← Chapters

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း ၃၀၂

Vol. 31 Ch. 302

အခန်း (၃၀၂) ဘီလူးကြီးများ၏ တိုက်ပွဲ

​လီဖေးရှုက သူ၏စက်လုံးကို အနီးသို့ ကပ်သွားစေပြီး မေးစေ့ကို ပွတ်သပ်ကာ ရေရွတ်လိုက်၏။ "ဟေ့... အဲ့ဒီ ပုံပန်းသဏ္ဍာန်က လူတစ်ယောက်နဲ့ နည်းနည်း တူနေတယ်လို့ မထင်ကြဘူးလား။ ဟိုနားက ကွေးနေတဲ့ ခြေထောက်တစ်ချောင်းနဲ့ မတူဘူးလား။ ပြီးတော့ ဟိုဘက်က ဖောင်းနေတဲ့ နေရာက ဒူးခေါင်းနဲ့ မတူဘူးလား..."

​"ဘုရားရေ... မင်းပြောမှပဲ တကယ်ကို တူနေတော့တာပဲဟ" ကျန်းဟန်က အာမေဍိတ်သံ ပြုလိုက်လေသည်။

​"တူရုံတင် မကဘူး... တကယ့်ကို အစစ်ကြီးပဲ.. ဟိုမှာ ကြည့်လိုက်စမ်း... အဲ့ဒါက လှဲလျောင်းနေတဲ့ ဘီလူးကြီးတစ်ကောင်ရဲ့ ပုံရိပ်ပဲ..." ယန်နင်ရှင်း၏ အသံမှာ မယုံနိုင်မှုကြောင့် တုန်ယင်နေသော်လည်း လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့် စိတ်လှုပ်ရှားမှုများလည်း ပြည့်နှက်နေခဲ့သည်။

​လူအုပ်ကြီးမှာ ချက်ချင်းပင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး သူတို့၏ စူးစမ်းလိုစိတ်က မူလကရှိနေသော သတိထားမှုများအားလုံးကို ချက်ချင်း လွှမ်းမိုးသွား၏။

​"သွားကြည့်ရအောင်... သွားကြည့်ကြရအောင်..."

​"ဟုတ်တယ်... အနီးကပ်သွားပြီး သေချာ ကြည့်ကြမယ်..."

​"ဒါရိုက်တာကျန်း... ကျွန်တော်တို့ အနားသွားကြည့်လို့ ရမလား..."

​ကျန်းယဲ့က နောက်ထပ် ညွှန်ကြားချက်များ မပေးရသေးခင်မှာပင် ခရီးသွားတစ်စုမှာ စူးစမ်းလိုစိတ်များ၏ တွန်းအားကြောင့် စက်လုံးများကို ထိန်းချုပ်ကာ ငြိမ်သက်နေသော တောင်တန်းများဆီသို့ အရှိန်တင်၍ သွားလိုက်ကြသည်။

​ကျန်းယဲ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သူတို့ကို အတင်းအကျပ် မတားဆီးဘဲ "အကွာအဝေးတစ်ခု ခြားထားပြီး ပတ်ဝန်းကျင်ကို သတိထားကြပါ..." ဟုသာ သတိပေးလိုက်၏။

​အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ထို တောင်တန်းများ၏ အသေးစိတ် အချက်အလက်များက တဖြည်းဖြည်း ပိုမို ရှင်းလင်းလာခဲ့သည်။

​တောင်တန်းဟုခေါ်သော အရာက အမှန်တကယ် မည်သည့်အရာလည်းဆိုတာကို နောက်ဆုံးတွင် သူတို့ မြင်တွေ့လိုက်ရချိန်၌ လူတိုင်း၏ စိတ်လှုပ်ရှားမှုနှင့် မှန်းဆချက်များအားလုံးက နှိုင်းယှဉ်၍ မရနိုင်သော ထိတ်လန့်ကြောက်ရွံ့မှုများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

