အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) နေရာမပြောင်းပါ
လင်းရှောင်က ချက်ချင်းပင် လက်ကိုမြှောက်လိုက်ပြီး သူ၏မျက်နှာမှာ လေးနက်သွား၏။ "ဟေး ဟေး ဟေး... လုံးဝ မဟုတ်ရပါဘူးဗျာ။ ကျွန်တော်တို့ ကျိန်ရဲပါတယ်... ဒါက တိုက်ဆိုင်မှု သက်သက်ပါပဲ။"
ကျန်းယဲ့က ပြုံးလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ မေးလိုက်သည်။ "အွန်လိုင်းပေါ်မှာ ဘာကိစ္စကြီးတွေ ထပ်ဖြစ်နေပြန်ပြီလဲ...."
ချန်ချင်းက ပြောလာ၏။ "အမေရိကန်ကနေ စတာလေ။ သူတို့က ညတွင်းချင်းပဲ တရားဝင် သတင်းထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်တယ်... အချိန်နဲ့ ဟင်းလင်းပြင်ခရီးသွားခြင်း တည်ရှိတာကို လက်တွေ့ လက်ခံလိုက်တဲ့ သဘောပါပဲ...ပြီးတော့ သူတို့ရဲ့ နိုင်ငံသားတွေကို လက်မှတ်တွေ အလုအယက် ဝယ်ဖို့တောင် တိုက်တွန်းထားသေးတယ်...."
ဤစကားကို ကြားလိုက်ရသဖြင့် ကျန်းယဲ့၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး သူက "မဆိုးဘူးပဲ" ဟု ဗြုန်းစားကြီး ရေရွတ်လိုက်၏။
ဒါက အံ့မခန်းပဲ။
အမေရိကန်ရဲ့ ဒီချက်ချင်းလက်ငင်းလုပ်ရပ်က သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ထင်ရှားမှုကို ချက်ချင်း မြင့်တက်သွားစေခဲ့ပြီလေ။
ငါ့ရဲ့ နာမည်ကျော်ကြားမှုက သေချာပေါက် ဒုံးပျံလို ထိုးတက်သွားမှာပဲ... ပြီးတော့ တတိယအဆင့် ကမ္ဘာကို ဖွင့်ဖို့ဆိုတာကလည်း လက်တစ်ကမ်းမှာပဲ ရှိနေတော့တာ။
လင်းရှောင်က ဆက်ပြောလာရာ သူ၏လေသံတွင် ရှုပ်ထွေးမှုများ ရောယှက်နေ၏။ "အမေရိကန်က လှုပ်ရှားလိုက်တာနဲ့ တခြား နိုင်ငံကြီးတွေကလည်း ငြိမ်မနေနိုင်ကြတော့ဘူး။ ဗြိတိသျှအင်ပါယာ၊ ရုရှား၊ ပြင်သစ်... နိုင်ငံတော်တော်များများက လိုက်လုပ်လာကြပြီး အလားတူ ကြေညာချက်တွေ ထုတ်လာကြတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံသားတွေကို အလုအယက် ဝယ်ယူဖို့ တိုက်တွန်းနေကြပြီ..."
ကျန်းယဲ့၏ ဝမ်းသာမှုမှာ ပို၍ပင် သိသာထင်ရှားလာခဲ့ပြီး ခေါင်းကို တဆက်ဆက် ညိတ်လိုက်လေသည်။ "သတင်းကောင်းပဲ... ဒါက တကယ့်ကို သတင်းကောင်းပဲ...."
ကျော်ကြားမှု အမှတ်တွေ...
အဲ့ဒါတွေ အားလုံးက ကျော်ကြားမှု အမှတ်တွေပဲလေ။
ချန်ချင်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူ၏လေသံမှာ ပို၍ သတိထားဟန် ပေါက်လာကာ အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်၏။ "ရှောင်ယဲ့... လက်မှတ်လုရမယ့် လင့်ခ်က ငါတို့ရဲ့ တရုတ်ပြည်တွင်းသုံး တိုရင်ပေါ်မှာပဲ ဆက်ရှိနေမှာလားဆိုတာကို ငါတို့ သိချင်တယ်။ နိုင်ငံတကာသုံး tiktokဆီကို ပြောင်းရွှေ့သွားနိုင်ခြေများ ရှိနေမလား...."
(NT -တိုရင်ဆိုတာက ပြည်တွင်းသုံးဖို့ ထုတ်ထားတဲ့ tiktok ပါပဲဗျ....)
