← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ( ၃၀၃ ) လိုက်လံဖမ်းဆီးခံရခြင်း

​ထိတ်လန့်နေဆဲဖြစ်သော လျိုဝေ့ဖုန်းသည် သူ၏စက်လုံးထဲတွင် ကျန်ရှိနေပြီး မျက်နှာဖြူရော်ကာ အသက်ကို ပြင်းပြင်းရှူနေခဲ့ရသည်။ အပြင်ဘက်ရှိ ဖုန်လုံးကြီးများလွင့်ပျံနေမှုနှင့် အနီးကပ်ရှိနေသော ဘီလူးကြီး၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သူသည် တစ်ခွန်းမှပင် မဟဝံ့လောက်အောင် ကြောက်လန့်နေလေသည်။

​အခြားခရီးသွားများသည်လည်း ရုတ်တရက်ဖြစ်ပေါ်လာသော ဤအခြေအနေကြောင့် ထိတ်လန့်သွားကြပြီး တိတ်ဆိတ်သွားကြကာ စောစောက မြင်ကွင်းကို ကြည့်ရှုလိုသော သူတို့၏ စိတ်ဝင်စားမှုများ ပျောက်ကွယ်သွားပြီး လောကကြီး၏ မူလအန္တရာယ်ကို အကြွင်းမဲ့ ကြောက်ရွံ့ခြင်းဖြင့် အစားထိုးသွားခဲ့ကြသည်။

​ရွှိုက်ဝူဟွိုင်က သူ့စက်လုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး လျိုဝေ့ဖုန်း၏ စက်လုံးအနီးသို့ ချဉ်းကပ်သွားလိုက်သည်။ အလင်းပေါက် အတားအဆီးမှတစ်ဆင့် ထိတ်လန့်မှုမပြယ်သေးဘဲ မျက်နှာဖြူရော်နေသော လျိုဝေ့ဖုန်းကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် “ညီလေး... မင်း အဆင်ပြေရဲ့လား...”

​ယဲ့အန်းကလည်း အနီးသို့ ရောက်လာပြီး ထိတ်လန့်ဝေခွဲမရသေးသည့်ဟန်ဖြင့် “ဝေ့ဖုန်း... ခုနက မင်း ဘာဖြစ်သွားတာလဲ... ဘာလို့ နောက်ကို မရှောင်ဘဲ ရှေ့ကို တိုးသွားရတာလဲ...”

​လျိုဝေ့ဖုန်းသည် အသက်ကို ခပ်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီးမှ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။

​သူက ခေါင်းခါလိုက်ပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများ ကျန်ရစ်နေဆဲဖြစ်ကာ “ငါလည်း မသိတော့ဘူး... အဲဒီ အရိပ်ကြီး လွှမ်းမိုးကျလာတာကို မြင်လိုက်ရတော့ ငါ့နှလုံးသားကို ညှစ်ထားခံရသလို ခံစားလိုက်ရပြီး ရင်တွေ အရမ်းခုန်လာတယ်... ငါ လုံးဝ ခေါင်းထဲမှာ ဗလာကျင်းသွားတယ်... ငါ ဘာလုပ်နေလဲဆိုတာတောင် ငါ မသိတော့ဘူး...”

​ခုနက ထိန်းချုပ်မှု ကင်းမဲ့သွားသည့် ခံစားချက်ကို ပြန်တွေးမိတိုင်း သူ ထိတ်လန့်နေဆဲပင်။

​သူ အဆင်ပြေကြောင်း မြင်သောအခါ ကျန်းယဲ့က လေးနက်စွာ ပြောလိုက်၏။ “နောက်နောင် လုံခြုံတဲ့ အကွာအဝေးမှာ နေဖို့ မှတ်ထားပါ... တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရရင် ချက်ချင်း ရှောင်ထွက်သွား... ကံစမ်းတာမျိုး မလုပ်ပါနဲ့... ပြီးတော့ စိတ်လှုပ်ရှားစရာတွေကို ကြည့်နေရင်းနဲ့ အန္တရာယ်ကို မမေ့လိုက်ပါနဲ့... ခင်ဗျားတို့ရဲ့ အသက်က ခင်ဗျားတို့နဲ့ပဲ ဆိုင်တယ်”

​သူ၏ အကြည့်များက အခြားစက်လုံးများကိုပါ ဖြတ်သန်းသွားခဲ့ပြီး လူတိုင်းကို ပြောနေခြင်းဖြစ်သည်။

​“နားလည်ပါပြီ ဒါရိုက်တာကျန်း....”

