အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း (၃၀၆) မျိုးဗီဇပြောင်း ဘီလူးကြီး
"ဂါး..."
ခြေနင်းတုံးအဖြစ် အသုံးချခံလိုက်ရသော မျက်လုံးတစ်လုံးဘီလူးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ အဖော်ဘီလူးကြီးကို ခါချရန် ရုန်းကန်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
မြို့ရိုးပေါ်သို့ တက်လာခဲ့သော ဘီလူးကြီးမှာ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က အပြင်ဘက် မြို့ရိုးပေါ်တွင် မှီတင်လျက်သား ရှိနေခဲ့ပြီ ဖြစ်၏။ ၎င်းက ပါးစပ်ကြီးကို ဟကာ အောင်ပွဲခံဟန်ဖြင့် ဟိန်းဟောက်လိုက်လေသည်။
ဤအရေးကြီးသော အချိန်လေးတွင် အတွင်းဘက် မြို့ရိုးမှ ခံစစ်သမားများက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။
စစ်သည်အချို့က ပူးပေါင်းကာ အထူးရွှေရောင် သတ္တုဖြင့် ရက်လုပ်ထားသော ပိုက်ကွန်ကြီးတစ်ခုကို ပစ်လွှတ်လိုက်ကြ၏။ ထိုပိုက်ကွန်ကြီးမှာ အသက်ဝင်နေသကဲ့သို့ လေထဲတွင် လျင်မြန်စွာ ဖြန့်ကျက်သွားပြီး မြို့ရိုးပေါ်ရှိ ဘီလူးကြီးကို တိကျစွာ ဖုံးအုပ်သွားကာ ၎င်း၏ လှုပ်ရှားမှုများကို ခေတ္တ ကန့်သတ်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကြိုတင်ပြင်ဆင်ထားသော အခြားထူးခြားသည့် ပုံသဏ္ဌာန်ရှိ အမြောက်စင်အချို့က သူတို့၏ ထောင့်ချိုးများကို ချိန်ညှိလိုက်ကြပြီး အမြောက်ပြောင်းဝများမှနေ၍ ကျက်သီးထဖွယ် အစိမ်းရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။
"ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး..."
ပစ်ချက်ငါးချက်မှာ ရုပ်ဝတ္ထုကျည်ဆန်များ မဟုတ်ဘဲ သိပ်သည်းမှုမြင့်မားသော အစိမ်းရောင်စွမ်းအင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် မြားပုံသဏ္ဌာန် အလင်းတန်းများပင်။
၎င်းတို့က ရှည်လျားသော အလင်းတန်းအမြီးတန်းကြီးများကို ချန်ရစ်ကာ ရွှေရောင်ပိုက်ကွန်ထဲတွင် ယာယီ ပိတ်မိနေသော ဘီလူးကြီးထံသို့ အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ရောက်ရှိလာကြသည်။
ပစ်ချက်နှစ်ချက်က ၎င်း၏ ညာဘက်ပခုံးကို ထိမှန်သွားပြီး တစ်ချက်က ရင်ဘတ်၊ တစ်ချက်က ဘယ်ဘက်လက်မောင်းကို ထိမှန်သွားကာ နောက်ဆုံးတစ်ချက်မှာမူ လွဲချော်သွားပြီး လည်ပင်းကိုသာ ပွတ်တိုက်သွားခဲ့၏။
သံမဏိကဲ့သို့ မာကျောသော ဘီလူးကြီး၏ အရေပြားမှာ အစိမ်းရောင်စွမ်းအင်မြားများနှင့် ထိတွေ့မိသည့် အခိုက်အတန့်တွင် "ရှဲ" ခနဲ တိုက်စားသွားသော အသံများ ထွက်ပေါ်လာသည်ကို ကျန်းယဲ့နှင့် ခရီးသည် အားလုံးက ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရ၏။
အထူးသဖြင့် တူညီသောနေရာကို အစိမ်းရောင် စွမ်းအင်မြား နှစ်စင်း ဆက်တိုက် ထိမှန်သွားသည့် ညာဘက်ပခုံး.... ထိုနေရာရှိ အရေပြားနှင့် ကြွက်သားများမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အရည်ပျော်ကျဆင်းသွားကာ အတွင်းဘက်ရှိ နက်မှောင်သော အနီရောင်တစ်သျှူးများနှင့် ဧရာမ အရိုးကြီးများပင် ပေါ်လာခဲ့ရသည်။
