အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း (၂၉၅) ကမ္ဘာမြေကို တုန်လှုပ်စေသော ဖြစ်ရပ်
သူက လုပ်ဖော်ကိုင်ဖက်များကို တစ်ချက်ကြည့်လိုက်ပြီး အသံကိုမြှင့်ကာ ပြောလိုက်၏။ "ငါတို့ မဟာဗျူဟာကို ပြောင်းလဲရမယ်။ ဒီသတင်းကို တစ်နိုင်ငံလုံးက ပြည်သူတွေဆီ အခုချက်ချင်း အသိပေးရမယ်။ နိုင်ငံသားအားလုံး ပါဝင်လာဖို့ ငါတို့ တိုက်တွန်းရမယ်။ တစ်နိုင်ငံလုံးရဲ့ အင်အားကို စုစည်းနိုင်မှသာ အနာဂတ်မှာ ပေါ်လာမယ့် အချိန်နဲ့ ဟင်းလင်းပြင် အရင်းအမြစ်ခွဲဝေမှုတွေမှာ နေရာတစ်နေရာ ရနိုင်ဖို့ ဖြစ်နိုင်လိမ့်မယ်..."
ထိုစကားများကြောင့် မတ်ခ်မှာ မျက်မှောင် အကြီးအကျယ် ကြုတ်သွားပြီး သူ၏ ပြင်းထန်သော ကန့်ကွက်မှုကို ချက်ချင်း ထုတ်ဖော်ပြောဆိုလိုက်လေသည်။ "လူသိရှင်ကြား ကြေညာမယ်ဟုတ်လား။ စမစ်... မင်း ရူးနေပြီလား။ အဲ့ဒီလို တုံးအပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ဥပဒေမဲ့တဲ့ အရပ်သားတွေကို ခေတ်ထက်စောနေတဲ့ ဒီလိုစွမ်းအားနဲ့ အသိပညာတွေကို ရယူခွင့် ပေးလိုက်မယ်ပေါ့လေ..."
"သူတို့က ဒီအရာကို အသုံးချပြီး ဖက်ဒရယ်အစိုးရကို ဆန့်ကျင်ဖို့နဲ့ ကသောင်းကနင်း ဖြစ်အောင် လုပ်ကြလိမ့်မယ်။ အဲ့ဒါက လုံးဝကို ကပ်ဘေးကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ ငါတို့နိုင်ငံထဲက အဆုံးသတ်မရှိတဲ့ အစွန်းရောက်အဖွဲ့တွေနဲ့ မင်းမဲ့ဝါဒီတွေကို မင်း မေ့သွားပြီလား..."
မတ်ခ်၏ စိုးရိမ်ပူပန်မှုများက လုံးဝ အခြေအမြစ်မရှိသည်တော့ မဟုတ်ချေ။ သူတို့နိုင်ငံ၏ လူမှုရေးဖွဲ့စည်းပုံနှင့် ပြည်သူများ၏ စရိုက်လက္ခဏာများထဲရှိ အချို့သော ဖုံးကွယ်နေသည့် အန္တရာယ်များကို သူတို့အားလုံး ကောင်းစွာ သိရှိထားကြသည် မဟုတ်ပါလော။
ဤစကားကို ကြားလိုက်ရသဖြင့် ဝီလ်စမစ်က တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ပြန်လည်ချေပလိုက်၏။ "တုံးအတယ် ဟုတ်လား။ အမြင်ကျဉ်းနေတာက မင်းပါ မတ်ခ်။ တကယ်လို့ ဒါကိုသာ လျှို့ဝှက်ထားဖို့ လိုအပ်တယ်ဆိုရင် ကျန်းယဲ့က လူသိရှင်ကြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ နေရာတွေကို ပေါ်ပေါ်ထင်ထင် ရောင်းချနေတာကို တရုတ်အစိုးရက ခွင့်ပြုထားမယ်လို့ မင်း ထင်နေသလား။ သူတို့က သတင်းကို ဖုံးဖိဖို့တောင် မကြိုးစားခဲ့ဘူးလေ။ ဘာကြောင့်လဲ ဆိုတာကိုရော မင်း စဉ်းစားဖူးရဲ့လား..."