​“သိပါပြီ...”

​“ဒီလောက်အနီးကပ် သွားဖို့ ဘယ်တော့မှ မရဲတော့ပါဘူး”

​လူတိုင်းက သဘောတူညီစွာဖြင့် တုံ့ပြန်လိုက်ကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အခိုက်အတန့်ကို တွေ့ကြုံခဲ့ရပြီးနောက် မည်သူမျှ သတိမလွတ်ရဲကြတော့ချေ။

​လျိုဝေ့ဖုန်းက ကျန်းယဲ့ကို အမြန်တောင်းပန်လိုက်၏။ “တောင်းပန်ပါတယ် ဒါရိုက်တာကျန်း... ကျွန်တော် ခင်ဗျားကို စိတ်ပူစေခဲ့တယ်... နောက်ဆို လုံးဝ မဖြစ်စေရပါဘူး...”

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ ကျယ်လောင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

​ဒိုင်း... ဒိုင်း... ဒိုင်း...

​မြေကြီးက နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။

​အနိုင်ရသွားသော အပြာရောင်အသားအရေနှင့် ဘီလူးကြီးက တိုင်လုံးကြီးများနှင့်တူသော ကြီးမားလှသည့် ခြေတံကြီးများဖြင့် လှမ်းကာ လဲကျနေသော ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး သူတို့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရ၏။

​သူ ခြေလှမ်းလိုက်တိုင်းက မြေကြီးကို တုန်ခါနေစေလေသည်။

​“သွားမယ်... ဒီနေရာကနေ ချက်ချင်း ထွက်သွားကြ...” ကျန်းယဲ့က မဆိုင်းမတွ အမိန့်ပေးလိုက်၏။

​စက်လုံးသုံးဆယ့်တစ်လုံးက ချက်ချင်းလှည့်ကာ ဘီလူးကြီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ အရှိန်တင်၍ ထွက်ခွာသွားလိုက်ကြသည်။

​သို့သော် သူတို့ ရွေ့လျားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့နောက်သို့ လိုက်နေသော အပြာရောင်ဘီလူးကြီးက တစ်ခုခုကို သတိထားမိသွားပုံရသည်။

​ယခုအခါ ၎င်း၏ ကြီးမားပြီး မှုန်ဝါးနေသော မျက်လုံးကြီးများက ကောင်းကင်ယံတွင် လွင့်မျောနေသော တိမ်တိုက်သုံးဆယ့်တစ်လုံးဆီသို့ စူးစိုက်ကြည့်နေလေသည်။

​ဘီလူးကြီးကို စူးစိုက်ကြည့်နေသော မာကျန့်ဟန်းက တစ်ခုခု မှားယွင်းနေကြောင်းကို ပထမဆုံး သတိပြုမိသွားပြီး အာမေဍိတ်သံဖြင့် အော်လိုက်၏။ “ချီးပဲ... ဟိုကောင်ကြီး... ငါတို့ကို သတိထားမိသွားပြီဟ...”

