အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း (၃၀၀) ပူဖောင်းဘောလုံးများ
ကျန်းယဲ့က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူ၏မျက်နှာထက်တွင် စိတ်အေးစေသော အပြုံးတစ်ခုနှင့်အတူ ကားခန်းထဲရှိ ခရီးသည်များကို စကားပြောလိုက်၏။ "မင်္ဂလာပါ ခင်ဗျာ.... အချိန်နဲ့ ဟင်းလင်းပြင်ခရီးသွား ဘတ်စ်ကားပေါ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ခင်ဗျားတို့နဲ့ ရင်းနှီးပြီးသား လမ်းပြကျန်းယဲ့ပါ။ နောက်ထပ် ဆယ့်နှစ်နာရီအတွင်းမှာ ကျွန်တော်က ခင်ဗျားတို့ကို ဘီတာခေတ် ၅၇၈၈ - ဘီလူးကြီးများရဲ့ ဝိုင်းရံမှုဆီ နေ့တစ်ပိုင်းခရီးစဉ်အဖြစ် လမ်းပြပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်.."
သူ၏ ညင်သာသော အကြည့်များက စိတ်လှုပ်ရှားမှုနှင့် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုများ ရောယှက်နေသည့် မျက်နှာတစ်ခုချင်းစီထံသို့ ဝေ့ဝဲသွားပြီးနောက် ဆက်ပြောလေသည်။ "ထုံးစံအတိုင်းပဲ... ကျွန်တော်တို့ ခရီးမထွက်ခင်မှာ အချင်းချင်း သိကျွမ်းသွားအောင်နဲ့ လမ်းခရီးမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးနိုင်အောင် အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် အတိုချုံး မိတ်ဆက်ပေးကြပါဦး။ ဒီဘက်ကနေ စလိုက်ကြရအောင်..."
သူက နေရာတစ်နေရာကို လက်ညှိုးထိုးပြလိုက်လေသည်။
ချိုင့်ဝင်နေသော မျက်လုံးများ၊ ပွင့်လင်းသော အပြုံးများနှင့် နိုင်ငံရပ်ခြား အလှတရားတို့ဖြင့် ဆွဲဆောင်မှုရှိလှသည့် လှပသော အမျိုးသမီးက ပထမဆုံး လက်မြှောက်လာပြီး ကျက်သရေရှိစွာ ပြောလိုက်၏။ "မင်္ဂလာပါ ဒါရိုက်တာကျန်း... အားလုံးပဲ မင်္ဂလာပါ။ ကျွန်မနာမည်က ဒီလီနာဇာပါ.... ရှင်းကျန်းကနေ လာတာပါ။"
သူမ၏ဘေးရှိ နှာတံစင်းစင်း၊ မျက်လုံးပြာပြာနှင့် ချောမောသော နိုင်ငံခြားသား အမျိုးသားကလည်း ချက်ချင်း ဝင်ပြောလိုက်ရာ သူ၏ တရုတ်စကားမှာ လေယူလေသိမ်းများစွာ ပါဝင်နေသော်လည်း ရှင်းလင်းပြတ်သားနေဆဲပင်။ "မင်္ဂလာပါ။ ကျွန်တော့်နာမည်က လေစီပါ... ပြင်သစ်ကနေ လာတာပါ။ အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်..."
ထိုသို့ပြောပြီးနောက် သူက တောက်ပစွာ ပြုံးပြလိုက်လေသည်။
ထို့နောက် အေးချမ်းပြီး သိမ်မွေ့ပုံရသော မိန်းကလေးတစ်ဦးက တိုးညှင်းစွာ ပြောလာ၏။ "အားလုံးပဲ မင်္ဂလာပါ... ကျွန်မနာမည်က ကျန်းလင်းရှီးပါ..."