သူ၏လေသံက ပို၍ စူးရှလာခဲ့သည်။ "ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို ဖုံးကွယ်ဖို့ဆိုတာ ရိုးရိုးလေးနဲ့ကို မဖြစ်နိုင်လို့ပဲ။ တကယ်လို့ ဒီကိစ္စကို ဖိနှိပ်ဖို့ ဖြစ်နိုင်တယ်ဆိုရင် တရုတ်နိုင်ငံက မင်းထက်တောင် ပိုပြီး ဖိနှိပ်ချင်နေမှာပဲ။ ဒါပေမဲ့ ဘာလို့ ဒီသတင်းကို မဖိနှိပ်ခဲ့တာလဲ။ မဖြစ်နိုင်လို့လေ.... ပြီးတော့ မြစ်ဖျားခံရာက ကျန်းယဲ့ဆီမှာ ရှိနေလို့ပဲ"
"အစောနဲ့နှောင်းပိုင်းဆိုသလို ဆက်စပ်နေတဲ့ ဗီဒီယိုတွေနဲ့ ဆွေးနွေးမှုတွေက အင်တာနက်ရဲ့ ထောင့်စေ့တိုင်းကို ပျံ့နှံ့သွားလိမ့်မယ်။ အမှန်တရား ပေါ်ထွက်လာဖို့ ဆိုတာက အချိန်ကာလတစ်ခုပဲ လိုတော့တာ..."
"အခု ငါတို့ လုပ်ဖို့ လိုအပ်တာက မိုက်မဲစွာနဲ့ သတင်းအချက်အလက်တွေကို ပိတ်ဆို့ဖို့ ကြိုးစားနေရမှာ မဟုတ်ဘူး။ အဲ့ဒါက ငါတို့ကို မျက်ကန်း နားကန်း ဖြစ်စေပြီး ခေတ်ရေစီးကြောင်းထဲကနေ ဖယ်ကြဉ်ခံရစေလိမ့်မယ်။ အဲ့ဒီအစား ငါတို့က ဦးဆောင်ရမယ်... ပြည်သူလူထုရဲ့ အမြင်ကို လမ်းညွှန်ပေးရမယ်... ပြီးတော့ အင်အားစုတွေကို ဖွဲ့စည်းရမယ်..."
"တကယ်လို့ ငါတို့လူတွေက တစ်ရက်လောက် နောက်ကျပြီးမှ ပါဝင်လာခဲ့ရင်တောင် အနာဂတ်မှာ ငါတို့က ဆယ်နှစ် ဒါမှမဟုတ် အနှစ်တစ်ရာလောက် နောက်ကောက်ကျန်ရစ်နေခဲ့နိုင်တယ်။ အဲ့ဒီ တာဝန်ကို မင်း ယူရဲသလား...."
"မင်း..." မတ်ခ်မှာ စမစ်၏ သနားညှာတာမှု ကင်းမဲ့လှသော စွပ်စွဲချက်ကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်အထိ ဒေါသထွက်သွားခဲ့သော်လည်း သူ၏စကားကို ချေပရန် ပိုမိုခိုင်လုံသော အကြောင်းပြချက်ကို ရှာမတွေ့နိုင်ခဲ့ချေ။
တစ်ချိန်လုံး တိတ်ဆိတ်စွာ နားထောင်နေခဲ့သော ကတ်သရင်းက နောက်ဆုံးတွင်တော့ စကားစပြောလာခဲ့လေသည်။
သူမက နားထင်ကို ပွတ်သပ်လိုက်ပြီး ငြင်းဆန်၍မရသော ပြတ်သားမှုပါဝင်သည့် လေသံဖြင့် "ထပ်ပြီး ငြင်းခုံနေစရာ မလိုတော့ဘူး။ စမစ်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ပိုပြီး အမြင်ကျယ်တယ်။ ဒီကိစ္စကို နောက်ကျမှ ဖြေရှင်းတာထက် စောစော ဖြေရှင်းတာက ပိုကောင်းလိမ့်မယ်။ ဖုံးကွယ်တာနဲ့ အချိန်ဆွဲတာက ငါတို့ကို အားနည်းသွားစေရုံပဲ ရှိလိမ့်မယ်။ အခု အခြေအနေနဲ့ ကျွန်မရဲ့ အကြံပြုချက်တွေကို အမြင့်ဆုံး အဆင့်တွေဆီကို ချက်ချင်း သတင်းပို့လိုက်မယ်..." ဟု ပြောလိုက်၏။
သုံးနာရီ အကြာတွင်တော့...