​အဲ့ဒါက တောင်တန်းကြီးတွေ လုံးဝ မဟုတ်ဘူး။

​သူတို့က တောင်တန်းကြီးများကဲ့သို့ ကြီးမားလှသော လူပုံစံသတ္တဝါကြီးများ ဖြစ်နေကြ၏။

​သူတို့ထဲမှ အချို့က ကွေးကွေးလေး နေနေကြပြီး အချို့က ပက်လက်လှန်ကာ အချို့ကတော့ ဘေးတစောင်း လှဲလျောင်းနေခဲ့ကြသည်။ သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးများမှာ ထူထဲသော မြေကြီးများ၊ ကျောက်ခဲများဖြင့် ဖုံးလွှမ်းနေပြီး မိုးခေါင်ဒဏ်ခံနိုင်သော ရေညှိများနှင့် ချုံပုတ်အနိမ့်များပင် ပေါက်ရောက်နေချေသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် တောင်တန်းများနှင့် တစ်ထပ်တည်း တူနေခဲ့သည်။

​ထိုဘီလူးကြီးများမှာ မျက်စိမှိတ်ထားကြပြီး သူတို့၏ ရင်ဘတ်များမှာလည်း လှုပ်ရှားမှု ကင်းမဲ့နေကာ ထာဝရ အိပ်မောကျနေသည့်အလား သို့မဟုတ် တကယ့် တောင်တန်းကြီးများအဖြစ် ပြောင်းလဲသွားကြသည့်အလား ငြိမ်သက်နေကြ၏။

​ငှက်များက သူတို့၏ ကြီးမားလှသော နှာခေါင်းများ သို့မဟုတ် နဖူးများပေါ်တွင် လာရောက်နားခိုနေကြလျှင်ပင် သူတို့က တုံ့ပြန်မှု တစ်စုံတစ်ရာမျှ မရှိကြဘဲ သူတို့၏ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေမှုက လူကို ကျောချမ်းသွားစေလေသည်။

​စက်လုံးထဲရှိ ခရီးသွားများမှာ တိတ်ဆိတ်သွားကြပြီး စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်အောင် ကြီးမားလှသည့် သက်ရှိများကို အံ့သြထိတ်လန့်စွာ မျက်လုံးပြူးကြည့်နေကြကာ စကားပင် မပြောနိုင်တော့ချေ။

​သူတို့က စက်လုံးများကို ဂရုတစိုက် ထိန်းချုပ်ကာ အိပ်မောကျနေသည့် ဘီလူးကြီးများအပေါ်မှ ဖြတ်သန်းလွင့်မျောသွားကြရာ ရှေးဟောင်း နတ်ဘုရားများအပေါ်မှ ဖြတ်သန်းပျံသန်းသွားသော ပုရွက်ဆိတ်ငယ်လေးများ အုပ်စုနှင့်ပင် တူနေခဲ့သည်။

​ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကတည်းက ခန်းခြောက်နေပုံရသည့် ကျယ်ပြောလှသော ကမ်းရိုးတန်းတစ်ခု၏ အနီးသို့ အဖွဲ့သားများ လွင့်မျောရောက်ရှိသွားချိန်တွင် မျက်စိရှေ့မှ မြင်ကွင်းက သူတို့ကို နောက်တစ်ကြိမ် မှင်တက်သွားစေပြန်သည်။

​ဘီလူးကြီး တစ်ကောင်က ထို ကမ်းစပ်တွင် လဲကျနေ၏။

​သူ၏ အရွယ်အစားမှာ အခြား အိပ်မောကျနေသော ဘီလူးကြီးများနှင့် ယှဉ်လျှင် ပို၍ သေးငယ်ပုံရသော်လည်း အသက်ရှူကျပ်မတတ် ကြီးမားနေဆဲ ဖြစ်သည်။

​သူ၏ ခြေထောက်တစ်ဖက်မှာ ဒူးခေါင်းနေရာမှ ကျိုးပဲ့နေပြီး အဖြူရောင်အရိုးစများက အရေပြားကို ဖောက်ထွက်ကာ ပေါ်လွင်နေပြီး သူ၏ အခြားလက်တစ်ဖက်မှာလည်း သဘာဝမကျသော ထောင့်ချိုးတစ်ခုအဖြစ် လိမ်ကောက်နေခဲ့သည်။