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမဘေးရှိ ဉာဏ်များပြီး အနည်းငယ် ကောက်ကျစ်မည့်ဟန် ပေါက်နေသော အမျိုးသားတစ်ဦးက အသံကျယ်ကျယ်ဖြင့် ချက်ချင်း ဝင်ပြောလိုက်သည်။ "လီဖေးရှု... လေယာဉ်ပျံဆိုတဲ့ ဖေး နဲ့ ကြွက်ဆိုတဲ့ ရှုပါ... ကျေးဇူးပြုပြီး လမ်းညွှန်ပေးကြပါဦး..."
"ဖွီး..."
ထိုနာမည်ကို ကြားလိုက်ရသဖြင့် ကားခန်းထဲတွင် အတင်းအောင့်ထားရသော ရယ်သံများ ထွက်ပေါ်လာခဲ့ပြီး လူအချို့မှာ ခေတ္တမျှ ရပ်တန့်သွားကာ သူ့အား စူးစမ်းလိုစိတ်ဖြင့် အကဲခတ်လိုက်ကြချေသည်။
ဤသည်ကို ကြားလိုက်ရသဖြင့် လီဖေးရှု၏ အနောက်တွင် ထိုင်နေသော ချောမောသည့် လူငယ်လေး တစ်ဦးက ရယ်မောကာ နောက်ပြောင်လိုက်၏။ "အစ်ကို... ခင်ဗျားနာမည်က တော်တော်လေး ထူးခြားတာပဲ။ အားလုံးပဲ မင်္ဂလာပါ... ကျွန်တော့်နာမည်က ယန်ပေါ်ယာပါ။"
လီဖေးရှုက ယန်ပေါ်ယာကို ကြည့်ကာ ပြုံးလျက် ပြန်ပြောလိုက်သည်။ "အစ်ကို... ခင်ဗျားနာမည်ကလည်း တော်တော်လေး ထူးခြားတာပါပဲ..."
ထိုနှစ်ယောက်က အချင်းချင်း ကြည့်ကာ ရယ်မောလိုက်ကြလေသည်။
ဤအစပြုမှုနှင့်အတူ လေထုမှာ ချက်ချင်းပင် ပေါ့ပါး လန်းဆန်းသွားခဲ့ပြီး လူတိုင်းက အလှည့်ကျ မိတ်ဆက်လာကြတော့သည်။
"ဝမ်ရှင်း...." "ဝမ်ဝမ်..." "ယန်နင်ရှင်း.." "ကျန်းဟန်..."
"လီကန်း.." "ယဲ့ယွန်း..."
"ယဲ့အန်း.." "လျိုဝေ့ဖုန်း.." "ရွှီပေကျိုး.." "မာကျန့်ဟန်း.."
"ဂရန့်ဝမ်း.."
"အစ်မလွီ..." ဟု အသက်လေးဆယ်အရွယ် အရည်အချင်းရှိပုံရသော အမျိုးသမီးတစ်ဦးက ပြုံးကာ ပြောလိုက်၏။
နောက်ဆုံးလူဖြစ်သော ချောမောသည့် လူငယ်လေးက စကားပြောလာချိန်တွင်တော့ သူက ကားပေါ်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို နောက်တစ်ကြိမ် အောင်မြင်စွာ ဆွဲဆောင်သွားခဲ့ပြန်သည်။
"ကျွန်တော့်နာမည်က ရွှိုက်ဝူဟွိုင်ပါ။ ရွှိုက်က ချောမောတာကို ပြောတာ... ဝူက ပြိုင်ဘက်ကင်းတာ... ဟွိုင်က လူဆိုးဆိုတဲ့ အဓိပ္ပာယ်ပါ...."
"ဖွီး... ဟားဟားဟား..."
အစ်ကိုရေ... ခင်ဗျားနာမည်က တကယ့်ကို အမိုက်စားပဲဗျာ.....
"ဦးလေးနဲ့ အဒေါ်က နာမည်ပေး တော်လိုက်တာကွာ..."
