက်ပါ။ မင်း ဖြေချင်တာကိုပဲ ဖြေလိုက်... မင်း မဖြေချင်တဲ့ဟာတွေ ဒါမှမဟုတ် မင်းကို သက်တောင့်သက်သာ မဖြစ်စေတဲ့ မေးခွန်းတွေကိုတော့ ငြင်းလိုက်ရုံပဲ.... မကြောက်နဲ့။"
ဤစကားကို ကြားလိုက်ရသဖြင့် ကယ်ဗင်က အမူအရာ အနည်းငယ် ပျက်ယွင်းနေသော ဝီလ်စမစ်အား အလိုအလျောက် မော့ကြည့်လိုက်ပြီး မသေချာစွာဖြင့် မေးလိုက်၏။ "တကယ်လား။ တကယ်ပဲ အဲ့လိုလုပ်လို့ ရလို့လား... သူတို့က စီအိုင်အေတွေလေ။"
ကျန်းယဲ့၏ လေသံက အလွန်သေချာနေလေသည်။ "သေချာတာပေါ့... မင်းက ငါ့ခရီးသွားအေဂျင်စီရဲ့ ဖောက်သည်တစ်ယောက်ဖြစ်ပြီး အခြေခံ အခွင့်အရေးတွေကို ခံစားခွင့်ရှိတယ်။ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက တစ်ပါးသူရဲ့ သနားညှာတာမှုကို ခံယူနေရတာမျိုး မဟုတ်ဘူး..."
ကယ်ဗင်က တစ်ခုခုကို တွေးမိသွားပုံရပြီး ဘေးပတ်လည်တွင် ရပ်ကာ သူတို့ကို စူးစိုက်ကြည့်နေကြသည့် စီအိုင်အေအေးဂျင့်များနှင့် ရဲအရာရှိများကို လုံးဝ ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်းနှင့် အသံကျယ်ကျယ်ဖြင့် ထပ်မံမေးလိုက်လေသည်။
"ဒါရိုက်တာကျန်း... တကယ်လို့ သူတို့က ကျွန်တော့်ကို ဝန်ခံအောင် အကြမ်းဖက်နည်းတွေ သုံးရင်ရော... ဥပမာ... လျှပ်စစ်ရှော့တိုက်တာတို့ ဘာတို့ပေါ့။ သူတို့က ကျွန်တော့်ဖုန်းကို သေချာပေါက် သိမ်းထားမှာပဲ... အဲ့ဒီကျရင် ကျွန်တော်က ခင်ဗျားဆီကနေ အကူအညီတောင်းလို့ ရတော့မှာ မဟုတ်ဘူးလေ"
ဝီလ်စမစ် - "........"
ထိုစကားများကို ကြားလိုက်ရသည့် ထိုနေရာရှိ စုံထောက်များနှင့် ရဲအရာရှိများအားလုံး - "........"
အေးဂျင့်စမစ်မှာ သူ၏ ဦးရေပြား ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရပြီး သူ၏ နဖူးပေါ်ရှိ သွေးကြောများမှာလည်း တဒိတ်ဒိတ်တုန်နေခဲ့သည်။
ဒီကောင်လေးက တမင်သက်သက် လုပ်နေတာလားဟ...
ဒီလောက်များပြားလှတဲ့ လူတွေရှေ့မှာ ဒီလောက် အပြစ်ကင်းပြီး ရိုးအတဲ့လေသံမျိုးနဲ့ ဒီလို နာကျင်စရာကောင်းတဲ့ မေးခွန်းမျိုးကို မေးရက်တယ်ပေါ့လေ။
သူက ကယ်ဗင်၏ ပါးစပ်ကို အခုချက်ချင်း သွားပိတ်ပစ်လိုက်ချင်စိတ်များပင် ပေါက်လာခဲ့၏။
ဖုန်း၏ တစ်ဖက်စွန်းရှိ ကျန်းယဲ့က တိုးတိတ်စွာ ရယ်မောလိုက်ပုံရပြီး သူ၏လေသံမှာ ထူးဆန်းစွာပင် တည်ငြိမ်နေဆဲဖြစ်သည်။ "တကယ်လို့ သူတို့သာ မင်းအပေါ် လက်ပါရဲခဲ့ရင်..."
သူက ခေတ္တရပ်လိုက်ပြီး သူပြောလိုက်သည့် စကားလုံးတိုင်းက ကယ်ဗင်နှင့် သေချာနားထောင်နေသည့် အေးဂျင့်စမစ်တို့ထံသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားခဲ့သည်။
"သူတို့ဘာသာသူတို့ပဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြတော့လို့ ပြောလိုက်ပါ...."