ဘီလူးကြီးက ယခင် မျက်လုံးတစ်လုံး ဘီလူးကြီးထက် ပို၍ စူးရှပြီး နာကျင်စွာ အော်ဟစ်လိုက်ပြီး ပို၍ ပြင်းထန်စွာ ရုန်းကန်လာခဲ့ရာ ရွှေရောင်ပိုက်ကွန်ကြီးမှာ ၎င်း၏ ဖိအားကြောင့် အက်ကွဲသံများပင် ထွက်ပေါ်လာလေသည်။
"ကြည့်ရတာ လူသားတွေဘက်က ဒီဘီလူးကြီးတွေကို ရင်ဆိုင်နိုင်စွမ်း အပြည့်အဝ ရှိနေပုံပဲ..." ကျန်းလင်းရှီးက ကောက်ချက်ချလိုက်သည်။
လူအများအပြားကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ခိုင်ခံ့လွန်းလှသော မြို့ရိုးကြီးများနှင့် ခံစစ်သမားများ၏ ထူးခြားပြီး ထိရောက်လှသော လက်နက်များကြောင့် မြို့တွင်းရှိ လူသားများက ဘီလူးကြီးများ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ခုခံနိုင်မည်ဟု အားလုံးက ထင်မှတ်နေချိန်မှာပင် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားလေသည်။
အဝေးရှိ မိုးကုတ်စက်ဝိုင်းပေါ်တွင် ပို၍များပြားလှသော အရိပ်မည်းကြီးများက ဒီရေလှိုင်းလုံးကြီးများအလား တဟုန်ထိုး တက်လာနေခဲ့ကြသည်။
ဘီလူးကြီးများ၏ အဓိက တပ်မကြီး ရောက်လာပြီ ဖြစ်သည်။
လေထဲတွင် ရပ်တန့်နေသော ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ မြို့တွင်းရှိ လူများထက် အပြင်ဘက်ရှိ အခြေအနေကို ပို၍ ရှင်းလင်းစွာ မြင်တွေ့နေရ၏။ ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး တောင်တန်းကြီးများကဲ့သို့ ကြီးမားလှသော ဘီလူးလှိုင်းလုံးကြီးကို မြင်လိုက်ရချိန်တွင် အားလုံးမှာ မအောင့်နိုင်တော့ဘဲ "ချီးပဲ... တကယ် ချီးပဲကွာ..." ဟု အံ့သြတကြီး အော်ဟစ်လိုက်မိကြတော့သည်။
"ဘုရားရေ... အရမ်း များတာပဲဟ... " မာကျန့်ဟန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ယန်ပေါ်ယာက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "အစ်ကိုတို့ရေ... ငါတော့ စိတ်ထဲ တစ်မျိုးကြီးပဲကွာ...." ဟု ပြောလိုက်၏။
ကောင်လေး ကျန်းဟန်၏ ဝဝကစ်ကစ် မျက်နှာလေးမှာ အနည်းငယ် တုန်ယင်သွားပြီး ခေါင်းကို တဆက်တည်း ညိတ်ကာ "ကျွန်တော်ရောပဲ...." ဟု ထောက်ခံလိုက်လေသည်။
အသစ်ရောက်လာသော ဘီလူးကြီးများမှာ အရွယ်အစား အမျိုးမျိုးရှိကြပြီး အချို့က ပို၍ ကြီးမားကြကာ အချို့ကမူ ခြွင်းချက်အနေဖြင့် အလွန် လျင်မြန်ဖြတ်လတ်ပုံပေါ်နေခဲ့သည်။
သူတို့က အရှေ့မှ သူတို့အဖော်များ၏ သေဆုံးဒဏ်ရာရမှုများကို လုံးဝဂရုမစိုက်ကြဘဲ အသိဉာဏ်ကင်းမဲ့သော သားရဲကြီးများကဲ့သို့ မြို့ရိုးကြီးဆီသို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်လာကြသည်။