ရင်းနှီးဖော်ရွေသော ရယ်မောသံများနှင့် ချီးကျူးသံများက ကားခန်းထဲတွင် ချက်ချင်းပင် ပြည့်နှက်သွားခဲ့ချေသည်။
ရွှိုက်ဝူဟွိုင်က သူ၏ခေါင်းကို ကုတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်လေသည်။
ဤကဲ့သို့ အလှည့်ကျ မိတ်ဆက်ပြီးနောက် ကားခန်းထဲရှိ ယခင်က မရင်းနှီးဘဲ စိမ်းသက်နေခဲ့သော လေထုမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး ပေါ့ပါးလန်းဆန်းလာခဲ့၏။ လူတိုင်းက အချင်းချင်း အခြေခံအားဖြင့် နားလည်သွားကြပြီး ကြုံတွေ့ရမည့် စွန့်စားခန်းနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှုများ လျော့ကျကာ မျှော်လင့်ချက်များ ပိုမို များပြားလာခဲ့ကြသည်။
အဖွဲ့ဝင်အားလုံး မိတ်ဆက်ပြီးသွားချိန်၌ ကျန်းယဲ့က အချိန်ဥမင်လိုဏ်ခေါင်း၏ အရှေ့ဘက်တွင် တဖြည်းဖြည်း ကြီးမားလာနေသော အဖြူရောင် အလင်းစက်လေးကို မော့ကြည့်ကာ လူတိုင်းကို သတိပေးလိုက်သည်။ "အားလုံးပဲ... သေချာ ကိုင်ထားကြပါ။ ကျွန်တော်တို့ ခရီးဆုံးကို ရောက်တော့မယ်...."
သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက်ငွေရောင်စပ် အဖြူရောင် အချိန်နှင့် ဟင်းလင်းပြင်ခရီးသွား ဘတ်စ်ကားမှာ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်ထဲသို့ ထိုးဆင်းသွားခဲ့ပြီး ကားတစ်စီးလုံးမှာ ဖြူလွတ်နေသော အလင်းရောင်များထဲတွင် ချက်ချင်း ဝါးမျိုခံလိုက်ရတော့သည်။
ကားပေါ်ရှိ လူတိုင်းက သူတို့၏ မျက်လုံးများကို အလိုအလျောက် ပိတ်လိုက်မိကြ၏။
တောက်ပသော အလင်းရောင်များ မှေးမှိန်သွားချိန်တွင်တော့ အလေးချိန်မဲ့နေသည့် ခံစားချက်နှင့် ဖြတ်သန်းသွားလာနေသည့် ဝီစီစီ အသံများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းက သူတို့၏ မျက်လုံးများကို မသိစိတ်ဖြင့် ပြန်ဖွင့်ကြည့်လိုက်ချိန်၌ အားလုံးမှာ အံ့အားသင့်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြ၏။
သူတို့က အဆိုပါ သက်တောင့်သက်သာရှိလှသော ဘတ်စ်ကားထဲတွင် ရှိမနေကြတော့ချေ။
ထိုအစား လူတစ်ဦးစီတိုင်းမှာ ညင်သာသော အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ဖောက်ထွင်းမြင်ရသော စက်လုံးကြီးများထဲတွင် သီးခြားစီ ရစ်ပတ်ဖုံးအုပ် ခံထားရလေသည်။