ဖက်ဒရယ်အစိုးရ၏ တရားဝင် ချန်နယ်ပေါင်းများစွာနှင့် ၎င်းနှင့် နီးကပ်စွာ ဆက်စပ်နေသော အဓိက ပင်မမီဒီယာများမှတစ်ဆင့် လွန်စွာ အဓိပ္ပာယ်မဲ့သကဲ့သို့ ထင်ရသော်လည်း မယုံနိုင်လောက်အောင် တရားဝင်ဆန်သည့် သတင်းတစ်ပုဒ်က အမေရိကန်ပြည်ထောင်စု တစ်ဝန်းသာမက ကမ္ဘာတစ်ဝန်းလုံးကိုပါ တိုက်ခတ်သွားခဲ့သည်။
သတင်းဆောင်းပါးမှာ အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်းဖြစ်၏။
[ မကြာသေးမီက အွန်လိုင်းပေါ်တွင် ဖြစ်ပွားနေသော အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားခြင်းဆိုသည့် ဖြစ်ရပ်များသည် လုပ်ကြံဖန်တီးထားခြင်း သို့မဟုတ် လိမ်လည်မှုများ မဟုတ်ဘဲ လက်ရှိ နည်းပညာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အစစ်အမှန် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြားက အတည်ပြုထားပါသည်။ တရုတ်နိုင်ငံရှိ ရီယဲ့ခရီးသွားအေဂျင်စီဟုခေါ်သော အဖွဲ့အစည်းတစ်ခုသည် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားရန် ကန့်သတ်နေရာများကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိသည်။ ဖက်ဒရယ်အစိုးရအနေဖြင့် စိတ်ပါဝင်စားသူများအား ဝင်ရောက်ဝယ်ယူကြရန် တိုက်တွန်းအပ်ပါသည်။ မည်သို့ ပါဝင်ရမည်ဆိုသည့် အသေးစိတ် အချက်အလက်များအတွက် အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်... ]
ဤသတင်းက ကမ္ဘာလုံးဆိုင်ရာ လူထုအမြင်နယ်ပယ်ထဲသို့ နျူကလီးယားဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး ဆိုရှယ်မီဒီယာနှင့် သတင်းပလက်ဖောင်းအားလုံးကို ချက်ချင်း မီးဟုန်းဟုန်း တောက်သွားစေခဲ့သည်။
ကမ္ဘာတစ်ဝန်းလုံး မှင်တက်သွားကြရချေပြီ။
အထူးသဖြင့် အမေရိကန်ပြည်သူများမှာ အစပိုင်းတွင် တွေဝေသွားခဲ့ကြသော်လည်း ထို့နောက်တွင်တော့ ကြီးမားလှသော ထိတ်လန့်မှုနှင့်အတူ ရူးသွပ်မတတ် စပ်စုချင်စိတ်များ ပေါ်ပေါက်လာကြသည်။
အစိုးရက အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားခြင်း တည်ရှိကြောင်းကို တရားဝင် အသိအမှတ်ပြုလိုက်တယ် ဟုတ်လား။
သူတို့ကို သွားပြီး လုယူဖို့တောင် ပြောနေတာလား။
ဒါက သူတို့ကို တိုရင်ထဲ အမြန်ဝင်ပြီး ရီယဲ့ခရီးသွားအေဂျင်စီဆိုတဲ့ အကောင့်ကို သွားရောက် Follow လုပ်ဖို့ ဗြောင်ကျကျ ပြောနေတာပဲ မဟုတ်ပါလော။
နောက်တစ်ခေါက် အဖွဲ့လိုက်ခရီးစဉ်မှာ နေရာတစ်ခု သွားလုလိုက်ကြလေ။
အမေရိကန် ဖက်ဒရယ်အစိုးရ၏ မြေလှုပ်မတတ် တရားဝင် အသိအမှတ်ပြုခြင်းက ကမ္ဘာတစ်ဝန်းရှိ ထောက်လှမ်းရေးအေဂျင်စီများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများအား ကမောက်ကမဖြစ်မှုနှင့် ရှုပ်ထွေးမှုများထဲသို့ တွန်းပို့လိုက်ချေသည်။
ဗြိတိသျှအင်ပါယာ....
အရေးပေါ် အစည်းအဝေးခန်းမအတွင်း၌ စစ်ဦးစီးချုပ်က တက်ဘလက်တစ်ခုကို ကိုင်ထားပြီး သူ၏မျက်နှာတွင် မယုံနိုင်မှုများ ပြည့်နှက်နေ၏။ "အမေရိကန်တွေ ရူးသွားကြပြီလား။ သူတို့က ဒါကို ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် ထုတ်ပြန်ရဲတယ်ပေါ့လေ..."