​အထိတ်လန့်ရဆုံး အရာမှာ သူ၏ ရင်ဘတ်ပင်။ ထိုနေရာတွင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုခုဖြင့် ဆုတ်ဖြဲခံထားရပုံရသည့် ကြီးမားလှသော ဒဏ်ရာကြီးတစ်ခု ရှိနေ၏။ သွေးထွက်မနေတော့သော်လည်း သတိမထားမိလောက်အောင် တိုးညှင်းလှသည့် သူ၏ အသက်ရှူသံနှင့်အတူ အလွန်နှေးကွေးစွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

​သူ အသက်ရှင်နေဆဲ ဖြစ်သည်။

​သို့သော်လည်း သူက နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရပြီး သူ၏ အသက်စွမ်းအင်များက လျင်မြန်စွာ ယိုစိမ့်ထွက်ပြေးနေကာ မည်သည့်အချိန်တွင်မဆို ထိုအနည်းငယ်မျှသော လှုပ်ရှားမှုလေးများကပါ လုံးဝ ရပ်တန့်သွားနိုင်ကြောင်းကို မည်သူမဆို မြင်တွေ့နိုင်ချေသည်။

​သေလုမြောပါး ဖြစ်နေသော ဤဘီလူးကြီး၏ တည်ရှိမှုက ဤကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်မှုကို တိတ်ဆိတ်စွာ ဖော်ပြနေလေသည်။

​"ကိုယ့်ရဲ့ အသက်စွမ်းအင်တွေ တစ်စထက်တစ်စ လွင့်စင်နေတာကို အသိရှိရှိနဲ့ ခံစားနေရတာက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ ဆင်းရဲဒုက္ခ အများဆုံး သေဆုံးခြင်း နည်းလမ်းပဲ ဖြစ်လိမ့်မယ်..." ယဲ့အန်းက တိုးတိတ်စွာ သက်ပြင်းချလိုက်၏။

​သူတို့က လေထဲတွင် လွင့်မျောနေရင်း အောက်ဘက်ရှိ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး မည်သူကမျှ အသံတစ်သံပင် မထွက်ကြချေ။

​ထိုအချိန်၌ ရုတ်တရက် အဝေးဆီမှ မိုးကြိုးသံကဲ့သို့ နက်ရှိုင်းလှသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး သေဆုံးနေသော ဤကမ္ဘာကြီး၏ တိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။ ၎င်းနောက်တွင် တောင်တန်းကြီးများ ပြိုကျလာသည့်အလား နားကွဲမတတ် ဆူညံလှသော အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာ၏။

​ခရီးသွားအားလုံးမှာ လန့်ဖျပ်သွားကြပြီး စက်လုံးကို တစ်ပြိုင်နက်တည်း လှည့်ကာ အသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ကြဆလသည်။

​အလွန် ဝေးကွာသော နေရာတွင် အလိပ်လိုက် တက်နေသော ဖုန်တီးများကြား၌ ကြီးမားလှသော ပုံရိပ်အချို့က ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့ကြသည်။

​၎င်းက အသက်ရှင်နေသည့် ဘီလူးကြီးတွေပင်။

​သူတို့၏ လှုပ်ရှားမှုများက ထူးထူးခြားခြား နှေးကွေးပြီး လေးလံနေပုံရသော်လည်း လက်သီးတစ်ချက်၊ ခြေကန်ချက် တစ်ချက်စီတိုင်းတွင် ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေပြီး မြေပြင်ပေါ်၌ ကြီးမားလှသော တွင်းပေါက်ကြီးများ ဖြစ်ပေါ်သွားစေကာ အလွန်ဝေးကွာသော နေရာမှပင် ခံစားနိုင်သည့် တုန်ခါမှုလှိုင်းများကို ဖြစ်ပေါ်စေလေသည်။

​တိုက်ခိုက်ရေး ပုံစံမှာ ရှေးကျပြီး သွေးထွက်သံယိုများလှသည်။ အသားကို လက်သီးဖြင့် ထိုးလိုက်သော တုံးတိတိ အသံကြီးများ၊ ထက်မြက်သော သွားများဖြင့် ဆုတ်ဖြဲလိုက်သော ကြောက်မက်ဖွယ် အသံများနှင့်အတူ အရောင်ရင့်ရင့် အရည်များက နေရာအနှံ့ ပက်ဖြန်းလွင့်စင်နေ၏။