​“သူ... သူ ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ပါဘူးနော်...” ကျန်းဟန်၏ ရင်ထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး သူ၏အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။

​သူ၏ ကြိုတင်ခံစားမှုကို အတည်ပြုပေးလိုက်သည့်အလား ကျန်းဟန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျောချမ်းဖွယ် အပြာရောင်အသားအရေ ဖုံးလွှမ်းနေသော ဘီလူးကြီးက သွေးလိုနီရဲနေသော ပါးစပ်ကြီးကို ရုတ်တရက် ဟလိုက်ရာ မညီမညာဖြစ်နေသော သွားများပေါ်လာပြီး အနံ့အသက်ဆိုးရွားသော စေးကပ်ကပ် အရည်များက ရေတံခွန်ကဲ့သို့ ၎င်း၏ ပါးစပ်ထောင့်မှ စီးကျလာသည်။

​၎င်းသည် ကိုးရိုးကားယားနိုင်ပြီး နှေးကွေးပုံရသော်လည်း ၎င်း၏ လက်မောင်းကို မြှင့်တင်လိုက်သည့် လှုပ်ရှားမှုများမှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လှ၏။

​လေထုကို ဆုတ်ဖြဲလိုက်သည့် ဝှစ်ဆိုသော အသံနှင့်အတူ ကြီးမားကာ ညစ်ပတ်ပြီး အမာရွတ်များပြည့်နေသော လက်ကြီးက အနီးဆုံးရှိ တိမ်တိုက်ဆီသို့ တိုက်ရိုက် လှမ်းဆွဲလိုက်လေသည်။

​ထိုတိမ်တိုက်မှာ ယန်ပေါ်ယာ၏ ရှုခင်းကြည့်စက်လုံးပင်။

​“ဘုရားရေ...” ယန်ပေါ်ယာဟာ အလွန်အမင်း ထိတ်လန့်သွားသောကြောင့် သူ၏ အသက်ရှင်သန်လိုစိတ်က ချက်ချင်းပင် နိုးကြားလာခဲ့သည်။ ထိုအချိန်၌ သူ၏ စိတ်က မကြုံစဖူးသော အမြန်နှုန်းဖြင့် အာရုံစူးစိုက်သွားပြီး စက်လုံးကို ရှေ့သို့ ရုတ်တရက် ခုန်ထွက်သွားရန် ထိန်းချုပ်လိုက်၏။

​ဘီလူးကြီး၏ လက်ချောင်းများက စက်လုံး၏ အစွန်းကို ပွတ်ကာသီကာ ထိမိသွားပြီး ပြင်းထန်သော လေပြင်းကို ဖြစ်ပေါ်စေကာ ယန်ပေါ်ယာ၏ စက်လုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေလေသည်။

​အပြာရောင်ဘီလူးကြီးက ၎င်း၏ ဖမ်းဆုပ်မှု လွဲချော်သွားသောအခါ ရှင်းလင်းစွာပင် အံ့အားသင့်သွားပြီး ထိုတိမ်တိုက် လွတ်မြောက်သွားမည်ဟု မမျှော်လင့်ထားပုံရသည်။

​၎င်း၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် ဒေါသထွက်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး ယန်ပေါ်ယာ ထွက်ပြေးသွားသည့် ဦးတည်ရာသို့ နားကွဲမတတ် ဟိန်းဟောက်လိုက်၏။

​“ဂါးးး...”

​ထိတ်လန့်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးက ဒြပ်ရှိသော အင်အားတစ်ခုကဲ့သို့ ရိုက်ခတ်လာပြီး ဘီလူးကြီး၏ အရှေ့ဘက်ရှိ ခရီးသွားစက်လုံး အများအပြား၏ မျက်နှာပြင်များပေါ်တွင် လှိုင်းဂယက်များပင် ဖြစ်ပေါ်သွားစေခဲ့သည်။ စက်လုံးများအတွင်းရှိ ဧည့်သည်များကလည်း အနီးကပ် ဟိန်းဟောက်သံကြောင့် သူတို့၏ နားစည်များပင် အူသွားသည်အထိ သက်ရောက်မှု ခံလိုက်ကြရသည်။

​အပြာရောင်ဘီလူးကြီးက ဤ စကားနားမထောင်သော တိမ်တိုက်ကို ထွက်သွားခွင့်ပြုမည် မဟုတ်ကြောင်း ထင်ရှားနေပြီး နောက်ထပ်တစ်ကြိမ် လိုက်ဖမ်းရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။

​"ပြေး..."