အကြီးတန်း အကြံပေးတစ်ဦးက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ "ဒါက ပါးနပ်တဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်နိုင်တယ်။ တရုတ်က တရားဝင် ထုတ်ပြန်ချက် မထုတ်ထားပေမယ့် သူတို့ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေမှာ ပျံ့နှံ့ဖို့ ခွင့်ပြုထားတာက တိတ်တဆိတ် သဘောတူညီထားတာနဲ့ အတူတူပဲ။ အမေရိကန်တွေက သူတို့ ဒါကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတာကို သေချာသိနေလို့ ဦးဆောင်ဖို့ လုပ်လိုက်တာပဲ။ ဝန်ကြီးချုပ်မင်း... ကျွန်တော်တို့လည်း ချက်ချင်းလိုက်လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ နောက်ကျကျန်ရစ်နေလို့ မဖြစ်ဘူး... ကျွန်တော်တို့ ပြည်သူတွေကိုလည်း အသိပေးရမယ်။"
မကြာမီမှာပင် ဗြိတိသျှအစိုးရက အလားတူ ထုတ်ပြန်ချက်တစ်ခုကို ပိုမို သိမ်မွေ့ပြီး ဗြိတိသျှဆန်သော လေသံဖြင့် ထုတ်ပြန်ခဲ့သော်လည်း အဓိက သတင်းစကားကတော့ အတူတူပင်။ ၎င်းမှာ အမှန်တကယ်ဖြစ်ပြီး ပြည်သူများကိုယ်တိုင် ဆုံးဖြတ်သင့်သော်လည်း ဘုရင်မကြီးအပေါ် သစ္စာစောင့်သိရန် မမေ့ကြနှင့် ဟူ၍ပင်။
ရုရှား...
ထောက်လှမ်းရေးအကြီးအကဲက အရေးပေါ် အစီရင်ခံစာတစ်ခုကို စားပွဲပေါ် တင်လိုက်သည်။ "သမ္မတကြီး... အမေရိကန်နဲ့ ဗြိတိန်တို့က လူသိရှင်ကြား ကြေညာလိုက်ကြပါပြီ။ ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာသူတွေက တရုတ်ဘက်က နှုတ်ဆိတ်နေမှုနဲ့ သူတို့ရဲ့ ပြည်တွင်းအင်တာနက်ပေါ်က တက်ကြွတဲ့ ဆွေးနွေးမှုတွေက ဒါရဲ့ မှန်ကန်မှုကို သက်သေပြနေသလောက်ပဲလို့ ယုံကြည်နေကြတယ်။ ပြီးတော့ အမေရိကန်တွေရဲ့ အပြုအမူက ရမ်းကားပေမယ့် ဒါက သူတို့ကို ဒီလောက်အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ချဖို့ လုံလောက်တဲ့.... ကျွန်တော်တို့ မသိသေးတဲ့ အကဲဖြတ်မှုတစ်ခုခုက သူတို့ဆီမှာ ရှိနေတယ်ဆိုတာကို အတိအကျ ပြသနေတာပဲ။"
သမ္မတဖြစ်သူက စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခေါက်လိုက်ပြီး လှောင်ပြောင်လိုက်၏။ "အမေရိကန်တွေက အမြဲတမ်း ကမ္ဘာ့ဦးဆောင်ကြီး လုပ်ချင်နေကြတာ... အရာရာတိုင်းမှာ အမြဲတမ်း ပထမ ဖြစ်ချင်နေကြတာ။ သူတို့တောင် ခုန်ဝင်လာပြီဆိုမှတော့ ငါတို့လည်း နောက်ကောက်ကျန်ရစ်လို့ မဖြစ်ဘူးလေ။ ငါတို့ရုရှားက မသိသေးတဲ့အရာတွေကို ရှာဖွေဖော်ထုတ်တဲ့ နေရာမှာ ဘယ်တော့မှ နောက်ကျနေမှာ မဟုတ်ဘူးလို့ ငါတို့နိုင်ငံသားတွေဆီ အခုချက်ချင်း သတင်းထုတ်ပြန်လိုက်။ သူတို့ကို သွားလုခိုင်းလိုက်စမ်း။ အဲ့ဒီ လင့်ခ်ကို အထင်ရှားဆုံး နေရာမှာ ထားပေးလိုက်..."