​"ဘုရားရေ... သူတို့ စချနေကြပြီဟ..." ယန်ပေါ်ယာက အာမေဍိတ်သံ ပြုလိုက်သော်လည်း သူ၏ လေသံတွင် ကြောက်ရွံ့မှုများ သိပ်မပါဝင်ဘဲ ဤမြင်ကွင်းအတွက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​"ဒါ... ဒါက အရမ်း ကြမ်းတမ်းလွန်းတယ်..." ဝမ်ဝမ်က သူမ၏ ပါးစပ်ကို အုပ်လိုက်သော်လည်း သူမ၏ မျက်လုံးများကတော့ ပြူးကျယ်နေ၏။

​"ဟိုတစ်ကောင်ကို ကြည့်လိုက်ဦး... အရမ်းကို အရိုက်ခံနေရတာပဲ" လူကောင်ထွားထွား ကျန်းဟန်က သိသာစွာ အရေးနိမ့်နေသော ဘီလူးကြီး တစ်ကောင်ကို လက်ညှိုးထိုးပြကာ မှတ်ချက်ပေးလိုက်လေသည်။

​"သူတို့ရဲ့ လှုပ်ရှားမှုတွေက အရမ်းနှေးကွေးပြီး အနှေးပြကွက် အတိုင်းပဲနော်...." မာကျန့်ဟန်းက ဂရုတစိုက် စောင့်ကြည့်နေရင်း မှတ်ချက်ပေးရန် မမေ့ချေ။

​ခရီးသွားတစ်စုမှာ လေထဲတွင် လွင့်မျောနေရင်း မယုံနိုင်လောက်အောင် လက်တွေ့ကျသော မျက်နှာပြင်ကျယ် ရုပ်ရှင်ကားကြီး တစ်ကားကို ကြည့်ရှုနေရသည့်အလား တက်တက်ကြွကြွ ဆွေးနွေးနေခဲ့ကြသည်။

​ထိုအချိန်မှာပင် တိုက်ပွဲ အခြေအနေက ရုတ်တရက် ပြောင်းလဲသွား၏။

​အဆက်မပြတ် တိုက်ခိုက်ခံနေရသော ဘီလူးကြီးမှာ သူ၏ပြိုင်ဘက်ထံမှ ပြင်းထန်သော တိုက်ကွက်တစ်ခုဖြင့် ရင်ဘတ်ကို အထိုးခံလိုက်ရသည်။ သူက နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ဟန်ချက် လုံးဝ ပျက်ယွင်းသွား၏။ ထို့နောက် သူက နောက်သို့ ယိမ်းယိုင်သွားပြီးနောက် ပက်လက်လန်ကာ လဲကျသွားတော့သည်။

​သို့သော် သူလဲကျသွားသည့် လမ်းကြောင်းက လွင့်မျောနေသော ခရီးသွားများ၏ စက်လုံးအချို့ ရှိနေသည့် နေရာနှင့် တည့်တည့်မတ်မတ်ပင် ဖြစ်နေလေသည်။

​"ဖယ်ကြစမ်း..." ကျန်းယဲ့၏ အသံက စက်လုံးများ အားလုံး၏ အတွင်းဘက်၌ ချက်ချင်း ပဲ့တင်ထပ်သွားသည်။

​လျိုဝေ့ဖုန်းမှာ လဲကျလာသော ဘီလူးကြီးနှင့် အနီးဆုံးရှိ စက်လုံးထဲတွင် ရှိနေခြင်းပင်။

​တောင်တန်းကြီးပမာ ကြီးမားလှသော အရိပ်မည်းကြီးက သူ့အပေါ်သို့ ဖိကျလာသည်ကို သူ စောင့်ကြည့်နေရင်း အလွန် ထိတ်လန့်သွားသဖြင့် သူ၏ စိတ်အာရုံများ လုံးဝ ဗလာကျင်းသွားရသည်။ သူ၏ ပထမဆုံး အလိုအလျောက် တုံ့ပြန်မှုကတော့ စက်လုံးကို ထိန်းချုပ်ကာ ထွက်ပြေးရန်ပင်။

​သို့သော်လည်း လူတွေက အထူးသဖြင့် အရေးပေါ် အခြေအနေမျိုးတွင် အမှားလုပ်မိတတ်ကြသည် မဟုတ်ပါလော။