ကယ်ဗင်၏ တရုတ်စကားမှာ အတော်လေးကောင်းမွန်ရာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြဆိုသည့် အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်သော်လည်း သူ နားလည်မှု လွဲမှားနေမည်ကို စိုးရိမ်သဖြင့် မနေနိုင်ဘဲ ထပ်မံအတည်ပြုလိုက်၏။ "ဒါရိုက်တာကျန်း... ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြဆိုတာက ခင်ဗျား သူတို့ကို ပညာပေးမယ်လို့ ဆိုလိုတာလား..."
"အင်း... အဲ့ဒီအဓိပ္ပာယ်ပါပဲ.."
ကျန်းယဲ့ထံမှ ထိုမျှ ရှင်းလင်းပြတ်သားသော အာမခံချက်ကို ရရှိလိုက်ပြီးနောက် တစ်ချိန်လုံး လေထဲတန်းလန်းဖြစ်နေခဲ့သည့် ကယ်ဗင်၏ နှလုံးသားမှာ နောက်ဆုံးတွင်တော့ တည်ငြိမ်သွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ချေသည်။
ကျန်းယဲ့၏ စွမ်းရည်များကို သူ သိထားပေသည်။ ထိုအရာများက သာမန်လူများ နားလည်နိုင်စွမ်းထက် သေချာပေါက် ကျော်လွန်နေသည်။
"ကျွန်တော် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း...." ကယ်ဗင်၏ အသံက ချက်ချင်းပင် ကျယ်လောင်လာခဲ့၏။
သူက ဖုန်းကို အိတ်ကပ်ထဲသို့ လွယ်ကူစွာ ထည့်လိုက်ပြီး မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲနေသည့် ဝီလ်စမစ်ကို ကြည့်ကာ တိုက်တွန်းလိုက်သည်။ "ကဲ... မစ္စတာစမစ်... သွားကြရအောင်လေ။ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ..."
အဆောင်လက်ဖွဲ့တစ်ခုကို ရရှိသွားသကဲ့သို့ စိတ်နေသဘောထား ၁၈၀ ဒီဂရီ လုံးဝပြောင်းလဲသွားသည့် သူ့ရှေ့မှ လူငယ်လေးကိုကြည့်ကာ ဝီလ်စမစ်မှာ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ခံစားချက်မျိုးစုံ ရောထွေးနေခဲ့ချေသည်။
သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပရော်ဖက်ရှင်နယ်အပြုံးတစ်ခုကို အတင်းဖန်တီးကာ သူ၏ လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်၏။ "မစ္စတာမိုင်လာကို ကားထဲ ခေါ်သွားလိုက်ကြ... ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ"
ယဉ်ယဉ်ကျေးကျေးဆိုသည့် စကားလုံးကို သူ အထူးတလည် ဖိပြောလိုက်ခြင်းပင်။
ဒီနေ့၏ စစ်ဆေးမေးမြန်းမှုက သူ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်လျှောက်တွင် အကြီးမားဆုံးသော စိတ်ပျက်ဖွယ် အချိန်ကာလတစ်ခု ဖြစ်လာဖို့ ကံကြမ္မာ ဖန်တီးထားပြီး ဖြစ်ပေသည်။
ကယ်ဗင်မှာ စီအိုင်အေအေးဂျင့်များ၏ ကားထဲသို့ ခေါ်ဆောင်ခြင်းခံလိုက်ရပြီး ဟောင်းနွမ်းနေသော အဆောက်အအုံတစ်ခုဆီသို့ တိတ်ဆိတ်စွာ မောင်းနှင်သွားကြသည်။
အဆင့်ဆင့်သော လုံခြုံရေး စစ်ဆေးမှုများကို ဖြတ်သန်းပြီးနောက်တွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးသာရှိသော အလုံပိတ် စစ်ကြောရေးအခန်းတစ်ခုထဲသို့ သူ့ကို ခေါ်ဆောင်သွားကြ၏။
ထို့နောက် စစ်ဆေးမေးမြန်းမှုများ စတင်လိုက်ကြသည်။
တာဝန်ခံဖြစ်သူက တစ်ဖက်မှန်၏ အနောက်ဘက်ရှိ မိုက်ခရိုဖုန်းမှတစ်ဆင့် ညွှန်ကြားချက်များ ပေးနေပြီး အခန်းထဲရှိ အေးဂျင့်များက ကယ်ဗင်အား စစ်ဆေးမေးမြန်းနေခဲ့ကြသည်။
မေးခွန်းများက ပြီးခဲ့သည့် ခြောက်ရက်တာကာလအတွင်းက အတွေ့အကြုံများကိုသာ အဓိက အာရုံစိုက်ထားခြင်း ဖြစ်၏။
"မစ္စတာမိုင်လာ... ပြီးခဲ့တဲ့ ခြောက်ရက်တာကာလအတွင်း ခင်ဗျားရဲ့ ခရီးစဉ်နဲ့ ခင်ဗျား မြင်တွေ့ကြားသိခဲ့ရတာတွေကို အသေးစိတ် ရှင်းပြပေးပါ..."