ဤစကားကို ကြားလိုက်ရသဖြင့် ကျန်းယဲ့မှာ အံ့အားသင့်သွားခဲ့သော်လည်း တစ်ဖက်လူက အမှန်တကယ် ဘာကိုမေးချင်သနည်းဆိုတာကို ချက်ချင်း သဘောပေါက်သွားရသည်။
ဒါက ရိုးရှင်းတဲ့ နည်းပညာပလက်ဖောင်း ပြဿနာတစ်ခု လုံးဝ မဟုတ်ချေ။ ၎င်းက ကြီးမားလှသော နိုင်ငံတကာ ဩဇာလွှမ်းမိုးမှု၊ ဦးဆောင်နိုင်မှုနှင့် အလားအလာရှိသော မဟာဗျူဟာမြောက် အားသာချက်များ ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။
ဤကိစ္စနှင့် ပတ်သက်၍ သူက စနစ်ကို မေးမြန်းထားပြီး ဖြစ်သည်။
စနစ်၏ တုံ့ပြန်မှုက အလွန် ရှင်းလင်းပြတ်သား၏။
[ ရီယဲ့ခရီးသွားအေဂျင်စီ၏ တရားဝင်အကောင့်နှင့် လက်မှတ်လုရမည့် ဝင်ပေါက်တည်ရှိရာ ပလက်ဖောင်းကို ပြောင်းလဲနိုင်သည့် အခွင့်အရေး သုံးကြိမ်အား လက်ခံသူထံ ပေးအပ်ထားပါသည်။ သုံးကြိမ် ပြောင်းလဲပြီးနောက်တွင် ပလက်ဖောင်းမှာ အပြီးတိုင် လော့ခ်ကျသွားမည် ဖြစ်သည်။ လက်ရှိ ကျန်ရှိနေသော ပြောင်းလဲနိုင်သည့် အကြိမ်အရေအတွက် - ၃ ကြိမ် ]
ကျန်းယဲ့က ၎င်းကို တစ်ကြိမ်တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။
ပထမအချက်မှာ သူက မလိုအပ်ဟု ခံစားရသောကြောင့်ပင်။
ဒုတိယအချက်မှာတော့ သူကိုယ်တိုင်က နောက်ထပ် အားထုတ်မှုများ ပြုလုပ်ရန် ပျင်းရိနေသောကြောင့်ဖြစ်၏။
တရုတ်ပြည်တွင်းသုံး တိုရင်ပေါ်တွင် ၎င်းက အလွန်အလုပ်ဖြစ်နေပြီး အသုံးပြုရ လွယ်ကူနေသည်လေ။
နိုင်ငံခြားသားတွေက လုချင်နေရင်ရော ဘယ်လိုလုပ်မလဲ။
ရှင်း၏......တကယ်လို့ လုချင်တယ်ဆိုရင် တရုတ်ပြည်တွင်းသုံး တိုရင်အက်ကို ဘယ်လို ဒေါင်းလုဒ်ဆွဲရမလဲ ဆိုတာကို ကိုယ့်ဘာသာကိုယ် ရှာဖွေကြပေါ့ဟ။
+86 မိုဘိုင်းဖုန်းနံပါတ်လိုအပ်တာတွေ၊ အမည်မှန် အတည်ပြုချက်တွေ လိုအပ်တာတွေ အစရှိတဲ့ မှတ်ပုံတင်ရမယ့် သတ်မှတ်ချက်တွေကရော...
အဲ့ဒါက ကျန်းယဲ့နဲ့ ဘာဆိုင်မည်နည်း....
ဒါက အက်ပလက်ဖောင်းရဲ့ စည်းမျဉ်းလေ။ ပြဿနာရှိရင် တိုရင်ဆီ သွားပြောကြပေါ့။
သူက သူ့ရှေ့ရှိ စိုးရိမ်ထိတ်လန့်နေကြသော လူနှစ်ယောက်ကို ကြည့်ကာ ပြုံး၍ စိတ်အေးစေရန် ပြောလိုက်၏။ "စိတ်မပူပါနဲ့။ လောလောဆယ်တော့ ကျွန်တော် ပြောင်းရွှေ့ဖို့ အစီအစဉ် မရှိသေးပါဘူး။ ကျွန်တော်က တရုတ်လူမျိုးလေ... ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပစ္စည်းကောင်းတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင်အက်ပေါ်မှာ မရောင်းဘဲ သူများနယ်မြေဆီ ဘာကိစ္စ သွားရမှာလဲ။ စိတ်ချပါ..."