ထိုစက်လုံးကြီးများက ကြီးမားပြီး သန့်စင်သော ပူဖောင်းကြီးများကဲ့သို့ လေထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေခဲ့ကြ၏။
"အာ..." ဝမ်ရှင်းမှာ စက်လုံးကြီးတစ်ခုလုံးထဲတွင် သူမတစ်ယောက်တည်းသာ ရှိနေသည်ကို သတိထားမိလိုက်ချိန်၌ မသိစိတ်ဖြင့် အာမေဍိတ်သံ ထွက်သွားပြီး သူမ၏ ရင်ထဲသို့ ထိတ်လန့်မှုလှိုင်းလုံးများ ရိုက်ခတ်လာခဲ့ချေသည်။
သူမ၏ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ဆင်တူသည့် ဖောက်ထွင်းမြင်ရသော စက်လုံးကြီးများ လွင့်မျောနေဆဲဖြစ်ပြီး စက်လုံးတစ်ခုစီတိုင်းတွင် သူမနှင့် ရင်းနှီးသော ခရီးသွားအဖွဲ့ဝင်များ ထိုင်နေကြသည်ကို မြင်လိုက်ရသည့် အချိန်အထိ သူမက ထိတ်လန့်တကြား ပတ်လည် ကြည့်ရှုနေခဲ့မိ၏။
လည်ချောင်းဝအထိ ရောက်နေခဲ့သော နှလုံးသားမှာ နောက်ဆုံးတွင်တော့ အနည်းငယ် သက်သာရာရသွားခဲ့သော်လည်း စိုးရိမ်မှုနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေကာ တဒိတ်ဒိတ် ခုန်နေဆဲပင်။
လူကောင်ထွားထွား ကောင်လေးဖြစ်သူ ကျန်းဟန်မှာ ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် လက်ကိုဆန့်ထုတ်ကာ စက်လုံး၏ အတွင်းဘက် နံရံကို စမ်းသပ်သည့်ဟန်ဖြင့် ဖိကြည့်လိုက်သည်။
ထိတွေ့ရသည့် ခံစားချက်မှာ နူးညံ့ပြီး လွန်စွာ ပျော့ပျောင်းနေခဲ့၏။ သူ မည်မျှပင် အားစိုက်၍ ထိုးကြည့်စေကာမူ ဖောက်ထွင်းမြင်ရသော အကာအကွယ်မှာ လုံးဝပျက်စီးသွားခြင်းမရှိဘဲ အတွင်းဘက်သို့ အနည်းငယ်သာ ချိုင့်ဝင်သွားခဲ့သည်။
"ဝါး... ဒါက ဘယ်လို ပစ္စည်းမျိုးနဲ့ လုပ်ထားတာလဲ။ အံ့မခန်းပဲ...." သူက မနေနိုင်ဘဲ အံ့ဩတကြီး ကြွေးကြော်လိုက်မိသည်။
သူနှင့် မလှမ်းမကမ်းတွင် ဝမ်ဝမ်က စက်လုံး၏ အတွင်းဘက်နံရံသို့ သူမ၏ မျက်နှာတစ်ခုလုံးကို ကပ်ထားပြီး သူမနှင့် အနီးဆုံး စက်လုံးထဲရှိ ဝမ်ရှင်းထံသို့ လက်ဟန်ခြေဟန်ဖြင့် အော်ဟစ်ကာ ပါးစပ်လှုပ်၍ စကားပြောရန် အစွမ်းကုန် ကြိုးစားနေခဲ့၏။ "ဝမ်ရှင်း... နင် ငါပြောတာ ကြားရလား။ ငါ့ကို မြင်ရလား.."