တစ်ခဏချင်းအတွင်း မီတာ ၃၀၀မြင့်သော မြို့ရိုးအောက်တွင် မရေမတွက်နိုင်သော ဘီလူးကြီးများက မှောက်ခုံအနေအထားဖြင့် အထက်သို့ တွယ်တက်ရန် ကြိုးစားနေကြလေသည်။ သူတို့က တစ်ကောင်နှင့်တစ်ကောင် တွန်းတိုက်နင်းချေကာ ပြုတ်ကျသွားသော အဖော်များကိုပင် ခြေနင်းတုံးအဖြစ် အသုံးပြု၍ မြို့ရိုးထိပ်သို့ ရောက်ရန် အလုအယက် ကြိုးပမ်းနေခဲ့ကြသည်။
ထိုမြင်ကွင်းကြီးမှာ ငရဲတွင်းနက်ကြီးထဲမှ တက်လာရန် ကြိုးစားနေသည့် မိစ္ဆာကောင်ကြီးများကဲ့သို့ ကျောရိုးထဲမှ စိမ့်တက်သွားစေလောက်အောင် ကြက်သီးထဖွယ် ကောင်းလှချေသည်။
မြို့တွင်းရှိ ခံစစ်သမားများက တကယ့် အကျပ်အတည်းကြီး ရောက်လာပြီဆိုတာကို ရှင်းလင်းစွာ သိလိုက်ကြပြီး သူတို့၏ တန်ပြန်တိုက်ခိုက်မှုများမှာ တစ်ခဏချင်းအတွင်း ယခင်က မရှိခဲ့ဖူးသော ပြင်းထန်မှု အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ကြသည်။
နေဝင်ဆည်းဆာ၏ အလင်းရောင်အောက်တွင် မြို့ရိုးကြီးတစ်ခုလုံးမှာ သေမင်းတမန်မီးတောက်များ ဝိုင်းရံဖုံးလွှမ်းသွားသည့်အလား ထင်မှတ်ရ၏။ နားကွဲမတတ် ဆူညံလှသော အမြောက်သံများ၊ စွမ်းအင်လက်နက်များ၏ စူးရှသော မြည်သံများနှင့် ဘီလူးကြီးများ၏ နာကျင်ဒေါသထွက်နေသော ဟိန်းဟောက်သံများက ရောယှက်သွားကာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမည့် ကြမ်းတမ်းပြီး အဖြစ်ဆိုးများကို ပုံဖော်နေသည့် တေးဂီတ တစ်ပုဒ်အဖြစ် ဖန်တီးလိုက်လေသည်။
အရောင်အသွေး စုံလင်လှသော စွမ်းအင်တန်းများက ရုတ်တရက် တိုက်ခတ်လာသော မုန်တိုင်းကြီးတစ်ခုအလား မြို့ရိုးအတွင်းမှ ပစ်ခတ်ထွက်ပေါ်လာပြီး ပို၍ မှောင်မိုက်လာနေသော ကောင်းကင်ကြီးကို ဆုတ်ဖြဲပစ်လိုက်သည်။
ကျက်သီးထဖွယ် အပြာရောင်မီးတောက်များက တောက်လောင်နေသော မီးတောက်များနှင့်အတူ တွယ်ကပ်နေပြီး အစိမ်းရောင်တိုက်စားနိုင်စွမ်းရှိသော စွမ်းအင်မြားများကလည်း ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်ထားခဲ့ကြသည်။
ရံဖန်ရံခါတွင် ထူထဲပြီး ရဲရဲနီနေသော အပူလှိုင်းကြီးများက လေထုကို လောင်ကျွမ်းစေပြီး ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေနိုင်သည့် ပွင့်လင်းမြင်သာသော တုန်ခါမှုလှိုင်းကြီးများ ထွက်ပေါ်လာသည်ကိုပင် မြင်တွေ့နိုင်လေသည်။
အရောင်အသွေး စုံလင်ပြီး သေစေနိုင်သော အလင်းတန်းများက ပေါက်ကွဲထွက်လာကာ ဧရာမ မြို့ရိုးကြီး၏ ပတ်ပတ်လည်တွင် ဝင်တိုက် ပေါက်ကွဲသွားကြပြီး ရှေ့သို့ ပြေးဝင်လာသော ဘီလူးကြီးများကို အဆက်မပြတ် နောက်ဆုတ်သွားစေခြင်း၊ လောင်ကျွမ်းစေခြင်းနှင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ခြင်းများ ဖြစ်နေစေခဲ့သည်။
အောင်မြင်သော ဟန့်တားမှုတိုင်းတွင် ဘီလူးကြီးများ၏ ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးများနှင့် သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားမှုကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော တုန်ခါမှုကြီးများက အမြဲတမ်း ပါဝင်နေခဲ့၏။