ဤစကားကို ကြားလိုက်ရသဖြင့် လင်ရှောင်နှင့် ချန်ချင်းတို့မှာ သက်ပြင်းချလိုက်နိုင်ကြပြီး သူတို့၏ မျက်နှာထက်တွင် စိတ်သက်သာရာရသွားသည့် အပြုံးများ ပေါ်လာကာ ခေါင်းကို တဆက်ဆက် ညိတ်လိုက်ကြလေသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဒါက အဓိပ္ပာယ်ရှိတယ်။"
ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သူတို့၏ ပခုံးပေါ်မှ နောက်ဆုံးတွင်တော့ ကျဆင်းသွားခဲ့ချေပြီ။
ချန်ချင်းက ဆက်လက်၍ မေးလိုက်၏။ "ရှောင်ယဲ့... ငါတို့ သွားရမယ့် နောက်ထပ် ခရီးစဥ်ကမ္ဘာနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခုများ ရှိနေပြီလား...."
ကျန်းယဲ့က "လောလောဆယ်တော့ ဘာသတင်းမှ..." ဟု ဖြေရန် ပြင်လိုက်ချိန်မှာပင်...
ရင်းနှီးနေသော အေးစက်စက် စက်ယန္တရား အသံတစ်ခုက သူ၏ စိတ်ထဲ၌ အချိန်ကိုက် ထွက်ပေါ်လာခဲ့လေသည်။
[ ဒင်... ခရီးသွားလမ်းပြ တာဝန်အသစ် ကျရောက်လာပါပြီ - ကျေးဇူးပြု၍ ခရီးသွား ၃၀ကို ဘီတာခေတ် ၅၇၈၈ မှ ဘီလူးကြီးများ၏ ဝိုင်းရံမှုသို့ နေ့တစ်ပိုင်းခရီးစဉ်အဖြစ် လမ်းပြပို့ဆောင်ပေးပါ။ ဈေးနှုန်း - တစ်ဦးလျှင် ယွမ် ၁၀,၀၀၀။ ရယူနိုင်မည့် နည်းလမ်း - အွန်လိုင်းမှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းခြင်း (ရီယဲ့ခရီးသွားအေဂျင်စီ တိုရင်အကောင့်)။ ရယူနိုင်မည့် အချိန် - မိနစ် ၃၀။ တနင်္ဂနွေနေ့ ၁၂:၀၀ နာရီတွင် ကြိုတင်စာရင်းပေးသွင်းရန် ဖွင့်လှစ်ပါမည်။ ]
[ တာဝန် ပြီးမြောက်မှု ဆုလာဘ် - သက်တမ်း ၃၀ ရက် + ယွမ် ၃၀၀,၀၀၀ ]
ကျန်းယဲ့က ထွက်ကျလာတော့မည့် "လောလောဆယ်တော့ ဘာသတင်းမှ မရှိသေးဘူး" ဆိုသည့် စကားကို ပြန်မြိုချလိုက်ပြီး စကားကို ပြောင်းပြောလိုက်၏။ "အင်း... ခင်ဗျားတို့နှစ်ယောက် ဒီနေ့ တကယ့်ကို ကံကောင်းတာပဲ.. တကယ့်ကို မယုံနိုင်စရာ တိုက်ဆိုင်မှုပဲဗျာ..."
ကျန်းယဲ့က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။ "နောက်ထပ် သွားရမယ့် အခြားကမ္ဘာက နေရာက ဘီလူးကြီးများရဲ့ ဝိုင်းရံမှုတဲ့... ကျွန်တော် အခုလေးတင်ပဲ အသိပေးချက် ရလိုက်တယ်..."