သို့သော် အသံများမှာ လုံးဝ ပိတ်ဆို့ခံထားရပုံပေါ်ပြီး အပြင်ဘက်ရှိ လူများအနေဖြင့် သူမ၏ ပိုလွန်းသော မျက်နှာအမူအရာများနှင့် လှုပ်ရှားမှုများကိုသာ မြင်တွေ့နိုင်ကြလေသည်။
ယန်နင်ရှင်းမှာ လေထဲတွင် တွဲလောင်းဖြစ်နေသည့် မရင်းနှီးသော၊ ထူးဆန်းလှသည့် ဤဟင်းလင်းပြင်ကြီးကို ကြောင်အစွာ ပတ်လည်ကြည့်ရှုနေပြီး "ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့အားလုံးက ဘာလို့ သီးခြားစီ ခွဲထုတ်ပြီး ထုပ်ပိုးခံထားရတာလဲ။ ကားရော ဘယ်ရောက်သွားတာလဲ" ဟု မသိစိတ်ဖြင့် ရေရွတ်နေခဲ့သည်။
"ဒါရိုက်တာကျန်း... ဒါရိုက်တာကျန်း။ ခင်ဗျား ဘယ်မှာလဲ။ ဒါက ဘယ်လို အစီအစဉ်မျိုးလဲ..." လီဖေးရှု၏ အသံမှာ သိသာစွာပင် အနည်းငယ် ထိတ်လန့်နေခဲ့ချေပြီ။
သူက သူ၏ စက်လုံးထဲတွင် ဟိုလှည့်ဒီလှည့်လုပ်ကာ ကျန်းယဲ့၏ ပုံရိပ်ကို ရှာဖွေရန် ကြိုးစားနေခဲ့၏။
ဤအချိန်၌ ကျန်းယဲ့မှာ သူ၏ ကိုယ်ပိုင် တွဲလောင်းစက်လုံးထဲတွင် မျက်စိမှိတ်ကာ စိတ်ကို စုစည်းထားပြီး ဤအခြားကမ္ဘာသို့ ခရီးသွားခြင်းနှင့် ပတ်သက်သည့် စနစ်၏ ပြည့်စုံသော မိတ်ဆက်ချက်များနှင့် အရေးကြီးသော သတိပြုရန် အချက်များကို လျင်မြန်စွာ လက်ခံရယူနေခဲ့သည်။
ခေတ္တမျှ အကြာတွင် သတင်းအချက်အလက်များကို လက်ခံရယူခြင်း ပြီးဆုံးသွားခဲ့ပြီး သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ သူရောက်ရှိနေသော ဖောက်ထွင်းမြင်ရသည့် စက်လုံးကြီးကို ဂရုတစိုက် စတင် စစ်ဆေးကြည့်လိုက်၏။
စက်လုံး၏ အတွင်းဘက်မှာ လူတစ်ယောက် သက်တောင့်သက်သာ ထိုင်ရန် သို့မဟုတ် လှဲလျောင်းရန်အတွက် လုံလောက်စွာ ကျယ်ဝန်းလှသည်။
အတွင်းဘက်နံရံကို ထိတွေ့ရသည်မှာ ချောမွေ့ပြီး နွေးထွေးနေသော်လည်း ၎င်း၌ အံ့သြဖွယ်ကောင်းသော ပျော့ပျောင်းမှု ရှိနေပြီး သက်ရှိ စွမ်းအင်အမြှေးပါး တစ်ခုနှင့်ပင် တူနေသည်။
သူက စက်လုံး၏ ဘေးဘက်ကို ညင်သာစွာ ပုတ်ကြည့်လိုက်ပြီး ခိုင်မာသော တုံ့ပြန်မှုကို ခံစားလိုက်ရကာ သဘောပေါက် နားလည်သွားခဲ့လေသည်။
၎င်းက စနစ်မှ ထောက်ပံ့ပေးထားသော အကြွင်းမဲ့ ဘေးကင်းလုံခြုံရေးဇုန် နှင့် လေ့လာစောင့်ကြည့်ရေး အခန်းငယ်ပင်။
သူ မော့ကြည့်လိုက်ရာ လေထဲတွင် ကြယ်စုတန်းများကဲ့သို့ ပြန့်ကျဲနေသော ဖောက်ထွင်းမြင်ရသည့် စက်လုံး ၃၀ကို မြင်တွေ့လိုက်ရ၏။ အတွင်းရှိ ခရီးသွားများမှာ မတူညီသော မျက်နှာအမူအရာများ ရှိနေခဲ့ကြသည်။