​တစ်ယောက်ယောက်က အော်ဟစ်လိုက်ပြီး ရှုခင်းကြည့်စက်လုံး သုံးဆယ့်တစ်လုံးမှာ ချက်ချင်းပင် လူစုကွဲသွားကာ အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားလိုက်ကြသည်။

​တိမ်များ၏ သဘာဝစီးဆင်းမှုကို လုံးဝဆန့်ကျင်ကာ ဤတိမ်တိုက်များ ရုတ်တရက် ပရမ်းပတာ ပျံသန်းလာသည်ကို ကြည့်ရင်း အပြာရောင်ဘီလူးကြီးက ပို၍ပင် ဒေါသထွက်နေပုံရသည်။

​၎င်းက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ လက်မောင်းကြီးများကို အဆက်မပြတ် ဝှေ့ယမ်းကာ လေပြင်းများကို နှိုးဆွပြီး ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ တိမ်တိုက်များကို ဖမ်းဆုပ်ကာ ချေမွပစ်ရန် ကြိုးစားနေ၏။

​“ချီးပဲ... ထပ်ဖြစ်ပြန်ပြီ...”

​“ဘယ်ဘက်... ဘယ်ဘက်... လမ်းဖယ်ပေးကြ...”

​“ဘုရားရေ... အဲဒီလို အပုတ်ခံလိုက်ရရင် ငါ တစ်ရွာလုံးကို ကျွေးမွေးဧည့်ခံပွဲ လုပ်ပေးရလိမ့်မယ်....”

​“အား... ငါ သူ့မျက်နှာရှေ့ တည့်တည့်ကို ရောက်သွားပြီဟ.... ”

​စက်လုံးအတွင်းတွင် လူတိုင်းက စက်လုံးကို ထိန်းချုပ်ရန် ရူးသွပ်စွာ ကြိုးစားနေကြရင်း ကြောက်ရွံ့တကြား အော်ဟစ်သံများ ထွက်ပေါ်လာကာ လေထဲတွင် ပရမ်းပတာ လမ်းကြောင်းများ ရေးဆွဲရင်း အန္တရာယ်များသော အခြေအနေကို ဖန်တီးနေခဲ့ကြသည်။

​ကျန်းယဲ့ မျက်မှောင်ကြုတ်လိုက်၏။ ဤကဲ့သို့ လူစုခွဲခြင်းက အလွန်အန္တရာယ်များပြီး ပြဿနာများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်လေသည်။

​ထို့နောက် သူက သူ၏ ဧည့်လမ်းညွှန်အခွင့်ထူးများကို ချက်ချင်းဖွင့်လိုက်ပြီး ပုံရိပ်ယောင်မျက်နှာပြင်ပေါ်တွင် သူ၏လက်များကို လျင်မြန်စွာ လှုပ်ရှားကာ ထိန်းချုပ်လိုက်၏။

​နောက်တစ်စက္ကန့်တွင် အသက်ဝင်နေသော မြွေများကဲ့သို့ သတ္တုရောင်ဖျော့ဖျော့ စွမ်းအင်ကြိုးများစွာက ကျန်းယဲ့၏ စက်လုံးမှ ပစ်ထွက်လာပြီး အခြားပျံသန်းနေသော စက်လုံးသုံးဆယ်ကို တိကျစွာ ရစ်ပတ်သွားခဲ့သည်။

​“လျှောက်မသွားကြနဲ့... ငါ့နောက်ကို လိုက်ခဲ့....” ကျန်းယဲ့၏ အသံက စက်လုံးတိုင်းဆီသို့ ရောက်ရှိသွားသည်။

​ထို့နောက် စွမ်းအင်ကြိုးများက ရုတ်တရက် တင်းကျပ်သွားပြီး လင်းယုန်တစ်ကောင်က ကြက်ပေါက်လေးများကို ဖမ်းဆွဲလိုက်သကဲ့သို့ စက်လုံးအားလုံးကို အတင်းအကျပ် စုစည်းလိုက်ကာ ကြက်ပေါက်အားလုံးကို သူ့အနောက်တွင် ခိုင်မြဲစွာ ချိတ်ဆက်ထားလိုက်၏။