မီးခိုးများ၊ ဖုန်မှုန့်များ၊ ထုတ်လွှတ်လိုက်သော စွမ်းအင်များနှင့် ဘီလူးကြီးများ၏ ဒဏ်ရာများမှ ပန်းထွက်လာသော အမည်မသိအရည်များ ရောယှက်သွားကာ စစ်မြေပြင်တစ်ခုလုံးကို မှုန်ဝါးဝါး ဖြစ်သွားစေပြီး ရက်စက်ကြမ်းကြုတ်သော်လည်း လက်တွေ့မဆန်သော အလှတရား တစ်ခုကို ဖန်တီးပေးနေခဲ့ချေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ မြို့လယ်ခေါင်၏ အထက် ကောင်းကင်ယံတွင် ဝဲပျံနေကြပြီး ဧရာမ စက်ဝိုင်းပုံ IMAX ရုပ်ရှင်ရုံကြီးထဲတွင် ရောက်နေသကဲ့သို့ ၃၆၀ ဒီဂရီပတ်လည်မှ ဖြစ်ပွားနေသော ကြီးကျယ်ခမ်းနားပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသည့် ဤမော်ကွန်းဝင်တိုက်ပွဲကြီးကို အသက်ရှူရပ်မတတ် တိတ်ဆိတ်စွာ ငုံ့ကြည့်နေကြ၏။
ထိုအချိန်၌ မည်သူကမျှ စကားမပြောကြတော့ချေ။ ဆွေးနွေးမှုများနှင့် ခန့်မှန်းတွေးတောမှုများ အားလုံး ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။
လူတိုင်းက စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားပြီး ရက်စက်ကြမ်းကြုတ်သော ဤမြင်ကွင်းကြီးထဲတွင် နစ်မြုပ်နေကြပြီး မြို့ရိုးပေါ်ရှိ သေးငယ်သော်လည်း ဇွဲလုံးလကြီးမားလှသော လူသားများအပေါ် သူတို့၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော တုန်လှုပ်မှုများနှင့် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေခဲ့တော့သည်။
ဝိညာဉ်ကိုပင် ဆုတ်ဖြဲပစ်မတတ် ခြွင်းချက်အနေဖြင့် ပြင်းထန်လွန်းလှသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် အောက်ဘက်ရှိ ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်ကြီးမှာ ထူးဆန်းသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ရလေသည်။
ယခင်က ပင်ကိုယ်အသိစိတ်ဖြင့် မြို့ရိုးကြီးဆီသို့ ရူးသွပ်စွာ ပြေးဝင်နေခဲ့ကြသော ဘီလူးကြီးများမှာ ရုတ်တရက် ရပ်တန့်သွားကြသည်။
ထို့နောက် တူညီသော အမိန့်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား သူတို့၏ တိုက်ခိုက်မှုများမှာ ဖရိုဖရဲ မဖြစ်တော့ဘဲ ကြက်သီးထဖွယ် ကောင်းလောက်အောင် ညီညွတ်မှု ရှိလာခဲ့ကြသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်မဲ့သွားစေနိုင်သော ဧရာမအရိပ်ကြီးတစ်ခုက ဘီလူးအုပ်ကြီး၏ အနောက်ဘက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ချေသည်။
ထိုအရာက မီတာ ၃၀၀ မြင့်သော မြို့ရိုးကြီးထက်ပင် ခေါင်းတစ်ဝက်ခန့် ပို၍ မြင့်မားနေသော စူပါ ဘီလူးကြီးတစ်ကောင်ပင်။
၎င်း၏ ခေါင်းကြီးမှာ တိမ်တိုက်များကိုပင် ထိနေသကဲ့သို့ ရှိနေပြီး ၎င်း၏ အရိပ်ကြီးကလည်း မြို့ရိုးနှင့် မြို့တွင်းဧရိယာ အများအပြားကို တစ်ခဏချင်း ဖုံးလွှမ်းနေခဲ့သည်။
"အား..."
"မျိုးဗီဇပြောင်းကောင်ကြီးဟ... အဲ့ဒါ မျိုးဗီဇပြောင်း ဘီလူးကြီး..."
"ငါတို့တော့ သေပါပြီ။ ပြေးကြ... ပြေးကြ.."
"ကယ်ကြပါဦး... မြို့ရိုးကြီးလည်း မခံနိုင်တော့ဘူး..."