ထို့ကြောင့် ရုရှားထံမှ တရားဝင် ထုတ်ပြန်ချက်က တိုက်ခိုက်ရေးသမား တစ်ဦး၏ ဖြောင့်မတ်မှု၊ ရဲရင့်မှု လက္ခဏာများနှင့်အတူ အနာဂတ်နှင့် သက်ဆိုင်သော ဤအခွင့်အရေးကို အရယူကြရန် ပြည်သူများအား တိုက်ရိုက်ပင် တိုက်တွန်းလိုက်လေသည်။
ပြင်သစ်...
သမ္မတဖြစ်သူက နိုင်ငံကြီးအချို့၏ ထုတ်ပြန်ချက်များကို တစ်ချက်ကြည့်လိုက်ပြီး ပခုံးတွန့်လိုက်၏။ "ဘုရားရေ... ဒီ အမေရိကန်တွေနဲ့ ရုရှားတွေက အမြဲတမ်း ဒီလိုပဲ စိတ်လိုက်မာန်ပါ လုပ်တတ်ကြတယ်။ ဒါပေမဲ့... သူတို့အားလုံး လုပ်ပြီးကြပြီဆိုမှတော့ ငါတို့ ပြင်သစ်တွေကလည်း ဒီယဉ်ကျေးမှု ပွဲတော်ကြီးမှာ မပါဘဲ နေလို့မဖြစ်ဘူးလေ။ ထုတ်ပြန်လိုက်... ဒါပေမဲ့ ယဉ်ကျေးမှု ကွာဟချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သူတို့ကို သတိပေးဖို့တော့ မမေ့နဲ့...."
ပြင်သစ်သမ္မတထံမှ ထုတ်ပြန်ချက်ကလည်း အနောက်မှ ကပ်လျက် ထွက်ပေါ်လာခဲ့လေသည်။
တည်ရှိမှု သိပ်မထင်ရှားလှသော နိုင်ငံငယ်လေးများကလည်း အလားတူ လိုက်လံလုပ်ဆောင်လာကြ၏။
နိုင်ငံငယ်လေးများမှ အစိုးရအရာရှိများမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံများအားလုံး ယှဉ်ပြိုင်မှုထဲ ဝင်ရောက်လာကြသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
"သူတို့အားလုံး လိုက်လုပ်နေကြတာလား။ ဒါဆို ဒါက အမှန်ပဲ ဖြစ်ရမယ်။ မြန်မြန်... ငါတို့လည်း ပါဝင်သင့်တယ်။ ဘာလို့လဲလို့ လာမမေးနဲ့... သူတို့လုပ်တာကိုသာ လိုက်လုပ်လိုက်။ လူတွေကို မြန်မြန်သွားလုဖို့ တိုက်တွန်းလိုက်။ နောက်ကောက်ကျ မကျန်ရစ်စေနဲ့...."
ရလဒ်အနေဖြင့် ကမ္ဘာပေါ်ရှိ အစိုးရတိုင်းနီးပါးက အလားတူ လိုက်လံလုပ်ဆောင်လာကြပြီး ဆင်တူသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ကာ ဤကမ္ဘာလုံးဆိုင်ရာ ရူးသွပ်မှုကြီးထဲသို့ ဝင်ရောက်လာကြတော့သည်။
တစ်ညတွင်းချင်းမှာပင် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားခြင်းက မြို့ပြဒဏ္ဍာရီများနှင့် အွန်လိုင်း ကောလာဟလတစ်ခုအဖြစ်မှ ကမ္ဘာတစ်ဝန်းရှိ အစိုးရများက တစ်စိတ်တစ်ပိုင်း တရားဝင် အသိအမှတ်ပြုထားသည့် အမှန်တရားတစ်ခု ဖြစ်လာခဲ့ချေပြီ။
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကြီးမှာ ဆူညံပွက်လောရိုက်သွားပြီး ရေတွက်၍မရနိုင်သော လူများစွာမှာ တရုတ်နိုင်ငံတွင် သီးသန့်ရှိနေသော ဗီဒီယိုတို ပလက်ဖောင်းများဆီသို့ စုရုံးရောက်ရှိလာခဲ့ကြသည်။
ရီယဲ့ခရီးသွားအေဂျင်စီ၏ တိုုရင်အကောင့်တွင်လည်း Follower အရေအတွက်မှာ အဆမတန် မြင့်တက်လာခဲ့တော့သည်။
အခန်း ၂၉၅ပြီး၏။