​အပြာရောင်ဘီလူးကြီး၏ ရိုးရှင်းပြီး ရှုပ်ထွေးနေသော အမြင်အာရုံတွင် အကြီးဆုံး ဦးဆောင်တိမ်တိုက်က အရှေ့တွင်ရှိနေပြီး ၎င်း၏အနောက်တွင် ပိုသေးငယ်သော တိမ်တိုက်သုံးဆယ်ကို ကြိုးတန်းရှည်ကြီးတစ်ခုကဲ့သို့ ဆွဲခေါ်ကာ အလွန်ပါးနပ်ပြီး သွက်လက်သောနည်းလမ်းဖြင့် ၎င်း၏ လက်ချောင်းများကြားမှ နောက်တစ်ကြိမ် လွတ်မြောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

​ယင်းက ၎င်းကို လုံးဝ ဒေါသထွက်သွားစေ၏။

​၎င်းသည် လဲကျနေသော ပြိုင်ဘက်ကို စွန့်ပစ်လိုက်ပြီး ထွက်ပြေးနေသော တိမ်တိုက်များအပေါ်တွင်သာ အာရုံအားလုံးကို စူးစိုက်ထားကာ နားလည်မရနိုင်သော ဟိန်းဟောက်သံများကို အော်ဟစ်ရင်း မြေကမ္ဘာကို တုန်လှုပ်စေမည့် ခြေလှမ်းကြီးများဖြင့် မဆုတ်မနစ် လိုက်လံဖမ်းဆီးကာ ၎င်းတို့အားလုံးကို ဖမ်းယူရန် ဆုံးဖြတ်ထားပုံရသည်။

​စူးရှသော မျက်လုံးများနှင့် တည်ငြိမ်သော ထိန်းချုပ်မှုဖြင့် ကျန်းယဲ့ဟာ သကြားလုံးတန်းနှင့် ဆင်တူသော စက်လုံးတန်းကြီးကို ဦးဆောင်ကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ထွက်ပြေးလွတ်မြောက်ရေး ခရီးစဉ်တစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။

​“သေချာကိုင်ထားကြ...” ကျန်းယဲ့က အော်ဟစ်လိုက်ပြီးနောက် အုပ်စုတစ်ခုလုံးကို ရုတ်တရက် အောက်သို့ ထိုးဆင်းစေရန် ထိန်းချုပ်လိုက်ကာ အရှိန်ပြင်းပြင်းဖြင့် ဘီလူးကြီး၏ ပေါင်ကြားကို ကပ်သီးလေး လွတ်သွားစေခဲ့သည်။

​အထက်ရှိ တောင်တန်းကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးထံမှ ထွက်ပေါ်လာသည့် ဖိနှိပ်မှု ခံစားချက်ကြောင့် ခရီးသွားအားလုံး အသက်အောင့်ထားလိုက်ကြ၏။

​ဘီလူးကြီး၏ ပေါင်ကြားအောက်မှ ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့က ရုတ်တရက် ကွေ့လိုက်ပြီး အထက်သို့ ပျံတက်သွားရာ လှပသော မျဉ်းကွေးတစ်ခုကို ရေးဆွဲလိုက်ကာ ဘီလူးကြီး၏ လည်ပင်းအနောက်မှ ၎င်း၏ ခေါင်းပေါ်သို့ ချက်ချင်း ခုန်တက်သွားလေသည်။

​အပြာရောင်ဘီလူးကြီးသည် ဇဝေဇဝါဖြင့် လက်ကိုမြှောက်ကာ လှမ်းဖမ်းလိုက်သော်လည်း ၎င်း၏ ပစ်မှတ်မှာ ပျောက်ကွယ်သွားကြောင်းကိုသာ တွေ့လိုက်ရလေသည်။

အခန်း ၃၀၃ပြီး၏။

All Chapters