အချို့မှာ ထိတ်လန့်နေကြပြီး အချို့မှာ စူးစမ်းလိုစိတ် ဖြစ်နေကြကာ အချို့ကတော့ အခြားစက်လုံးများနှင့် ဆက်သွယ်ရန် ကြိုးစားနေကြလေသည်။ မြင်ကွင်းမှာ ထူးဆန်းပြီး လက်တွေ့မဆန်လှချေ။
သူ၏ စိတ်ထဲရှိ စနစ်၏ လမ်းညွှန်ချက်များအရ ကျန်းယဲ့က လက်ကိုမြှောက်ကာ သူ၏ အရှေ့ရှိ လွတ်နေသော ဟင်းလင်းပြင်ကို ညင်သာစွာ ခေါက်လိုက်သည်။
နောက်ခဏ၌ လင်းလက်နေသော ရိုးရှင်းသည့် အိုင်ကွန်အချို့ ပါဝင်သည့် အပြာနုရောင် တစ်ပိုင်း ဖောက်ထွင်းမြင်ရသော ထိန်းချုပ်ရေး မျက်နှာပြင်တစ်ခုက တိတ်ဆိတ်စွာ ပေါ်လာခဲ့၏။
သူက အသံလှိုင်း ပုံစံပါရှိသော ခလုတ်တစ်ခုကို တိကျစွာ နှိပ်လိုက်ပြီးနောက် ပြောလိုက်သည်။ "အားလုံးပဲ ဂရုစိုက်ကြပါ..."
သူ၏အသံမှာ ရှင်းလင်းပြတ်သားပြီး တည်ငြိမ်နေကာ တွဲလောင်းဖြစ်နေသည့် စက်လုံးတိုင်း၏ အတွင်းဘက်သို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး လူတိုင်း၏ နားအနီးတွင် တိုက်ရိုက် စကားပြောနေသည့်အလား ဖြစ်နေခဲ့ချေသည်။
အနည်းငယ် ဂဏာမငြိမ်ဖြစ်ကာ ထိတ်လန့်နေခဲ့ကြသော ခရီးသွားများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး သူတို့အားလုံး၏ အာရုံကို ကျန်းယဲ့ ရှိနေသည့် လမ်းကြောင်းဆီသို့ စုစည်းလိုက်ကြလေသည်။
"အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ ဒါက ဒီခရီးစဉ်အတွက် ကျွန်တော်တို့ရဲ့ သီးသန့်ရှုခင်းကြည့် အခန်းငယ်ဖြစ်ပြီးတော့ အကြွင်းမဲ့ ဘေးကင်းလုံခြုံတဲ့ အခန်းလည်း ဖြစ်ပါတယ်..." ကျန်းယဲ့၏ အသံတွင် စိတ်အေးစေသော စွမ်းအားတစ်ခု ပါဝင်နေခဲ့၏။ "အခု ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးပါ။ လက်ကိုမြှောက်ပြီး ခင်ဗျားတို့ရဲ့ အရှေ့တည့်တည့်မှာ လွတ်နေတဲ့ ဟင်းလင်းပြင်ကို တစ်ချက် ခေါက်လိုက်ပါ..."
လူတိုင်းက ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကြရာ အံ့သြဖွယ်ကောင်းလှစွာပင် သူတို့က သူတို့၏ စက်လုံးမျက်နှာပြင်ကို ထိလိုက်ချိန်၌ ညင်သာသော အနီရောင် အစက်လေးတစ်ခုက စက်လုံးတစ်ခုစီ၏ အတွင်းဘက် နံရံပေါ်တွင် ပေါ်လာခဲ့ကြသည်။
"ဒီ အနီရောင် အစက်လေးကို လက်နဲ့ ထိလိုက်ပါ" ကျန်းယဲ့က ဆက်ပြောလေသည်။
လူတိုင်း၏ လက်ချောင်းထိပ်လေးများက အနီရောင်အစက်ကို ထိလိုက်ချိန်၌ အနီရောင်အလင်းက အနည်းငယ် လင်းလက်သွားပြီးနောက် အတွင်းဘက်နံရံထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
အခန်း ၃၀၀ပြီး၏။