"ဘီလူးကြီးများရဲ့ ဝိုင်းရံမှုဟုတ်လား..." လင်ရှောင်နှင့် ချန်ချင်းတို့မှာ နာမည်ကို ကြားလိုက်ရသဖြင့် အလိုအလျောက်ပင် မျက်ခုံးပင့်လိုက်မိကြသည်။
ထိုနာမည်ကိုယ်တိုင်က ဖိနှိပ်မှုများပြားပြီး အန္တရာယ်များလှသည့်ဟန် ပေါက်နေသည်လေ။
ချန်ချင်းက အသေးစိတ် သိရှိရန် ချက်ချင်း တောင်းဆိုလိုက်၏။ "ဒီ ဘီလူးကြီးများရဲ့ ဝိုင်းရံမှုအခြေအနေက အတိအကျ ဘယ်လိုမျိုးလဲ.... ဘယ်လောက်တောင် အန္တရာယ်များသလဲ"
ကျန်းယဲ့၏ အကြည့်များက သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်သော ဤကမ္ဘာသစ်၏ အခြေခံ အချက်အလက်များကို တိုတုတ်စွာ ဖော်ပြထားသည့် ပုံရိပ်ယောင်မျက်နှာပြင်ပေါ်သို့ အမြန်ရောက်ရှိသွားခဲ့သည်။
သူက သတင်းအချက်အလက်များကို အမြန်လုပ်ဆောင်ကာ သူ၏ အတွေးများကို စုစည်းပြီး ပြောလိုက်၏။ "အင်း... အခြေအနေက ငါတို့ ကြည့်ဖူးတဲ့ ဖုတ်ကောင် ဇာတ်ကားတွေနဲ့ နည်းနည်း ဆင်တူတယ်... ဒါပေမဲ့ လုံးဝတော့ အတူတူ မဟုတ်ဘူး။ အဓိကကတော့ လူသားတွေရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေကြောင့်ပဲ... ထိန်းချုပ်လို့မရတဲ့ ဇီဝနည်းပညာတစ်ခုခု ဒါမှမဟုတ် အဲ့လိုမျိုး တစ်ခုခုကို ဖန်တီးလိုက်မိရာကနေ နောက်ဆုံးမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်သွားတဲ့ အကျိုးဆက်ကို ခံစားလိုက်ရတာပဲ..."
သူက အခြေအနေကို တိုတုတ်စွာ ရှင်းပြပြီးနောက် နိဂုံးချုပ်လိုက်၏။ "အတိုချုပ် ပြောရရင်တော့ လူသားတွေက အရာရာကို ရှုပ်ထွေးအောင် လုပ်လိုက်မိတဲ့ နောက်ထပ် အန္တရာယ်များတဲ့ ကမ္ဘာပျက်ကပ်တစ်ခုပဲ။ အန္တရာယ်အဆင့်က သေချာပေါက် မနိမ့်ပေမယ့် ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာထဲမှာတော့ ရှိနေတုန်းပါပဲ..."
ဤစကားကို ကြားပြီးနောက် လင်ရှောင်နှင့် ချန်ချင်းတို့၏ အမူအရာများက ပို၍ လေးနက်သွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် 'ငါ ထင်သားပဲ' ဆိုသည့် အမူအရာမျိုးကိုလည်း ပြသနေခဲ့ကြသည်။
ရှုခင်းနေရာများကို ရွေးချယ်ရာတွင် ကျန်းယဲ့၏ အကြိုက်ကို သူတို့ ကျင့်သားရနေခဲ့ကြပြီ မဟုတ်ပါလော။
"နားလည်ပါပြီ..." လင်ရှောင်က ခေါင်းညိတ်လိုက်၏။ "သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ အစီရင်ခံပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်လိုက်ပါ့မယ်..."
သူတို့အနေဖြင့် အရေးကြီးဆုံးသော သတင်းအချက်အလက်များကို ရရှိသွားပြီဖြစ်ရာ ထိုနှစ်ယောက်မှာ ဆက်လက် နေထိုင်ခြင်း မပြုတော့ဘဲ နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်ကြသည်။ "ရှောင်ယဲ့... မင်းရဲ့ အနားယူချိန်ကို ငါတို့ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး..."
"အိုကေ... ဂရုစိုက်ကြဦး။ ပစ္စည်းတွေ မေ့မကျန်ခဲ့စေနဲ့နော်...." ကျန်းယဲ့က ကြီးမားလှသော ခရီးဆောင်သေတ္တာ နှစ်လုံးကို လက်ညှိုးထိုးပြလိုက်၏။
လင်ရှောင်နှင့် ချန်ချင်းတို့က ခရီးဆောင်သေတ္တာ တစ်လုံးစီကို တွန်းကာ ကျန်းယဲ့အား ထပ်မံ ကျေးဇူးတင်စကား ဆိုပြီးနောက် သူ၏အိမ်မှ ထွက်ခွာသွားကြလေသည်။
တံခါး ပိတ်သွားပြီးနောက် ကျန်းယဲ့က ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ပြီး သူ၏ အကြည့်များက စနစ်မျက်နှာပြင်ပေါ်ရှိ ဘီတာခေတ် ၅၇၈၈ - ဝိုင်းရံမှု၏ အကျဉ်းချုပ် မိတ်ဆက်ပေါ်သို့ ပြန်လည်ရောက်ရှိသွားကာ မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။ "ဘီလူးကြီးတွေက မြို့ကို ဝိုင်းရံထားတယ် ဟုတ်လား။ နေ့တစ်ပိုင်းခရီးစဉ်တဲ့။ အင်မော်တယ်ရာချီမြို့တော်တုန်းကလောက် သွေးထွက်သံယို မများဖို့နဲ့ စိတ်မလှုပ်ရှားရဖို့ မျှော်လင့်ရတာပဲ... မဟုတ်ရင် ငါ့နှလုံးလေးက အဲ့ဒါကို ခံနိုင်ရည် မရှိတော့ဘူး..."
ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုစင်တာ....
ကြီးမားလှသော အီလက်ထရောနစ် မျက်နှာပြင်ပေါ်တွင် အချိန်နှင့် ဟင်းလင်းပြင်ခရီးသွားခြင်း နှင့် ရီယဲ့ ခရီးသွားအေဂျင်စီတို့အပေါ် နောက်ဆုံးရ ကမ္ဘာလုံးဆိုင်ရာ လူထုအမြင်များက အချိန်နှင့်တစ်ပြေးညီ ပေါ်လာနေပြီး တင်းမာကာ စိုးရိမ်ဖွယ်ကောင်းသော လေထုကို ဖန်တီးနေချေသည်။
ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာသူတစ်ဦးက မတ်တပ်ရပ်ကာ အစည်းအဝေး စားပွဲရှိ သူ၏ အထက်လူကြီးများကို ဦးညွှတ်လိုက်ပြီး အရေးတကြီး အစီရင်ခံလိုက်၏။ "အကြီးအကဲ... အွန်လိုင်း အသိုက်အဝန်းအမျိုးမျိုးနဲ့ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့လူတွေက လက်ရှိမှာ အလွန်စစ်မှန်ပြီး ခက်ခဲတဲ့ ပြဿနာတစ်ခုကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကတော့ တရားဝင် တရုတ်ပြည်တွင်းသုံး တိုရင်အကောင့်တစ်ခုကို ဘယ်လို ရယူရမလဲ ဆိုတာပါပဲ..."
သူက ကွန်ဆိုးလ်ကို အလုပ်လုပ်စေကာ သက်ဆိုင်ရာ ဒေတာများကို ပင်မမျက်နှာပြင်ပေါ်သို့ ထင်ဟပ်ပြသလိုက်သည်။ "လူအများစုက နိုင်ငံတကာသုံး TikTok ကို အသုံးပြုကြပေမယ့် ရီယဲ့ ခရီးသွားအေဂျင်စီအကောင့်နဲ့ လက်မှတ်လုရမယ့် တစ်ခုတည်းသော ဝင်ပေါက်က တရုတ်ပြည်မကြီးတွင်းက တိုရင်အက်ထဲမှာပဲ ရှိနေတာပါ..."
"တရုတ်ပြည်တွင်းသုံးအက်ကို ဒေါင်းလုဒ်ဆွဲဖို့က မခက်ခဲပါဘူး... အခြားသော အက်စတိုးတွေ ဒါမှမဟုတ် ပြင်ပလမ်းကြောင်းတွေကနေတစ်ဆင့် လုပ်လို့ရပါတယ်.."
"တကယ့် အဓိက အဟန့်အတားက လက်မှတ်လုတဲ့ နေရာမှာ ပါဝင်ဖို့ဆိုရင် အတည်ပြုချက်ရရှိပြီးသား တရုတ်တိုရင်အကောင့်တစ်ခု ရှိဖို့ လိုအပ်ပြီး အတည်ပြုချက်အတွက် မဖြစ်မနေ လိုအပ်ချက်က တရုတ်နိုင်ငံကနေ ထုတ်ပေးထားတဲ့ မိုဘိုင်းဖုန်းနံပါတ် တစ်ခုနဲ့ ချိတ်ဆက်ရမှာ ဖြစ်နေတာပါပဲ..."
ဤစကားကို ကြားလိုက်ရသဖြင့် ကွပ်ကဲမှုအခန်းထဲတွင် တိုးညှင်းသော ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့လေသည်။
ရိုးရှင်းသည်ဟု ထင်ရသော ဤနည်းပညာပိုင်းဆိုင်ရာ အဟန့်အတားက နိုင်ငံခြားသားအများစုကို ဖယ်ကြဉ်ထားသည့် မျက်စိဖြင့် မမြင်နိုင်သော ဒစ်ဂျစ်တယ် တံတိုင်းကြီး တစ်ခုနှင့် တူနေခဲ့သည်။
အခန်း ၂၉၇ပြီး၏။