​အစွန်းရောက်နေသည့်ထိတ်လန့်မှုက သူ၏ စိတ်အာရုံကို ဖုံးလွှမ်းသွားပြီး နောက်ဆုတ်မည့်အစား သူ၏စက်လုံးမှာ ထိန်းချုပ်မှု ကင်းမဲ့သွားပုံရကာ ဘီလူးကြီး လဲကျလာသည့် လမ်းကြောင်းဆီသို့ ရုတ်တရက် အရှိန်တင်၍ ပြေးဝင်သွားလိုက်သည်။

​"အား... မလုပ်နဲ့...." လျိုဝေ့ဖုန်းမှာ အကြီးအကျယ် ထိတ်လန့်သွား၏။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက သူ့ထံသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး လွှမ်းမိုးထားနိုင်လွန်းသော ဖိနှိပ်မှုခံစားချက်ကြီးက သူ့ကို အရာအားလုံး မေ့သွားစေသည်။

​"ချီး.... ဒုက္ခပဲ...." ကျန်းယဲ့၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။

​တကယ်လို့သာ တည့်တည့်ကြီး အပိခံလိုက်ရလျှင် ရှုခင်းကြည့်အခန်းငယ်က တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသည်ဆိုဦးတော့ မြေကြီးထဲသို့ သေချာပေါက် ရိုက်သွင်းခံလိုက်ရမည် သို့မဟုတ် ဘီလူးကြီး၏ ခန္ဓာကိုယ်ဖြင့် လုံးဝ ဖိခြေခံလိုက်ရကာ မှန်းဆ၍မရနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်မှာ အသေအချာပင်။

​အချိန်မီလေးမှာပင် ကျန်းယဲ့က အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ စိတ်အာရုံကို လမ်းပြ၏ လုပ်ပိုင်ခွင့်များနှင့် ချက်ချင်း ချိတ်ဆက်လိုက်သည်။

​ထို့နောက် သူက ထိန်းချုပ်မှုကင်းမဲ့နေသော လျိုဝေ့ဖုန်း၏ စက်လုံးဆီသို့ လှမ်းဆွဲလိုက်၏။

​နောက်ခဏ၌ သာမန်မျက်စိဖြင့် မမြင်နိုင်သလောက်ဖြစ်သော ငွေရောင်စွမ်းအင်ကြိုးတစ်ချောင်းက ကျန်းယဲ့၏ စက်လုံးထဲမှ ပစ်ထွက်သွားပြီး လျိုဝေ့ဖုန်း၏ စက်လုံးကို တိကျစွာ ရစ်ပတ်လိုက်လေသည်။

​ကျန်းယဲ့၏ ဆန္ဒအရ ငွေရောင်စွမ်းအင်ကြိုးက ရုတ်တရက် အနောက်သို့ ပြန်ဆွဲလိုက်ရာ အားကောင်းလှသော ဆွဲငင်အားက အန္တရာယ်ဆီသို့ ပြေးဝင်နေသည့် လျိုဝေ့ဖုန်း၏ စက်လုံးကို ပြုတ်ကျလာသော ဘီလူးကြီး၏ လက်မောင်းအစွန်းဆီသို့ အတင်းအကျပ် ပြန်လည် ဆွဲယူလိုက်လေသည်။ ၎င်းက သူ့ကို ဘေးကင်းလုံခြုံသော လေပိုင်နက်ထဲသို့ ပြန်လည် ဆွဲခေါ်နိုင်လိုက်သည်။

​တစ်ချိန်တည်းမှာပင်... "ဝုန်း..."

​ဘီလူးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည့်အလား မြေပြင်တစ်ခုလုံးကို အကြီးအကျယ် တုန်ခါသွားစေလေသည်။

လွင့်စင်လာသော ဖုန်မှုန့်များက ဆူနာမီလှိုင်းကြီး တစ်ခုကဲ့သို့ အရပ်မျက်နှာ အားလုံးဆီသို့ ပျံ့နှံ့ထွက်ပေါ်လာပြီး အနီးအနားရှိ စက်လုံးအချို့ကို ချက်ချင်းပင် ဝါးမျိုသွားတော့သည်။

အခန်း ၃၀၂ပြီး၏။

All Chapters