ကယ်ဗင်က အမှန်အတိုင်း အချက်အလက်များကို ဖြေကြားလိုက်၏။ "ကျွန်တော် ဘီစီ ၂၁၇ ခုနှစ် ချင်မင်းဆက်ကို သွားခဲ့ပြီး နှစ်ရက် နေခဲ့တယ်။ ပြီးတော့ အေဒီ ၇၈၉ ခုနှစ် ထန်မင်းဆက်က အန်းရှီးအစောင့်ရှောက်နယ်မြေကို သွားပြီး နှစ်ရက် နေခဲ့တယ်။ နောက်ဆုံးတော့ အေဒီ ၁၆၃၀ ခုနှစ်၊ မင်မင်းဆက် ချုံကျန်းဧကရာဇ် နန်းသက် သုံးနှစ်မြောက်ကို သွားပြီး နှစ်ရက် နေခဲ့တယ်..."
အေးဂျင့်က ဆက်လက်မေးမြန်းလိုက်သည်။ "ဒီအချိန်အတွင်းမှာ ခင်ဗျား ဓာတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုတွေ ရိုက်ခဲ့သေးလား.."
"ကျွန်တော် ဓာတ်ပုံရိုက်ခဲ့တယ်လေ..." ကယ်ဗင်က ခေါင်းညိတ်ပြလိုက်သည်။ "ဖုန်းနဲ့ အများကြီး ရိုက်ထားတယ်..."
"ဒီ ဗီဒီယိုမှတ်တမ်းတွေကို ကျွန်တော်တို့ စစ်ဆေးဖို့ လိုအပ်တယ်..." အေးဂျင့်က ပြတ်သားစွာ ပြောလိုက်၏။
ကယ်ဗင်က ခေတ္တမျှ တွေဝေသွားသော်လည်း သူ၏ဖုန်းကို လွှဲပြောင်းပေးလိုက်လေသည်။
နည်းပညာရှင်တစ်ဦးက ဖုန်းကို ယူလိုက်ပြီး ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်လိုက်ရာ သူ၏ မျက်လုံးသူငယ်အိမ်များက ရုတ်တရက် ကျုံ့ဝင်သွားပြီးနောက် ပြန်လည်ကျယ်လာခဲ့ပြန်သည်။
သူက မှန်နောက်ကွယ်ရှိ လူကို မျက်စိမှိတ်ပြလိုက်၏။
အခြားအေးဂျင့်တစ်ယောက်က အမိန့်ကို လက်ခံရရှိသွားပြီး သူ၏ဖုန်းကို ယူကာ ချက်ချင်း ထွက်သွားလေတော့သည်။
"ဟေး... ခင်ဗျားတို့ ဘာလုပ်နေတာလဲ..." ကယ်ဗင်မှာ ထိတ်လန့်သွားပြီး ဖုန်းကို အတင်းလုယူရန် ကြိုးစားလိုက်သည်။ "အဲ့ဒါ ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းလေ... ငါ့ကို ပြန်ပေးစမ်း"
အေးဂျင့်က သူ့အား အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်၏။ "ကျွန်တော်တို့ ခွဲခြမ်းစိတ်ဖြာဖို့အတွက် ဒေတာတွေကို ထုတ်ယူဖို့ လိုအပ်ရုံသက်သက်ပါ။ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ပါ မစ္စတာမိုင်လာ...."
"ဟင့်အင်း... ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာပဲ။ ငါ သဘောမတူဘူး။ ငါ့ဖုန်းကို ပြန်ပေး..." ကယ်ဗင်က ဒေါသတကြီး ကန့်ကွက်လိုက်ရာ သူ၏အသံက မြင့်တက်သွားခဲ့သည်။
သူက အရာအားလုံးကို ပြသကာ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ဤလူများက သူ၏ဖုန်းကိုပါ ယူဆောင်သွားရန် အမှန်တကယ် ကြိုးစားနေကြခြင်း ဖြစ်၏။
၎င်းက လုံးဝ လက်ခံနိုင်စရာ မရှိချေ။ ဖုန်းထဲတွင် လျှို့ဝှက်ချက်များစွာ ရှိနေသေးသည် မဟုတ်ပါလော။
အခန်း ၂၉၃ပြီး၏။