အောက်ဘက် မြို့ရိုးပေါ်ရှိ ခံစစ်သမားများထံမှ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသော အော်ဟစ်သံများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည့် သတိပေးအော်သံများကို ကျန်းယဲ့နှင့် သူ၏အဖွဲ့ ရှင်းလင်းစွာ ကြားလိုက်ကြရ၏။
တစ်ချိန်က နှိုင်းယှဉ်ချက်အရ စနစ်ကျလှသော ကာကွယ်ရေးတပ်ဖြန့်မှုကြီးမှာ တစ်ခဏချင်းအတွင်း ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
စူပါဘီလူးကြီးက မြို့ရိုးကို ကျော်တက်ရန်ပင် မကြိုးစားတော့ချေ။ ၎င်းက ခါးကို အနည်းငယ် ကိုင်းလိုက်ပြီး ဧရာမတံတားတိုင်ကြီးများနှင့် တူကာ အဓိပ္ပာယ်မဲ့လောက်အောင် ရှည်လျားလှသော ၎င်း၏ လက်မောင်းကြီးများကို ဝှေ့ယမ်းကာ မြို့ရိုးကြီးပေါ်ရှိ ခံတပ်များနှင့် အမြောက်စင်များဆီသို့ ရိုက်ချလိုက်သည်။
ဝုန်း....
ခိုင်ခံ့လှသော ခံတပ်ကြီးတစ်ခုနှင့် ၎င်းအပေါ်ရှိ လေးလံသော စွမ်းအင်အမြောက်ကြီးမှာ ကလေးကစားစရာအတုံးလေးများကဲ့သို့ ထိုဧရာမ လက်ကြီး၏ အလွယ်တကူ ဖိချေခြင်းကို ခံလိုက်ရပြီး ပြားချပ်သွားရသည်။ ခံတပ်အတွင်းရှိ တပ်ဖွဲ့ဝင်များမှာ ကပ်ဘေးကြီးတစ်ခုကဲ့သို့ သေကျေပျက်စီးသွားခဲ့ကြရလေသည်။
အထိတ်တလန့်ဖြင့် အချို့သောလူများက ကျဉ်းမြောင်းသော လှေကားမှတစ်ဆင့် လွတ်မြောက်ရန် ကြိုးစားရင်း တစ်ယောက်နှင့်တစ်ယောက် တွန်းတိုက်မိနေခဲ့ကြသည်။
များစွာသော လူများမှာ ခြေချော်ကာ ရာနှင့်ချီ၍ မြင့်မားသော မြို့ရိုးအစွန်းမှ ပြုတ်ကျသွားကြပြီး အောက်ဘက်ရှိ မြေပြင် သို့မဟုတ် အဆောက်အအုံများပေါ်သို့ အော်ဟစ်သံများနှင့်အတူ ပြုတ်ကျသွားကာ တစ်ခဏချင်းအတွင်း အသားစ သွေးစများအဖြစ် ပြောင်းလဲသွားကြ၏။
ခံတပ်အတွင်း ကျန်ရှိနေသေးသူများမှာ အဆောက်အအုံ ပြိုကျလာသည်နှင့်အမျှ လဲကျသွားကြသည် သို့မဟုတ် လွင့်စင်လာသော ကျောက်တုံးကြီးများ၏ ရိုက်နှက်မှုကြောင့် သွေးသံရဲရဲ အသားစကြီးများအဖြစ် ပြောင်းလဲသွားကြရသည်။
ပို၍ ဆိုးရွားသည်မှာ အချို့သူများက ဘီလူးကြီး၏ ဧရာမလက်ချောင်းကြီးများဖြင့် သွားရည်စာ မုန့်လေးများကဲ့သို့ ကောက်ယူခြင်းကို ခံလိုက်ရပြီး မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများနှင့်အတူ ဥမင်လိုဏ်ခေါင်းကြီးနှင့် တူသော ၎င်း၏ ပါးစပ်ပေါက်ကြီးထဲသို့ အထည့်ခံလိုက်ရကာ ရွံရှာဖွယ် ဝါးစားသံကြီးများကိုပင် သဲ့သဲ့လေး ကြားနေရလေသည်။
ငရဲနှင့်တူသော ဤသွေးထွက်သံယိုနှင့် ရက်စက်ကြမ်းကြုတ်လှသည့် မြင်ကွင်းကြီးကြောင့် ဝမ်ရှင်း၊ ဝမ်ဝမ်နှင့် အခြား မိန်းကလေးအချို့မှာ ပျို့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့ကြတော့သည်။
အခနိး ၃၀၆ပြီး၏။